ဖက်တီးအပြင်စည်းဂိုဏ်းသို့ ရောက်လာခြင်း
Vol. 2 Ch. 18
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့၏။ မန်ဟိုကား ကျင့်ကြံခြင်းဂူအပြင်သို့ ခြေတစ်လှမ်းမျှ မလှမ်းခဲ့ပေ။ သူ အပြင်ကို မထွက်လိုသလို မည်သူနှင့်မှလည်း မတွေ့လို။ ဝမ်တန်ဖေးက သူ့အား မည်သို့ ပြုလုပ်ခဲ့သည်ကို မန်ဟိုလုံးဝ မေ့မည်မဟုတ်ပေ။ သူက ထိုနေရာတွင်ပင် ထိုင်ကာ သွေးခြောက်များပေကျံနေသော လက်သည်းစများကို ကြည့်သည်။ သည်မတိုင်ခင် သူ၏ထုံထိုင်းသော အမူအရာသည် ဒေါသရောင်သို့ ပြောင်းလာပြီး နောက်ပိုင်းတွင် ပျော့ပြောင်းလာခဲ့သည်။ နောက်ဆုံးသော တစ်နေ့တွင် ကျင့်ကြံခြင်းဂူ၏တံခါးက ရုတ်တရက် ပွင့်လာခဲ့ပြီး အပြင်မှ လရောင်များ တိုးဝင်လာခဲ့သည်။
အစ်မရှုကား တံခါးဝတွင်ရပ်နေခဲ့ရာ လရောင်အောက်တွင် အလွန်လှပနေပေသည်။
မန်ဟိုက မည်သည့်စကားမှ မဆိုသလို သူမကလည်း ဘာမှ မပြောပေ။ အချိန်များ ကုန်ဆုံးလာခဲ့သည်။ နောက်ဆုံးတွင် သူမက ပြောသည် “မနေ့ကမှ ငါ တံခါးပိတ်ကျင့်ကြံတာ ပြီးတယ်”
မန်ဟိုက ထရပ်ကာ သူမအား လက်နှစ်ဖက်ဆုပ်လျှက် အရိုအသေပေးသည်။
“ဝမ်တန်ဖေးမှာ အင်အားကြီးတဲ့နောက်ခံရှိတယ်” သူမက ဆက်ပြောသည် “သူက ကျိုးပြည်က မဟုတ်ဘူး။ ပြီးတော့ သူက စဦးချီအဆင့်(၆)ပဲ။ ဂိုဏ်းအကြီးအကဲတွေက သူ့ကို အတွင်းစည်းသို့ အဆင့်မြှင့်ဖို့ ဆုံးဖြတ်ထားပြီးပြီ။ မင်းက သူ့ကို ရန်စလို့မရဘူး”
“ဂျူနီယာ နားလည်ပါတယ်” မန်ဟိုက ပြုံးလျှက်ပြောသည်။ သူ့အမူအရာကား ယခင်ဖြစ်ပျက်ခဲ့သမျှကို မေ့လျော့သွားသည့်အလား ပုံမှန်အနေအထားသို့ ဖြစ်လာခဲ့သည်။ သို့သော်လည်း သူ့မျက်လုံး၏အဆုံးစွန်သော နေရာ၌ သူ့ဘဝတစ်လျှောက်တွင် တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးသော အရာတစ်ခုရှိသည်။
ထိုအရာကား သူသည်သာ ခံစားသိမြင်နိုင်သော၊ အေးစက်သော အလင်းတစ်ခုဖြစ်သည်။ တခြားလူများ မသိမမြင်နိုင်။
“ဒါပေမဲ့…” အစ်မရှုက ဆက်ပြောသည် “တကယ်လို့ သူက မင်းကို ဆက်ပြီး ပြဿနာရှာမယ်ဆိုရင် မင်းက ဒီကျောက်စမ်းပြားကို ရိုက်ချိုးလိုက်ရုံပဲ။ ငါက တံခါးပိတ်ကျင့်ကြံနေရင်တောင်မှ သိလိမ့်မယ်” သူမက ပြောကာ လက်ဝှေ့ယမ်းလိုက်လျှင် ပန်းရောင်ကျောက်စိမ်းပြားတစ်ခု သူ့ဘေးကို ရောက်လာ၏။
“အဲဒီနေ့က ငါခေါ်လာခဲ့လူ(၄)ယောက်ထဲမှာ မင်းက ပထမဆုံး အတွင်းစည်းကို အဆင့်မြှင့်ခံခဲ့ရတာပဲ။ အခု တောင်ဘက်အစေခံတန်းလျားက မင်းအဖော်ဟာလည်း ဒီနေ့ အဆင့်မြှင့်ခံရတယ်။ မနက်ဖြန်အာရုဏ်တက်မှာ သူက အပြင်စည်းဂိုဏ်းကို စာရင်းသွင်းဖို့ ရောက်လိမ့်မယ်” ထို့နောက် သူက နောက်လှည့်ကာ ထွက်သွားရန် ပြင်သည်။
“အစ်မရှုကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့မှာ မေးခွန်းတစ်ခုရှိပါတယ်။ အစ်မရှုက ကျေးဇူးပြုလို့ ရှင်းပြပေးစေလိုပါတယ်။ ကျွန်တော့ကျင့်ကြံခြင်းအဆင့်က စဦးချီအဆင့်(၄)မှာပါ။ ကျွန်တော့ ဗီဇပါရမီနဲ့ဆို အဆင့်(၇)ကို ဘယ်တော့ ရောက်နိုင်မှာလဲ”
“တစ်နှစ်မပြည့်ခင် မင်းက စဦးချီအဆင့်(၄)ကို ရောက်တယ်ဆိုကတည်းက မင်းမှာ ကံကောင်းမှုအချို့ရှိတယ်ဆိုတာ သိသာတယ်။ ဒါပေမဲ့ အဲဒါတွေကို မင်းက ရှင်းပြစရာမလိုဘူး။ အဲလိုကံကောင်းမှုမျိုးတွေမရှိဘူးဆိုရင်တော့ မင်းက အမြန်ဆုံးအားဖြင့် (၁၀)နှစ်ကြာမယ်။ အနှေးဆုံးဆိုရင် နှစ်(၆၀)စက်ဝန်းတစ်ခုကြာမယ်။ အဆင့်(၄)၊ အဆင့်(၆)နဲ့ အဆင့်(၈)တို့က ချိုးဖျက်ရခက်တဲ့အဆင့်တွေပဲ။ မင်းက ကံမကောင်းရင် အဲဒီအဆင့်တွေကို ချိုးဖျက်ဖို့ ခက်ခဲလိမ့်မယ်”
“ဒါက အားလုံးအတွက်လား”
“အားလုံးအတွက်ပဲ” ထို့နောက် သူမ ထွက်သွားခဲ့သည်။ မန်ဟိုသည် ထိုနေရာတွင်ပင် ထိုင်ကာ တွေးတောနေခဲ့၏။
တစ်နာရီအကြာတွင် မန်ဟိုသည် ထရပ်ခြင်းလိုက်ကာ သည်ရက်ပိုင်းအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင့်ကြံခြင်းဂူမှ ထွက်လာခဲ့သည်။ ရာသီဥတုများထပ်မံပြောင်းလဲသွားပြီး ဆောင်းဦးသည် ရက်အနည်းငယ်အတွင်း ရောက်လာလိမ့်မည်ဟုထင်ရသည်။ အရွက်များသည် အရောင်ပြောင်းသွားပြီး တောင်များနှင့်ချိုင့်ဝှမ်းများသို့ လေပြေကလေးများ စီးဆင်းနေခဲ့သည်။
တောက်ပသည့် လအောက်တွင် မန်ဟိုသည် တောရိုင်းတောင်တန်းများသို့ လမ်းကြောင်းသေးသေးလေးအတိုင်း လျှောက်သွားခဲ့သည်။ အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ ကြားနိုင်သည့်တစ်ခုတည်းသောအရာမှာ မန်ဟိုက မြောက်ဘက်တောင်ကုန်းသို့ သွားစဉ် သူနင်းချေလိုက်သော သစ်ရွက်ကြွေများ၏အသံများသာဖြစ်ပေသည်။
သူ ဖက်တီးကိုသွားကြည့်လိုသည်။ ဂိုဏ်းတစ်ခုလုံးတွင် ဖက်တီးသည် သူ၏တစ်ဦးတည်းသော မိတ်ဆွေဖြစ်သည်။
မြောက်ဘက်အစေခံတန်းလျားသည် ညနက်ပိုင်း၌ တိတ်ဆိတ်နေခဲ့သည်။ မန်ဟို ချဉ်းကပ်သွားသောအခါ ဆူညံနေသော ဟောက်သံများအား ကြားရသည်။
မြင်းမျက်နှာဖြင့်လူငယ်သည် မန်ဟိုကို မြင်သည်နှင့် သူထိုင်နေရာ ကျောက်တုံးပေါ်မှထရပ်ကာ နှုတ်ဆက်သည်။
“ နှုတ်ခွန်းဆက်ပါတယ် အစ်ကိုမန်”
မကြာသေးမှီက ထွက်လာသော မန်ဟို၏သတင်းများကို သူကြားပေသည်။
“ထုံးတမ်းစဉ်လာတွေ မလိုပါဘူး” မန်ဟိုက ပြောသည် “ငါက မိတ်ဆွေတစ်ယောက်ကို လာတွေ့တာ” လူငယ်၏ကျင့်ကြံဆင့်ကို ကြည့်လျှင် သူသည် စဦးချီဖွဲ့စည်းခြင်းအဆင့်(၃)တွင်ဖြစ်သည်ကို မန်ဟို တွေ့ရသည်။ သူကား ထိုအဆင့်တွင် နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့ဟန်ရ၏။
မြင်းမျက်နှာဖြင့်လူက ခေါင်းညိတ်သည်။ မန်ဟိုက အစေခံတန်းလျားထဲကို ဝင်သွားလျှင် သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုပေါ်လာသည်။ ထို့နောက်တွင် သူက သက်ပြင်းချလိုက်ပြီး ကျောက်တုံးပေါ်တွင်ထိုင်ကာ မျက်လုံးကို မှိတ်ထားလိုက်တော့သည်။
မန်ဟိုသည် သူနေထိုင်ခဲ့ဖူးသော အိမ်ကလေးထံသို့ လျှောက်လာခဲ့၏။ အိမ်အတွင်းသို့ သူဝင်လာသည်နှင့်တပြိုင်နက် သူ၏မျက်နှာသည်ထူးဆန်းသောအမူအရာများဖြင့် ပြည့်နှက်သွားသည်။ တစ်ချိန်လုံး ပူလောင်နေခဲ့သော သူ့စိတ်နှလုံးသည်လည်း အနည်းငယ် ပေါ့ပါးလာခဲ့၏။
ဖက်တီးသည် မန်ဟိုကို ကျောပေးလျှက် အိပ်စက်နေသည်။ အခန်းထဲရှိ အခြားဘက်ခြမ်းတွင် အိပ်ရာတစ်ခုရှိရာ ကြားတွင် ကွက်လပ်ငယ်တစ်ခုဖြစ်နေသည်။
တစ်ဘက်အိပ်ရာတွင် အိပ်ပျော်နေသူသည် သူ၏အိပ်မက်များတွင်ကြောက်မက်ဖွယ်ကောင်းသောအရာတစ်ခုခုကြုံခဲ့ရသကဲ့သို့ သူ၏မျက်နှာသည် ကြောက်ရွံ့တုန်လှုပ်နေသည်။
ထိုလူ၏သစ်သားအိပ်ရာသည် များစွာသော သွားရာများဖြင့် ပြည့်နှက်နေ၏။ အလယ်တွင်ရှိသော စားပွဲလေးကား အစအနမျှပင် မကျန်တော့ရာ စားပွဲလေးမှာလည်း အကိုက်ခံရပြီး ပျက်စီးသွားခြင်းဖြစ်မည်ဟု မန်ဟိုက တွေးမိသည်။ နံရံသည်ပင် များစွာသော သွားရာများ ဖြစ်ပေါ်နေ၏။ အိပ်ရာပေါ်မှလူသည် အိပ်ပျော်နေဟန်ရသော်လည်း သူ့မျက်နှာသည် ကြောက်မက်ဖွယ်အိပ်မက်တစ်ခုနှင့် တွေ့ကြုံနေရသည့်အလား စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။
အိပ်ရာပေါ်မှ လူသည် ထိတ်လန့်စွာဖြင့် အော်ဟစ်သံတစ်ချက်ပေးသည်။ သူကား သေချာပေါက် အိပ်မက်ဆိုးတစ်ခု မက်နေကာ သူ့အား ထိုသို့ဖြစ်ပျက်စေသော အခြေအနေကို မန်ဟိုက ခန့်မှန်းမိပေသည်။ ထိုလူကား မန်ဟိုတို့ စရောက်ကာစ လာရောက်အနိုင်ကျင့်ဖူးသော အဘိုးကျားကြီးဖြစ်ပေသည်။
သူ၏အော်ဟစ်သံက ဖက်တီးကို နိုးလာစေဟန်ရသည်။ သူက စိတ်ရှုပ်ဟန်ဖြင့် ထလာပြီးမှ မန်ဟိုကို မြင်သည်။ သူက ချက်ချင်းပင် ဝမ်းသာသွားကာ မေးမြန်း၏။
“တောကြက်… မင်းမှာ တောကြက်တွေပါလား”
မန်ဟိုက သူ့ကိုကြည့်ရင်း ပြုံးလိုက်သည်။ ဖက်တီးကား အနည်းငယ်မျှပင် ပိန်သွားခြင်းမရှိပေ။ အမှန်တကယ်အားဖြင့် သူ၏သွားများမှာ ပိုမို၍ ရှည်လျားလာခဲ့သည်။ သူ စကားပြောသောအခါ သွားများသည် တစ်လက်လက် တောက်ပ၏။
မန်ဟိုက ပြုံးလျှက်ပြောကာ ဖက်တီး၏သွားများကို ကြည့်သည်။
“မင်း စဦးချီဖွဲ့စည်းခြင်းအဆင့်(၁)ကို ရောက်ပြီလို့ကြားလို့ ငါလာခဲ့တာ။ ဒါကြောင့် တောကြက်ဖမ်းဖို့ အချိန်မရခဲ့ဘူး”
သူ၏ကျင့်ကြံဆင့်ကို ဂုဏ်ယူနေခဲ့သော ဖက်တီးနှင့်မန်ဟိုတို့ စတင်၍ စကားစမြည်ပြောကြသည်။ မကြာခင် လရောင်ကွယ်ကာ နေမင်း၏မနက်ခင်းအလင်းသည် လောကကြီးသို့ချဉ်းနင်းဝင်ရောက်လာ၏။ မန်ဟို၏နှလုံးသားမှာလည်း ပိုမို၍ လွတ်လပ်ပေါ့ပါးလာခဲ့သည်။
အရုဏ်တက်ချိန်တွင် မန်ဟိုနှင့် ဖက်တီးတို့ ထွက်သွားရန် ပြင်ကြသည်။ အဘိုးကျားကြီးသည် သူတို့အားကြည့်ကာ မျက်ရည်များ တွေတွေ စီးကျလာခဲ့သည်။ ထိုမျက်ရည်များက ဖက်တီးကို ဝမ်းနည်းစေဟန်ရကာ ရုတ်တရက် ဖက်တီးက အဘိုးကျားကြီးထံသို့ ပြေးဖက်ကာ စကားတစ်ခွန်းပြောလိုက်ဟန်ရကာ ချက်ချင်းပင် အဘိုးကျားကြီးသည် တဆတ်ဆတ်တုန်ယင်လာပြီး သူ့မျက်နှာသည် ပြာနှမ်းသွား၏။
မန်ဟိုတို့ အပြင်စည်းဂိုဏ်းအနီးသို့ ရောက်လျှင် ဖက်တီးအား မေးလိုက်သည် “မင်း သူ့ကို ဘာပြောလိုက်တာလဲ”
“သူက လူကောင်းပါပဲ။ ငါထွက်သွားတော့မယ်ဆိုတော့ သူဘယ်လောက် ဝမ်းနည်းနေလဲ မင်းမြင်လား” သူ၏မျက်နှာပေါ်တွင် နာကျင်သောဟန်ပင်များ ဖြစ်ပေါ်လာသည်။
“သူ့ဆီကို မကြာမကြာ လာလည်မယ်လို့ ငါပြောခဲ့တယ်။ သူက သန်မာထွားကျိုင်းပေမယ့် တကယ်တော့ တော်တော် သူရဲဘောကြောင်တဲ့သူပဲ။ ညဘက်အိပ်တိုင်း သူက အိပ်မက်ဆိုးတွေ မက်တယ်လေ။ သနားစရာလေးပါပဲ”
သူတို့နှစ်ဦး အပြင်စည်းဂိုဏ်းသို့ ရောက်သောအခါ လူအများအပြားက သူတို့အား လှမ်းကြည့်ကြသည်။
“အာ… မန်ဟို၊ မင်းက တကယ်ပဲ အပြင်စည်းဂိုဏ်းမှာ နာမည်ကျော်တာပဲ။ အားလုံးက မင်းကို ကြည့်နေကြတယ်” ဖက်တီးက စိတ်လှုပ်ရှားစွာပြောသည်။ မန်ဟိုကြောင့် သူသည် အပြင်စည်းဂိုဏ်းတွင် သူ့အား လာရောက်အနိုင်ကျင့်တော့မည့်လူ သိပ်ရှိတော့မည်မဟုတ်ဟု ဖက်တီးက တွေးလိုက်သည်။
မန်ဟိုက သူ့အား ပြုံးလျှက်ကြည့်ကာ ရှင်းမပြတော့ပေ။ သူတို့က ရတနာစံအိပ်သို့ ရောက်လာခဲ့၏။ အတန်ကြာလျှင် ဖက်တီးသည် စိတ်လှုပ်ရှားစွာဖြင့် ရတနာစံအိမ်ထဲမှ ထွက်လာ၏။ သူကား ငါးကြေးခွံများဖြင့် ဖုံးအုပ်ထားသော ဓားတိုတစ်လက်အား ယူလာဟန်ရသည်။ ဓားသည် ထက်ရှဟန်မတူဘဲ ကြမ်းတမ်းနေ၏။
“ငါ ဘာရလာလဲ ကြည့်စမ်း မန်ဟို။ ဒါက တကယ့်ကို ကောင်းတဲ့ ရတနာပဲ” ဖက်တီးက ဓားကို ဝှေ့ယမ်းကာ ပျော်ရွှင်စွာ ပြောသည်။ ထို့နောက်တွင် ဖက်တီးက ပါးစပ်အား ဖွင့်ကာ သူ့သွားများကို ဓားဖြင့် ခြစ်တော့သည်။ မန်ဟိုကား ရယ်ရမလို ငိုရမလိုဖြစ်သွား၏။
“ဓားက အရမ်းကောင်းတယ်” ဖက်တီးက ပြောသည် “ငါ့သွားတွေက တဖြည်းဖြည်း ရှည်လာနေခဲ့တာ။ အခု ငါ့သွားတွေကို အမြဲတမ်း တိုနေအောင် ခြစ်ထားလို့ရပြီ”
မန်ဟိုက ဖက်တီးအား အပြင်စည်းဂိုဏ်းတွင် လိုက်လံပြသပေးသည်။ သူ့အား မန်ဟိုက သူ၏ကျင့်ကြံခြင်းဂူတွင် လိုက်လံနေထိုင်ရန်လည်း ပြော၏။ သို့သော်လည်း ဖက်တီးက ငြင်းဆန်သည်။ သူကား အစေခံတန်းလျားတွင် အမြဲတမ်းအားဖြင့် အခန်းဖော်နှင့်အတူနေထိုင်ခဲ့ရရာ အပြင်စည်းဂိုဏ်းကို ရောက်ပါက သီးသန့်နေမည်ဟု စိတ်ကူးထားကြောင်း ပြောပြသည်။ မန်ဟိုက အမျိုးမျိုး ဖျောင်းဖျသော်လည်း ဖက်တီးကား နားမဝင်ပေ။
ဖက်တီးက သူ့အိမ်ကို ရောက်သောအခါ သူကား အလွန်သဘောကျနေ၏။
မန်ဟိုလည်း သူ့အား တွန်းအားမပေးတော့ဘဲ သူ၏ကျင့်ကြံခြင်းဂူသို့ ပြန်လာခဲ့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး သုံးလခန့်ကြာသွားသည်။ လွန်ခဲ့သော နှစ်လက မန်ဟိုသည် အဆင့်နိမ့်အများပိုင်ကွင်းတွင် သူ၏ဆေးဆိုင်ကို ပြန်ဖွင့်ခဲ့၏။ ဝမ်တန်ဖေးနှင့် ပြဿနာဖြစ်ပြီးနောက်ပိုင်း မည်သူမှ သူ့ကို လာရောက်ရန်စရဲခြင်း မရှိကြတော့ပေ။ မကြာမှီ သူ၏စီးပွားရေးက ပြန်လည် အဆင်ပြေလာခဲ့၏။
ယခုကား သူ့တွင် အကူတစ်ယောက်ရှိနေပြီဖြစ်သည်။ သူ့ဘေးတွင် သွားကို ဓားဖြင့် ခြစ်နေသော ဖက်တီးတစ်ယောက် ရောက်နေခဲ့၏။ အမှန်တကယ်အားဖြင့် ဖက်တီးသည် လူဆွယ်ရာတွင်ပိုမိုထူးချွန်ကာ သူ၏အကူအညီဖြင့် မန်ဟိုတို့ စီးပွားရေး ပိုမိုဖြစ်ထွန်းလာ၏။
ဆီးနှင်းများ ကျဆင်းနေသော ဆောင်းရာသီတစ်နေ့တွင် မန်ဟိုသည် ကုန်းမြင့်တစ်ခု၌ ထိုင်နေစဉ် ဖက်တီးက လူတစ်ယောက်အား ဆွဲခေါ်လာကော ပြောသည်။
“မန်ဟို… မန်ဟို … ငါ ဘယ်သူ့ကို ခေါ်လာခဲ ကြည့်ဦး”
***