တောင်နက်ကြီးသို့ ဝင်ရောက်ခြင်း
Vol. 2 Ch. 20
စက္ကန့်ပိုင်းအတွင်း ကွင်းပြင်တစ်ခုလုံးမှ လူများသည် ဖက်တီးကို ဝိုင်းကြည့်ကြရာ ဖက်တီးသည် နောက်ကိုပင် ခြေလှမ်းအနည်းငယ် ဆုတ်မိသွားသည်။ သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်လာကာ မန်ဟိုအား ဖျော့တော့သော အပြုံးဖြင့် သနားစဖွယ်ကြည့်သည်။
“မန်ဟို… ငါ့ကို ကယ်ပါ” သူက ဆေးလုံးကို လွှင့်ပစ်လိုသော်လည်း အကြောင်းအရင်းတချို့ကြောင့် ဆေးလုံးအား လွှင့်ပစ်၍ မရဖြစ်နေသည်။ လူအများက သူတို့အနီးကို စတင်ချဉ်းကပ်လာသည်ကိုမြင်လျှင် ဖက်တီးကား အလွန်အမင်း ကြောက်ရွံ့နေခဲ့ပြီဖြစ်သည်။
အလင်းများ ကွယ်ပျောက်လာသည်နှင့်အမျှ ဖက်တီးကား ပိုမိုတုန်ယင်လာ၏။ အလင်းများ ပျောက်သွားပြီး အရံအတားအစီအရင် ထွက်ပေါ်လာသည်တွင် ဖက်တီးက မည်သည့်စကားမှ မပြောရသေးမှီ မန်ဟိုက သူ၏စဦးချီဖွဲစည်းခြင်းအဆင့်(၄)ကျင့်ကြံဆင့်ကို ထုတ်ကာ ဖက်တီးကို ကိုင်ဆွဲလျှက် အဝေးကို ထွက်ပြေးတော့သည်။
“ငါ့ကို ဆေးလုံးပေး” မန်ဟိုက တီးတိုးပြောသည် “မင်းက ကျင့်ကြံခြင်းဂူကို သွားပြီးတော့ ပုန်းနေ” တွန့်ဆုတ်ခြင်းမရှိဘဲ မန်ဟိုက သူ့ထံကို ဂူတံခါးဖွင့်သည့်ကျောက်စိမ်းပြားအား လှမ်းပေးလိုက်သည်။ ဖက်တီးကလည်း မန်ဟိုထံသို့ သွေ့ခြောက်ဝိညာဉ်ဆေးလုံးကို ကမ်းပေး၏။
မန်ဟိုက ဖက်တီးနှင့်အတူ မြန်ဆန်စွာ ပြေးလွှားနေသည်။ သူ့နောက်တွင် တစ်ဆယ်ကျော်သော ဂိုဏ်းသားများသည် ညာသံများပေးလျှက် လိုက်ပါလာကြ၏။
“သေစမ်း… မန်ဟို … မင်း ပြေးမလွတ်ဘူး”
“သွေ့ခြောက်ဝိညာဉ်ဆေးလုံးကို ပေးစမ်း။ ဂိုဏ်းသားအချင်းချင်းဆိုတော့ မင်းကို သက်ညှာတဲ့အနေနဲ့ မသတ်တော့ဘူး။ မဟုတ်ရင် မင်းက သေတာတောင် သက်သာမှာ မဟုတ်ဘူး”
မန်ဟိုသည် စက္ကန့်မျှပင် ရပ်တန့်ခြင်း မရှိပေ။ အပြင်စည်းဂိုဏ်း၏အစွန်အဖျားနေရာကို ရောက်သည်နှင့် မန်ဟိုက ဖက်တီးကို အဝေးသို့ လွှင့်ပစ်လိုက်၏။ ဖက်တီးကား တုံးအသူ မဟုတ်ပေ။ သူက ချက်ချင်းပင် သနားစဖွယ်အော်ဟစ်တော့သည်။
“ဆေးလုံးသူခိုး…”
ဖက်တီးက အော်ဟစ်ရင်း ကျောက်စိမ်းပြားကို တင်းတင်းဆုပ်ကိုင်ကာ ကျင့်ကြံခြင်းဂူရှိရာသို့ ပြေးလွှားသွား၏။
ဖက်တီး၏အော်သံကို ကြားသူတိုင်းက သူ့အား လျစ်လျူရှုကာ မန်ဟိုနောက်သို့ ဆက်လိုက်ကြ၏။
“ကမ္ဘာမြေအဆုံးအထိ ပြေးလည်း မင်း ၂၄နာရီအထိ အသက်ရှင်မှာ မဟုတ်ဘူး”
“မင်းက စဦးချီအဆင့်၄မှာပဲ ရှိသေးတယ်။ ဒါတောင်မှ ငါ့ကို ဆေးလုံး မပေးသေးဘူးလား”
နောက်မှ လိုက်လာသူ ဆယ်ဦးထဲတွင် အများစုမှာ စဦးချီဖွဲ့စည်းခြင်းအဆင့်(၄)တွင်ရှိကြပြီး နှစ်ဦးမှာ အဆင့်(၅)၌ ရှိကြပေသည်။
အေးစက်သော အငွေ့အသက်များနှင့်အတူ ဓားပျံ၅လက်သည် မန်ဟိုထံသို့ ပျံသန်းလာကြ၏။ သို့သော်လည်း မန်ဟိုကား ဆေးလုံးကို လက်ဝယ်ပိုင်ဆိုင်ရန် စိတ်ဆုံးဖြတ်ထားပြီးဖြစ်သည်။
“၂၄ နာရီလောက် တောင့်ခံပြီးရင် ဆေးလုံးကငါ့အတွက်ပဲ”
မန်ဟို၏မျက်လုံးများက စူးရှလာခဲ့၏။
“ဒါပြီးရင် ငါ့ရဲ့ကျင့်ကြံဆင့်က စဦးချီဖွဲစည်းခြင်းအဆင့်(၅)ကို တက်နိုင်မှာပဲ”
မန်ဟိုက ပိုမိုမြန်ဆန်စွာ ပြေးသည်။ တောင်တောင်များတွင် သားရိုင်းများစွာကို အမဲလိုက်ခဲ့သော သူ့အတွေ့အကြံများကြောင့် သည်နေရာများက သူနှင့်အလွန်ရင်းနှီးပေသည်။ အပြင်စည်းဂိုဏ်းမှ ထွက်လာနိုင်ပြီးနောက် သူသည် တောင်တောင်များထံသို့သာ ဦးတည်ပြေးလွှားခဲ့၏။
နောက်မှ ချဉ်းကပ်လာသော ဓားအငွေ့အသက်များကို ခံစားမိကာ မန်ဟိုသည် သူ၏သိုလှောင်အိတ်ကို ပုတ်လျှက် ဆေးတစ်လုံးထုတ်ကာ သောက်လိုက်သည်။ ထို့နောက် သူ၏ဓားပျံများကို နောက်သို့ ပြန်လည်၍ ပစ်လွှတ်၏။
ဘန်း … ဘန်း… ဘန်း…
ဓားပျံများကြောင့် သစ်ပင်များမှာ အဆက်မပြတ် ပေါက်ကွဲသွားကာ အပိုင်းအစအချို့သည် မန်ဟိုထံသို့ လာရောက်ထိမှန်၏။ ပေါက်ကွဲမှု၏အဟုန်ကို ယူကာ မန်ဟိုသည် အဝေးသို့ ပိုမိုမြန်ဆန်စွာ ပြေးလွှားသွား၏။
မန်ဟို မြေပြင်ပေါ်သို့ မကျမှီတွင်ပင် မီးတောက်လေးခုနှင့် ရေလှိုင်းသုံးခုသည် သူ့ထံသို့ တိုးဝင်လာကြ၏။ မီးတောက်နှစ်ခုမှာ ၁၈မီတာခန့်ရှည်ပြီး လူတစ်ကိုယ်စာခန့် ထူထဲပြီး အလွန်ပြင်းထန်သော အပူလှိုင်းများအား ထုတ်လွှတ်ကြ၏။
ထိုမီးတောက်များမှာ စဦးချီဖွဲ့စည်းခြင်းအဆင့်(၅)တပည့်နှစ်ဦး၏မီးတောက်များဖြစ်ကြ၏။ သူတို့က မန်ဟို၏နောက်ကို လိုက်လျှင် သူတို့၏ခြေထောက်များမှာ မြေပြင်နှင့်ပင် ထိဟန်မတူပေ။ သူတို့၏မျက်နှာတွင် ရုန့်ရမ်းသော ဟန်ပန်အမူအရာများအား တွေ့ရသည်။ သူတို့အမြင်တွင် တကယ်တမ်း ယှဉ်ပြိုင်တိုက်ခိုက်ရမည့်သူများမှာ သူတို့နှစ်ဦးသာဖြစ်သည်။ မန်ဟိုအား သူတို့က သိပ်အလေးမထားကြပေ။
တွန့်ဆုတ်ခြင်းမရှိဘဲ မန်ဟိုက သူ၏အိတ်ကို ထပ်မံ၍ ရိုက်နှက်လိုက်သည်။ ဓားပျံနှစ်လက်သည် မန်ဟိုကို တစ်ပတ်ပတ်ကာ သူ့ခြေထောက်အောက်၌ လာရပ်၏။ ထို့နောက် ဓားများက ရှေ့ကို ပျံသန်းသွားလျှင် ခဏတာမျှ သူ့အား ဟန်ချက်ထိန်းကာ ပျံသန်းသွားစေနိုင်၏။ သို့သော်လည်း မီတာ၃၀ခန့်အကြာတွင် သူသည် ဟန်ချက်ပျက်ကာ ဓားပျံများပေါ်မှ ပြုတ်ကျ၏။
သို့သော်လည်း ထိုမျှသော တိုတောင်းသောအချိန်သည် သူ့အား မီးတောက်များကို ရှောင်တိမ်းရန် လုံလောက်စေ၏။ သူ့နောက်တွင် ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
ထိုနည်းလမ်းကား မန်ဟိုက သူကိုယ်တိုင် တီထွင်ကြံဆခဲ့ခြင်းဖြစ်သည်။ ထိုနည်းလမ်းက အချိန်ကြာကြာ အသုံးမပြုနိုင်သေးသော်လည်း မန်ဟိုအား စဦးချီဖွဲ့စည်းခြင်းအဆင့်(၅)ဂိုဏ်းသားနှစ်ဦးကို အသာရရန် ကူညီပေး၏။
“တကယ်လို့ ငါသာ စဦးချီအဆင့်(၅)ကို ရောက်ခဲ့ရင် လေပေါ်လမ်းလျှောက် ပညာရပ်ကို သုံးနိုင်လိမ့်မယ်။ ဒါဆို ငါဟာ ဓားပျံကိုသုံးပြီး အချိန်ကြာကြာ ပျံသန်းနိုင်မှာပဲ”
ထိုသို့တွေးလျှင် မန်ဟို၏စဦးချီအဆင့်(၅)ကို ရောက်ရန် ဆန္ဒမှာ ပိုမိုပြင်းပြလာခဲ့၏။ နောက်ကို ပြန်ကြည့်ခြင်းမပြုဘဲ သူက ရှေ့ကို အရှိန်မြှင့်လိုက်သည်။ အမှန်တကယ်အားဖြင့် သူသည် လမ်းကြောင်းကို ဖြစ်ကတတ်ဆန်း ရွေးခဲ့ခြင်းမဟုတ်ပေ။ သွေ့ခြောက်ဆေးလုံး သူ၏လက်ထဲကို ရောက်သည်နှင့် မန်ဟိုသည် ခေါင်းထဲတွင် အတွေးများ မြန်ဆန်စွာ ပြေးလွှားနေခဲ့၏။
သူ၏ဦးတည်ချက်သည် တောင်နက်ကြီး ဖြစ်သည်။ အချိန်အကြာကြီး စဉ်းစားပြီးနောက် သူ၏အကောင်းဆုံးအားသာချက်မှာ ကြေးမုံဖြစ်သည်ဟု သူကောက်ချက်ချသည်။ ကြေးမုံ၏အကူအညီဖြင့် သူသည် တောင်နက်ကြီးတွင် အသက်ရှင်နိုင်ရန် အခွင့်အလမ်းမှာ တခြားလူထက် ပိုများသည်ဟု မန်ဟိုက ယူဆ၏။
“တကယ်လို့ ဒီလူတွေ ငါ့နောက်ကို ဆက်လိုက်လာရင် သားရိုင်းတွေ သူတို့ကို သတ်အောင် ငါကြံရမယ်”
မန်ဟိုကား မှီခိုရာဂိုဏ်းကို ရောက်သည်မှာ တစ်နှစ်ကျော်လာခဲ့ပြီဖြစ်ရာ ယခင်လို အားနည်းသော စာပေသမားမဟုတ်တော့ပေ။ သူ၏ပြင်ပပုံပန်းသွင်ပြင်သည် သိပ်မပြောင်းလဲသော်လည်း သူ့စိတ်နှလုံးကား ပိုမိုပြတ်သားခိုင်မာလာခဲ့၏။ အထူးသဖြင့် ဝမ်တန်ဖေးနှင့်ပြဿနာတွင် သူသည် မိမိကိုယ်ကိုသာ အားကိုးနိုင်သည်ဟု သိနားလည်ခဲ့သည်။
နောက်မှ လူများသည် မန်ဟိုနောက်ကို အဆက်မပြတ် လိုက်လာကြ၏။ များမကြာမီတွင် စဦးချီအဆင့်(၅) တပည့်နှစ်ယောက်သည် မန်ဟိုနှင့် ပိုမိုနီးကပ်လာခဲ့ပြီး သူတို့၏မျက်လုံးများသည် သတ်ဖြတ်ခြင်းအငွေ့အသက်များနှင့် ပြည့်နှက်နေ၏။ မန်ဟိုက သူတို့၏တိုက်ခိုက်မှုအား ရှောင်တိမ်းခဲ့သည်။ ဝမ်တန်ဖေးနှင့် ဟန်ကျုံးတို့မှလွဲလျှင် အပြင်စည်းဂိုဏ်းတွင် သူတို့သည် အရှင်သခင်များဖြစ်ကြ၏။ ထို့ကြောင့် သူတို့မှာ ကြီးစွာ အရှက်ရမှုကို ခံစားကြရပေသည်။
သူတို့က နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သော်လည်း မန်ဟိုကား ရှောင်တိမ်းနိုင်ဆဲဖြစ်သည်။ ၄င်းကပင် မန်ဟိုကို သတ်ဖြတ်ရန် သူတို့၏ဆန္ဒက ပိုမိုပြင်းထန်လာခဲ့၏။ ဓားစီးနင်းခြင်းပညာကိုကား သူတို့က သိပ်အလေးမထားကြပေ။ ထိုနည်းလမ်းကို မည်သည့်စဦးချီအဆင့်(၄)မဆို အသုံးပြုတတ်ပေသည်။ ထိုသို့လုပ်ခြင်းက ချီစွမ်းအားကို များစွာ ကုန်ခမ်းစေရာ မန်ဟိုက ထိုနည်းလမ်းကို အသုံးပြုတိုင်း သူတို့က လှောင်ပြောင်သရော်ကြ၏။
“မင်း ဘယ်လောက်အထိ ပြေးနိုင်မလဲ ကြည့်ကြတာပေါ့” သူတို့နှစ်ယောက်က နောက်မှ ပြေးလွှားကာ အော်ဟစ်ကြသည်။ တစ်ယောက်က လက်ဝှေ့ယမ်းကာ မီးတောက်နှစ်ခုအား မန်ဟိုထံသို့ ပစ်လွှတ်လိုက်၏။ နောက်တစ်ယောက်လည်း မန်ဟိုနောက်ကို ဆက်လက်လိုက်သည်။ သူတို့သည် မန်ဟိုကို အဆက်မပြတ် တိုက်ခိုက်ကာ သူ့အား မြန်ဆန်စွာ သေမင်းတံခါးဝသို့ ပို့ဆောင်ရန် ကြိုးစားကြ၏။
“မင်း အခုထိ သေမှာကို လက်မခံနိုင်သေးဘူးလား” တစ်ယောက်က သတ်ဖြတ်ခြင်းအငွေ့အသက်ပြင်းထန်စွာဖြင့် လှမ်း၍ အော်ဟစ်သည်။
မန်ဟို၏အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သူက သွေ့ခြောက်ဝိညာဉ်ဆေးလုံးကို ယူရဲမှတော့ သူ့တွင် နည်းလမ်းရှိ၍သာဖြစ်သည်။ သူက သိုလှောင်အိတ်ကို ပုတ်ကာ ဓားပျံခြောက်လက်ကို ထုတ်လိုက်သည်။ ဓားအရောင်အဝါများသည် အချင်းချင်း ရောစပ်ကာ မန်ဟိုထံမှ ပြေးထွက်သွားကြ၏။
ဘုန်း… ဘုန်း… ဘုန်း…
မန်ဟို၏နာကျင်စွာ အော်ဟစ်သံသည် လေထဲ ပျံ့လွင့်သွား၏။ နောက်မှ လိုက်ပါလာသော ကျင့်ကြံသူနှစ်ဦးသည် ထိုအော်သံကို ကြားကာ ဘာဖြစ်သွားသည်ကို ဝေခွဲမရဖြစ်နေကြ၏။
အော်သံနှင့်အတူ မန်ဟိုသည် သွေးတစ်ပွက်အား အန်ထုတ်လိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်က အဝေးသို့ ပြေးထွက်သွားခဲ့သည်။ သူ့နောက်မှ တိုက်ခိုက်မှုများ၏အကျိုးဆက်များအဖြစ် မီးတောက်များသည် ပြိုပျက်သွား၏။ စဦးချီအဆင့်(၅)နှစ်ဦး၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများဖြစ်လာကြ၏။
“သေစမ်း … ဒီအကောင်က ရက်စက်ကြမ်းကြုတ်လှချည်လား။ သူက ဓားပျံခြောက်လက်ကို တစ်ကြိမ်တည်းနဲ့ ဖောက်ခွဲပစ်တယ်”
“သူက ဆိုင်ဖွင့်နိုင်တာ မထူးဆန်းဘူး။ သူ့မှာ ဓားပျံဘယ်နှစ်လက်တောင် ရှိတာလဲ”
သူတို့နှစ်ယောက်လုံးက သက်ပြင်းတစ်ချက် ရှိုက်လိုက်မိကြ၏။ သို့သော်လည်း သူတို့သည် လေပေါ်လမ်းလျှောက် နည်းစနစ်ကို အပြည့်အဝအသုံးချ၍ မန်ဟို၏နောက်ကို ထပ်ချပ်မခွာ လိုက်ကြသည်။ သူတို့၏ခန့်မှန်းချက်အရ မန်ဟိုထံတွင် ဓားပျံများစွာ ကျန်ရှိနေသေးသည်။ သူသည်အနိမ့်အဆင့်အများပိုင်ကွင်းတွင် ဆိုင်ဖွင့်လှစ်ထားလျှင်ပင် ဤမျှလောက် များပြားသော မှော်ပစ္စည်းများကို မပိုင်ဆိုင်နိုင်ပေ။
“ဒီတစ်ခါတော့ မင်းသေမှာသေချာတယ်” လိုက်လာသူနှစ်ဦးသည် တောရိုင်းတောင်ကုန်းသို့ရောက်လျှင် အရှိန်ကို မြှင့်လိုက်ကြ၏။ သူတို့ထဲမှ တစ်ဦးသည် ဝမ်တန်ဖေး၏မိတ်ဆွေ ရှန့်ကွမ်းစုန့်ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်သည် စဦးချီဖွဲ့စည်းခြင်းအဆင့်(၄)အမြင့်ဆုံးဖြစ်သည်။ သူ၏မျက်နှာသည် မဲမှောင်နေ၏။ သူသည် မန်ဟို၏အမြန်နှုန်းအပေါ် စိတ်ထဲ ကြိတ်၍ ကြောက်လန့်နေမိသော်လည်း နောက်မှ လိုက်ပါလာနေဆဲဖြစ်သည်။
အချိန်သည်တဖြည်းဖြည်းကုန်သွားပြီး မကြာမီ နောက်တစ်နာရီ ကုန်သွားသည်။ မန်ဟိုသည် ဆက်လက်၍ သူ၏နောက်မှ လိုက်လာသူများနှင့် အကွာအဝေးကို ထိန်းထားနိုင်ခဲ့သည်။ အကြိမ်အနည်းငယ်မျှတွင် သူသည် အန္တရာယ်နှင့်ကြုံတွေ့ခဲ့ရသော်လည်း အကြိမ်တိုင်းတွင် သူသည် ဓားပျံအချို့ကို ထုတ်ကာ ပေါက်ကွဲစေလျှက် ထွက်ပြေးလွတ်မြောက်ခဲ့၏။
၎င်းအဖြစ်က နောက်မှ လိုက်လာသူနှစ်ဦးအား စိတ်ပျက်လက်ပျက်ဖြစ်စေသည်။ သူတို့အမြင်တွင် မန်ဟိုသည် ဓားပျံများကို ဖောက်ခွဲခြင်းနှင့် ပျံသန်းခြင်းတို့အတွက် ကြီးမားသော ချီအားများကို အသုံးပြုခဲ့ပြီးဖြစ်သည်။
“သေစမ်း … သူ့မှာ နောက်ထပ် ဓားပျံတွေ ထပ်ထုတ်နိုင်ဦးမယ်လို့ ငါမထင်ဘူး”
“မှန်တယ် … သူ့ကျင့်ကြံဆင့်က စဦးချီဖွဲ့စည်းခြင်းအဆင့်(၄)ပဲ ရှိသေးတာ။ ဓားပျံတွေကို စီးနင်းဖို့ ချီဓာတ်တွေ ဒီလောက်သုံးထားမှတော့ သူက သေကိုသေမှာပဲ”
လိုက်ပါလာသူနှစ်ဦးသည် မိမိကိုယ်ကို နှိပ်သိမ့်ကာ ရှေ့မှ ပြေးနေသော မန်ဟိုနောက်ကို လိုက်နေကြသော်လည်း ရုတ်တရက် မန်ဟို၏အမြုအမူတစ်ခုကြောင့် ထိတ်လန့်သွားကြသည်။
မန်ဟိုကား ပြေးနေရင်းဖြင့် နောက်ထပ် သိုလှောင်အိတ်တစ်ခုကို ထုတ်ကာ ဆေးလုံးလက်တစ်ဆုပ်စာအား စားသုံးလိုက်၏။ ထိုသို့လုပ်ခြင်းကိုလည်း သူက သူ့တွင် မရေမတွက်နိုင်သော ဆေးများရှိသည့်အလား ပေါ့ပေါ့ပါးပါးပုံစံဖြင့် စားသုံးခဲ့ခြင်းဖြစ်သည်။
တကယ်တမ်းလည်း ထိုအချက်က မှန်ပေသည်။ နောက်ထပ် ၄နာရီခန့်တွင် နောက်မှ လိုက်လာသူနှစ်ဦးသည် မန်ဟိုထံတွင် မရေမတွက်နိုင်အောင် များပြားသော ဓားပျံများနှင့် ဆေးများရှိကြောင်း တွေ့ရှိလာရသည်။ သူတို့ကား အလွန်အမင်း အံ့အားသင့်ကြရ၏။
“ဆေးဆိုင်ဖွင့်တာက အရမ်းစီးပွားဖြစ်တာပဲ” သူတို့က တွေးမိကြသည်။ စဦးချီဖွဲ့စည်းခြင်းအဆင့်(၅)တွင်ဖြစ်သည့်အလျောက် သူတို့တွင် ဆေးလုံးများ မရှိသည်မဟုတ်ပေ။ သို့သော်လည်း လက်ရှိအခြေအနေအထိ ရောက်လာမှတော့ သူတို့က လက်လျှော့အရှုံးပေးလိုခြင်းမရှိတော့ပေ။ ထို့ကြောင့် စိတ်မရှည်စွာဖြင့် သူတို့သည် ဆေးပြားအချို့ကို ထုတ်ကာ စားသုံးလိုက်ကြပြီး မန်ဟိုကို သတ်ဖြတ်လိုစိတ်များလည်း ပိုမိုအားကောင်းလာကြတော့သည်။
ခြောက်နာရီခန့်ကြာသောအခါ မန်ဟို၏ရှေ့၌ တောင်နက်ကြီးပေါ်ထွက်လာသည်။ မန်ဟိုက တောင်နက်ကြီးကို မြင်လျှင် မျက်လုံးများ အရောင်တောက်သွားသည်။ သူသည် လမ်းတစ်လျှောက်တွင် များစွာသော အရင်းအမြစ်များကို သုံးစွဲခဲ့ရပြီး ထိုအဖြစ်က သူ၏နှလုံးကို ကြီးစွာ နာကျင်စေသည်။ သူ့အတွက် ဓားပျံများနှင့် ဆေးလုံးများအားလုံးသည် ဝိညာဉ်ကျောက်တုံးများဖြစ်ကြသည်။ သို့သော်လည်း သူသည် ၄င်းကိစ္စများကို လတ်တလောတွင် စိတ်ပူနေရန် အချိန်မရှိပေ။ မဆိုင်းမတွပင် သူက တောင်နက်ကြီးနယ်နိမိတ်ထဲကို တိုးဝင်သွား၏။
နောက်မှ ကျင့်ကြံသူနှစ်ဦးသည်လည်း မန်ဟိုနောက်ကို ဆက်လိုက်ကြသည်။
အချိန်အနည်းငယ် ကြာပြီးနောက် နောက်ထပ် မန်ဟိုနောက်ကို လိုက်လာသူများ ထိုနေရာတွင် ပေါ်လာသည်။ သူတို့က တောင်နက်ကြီးကို မြင်လျှင် အံ့အားသင့်ဟန်များပေါ်လာပြီးမှ ဆက်လက်လိုက်ပါသွားကြ၏။
***