← Chapters

လေထန်လာခြင်း

Vol. 2 Ch. 19

လေထန်လာခြင်း

Vol. 2 Ch. 19

မန်ဟိုက မျက်လုံးကို ဖွင့်ကြည့်လိုက်လျှင် ဖက်တီးက လူတစ်ယောက်အား ဝမ်းသာအားရ ဆွဲခေါ်လာသည်ကို တွေ့၏။ ပိန်ပါးကာ ဖြူဖတ်ဖြူရော်နှင့် ထိုလူငယ်ကား ဖက်တီးနှင့်ယှဉ်ပါက အလွန်ခြားနားပေသည်။

မန်ဟိုက သူ့ကို မှတ်မိပေသည်။ သူသည် မန်ဟိုတို့နှင့် အတူ မှီခိုရာဂိုဏ်းကို တစ်အုပ်စုတည်း ရောက်လာသူဖြစ်သည်။ သူနှင့်ဝမ်ယိုချိုင်တို့အား တခြားသော အစေခံတန်းလျားထံသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။

ထိုအချိန်က သူသည် သန်စွမ်းပြီး ကြည့်ကောင်းသူ ဖြစ်သော်လည်း ယခုတွင် အတော်လေး အခြေအနေဆိုးရွားနေပြီဖြစ်သည်။ သူ၏မျက်လုံးများထဲ၌ ခက်ခဲကြမ်းတမ်းသော အတွေ့အကြံများကို မည်မျှ ဖြတ်သန်းခဲ့ရကြောင်း အငွေ့အသက်တချို့ ထင်ဟပ်ဖြစ်ပေါ်နေပေသည်။

ထို့အပြင် သူသည် အပြင်စည်းဂိုဏ်း၏အဆင့်နိမ့်အများပိုင်ကွင်းကို စဦးချီဖွဲ့စည်းခြင်းအဆင့်(၁)မျှဖြင့် ဝင်ရောက်ရဲသူဖြစ်၏။

“အစ်ကိုမန်ကို နှုတ်ဆက်ပါတယ်” လူငယ်က ဝမ်းသာဟန်ဖြင့် နှုတ်ဆက်သည်။ သူက မန်ဟိုအား အလွန်လေးစားသော ဟန်အမူအရာကို ပြ၏။

“မင်း အပြင်စည်းဂိုဏ်းကို ဝင်တာ ကြာပြီလား” မန်ဟိုက သူ၏ပထမဆုံး နေ့ရက်ကို တွေးတောကာ မေးလိုက်သည်။

“တစ်လလောက်တော့ ကြာပြီ” လူငယ်က ခေါင်းငုံ့ကာ ပြောသည်။

“ဝမ်ယိုချိုင်ရော…”

“သူသေသွားတယ်” လူငယ်လေးက တွေဝေငေးမောကာ ပြောသည်။ သူ၏မျက်လုံးများတွင်ဝမ်းနည်းပူဆွေးမှုတစ်ခု ဖြစ်ပေါ်လာသည်။

“ဝမ်ယိုချိုင် သေသွားပြီလား” ဖက်တီးက ထိတ်လန့်တကြား ဆိုသည်။ မန်ဟိုလည်း တိတ်ဆိတ်သွား၏။

“အစေခံတန်းလျားမှာ ကျွန်တော်တို့က ရေသယ်ဖို့ တာဝန်ကျတယ်။ တစ်ခါက ကျွန်တော်တို့ တောင်ပေါ်လမ်းတစ်ခုမှာ ရေသယ်နေတုန်း လေပြင်းတိုက်ပြီး ဝမ်ယိုချိုင် ချောက်ထဲလိမ့်ကျသွားခဲ့တယ်။ ကျွန်တော်တို့ သူ့အလောင်းကို ၂လလောက်ရှာခဲ့ပေမယ့် အရိုးတချို့ပဲ တွေ့ခဲ့တယ်။ သူ့အလောင်းကို သားရိုင်းတွေ စားသွားတယ်လို့ပဲ ယူဆရတယ်”

မန်ဟိုက စိတ်မကောင်းစွာဖြင့် သက်ပြင်းချသည်။ သူတို့လေးယောက်သည် တချိန်တည်တွင် ဂိုဏ်းသို့ အတူရောက်လာခဲ့ကြသော်လည်း တစ်နှစ်မပြည့်မီတွင် တစ်ယောက်သေဆုံးသွားခဲ့ပြီဖြစ်သည်။ လက်သမားဆရာဦးလေးဝမ်တွင် သားတစ်ဦးတည်းသာ ရှိသည်ကို မန်ဟိုက တွေးမိကာ ပိုမို၍ စိတ်မကောင်းဖြစ်မိ၏။

“ကျားကလေး… မင်း ငါတို့နဲ့အတူနေ။ မန်ဟိုရှိရင် ဘယ်သူမှ ငါတို့ကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး” ဖက်တီးက လူငယ်ကို ပုခုံးဖက်လျှက်ပြောသည်။

“မဟုတ်ဘူး…ငါအဆင်ပြေပါတယ်...” လူငယ်သည် တွန့်ဆုတ်နေပုံရပြီး တစ်စုံတစ်ခုကို တွေးတောနေကြောင်း မန်ဟိုပြောနိုင်သည်။ အဆုံး၌ သူသည် ခေါင်းကိုခါယမ်းကာ ဖက်တီး၏ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သည်။ ထို့နောက် သူက မန်ဟိုတို့အား နှုတ်ဆက်ကာ ထွက်သွား၏။

“သူ ဘာဖြစ်လို့လဲ” ဖက်တီးက နားမလည်စွာ မေးသည်။

“လူတိုင်းမှာ လျှို့ဝှက်ချက်ရှိတယ်” မန်ဟိုက ဖြေးညင်းစွာ ပြောသည် “သူ့မှာ ထုတ်မပြောချင်တဲ့ ကံကောင်းမှုတစ်ချို့ရှိရင်လည်း ရှိမှာပေါ့။ မဟုတ်ရင် စဦးချီဖွဲ့စည်းခြင်းအဆင့်(၁)နဲ့ ဒီနေရာကို ဘယ်လိုလာရဲမလဲ” မန်ဟိုက လူငယ် အဝေးသို့ ပျောက်ကွယ်သွားသည်အထိ ကြည့်ကာ အတွေးနက်နေဟန်ရသည်။

“ကျားကလေးမှာ လျှို့ဝှက်ချက်ရှိရင်တောင်မှ ငါတို့သိချင်ရင် ရှာတွေ့မှာပဲကို။ သူက ငါတို့ကို အထင်သေးနေတာပဲ” ဖက်တီးက ရိုးသားပွင့်လင်းစွာ ပြောသည်။ သူက စိတ်ရင်းစေတနာဖြင့် ကမ်းလှမ်းခြင်းကို ငြင်းပယ်ခံရခြင်းအတွက် ဖက်တီးကား ဒေါသအနည်းငယ် ထွက်သွားဟန်ရသည်။

နန်ရှင်းတိုက်၏အောက်ပိုင်းဒေသများတွင်ဆောင်းရာသီသည် တိုတောင်းပြီး ခဏလေးဖြင့် ကုန်ဆုံးသွားခဲ့သည်။ နွေဦး ရာသီ၏နွေးထွေးမှု ရောက်လာပြီးနောက်တွင် ပန်းများပွင့်လန်းလာ၏။ ထို့နောက် ဧပရယ်လသို့ ရောက်လာ၏။ မန်ဟို မှီခိုရာဂိုဏ်းကို ရောက်လာခဲ့သည်မှာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

ဖက်တီး၏အကူအညီဖြင့် မန်ဟိုသည်အဆင့်နိမ့်အများပိုင်ကွင်းတွင် ဝိညာဉ်ကျောက်တုံးများနှင့်မှော်ပစ္စည်းများကို အများအပြား စုဆောင်းနိုင်ခဲ့သည်။ သူသည် မိစ္ဆာသားရိုင်းများကို ရှာဖွေရန်လည်း တောတောင်များသို့ မကြာခဏသွားလေ့ရှိသည်။ သူသည် တောင်နက်ကြီးနှင့်နီးကပ်သည်အထိ သွားရှာသော်လည်း အမြဲတမ်းအားဖြင့် လက်ချည်းသက်သက်ပြန်လာခဲ့ရသည်။ တောင်နက်ကြီးပေါ်ကိုကား မန်ဟိုသည် တက်ရဲခြင်း မရှိပေ။

နောက်ဆုံးတွင် သူ၏ကျင့်ကြံခြင်းအဆင့်သည် စဦးချီဖွဲ့စည်းခြင်းအဆင့်(၄) အလယ်အလတ်သို့ ရောက်လာခဲ့၏။ သို့သော် ထိုနေရာသို့ ရောက်ပြီးနောက်ပိုင်း သူ၏တိုးတက်မှုသည် လုံးဝရပ်တန့်သွားခဲ့သည်။ သူက မည်မျှဆေးဝါးများ သောက်သုံးစေကာမူ သူ၏ကျင့်ကြံခြင်းအဆင့်မှာ ဆက်လက်တိုးတက်ခြင်း မရှိတော့ပေ။

သူသည် စဦးချီဖွဲ့စည်းခြင်းအဆင့်(၅)ကို တက်ရောက်နိုင်ခြင်းမရှိရာ လေပေါ်လမ်းလျှောက်ပညာရပ်ကိုလည်း လေ့ကျင့်နိုင်ခြင်းမရှိပေ။

မန်ဟို၏အကူအညီဖြင့် ဖက်တီးသည် စဦးချီဖွဲ့စည်းခြင်း၏အဆင့်(၂)ကိုရောက်ရှိခဲ့သည်။

ထိုဧပရယ်လတွင် အတွင်းစည်းတပည့်များဖြစ်သော အစ်မရှုနှင့်အစ်ကိုချန်းတို့အပါအဝင် ဂိုဏ်းအတွင်းမှ စဦးချီဖွဲ့စည်းခြင်းအဆင့်(၅)ထက်မြင့်သောလူတိုင်းသည် ဂိုဏ်းမှ ထွက်ခွာကြသည်။ သူတို့က ပါရမီရှိသော လူငယ်နှစ်ဦး သို့မဟုတ် သုံးဦးတို့ကို ခေါ်ကာ ဂိုဏ်းသို့ ပြန်ရောက်လာကြ၏။

တစ်နှစ်လျှင်တစ်ကြိမ်။ ဤကား ဂိုဏ်း၏စည်းကမ်းဖြစ်ပေသည်။ သည်နည်းဖြင့်သာ ဂိုဏ်းသည် ဆက်လက်ရပ်တည်ရန် မျှော်လင့်ချက်ရှိပေသည်။

နွေဦးလေသည် အေးစက်မှုများအား သယ်ဆောင်ကာ ကုန်းမြေကို ဖြတ်သန်းလာခဲ့၏။ ဆောင်းဦးနှင့်အတူ အောက်တိုဘာလသို့ ရောက်လာခဲ့သည်။ ဤအချိန်ကာလအတွင်းတွင် မှီခိုရာဂိုဏ်း၌ အရေးကြီးသော အရာနှစ်ခု ဖြစ်ပွားခဲ့သည်။ ပထမကိစ္စမှာ ဂိုဏ်း၏အကြီးအကဲမှူးများနှင့်သက်ဆိုင်သည်။ ချီအမြုတေအဆင့်ကို ရောက်ရှိပြီးဟု ပြောကြသော ဂိုဏ်းခေါင်းဆောင်အပြင် အကြီးအကဲမှူးများထဲတွင် ချီအခြေတည်အဆင့်သို့ ရောက်သော ဂိုဏ်းအကြီးအကဲမှူးနှစ်ဦး ရှိပေသည်။ သူတို့နှစ်ဦးထဲမှ တစ်ဦးမှာ အသက် ၁၅၀ခန့်ရှိပြီး အသက်ရှည်သက်တန်းကုန်ဆုံးသွားကာ တရားထိုင်နေရင်း သေဆုံးသွားခဲ့၏။ မန်ဟိုကလည်း ထိုသတင်းကို ကြားသိကာ စုံစမ်းမေးမြန်းကြည့်ရာ သေဆုံးသွားသူမှာ အကြီးအကဲအိုးရန် မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ကျင့်ကြံသူများသည် ချီအခြေတည်အဆင့်သို့ ရောက်သောအခါ ယင်းတို့၏သက်တမ်းသည် နှစ်ပေါင်းတစ်ရာ့ငါးဆယ်အထိ တိုးပွားစေသည်။ ၎င်းသည်အချိန်ကြာမြင့်သည်ဟုထင်ရသော်လည်း အမှန်မှာ အလွန်ပြင်းထန်သောကာလဖြစ်သည်။ ကျင့်ကြံသူများသည် ချီအမြုတေအဆင့်ကို မရောက်နိုင်ပါက နောက်ပိုင်းနှစ်များတွင် သူတို့သည် တရားထိုင်ခြင်းဖြင့်သာ အချိန်ကုန်ဆုံးရကာ သူတို့၏ချီနှင့်အသက်ဓာတ်များ တဖြည်းဖြည်း ကုန်ခမ်းသွားသည်ကို စောင့်ဆိုင်းနေခဲ့ကြရပေသည်။

သို့သော် ချီအမြုတေအဆင့်သို့ ရောက်ရှိပြီးနောက်တွင် သက်တမ်းသည် နှစ်ဆတိုးသွားကာ နှစ်၃၀၀ ဖြစ်သွား၏။

အကြီးအကဲမှူး၏သေဆုံးခြင်းက မှီခိုရာဂိုဏ်းကို အခြေအနေ ပိုမိုဆိုးဝါးစေသည်။ ကျိုးပြည်နယ်တွင် သူတို့၏အင်အားမှာ အလွန်အားနည်းနေခဲ့ပြီးဖြစ်ကာ ယခု ပိုမို၍ပင် အန္တရာယ်ရှိလာပေသည်။ များမကြာမှီ ဂိုဏ်းအနီးတွင် တခြားသော ဂိုဏ်းသားများ စတင်၍ ပေါ်ပေါက်လာကြသည်။

သူတို့သည် တစ်စုံတစ်ခုကို ရှာဖွေနေဟန်ရကာ မှီခိုရာဂိုဏ်းက တောင်အနီးတွင် အရံအတားများကို စီရင်ထားခဲ့သည်။ မီတာအကျယ်အဝန်း ထောင်ပေါင်းများစွာသည် အရံအတား၏အကာအကွယ်အောက်သို့ ကျဆင်းခဲ့၏။ ထူထပ်သော တိမ်မည်းများသည် ကောင်းကင်မှနေ၍ ဂိုဏ်းတစ်ခုလုံးပေါ်သို့ လွမ်းမိုးဖုံးအုပ်လာပေသည်။

ဂိုဏ်းအပြင်စည်းမှ တပည့်အများစုမှာ အခြေအနေအား အနည်းနှင့်အများ သိနားလည်ကြပေသည်။ အချို့မှာ ပိုမိုတိကျသော သတင်းများကို ရရှိခဲ့ကြ၏။ သတင်းများ ပျံ့နှံ့လာပြီးနောက်တွင် နှစ်ပေါင်းများစွာကတည်းက ပျောက်ဆုံးနေသော မှီခိုရာဂိုဏ်းချုပ်နှင့်ပတ်သက်သော ကောလာဟလတစ်ခုသည် ကျိုးပြည်၏ကျင့်ကြံခြင်းလောက၌ စတင်ပျံ့နှံ့လာခဲ့တော့သည်။

သတင်း၏အသေးစိတ်အချက်အလက်ကိုမူကား မည်သည့်ဂိုဏ်းသူဂိုဏ်းသားကမှ သိရှိခြင်းမရှိပေ။

ထိုအချိန်အတွင်း မန်ဟိုသည် စဦးချီဖွဲ့စည်းခြင်းအဆင့်(၄)၏အလယ်အလတ်၌ ရပ်တန့်ခဲ့၏။ သူက မည်သို့ ကြိုးစားအားထုတ်ပါစေ၊ ဆက်လက်တိုးတက်ခြင်းမရှိရာ မန်ဟိုသည် ထိုအချက်အား လက်ခံလာရတော့သည်။

သူသည် ကျင့်ကြံခြင်းဂူတွင် ထိုင်ကာ မျက်မှောင်ကြုတ်လျှက် တွေးတောနေသည်။

“အစ်မရှုက အဆင့်(၅)ကို တက်တဲ့အခါ အဟန့်အတား ရှိမယ်လို့ ပြောတယ်။ ဒါပေမဲ့ အဟန့်အတားက ဘာလို့ အစောကြီး ဖြစ်နေခဲ့ရတာလဲ။ ငါက မိစ္ဆာသားရဲအမြုတေတွေကို အများကြီး စားခဲ့လို့များလား”

“ဒီလိုဆိုရင် ငါဟာ အဟန့်အတားကို ချိုးဖျက်ဖို့အတွက် သီးသန့်ဖော်စပ်ထားတဲ့ဆေးလုံးတွေ လိုအပ်တယ်။ ဒါမှမဟုတ် အဆင့်မြင့်မိစ္ဆာသားရဲအမြုတေလိုတယ်”

မန်ဟိုတွင် ဝိညာဉ်ကျောက်တုံး အများအပြားရှိသော်လည်း သူ့တွင် သင့်တော်သော ဆေးဝါးများ ကင်းမဲ့ပေသည်။ သူ့တွင် သင့်တော်သော ဆေးဝါးများသာ ရှိပါက စဦးချီဖွဲ့စည်းခြင်းအဆင့်(၅)ကို တက်နိုင်မည်ဟု မန်ဟိုက ယုံကြည်သည်။

မှီခိုရာဂိုဏ်း၏စိုးရိမ်ပူပန်မှုမှာသိသာထင်ရှားသည်။  ဂိုဏ်းတပည့်များစွာတို့သည် စိတ်နှလုံးပူဆွေးသောတို့ကို  ဖုံးကွယ်ရန်အတတ်နိုင်ဆုံးကြိုးစားကာ သွားလာလှုပ်ရှားနေကြ၏။ မန်ဟိုသည်လည်း စိုးရိမ်ထိတ်လန့်သော်လည်း သူ့တွင် သူ၏ကိုယ်ပိုင်ပြဿနာများဖြင့် လုံးထွေးနေရ၏။

ပျော်ရွှင်နေပုံရသည့် တစ်ဦးတည်းသောသူမှာ ဖက်တီးဖြစ်သည်။ အများပိုင်ကွင်းတွင်း ဆေးဝါးရောင်းချခြင်းကို ဖက်တီးသည် မန်ဟိုထက်ပင် ပို၍ စိတ်အားထက်သန်နေ၏။ မန်ဟိုက သွားရန် စိတ်မပါလျှင်ပင် ဖက်တီးသည် အလံကို ကိုင်ကာ တစ်ကိုယ်တည်း အများပိုင်ကွင်းသို့ ဆေးသွားရောင်းလေ့ရှိသည်။

သုံးရက်အကြာတွင် ခေါင်းလောင်းသံများ ထပ်မံထွက်လာသည်။ ဆေးဖြန့်ဝေရေးနေ့တွင် မန်ဟိုနှင့်ဖက်တီး တို့သည် ရင်ပြင်ကိုရောက်သောအခါ မန်ဟိုသည်စင်မြင့်ပေါ်ရှိ ရွှေဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးအား တွေ့လိုက်ရသည်။ သူ့နောက်တွင် အစ်မရှုနှင့် အစ်ကိုချန်းတို့ ရပ်နေကြ၏။

ထိုမြင်ကွင်းကို ကြည့်ကာ မန်ဟို၏စိတ်နှလုံးက လှုပ်ရှားသွားကာ သူ့မျက်လုံးများက မီးတောက်ကဲ့သို့ လောင်ကျွမ်းလာသည်။

“ပြီးခဲ့တဲ့တစ်နှစ်ခွဲအတွင်း ဆရာဦးလေးရှန့်ကွမ်းက သုံးကြိမ်ပဲ ရောက်လာခဲ့ပြီး သူရောက်လာတိုင်း အထူးဆေးလုံးကို ပေးဝေလေ့ရှိတယ်။ ငါက စဦးချီဖွဲ့စည်းခြင်းအဆင့်(၄)မှာ ရပ်နေခဲ့တာ တစ်နှစ်နီးပါးရှိပြီ။ တကယ်လို့သာ အဲဒီဆေးလုံးကို ငါရခဲ့ရင်…”

တခြားသော အပြင်စည်းဂိုဏ်းသားများသည်လည်း ထိုသို့သော အတွေးမျိုးရှိကြကာ မကြာမှီ ဆူညံပွတ်လောရိုက်လာခဲ့၏။

မှန်သည်၊ တပည့်အချို့က တွေးနေကြသည်မှာ ‘ကျေးဇူးပြု၍ ငါ့ကို မပေးပါနဲ့’ ဟူ၍ ဖြစ်ပေသည်။

အထူးသဖြင့် ထိုအချိန်က မန်ဟိုသည်သူ၏ရရှိခဲ့သော ဆေးလုံးဖြင့် လုပ်ဆောင်ခဲ့ခြင်းပြီးနောက်တွင် ဂိုဏ်းက ဂိုဏ်းသားများအား အထူးဆေးလုံးရရှိလျှင် အတွင်းစည်းတပည့်များအား လက်ဆောင်ပေးခြင်းကို တားမြစ်သည့်စည်းမျဉ်းသစ်တစ်ခု ချမှတ်ခဲ့၏။

“ဒါက ခြောက်သွေ့ဝိညာဉ်ဆေးလုံးပဲ”

“ဒါက ခြောက်သွေ့ဝိညာဉ်ဆေးလုံးပဲ။ ပြီးခဲ့တဲ့ နှစ်က ဝေပေးတဲ့ဆေးလုံးနဲ့ တထေရာတည်းပဲ။ တစ်နှစ်မှ တစ်ကြိမ်ပဲ ဝေတာ။ ဒါက ဆေးလုံးဟာ ဘယ်လောက် တန်ဖိုးရှိလဲ သိသာစေတာပဲ”

“ဒါကိုသာ ငါရခဲ့ရင် ငါ့ကျင့်ကြံဆင့်က တိုးတက်သွားမှာပဲ”

ရွှေရောင်ဝတ်ဆင်ထားသည့် အဘိုးအိုသည် တောက်ပနေသော ခရမ်းရောင်ဆေးလုံးကို လေထဲသို့ မြှောက်လိုက်သည်နှင့်တစ်ပြိုင်နက် စိတ်လှုပ်ရှားဖွယ်ကောင်းသော စကားများ ထွက်ပေါ်လာသည်။

ဆေးလုံးပေါ်လာသောအခါ မန်ဟို၏မျက်လုံးများက စူးရှလာခဲ့၏။ သူကား ထိုဆေးလုံးကို အလွန်အမင်း လိုအပ်နေ၏။ ထိုဆေးလုံးသည် သူ့အား စဦးချီဖွဲ့စည်းခြင်းအဆင့်(၅)ကို ရောက်ရှိစေနိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပေသည်။

မန်ဟိုကား ဂိုဏ်းကို ရောက်သည်မှာ အတော်ကြာပြီဖြစ်ရာ များစွာသော ဂိုဏ်းသူဂိုဏ်းသားများအား သိပေသည်။ အတွင်းစည်းဂိုဏ်းသားများမှာ အစ်မရှုနှင့် အစ်ကိုချန်းတို့ဖြစ်ကြပြီး သူတို့နှစ်ဦးလုံးမှာ စဦးချီဖွဲ့စည်းခြင်းအဆင့်(၇)တွင်ရှိ၏။ ကောလာဟလများအရ သူတို့သည် မကြာခင် နောက်တစ်ဆင့်သို့ တက်သွားတော့မည်ဖြစ်သည်။

သူတို့အောက်တွင် စဦးချီဖွဲ့စည်းခြင်းအဆင့်(၆)တွင်ရှိသော ဝမ်တန်ဖေးဖြစ်သည်။ သူ့အတွက်ကား သွေ့ခြောက်ဝိညာဉ်ဆေးလုံးမှာ သိပ်အသုံးမဝင်ပေ။ သူပြီးလျှင် စဦးချီဖွဲ့စည်းခြင်းအဆင့်(၆)တွင်ရှိသော ဟန်ကျုံး ရှိပေသည်။

မန်ဟိုကား သူ့ကို နှစ်ကြိမ် မြင်ဖူးကာ သူသည် အလွန်အမင်း မောက်မာပြီး လူတိုင်းကို အထင်သေးအမြင်သေးဖြင့် ဆက်ဆံတတ်သူဖြစ်သည်။ သူသာ သည်နေရာတွင်ရှိပါက သူ့တွင် ပိုမိုကောင်းမွန်သော ဆေးလုံးများရှိသည့်အလား ထိုသွေ့ခြောက်ဝိညာဉ်ဆေးလုံးကို တစ်ကြိမ်မျှပင် လှည့်ကြည့်မည်မဟုတ်ပေ။

စဦးချီဖွဲ့စည်းခြင်းအဆင့်(၅)တွင်ကား ဂိုဏ်းသားလေးဦးရှိကာ သူတို့သည် အပြင်စည်းဂိုဏ်း၌ ဆရာကြီးများဟု ဆိုနိုင်ပေသည်။ သူတို့အား ရှားရှားပါးပါးသာ တွေ့မြင်ရလေ့ရှိကာ အချိန်အများစုကို တံခါးပိတ်လေ့ကျင့်ခြင်းနှင့် တောတောင်များတွင် သွားရောက်လေ့ကျင့်နေသည်က များပေ၏။

စဦးချီဖွဲ့စည်းခြင်းအဆင့်(၄)တွင်လည်း သိပ်အများအပြားမရှိဘဲ မန်ဟိုအပါအဝင် ၇ယောက်မျှသာ ရှိပေသည်။ အဆင့်(၄)အောက်မှ လူများမှာကား ဂိုဏ်းအတွင်း၌ သိပ်အရေးမပါပေ။

“ကောင်းပြီ … အားလုံး တိတ်တိတ်နေကြ” ရှန့်ကွမ်းရှိုး၏အသံက ပြင်းထန်သော ဖိအားနှင့်အတူ ထွက်ပေါ်လာသည်။ သို့သော်လည်း ယခင်နှစ်ကနှင့်ယှဉ်ပါက မန်ဟိုသည် သိပ်ပြင်းထန်သော သက်ရောက်အားကို မခံစားရတော့ပေ။ ထိုအစား သူ၏မျက်လုံးများက ဆုံးဖြတ်ချက်ခိုင်မာမှုဖြင့် လင်းလက်နေသည်။

“ပြီးခဲ့တဲ့၂နှစ်က ငါဟာ ဆေးပေးဝေတာကို တာဝန်ယူခဲ့တယ်။ ပုံမှန်အားဖြင့် ငါက ငါက တပည့်အသစ်တွေကို အလေးပေးပြီး ပေးဝေလေ့ရှိတယ်။ ဒီနည်းနဲ့ တပည့်အသစ်တွေက ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်နိုင်လိမ့်မယ်” သူက ပြုံးလျှက် လူအုပ်ကို ကြည့်သည်။ ထို့နောက် သူ၏မျက်လုံးက မန်ဟို၏ဘေးတွင် သွားကို ဓားဖြင့် ခြစ်နေသော ဖက်တီးထံကို ရောက်လာ၏။

ဖက်တီးကား ဘောလုံးတစ်လုံးနှင့်တူကာ သူ့အား ပထမဆုံးကြည့်မြင်သူတိုင်းမှာ သွားကို ဓားဖြင့် ခြစ်နေသည့်မြင်ကွင်းကြောင်း ရယ်ရမလို ငိုရမလို ဖြစ်ကြရသည်။ ရှန့်ကွမ်းရှိုးကလည်း သူ့အား ကြည့်ကာ ရယ်မောလိုက်၏။

“ထားလိုက်ပါတော့” သူက ပြောသည် “ဆေးလုံးကို မင်းပဲ ယူလိုက်တော့” သူက လက်ကို ဝှေ့ယမ်းလိုက်သည်တွင် ခရမ်းရောင်အလင်းတစ်ခုသည် ဖက်တီးထံသို့ ပျံသန်းသွား၏။ ဖက်တီးက ထိတ်လန့်စွာဖြင့် ခရမ်းရောင်ဆေးလုံးအား ဖမ်းဆီးလိုက်သည်။ သူကား ဘာဖြစ်သွားသည်ကိုပင် မသိလိုက်ပေ။ ထို့နောက်တွင် သူ၏အမူအရာက မြန်ဆန်စွာ ပြောင်းလဲသွား၏။ သူ့ခန္ဓာကိုယ်က စတင်တုန်ယင်လာကာ မျက်နှာတစ်ခုလုံး ပြာနှမ်းလာခဲ့သည်။ သူကား ငိုကြွေးလုမတတ် မျက်နှာက ပြိုဆင်းလာတော့သည်။

“ဒါ .. သေစမ်း … ဘာလို့ ငါဖြစ်နေရတာလဲ”

***

All Chapters