အဆုံးမဲ့တောင်တန်းသို့ ပြန်ရောက်သည်အထိအရှက်ရစရာ
Vol. 12 Ch. 163
အခန်း (၁၆၃) အဆုံးမဲ့တောင်တန်းသို့ ပြန်ရောက်သည်အထိအရှက်ရစရာ
ရန်ကျောက်ကဲ လျိုရှန်းဖုန်းရှေ့သို့ ရောက်လာသည်။
လျိုရှန်းဖုန်း မြေပြင်ထက်တွင် လဲကျနေပြီး ထူးဆန်းပြီး ခန့်မှန်းရခက်သော အနက်ရောင်အလင်းတန်းများက သူ့မျက်ဝန်းများထဲတွင် တောက်ပနေသည်။
ရန်ကျောက်ကဲထံမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသော အငွေ့အသက်များကို ခံစားလိုက်ရသည်နှင့် သူ ခေါင်းမော့ကြည့်လိုက်၏။
ထို့နောက် ချက်ချင်းပင် ရန်ကျောက်ကဲကို မျက်နှာချိုသွေးကာ ဖားယားမြှောက်ပင့်တော့သည်။
“မင်း ပြောတာမှန်ပါတယ် ၊ ငါ့မျက်လုံးက တကယ့်နဂါးအစစ်ကို မမြင်မိဘူး ၊ အနာဂတ်မျာ မင်းက ငါ့ထက်သာသွားမယ်လို့ ထင်ခဲ့မိလို့ အခုချိန် စိန်ခေါ်လိုက်မိတာပါ”
“ငါက မျက်လုံးရှိလျက်နဲ့ ထိုက်စန်းတောင်ကို မမြင်တဲ့သူပါ ၊ ငါက မင်းရဲ့ပြိုင်ဘက် မဟုတ်ပါဘူး ၊ နောက်ဆို မင်းနဲ့ ဝေးဝေးနေပါတော့မယ်”
လျိုရှန်းဖုန်းက အလေးအနက်ဖြင့် တောင်းပန်စကားဆိုသည်။
“မင်းက ကြီးမြတ်တဲ့သူတစ်ဘောက်ပါ ၊ ငါ့ကြောင့်နဲ့ မင်းလက်ကို သွေးစွန်းမခံပါနဲ့”
ကြီးမားသည့်ပန်ဒါကြီးက သူ့ရှေ့မှ အခြေအနေကို နားမလည်နိုင်ဟန်ဖြင့် မျက်တောင်များပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။
ကျန်းယောင်နှင့် လူရွယ်သိုင်းသမားကတော့ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
ဤသည်က ရှန်ထျန်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ပြောသည့်စကားတဲ့လား။
တောင်တန်းနယ်မြေမှ ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုဖြစ်သော အဆုံးမဲ့တောင်တန်း၏ ပင်မတိုက်ရိုက်တပည့်တစ်ယောက်ပြောသည့် စကားတဲ့လား။
စောစောကပင် လူအများကို အပြင်းအထန်ခြိမ်းခြောက်လျှက် ရက်စက်မာန်တက်နေသော လျိုရှန်းဖုန်းက ယခုတော့ ဒီလိုစကားများကို ပြောနေသတဲ့လား။
လျိုရှန်းဖုန်းကတော့ ထိုအကြောင်းများကို လုံးဝအရေးမစိုက်ဘဲ သနားစဖွယ်ပုံစံဖြင့် ဆက်လက်တောင်းပန်နေသည်။
“ဒီ မြင့်မားတောင်တန်းမှော်ဝင်သံချပ်ကာကို မင်းကို လျော်ကြေးအနေနဲ့ ပေးပါ့မယ်”
ခဏနားပြီးမှ သူက ဆက်ပြောသည်။
“မင်း ငါ့ကိုသတ်လိုက်မယ်ဆိုရင်လည်း ဒီသံချပ်ကာကို ရနိုင်တာပါပဲ ၊ ဒါပေမဲ့ ငါ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ပစ္စည်းတွေ အများကြီးရှိသေးတယ် ၊ အဖိုးတန်လှတယ်မဆိုနိုင်ပေမယ့် ရှားပါးပစ္စည်းတွေပါ ၊ အဲဒါတွေအားလုံးကိုလည်း မင်းကိုပေးပါ့မယ်”
ရန်ကျောက်ကဲက လျိုကျန်းဖုန်းကို ကြည့်နေပြီး မည်သည့်စကားမှ မဆိုပေ။
လျိုကျန်းဖုန်းက အလွန်ဖော်ရွေသည့် မျက်နှာထားဖြင့် ပြုံးပြရင်း...
“မင်း ငါ့ကိုအသက်ချမ်းသာပေးမယ်ဆိုရင် ငါ ပြဿနာထပ်မရှာဘူးလို့ ကတိပေးပါတယ် ၊ မင်းပြောသလိုပဲ ငါက အားနည်းတဲ့သူကို အနိုင်ကျင့်တတ်ပြီး ကိုယ်ခံရမှာကိုတော့ ကြောက်တဲ့သူပါ ၊ အခု မင်းက ငါ့ထက်စွမ်းအားကြီးတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိထားတော့ ငါကဘာလို့ ကျေက်တုံးကို ကြက်ဥနဲ့ တိုက်မှာတဲ့လဲ”
“ငါ မင်းနဲ့ဝေးဝေးနေဖို့ ဆုံးဖြတ်လိုက်ပါပြီ ၊ နောက်ဆို မင်းတစ်နေရာရာမှာ ရှိနေတယ်ဆိုတာ သတင်းကြားတာနဲ့ အဲဒီနေရာကို ငါ ရှောင်သွားမှာပါ”
“မင်းက ပြိုင်ဘက်ကင်း ‘ရန်’ လို့နာမည်ကြီးတဲ့ ရန်တိရဲ့ မျိုးဆက်ဖြစ်လို့ အနာဂတ်မှာ မင်းအဖေလို ဖြစ်လာမှာ သေချာပါတယ် ၊ မင်းတို့ဂိုဏ်းရဲ့ဘိုးဘေးဖြစ်တဲ့ ဟန်ထျန်းပုဂ္ဂိုလ်မြတ်လိုပဲ မင်းရဲ့နာမည်က သမိုင်းမျာ ထောင်စုနှစ်ပေါင်းများစွာ ကျန်ရစ်ခဲ့မှာပါ”
“ငါက ဘာမှမဟုတ်တဲ့ကောင်ပါ ၊ ငါ့လိုလူကို စိတ်ထဲမထားပါနဲ့ ၊ ငါ့ကို ငကြောင်တစ်ကောင်လို့သာသဘောထားပြီး လွှတ်ပေးလိုက်ပါကွာ”
စကားနှေးနေလျှင် ရန်ကျောက်ကဲက သူ့ကို ချက်ချင်းသတ်ဖြတ်ပစ်မည်ကို စိုးရိမ်သည့်အလာ လျိုရှန်းဖုန်းက ထိုစကားများကို အလွန်လျှင်မြန်စွာ ပြောဆိုခဲ့သည်။
ကျန်းယောင်က ကြည့်မနေနိုင်တော့ဘဲ စကားဝင်ပြောလိုက်၏။
“ဒီလိုစကားမျိုးတွေပြောရအောင် ရှင်က ရှင့်ကိုယ်ရှင် ကိုယ်စားပြုတာ မဟုတ်ဘူးလေ ၊ ရှင်က အဆုံးမဲ့တောင်တန်းက တပည့်တစ်ယောက် မဟုတ်ဘူးလား”
လျိုရှန်းဖုန်းက ရယ်မောလိုက်ရင်း...
“ငါ့ကြောင့် ငါ့ဂိုဏ်းလည်း အရှက်ကွဲပါပြီ ၊ ဒီနေ့ ငါ အသက်ရှင်နေဦးမယ်ဆိုရင် တောင်ပေါ်ပြန်ရောက်တာနဲ့ ပေးသမျှအပြစ်ဒဏ်ကို ခံယူမှာပါ”
“ဒါပေမဲ့ အခုက ငါ့ရဲ့ကိုယ်ရေးကိုယ်တာဖြစ်လို့ ငါ့ဂိုဏ်းကို ဆွဲသွင်းစရာ မလိုပါဘူး ၊ ဘာပဲဖြစ်ဖြစ်... ညီလေး’ရန်’... အဲလေ... မဟုတ်ဘူး ၊ အစ်ကို’ရန်’... ဘာပဲဖြစ်ဖြစ်... အစ်ကို’ရန်’ အနေနဲ့ ဒီကိစ္စကို အထင်မမှားဖို့ လိုတယ် ၊ မဟုတ်ရင် ငါက ငါ့ဂိုဏ်းနောက်ခံနဲ့ သူ့ကိုခြိမ်းခြောက်တယ်လို့ထင်သွားရင် ငါ့ရဲ့နိမ့်ကျတဲ့ဘဝတော့ ပိုပြီးအန္တရယ်များသွားလိမ့်မယ်”
ကျန်းယောင်မှာ သူ့ကိုစိုက်ကြည့်ရင်း မည်သည့်စကားမှမဆိုနိုင်တော့ပေ။
လျိုရှန်းဖုန်းက သူမကို မကြည့်တော့ဘဲ ရန်ကျောက်ကဲဘက်လှည့်လိုက်ပြီး လက်နှစ်ဖက်ကိုမြှောက်ကာ ကိုယ့်ပါးကိုယ် ဘယ်ပြန်ညာပြန် ရိုက်လိုက်သည်။
“ငါက အရိုက်ခံရဖို့ ထိုက်တန်ပါတယ် ၊ ငါက အပြစ်ပေးခံရဖို့လည်း ထိုက်တန်တယ်ဆိုတာ ကောင်းကောင်းသိပါတယ် ၊ ဒါကြောင့် အသက်ကိုချမ်းသာပေးဖို့ပဲ တောင်းဆိုပါတယ်...”
ရန်ကျောက်ကဲက လျိုရှန်းဖုန်းကို အေးဆေးတည်ငြိမ်စွာ ကြည့်လိုက်ရင်း...
“မင်းပဲ စောစောကပြောတော့ ငါ့ကိုတွေ့မြင်နေရတာ စိတ်မသက်မသာ ဖြစ်တယ်ဆို ၊ ငါ့ကိုသတ်ရမှာ စိတ်ချမ်းသာမယ်ဆို”
လျိုရှန်းဖုန်း ချက်ချင်းပင် သူ့ပါးနှစ်ဖက်ကို အပြင်းအထန် ရိုက်လိုက်ပြန်သည်။
“အစ်ကိုကြီး’ရန်’ ၊ ဒါတွေအားလုံက ငါ စိတ်ဖောက်ပြန်ပြီ ပြောမိတာပါ ၊ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ ၊ ငါက ငါ့ထက်စွမ်းအားကြီးတဲ့သူတွေဆိုရင် အားလုံးကို လေးစားပါတယ် ၊ သူတို့ပြောတဲ့စကားတိုင်းကို ခေါင်းငုံ့ပြီး နာခံတတ်တယ်”
“ငါ့အသက်ကိုမသတ်ပါနဲ့ ၊ ငါ့အသက်ကို မသတ်ပါနဲ့ ၊ မင်းခိုင်းတာအကုန် လုပ်ပေးပါ့မယ်”
ရန်ကျောက်ကဲက သူ့ကို စကားပြန်မပြောဘဲ မြင့်မားတောင်တန်းမှော်ဝင်သံချပ်ကာထဲတွင် စိုက်ဝင်နေသည့် ကျောက်စိမ်းနဂါးဓားကို ဆွဲမွှေ့လိုက်သည်။
ထိုအခါ ခရမ်းရွှေရောင်မိုးကြိုးဓားနှင့် ပျံသန်းမိုးကြိုးတစ်ဖက်သွားဓားများကလည်း ကျောက်စိမ်းနဂါးဓားနှင့်အတူ တုန်ခါသွားသည်။
လျိုရှန်းဖုန်းမှာ လှုပ်ရှားရန်ပင် အင်အားမရှိတော့လေရာ သူ၏ မြင့်မားတောင်တန်းမှော်ဝင်သံချပ်ကာကို ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ပေ။ သံချပ်ကာက သူ့ခန္ဓာကိုယ်မှ ကျွတ်ထွက်ပြီး ရန်ကျောက်ကဲလက်ထဲသို့ ပါသွားသည်။
“ဒီ မြင့်မားတောင်တန်းမှော်ဝင်သံချပ်ကာကို အစ်ကိုကြီး’ရန်’ကို လေးစားကြောင်းပြသတဲ့အနေနဲ့ လက်ဆောင်ပေးပါတယ်”
လျိုရှန်းဖုန်းက ဆိုသည်။
သူက သံချပ်ကာအား ဆုံးရှုံးရမည်ကို လုံးဝစိုးရိမ်ဟန် မရှိပေ။
ကျန်းယောင်မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး မည်သည့်စကားမှ မဆိုနိုင်တော့ပေ။
ထိုသံချပ်ကာက မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်သည်။
စစ်ခုန်ချင်း ၊ ချောင်ယွမ်လုန် ၊ ရှောင်ယွိ ၊ လီကျင်းဝမ်နှင့် သူမကိုယ်တိုင်က ထိပ်သီးသိုင်းဂိုဏ်းကြီးများ၏ ပင်မတိုက်ရိုက်တပည့်များဖြစ်ကြသည့်တိုင် မှော်ဝင်ပစ္စည်းများကို ပိုင်ဆိုင်ခွင့် မရှိကြသေးပေ။
အဆင့်မြင့်ဝိညာဉ်လက်နက် ၊ သို့မဟုတ် အလယ်ဆင့်ဝိညာဉ်လက်နက်များကိုသာ ကိုင်ဆောင်ခွင့်ရှိကြသည်။
ယေဘူယျဆိုရသော် ထိပ်သီးသိုင်းဂိုဏ်းကြီးများက ရှန်ထျန်းအဆင့် တပည့်များကိုသာ မှော်ဝင်ပစ္စည်းတစ်ခု ပေးအပ်တတ်ကြသည်။
ရှန်ထျန်းအဆင့်မတက်မီ မှော်ဝင်ပစ္စည်းများ ပိုင်ဆိုင်ထားကြသူများသည် ပြင်ပလောကသို့ ခရီးထွက်ရင်း ရရှိလာကြသူများ ၊ ထူးထူးခြားခြားကံကောင်းသူများနှင့် ရန်ကျောက်ကဲ ၊ ရှောင်ရှန်းနှင့် လင်ကျိုးတို့ကဲ့သို့ ထူးခြားသည့် မိသားစုနောက်ခံရှိသူများသာ ဖြစ်သည်။
မည်သည့်နည်းဖြင့် မှော်ဝင်ပစ္စည်းတစ်ခု ရရှိသည်ဖြစ်ပါစေ ရှားပါးကိစ္စရပ်ပင် ဖြစ်၏။
ရှန်ထျန်းအဆင့် ကျင့်ကြံသူများအတွက်ပင် မှော်ဝင်ပစ္စည်းများက သူတို့ဘဝအတွက် အလွန်အဖိုးတန်သည့် ရတနာပစ္စည်းများ ဖြစ်ကြသည်။
လျိုရှန်းဖုန်း၏အသက်က ရန်ကျောက်ကဲလက်ထဲတွင် ရှိနေသည့်တိုင် ထိုသို့သောတုံ့ပြန်မှုအတွက် ကျန်းယောင် အံ့သြမှင်တက်မိသည်။
ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသည့် လူရွယ်သိုင်းသမားကတော့ မနာလိုစိတ်နှင့်အတူ ရင်ထဲခါးသက်နေမိသည်။ သူတို့ဂိုဏ်းငယ်လေးဆိုလျှင် ဂိုဏ်းတစ်ခုလုံးတွင် မှော်ဝင်ပစ္စည်းတစ်ခုသာ ရှိသည်။ ထိုပစ္စည်းက ဂိုဏ်း၏ အဖိုးတန်ဆုံးရတနာပစ္စည်းဖြစ်ကာ အလွန်တရာ အလေးအမြတ်ထားကြသည်။
လျိုရှန်းဖုန်း၏ မြင့်မားတောင်တန်းမှော်ဝင်သံချပ်ကာအင်္ကျီကို ချွတ်ယူပြီးနောက် ရန်ကျောက်ကဲ ရုတ်တရက် ရယ်မောလိုက်သည်။
“မင်းဆီမှာ နောက်ထပ်ဝှက်ဖဲတွေ ရှိသေးတာပဲ ၊ ဟုတ်တယ်မလား ၊ ဒါပေမဲ့ မင်းရဲ့ဝှက်ဖဲတွေက ဘာတွေလဲဆိုတာ စောင့်ကြည့်ဖို့ စိတ်မဝင်စားဘူး”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲလက်ထဲမှ ကျောက်စိမ်းနဂါးဓားက လက်ကနဲ တောက်ပသွားသည်။
လျိုရှန်းဖုန်းမျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွား၏။
ထိုအချိန်...
လေထုထဲတွင် သက်ပြင်းရှည်ချသံတစ်ချက် ထွက်ပေါ်လာသည်။ ရန်ကျောက်ကဲ ထိုအသံကို အတော်လေး ရင်းနှီးကျွမ်းဝင်သည်။ အဆုံးမဲ့တောင်တန်းမှ အကြီးအကဲ ရှန်းရှီဝမ်၏ အသံပင် ဖြစ်၏။
“ငါတို့ဂိုဏ်းတော့ ကံဆိုးတာပဲ ၊ ငါတို့ဂိုဏ်းတော့ ကံဆိုးတာပဲ... အိုက်ယာ...”
ကျွန်းငယ်လေးထက်မှ လေထုနှင့်တိမ်တိုက်များ ပြောင်းလဲသွားပြီး တောင်မြင့်ကြီးတစ်လုံးနှင့်ဆင်တူသည့် ကြီးမားလှသောလက်ကြီးတစ်ဖက် ထွက်ပေါ်လာသည်။ ထိုလက်ကြီးက လျိုရှန်းဖုန်းကို ဖမ်းယူဆုပ်ကိုင်လိုက်သည်။
ရှန်းရှီဝမ် ကိုယ်တိုင်ရောက်လာခြင်းမဟုတ်ဘဲ လှိုင်းနက်ဂေဟာမှ အကြီးအကဲများ အကူအညီဖြင့် အစီအရင်ကို အသုံးပြုကာ ထူးခြားသည့် သက်ရောက်မှုတစ်ခုကို ဖန်ဆင်းလိုက်ခြင်းသာ ဖြစ်သည်။
ယခု ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ရှန်းရှီဝမ်သာမက အခြားသောဂိုဏ်းများမှ အကြီးအကဲများလည်း တွေ့မြင်ခဲ့ကြသည်ပင်။
ရှန်းရှီဝမ်က လောကရေးရာများတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသူဖြစ်သည့်တိုင် ယခုတော့ မျက်နှာပူ အရှက်ရလျှက် ရှိသည်။
ကြည်လင်လျှို့ဝှက်ရေကန်မှ အဆုံးမဲ့တောင်တန်းသို့ ပြန်သည့်အချိန်ထိ တစ်လျှောက်လုံး အရှက်ရနေကြရတော့မည်ပင်။
“ဒီတပည့်ကို နောက်ဆို စည်းကမ်းတင်းကျပ်ထားပါ့မယ် ၊ နောက်တစ်ခါ ပြဿနာမရှာစေရဘူးလို့ ဒီအဘိုးကြီး အာမခံပါတယ်”
ရှန်းရှီဝမ်က ရန်ကျောက်ကဲကို ပြောသည်။
“မိတ်ဆွေလေး’ရန်’ ၊ ငါတို့ဂိုဏ်းကတပည့်လုပ်ခဲ့တာတွေကို ခွင့်လွှတ်စေချင်တယ် ၊ နောက်ကျရင် အဆုံးမဲ့တောင်တန်းကို လာရောက်လည်ပတ်ဖို့လည်း ဖိတ်ခေါ်ကြိုဆိုပါတယ်”
ထိုစကားက ဖြစ်ခဲ့သမျှအတွက် အဆုံးမဲ့တောင်တန်းက ရန်ကျောက်ကဲကို လျော်ကြေးပေးမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
“အကြီးအကဲက စေတနာထားတာပဲ”
ရန်ကျောက်ကဲက ဆိုသည်။
တကယ်တော့ သူက လျော်ကြေးကို စိတ်မဝင်စားပေ။ လျိုရှန်းဖုန်းကိုသာ သတ်ပစ်ချင်နေသည်။
လျိုရှန်းဖုန်းက အားနည်းသူကိုအနိုင်ကျင့်ပြီး ကိုယ်ပြန်ခံရမည်ကိုတော့ ကြောက်ရွံ့ကာ သောက်ရှက်လည်း လုံးလုံးမရှိသူပင်။ သို့သော် မည်သည့်အချိန်တွင် ရှေ့ဆက်ရမည် ၊ မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ဆိုသည်ကိုတော့ ကောင်းကောင်းသိသည်ဟု ဆိုရမည်။ လူမိုက်ခေါင်းဆောင်အဖြစ် သရုပ်ဆောင်နေရင်း ဘာမှမသိသည့် ကလေးငယ်လေးလို မည်သို့သရုပ်ဆောင်ရမည်ကိုလည်း နားလည်သည်။
စွမ်းအားကြီးနေချိန် လူမဆန်အောင် ရက်စက်ကြမ်းတမ်းပြီး စွမ်းအားမရှိတော့သည့်အခါ ဒူးထောက်တောင်းပန်ရန်လည်း ဝန်မလေးသူပင်။
မကြာမီ အားဟူနှင့် ရှဲ့ယိုချန်တို့ ရောက်လာကြသည်။
အဖြစ်အပျက်များကို သိရှိပြီးနောက် အားဟူက သွားများဖြဲကာ ပြုံးလိုက်ရင်း...
“လှိုင်းနက်ဂေဟာမှာမို့လို့ အဆုံးမဲ့တောင်တန်းက ဒီလိုဝင်စွက်ခွင့်ရသွားတာ စိတ်မကောင်းစရာပဲ ၊ မဟုတ်လို့ကတော့ အဆုံးမဲ့တောင်တန်းကလူတွေ သူ့ကိုလာကယ်ဖို့ လမ်းမှာပဲရှိတဲ့အချိန် ဒီကောင် အသက်ပျောက်လောက်ပြီ”
ထိုစကားကိုကြားတော့ ရှဲ့ယိုချန်နှင့် ကျန်းယောင်တို့ မချိပြုံးပြုံးရင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ကျန်းယောင်က...
“ဒီလိုဖြစ်လာတော့ လျိုရှန်းဖုန်း ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲကို တက်ရဲမှာ မဟုတ်တော့ဘူး”
ရှဲ့ယိုချင်က ရန်ကျောက်ကဲကို ကြည့်ရင်း...
“မောင်လေး’ရန်’ ၊ မင်းက ကောလဟလတွေထက်တောင် ပိုပြီးစွမ်းအားမြင့်မားတာပဲ ၊ ဒီအတိုင်းဆိုရင် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲမှာ အစ်ကို’ရွှီဖေး’နဲ့ အခြားသူတွေထက်တောင် မင်းက ပိုပြီးထူးချွန်နေမှာ မြင်ယောင်မိတယ်”