← Chapters

မြွေမိစ္ဆာအရေခွံထဲ၌ နစ်ဝင်နေသော ဓား

Vol. 2 Ch. 22

မြွေမိစ္ဆာအရေခွံထဲ၌ နစ်ဝင်နေသော ဓား

Vol. 2 Ch. 22

အချိန်များ သိပ်မကြာလိုက်ပေ။ တောင်နက်ကြီးတစ်ခုလုံးသည် ဆူညံနေသည်ဟုထင်ရသည်။ မိစ္ဆာသားရဲများ၏အော်ဟစ်သံများသည် လေထုကို တစ်ကြိမ်ပြီးတစ်ကြိမ် တုန်ခါစေဟန်ရ၏။ ထို့အပြင် တခြားသော နာကျင်စွာ အော်ဟစ်သံများကိုလည်း ကြားရသည်။ ကျင့်ကြံသူ ဆယ်ယောက်သည် တောင်နက်ကြီး၏အတွင်းပိုင်းသို့ ဆက်လက်၍ ဝင်ရောက်ရဲခြင်း မရှိကြတော့ပေ။

“ဘာဖြစ်တာလဲ။ တောင်တစ်ခုလုံးက သားရိုင်းတွေအကုန်လုံး ဒေါသကြီးနေသလိုပဲ”

“ဘာဖြစ်နေတာလဲ။ အစ်ကိုရင်ထျန်းလုံနဲ့ ကျိုးခိုင်တို့က စဦးချီအဆင့်(၅)မှာ ရှိကြတယ်။ သူတို့တောင်မှ တောင်တစ်ခုလုံးကို တုန်လှုပ်အောင် မလုပ်နိုင်ဘူး။ သူတို့က ထူးခြားတဲ့နည်းလမ်းတွေများ သုံးခဲ့ကြတာများလား”

တောင်ခြေမှ လူစုလေးသည် ဒေါသတကြီး ဟိန်းဟောက်သံများကို နားထောင်ကာ ခန့်မှန်းနေကြသည်။

ရင်ထျန်းလုံနှင့် ကျိုးခိုင်တို့သည်ကား မန်ဟို၏လှည့်စားမှုအောက်တွင် ရူးသွပ်တော့မည်ကဲ့သို့ ခံစားနေကြရသည်။ သူတို့က မန်ဟိုနောက်ကို လိုက်မည်ကြံတိုင်း မန်ဟိုက တနည်းနည်းဖြင့် သားရဲများ၏ဒေါသကို ဆွကာ သူတို့နှင့် တိုက်ခိုက်စေပြီး သူကိုယ်တိုင်ကား ကိုယ်လွတ်ရုန်းကာ ထွက်ပြေးသွားလေ့ရှိသည်။ သူတို့၏အမုန်းတရားများကိုသာ မန်ဟိုအပေါ်သို့ ဖိနှိပ်ခွင့်ရပါက မန်ဟိုကား အကြိမ်များစွာ သေဆုံးပြီးဖြစ်ပေလိမ့်မည်။

များစွာသော သားရိုင်းများ ဆူပူနေခြင်းက သူတို့ကို ကြီးစွာ ထိတ်လန့်စေသည်။ ထိုသားရိုင်းများမှာ မန်ဟိုကိုသာ လိုက်လံတိုက်ခိုက်ခြင်းမဟုတ်ပေ။ သူတို့နှစ်ယောက်ကို တွေ့ပါကလည်း ထိုသားရိုင်းများသည် ဒေါသတကြီးဖြင့် လိုက်လံတိုက်ခိုက်ကြ၏။

“သေစမ်း… မင်း သားရိုင်းတွေရဲ့ဝမ်းဗိုက်ထဲမှာ သေဖို့ ငါကျိန်တယ် … မန်ဟို…” ကျိုးခိုင်က အော်ဟစ်သည်။ သူ့ဘေးမှ ရင်ထျန်းလုံကား ပိုမို၍ အားပြတ်စွာဖြင့် သက်ပြင်းချသည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့ကာ နောက်ထပ် ၂နာရီ အချိန်ကာလသည် ချဉ်းနင်းဝင်ရောက်လာခဲ့ပြီဖြစ်သည်။ ညအမှောင်အောက်တွင် ဆေးလုံး၏အလင်းကား တောက်ပလွန်း၏။ ပုံမှန်အတိုင်း မန်ဟိုသည် မိစ္ဆာသားရိုင်းများကို သွားရောက် ရန်စကာ ရန်ထျန်းလုံနှင့် ကျိုးခိုင်တို့ထံသို့ မြူဆွယ်ခေါ်သွားလေ့ရှိပြီး သူကိုယ်တိုင်က တနည်းနည်းဖြင့် ထွက်ပြေး၏။

“သူ့ကို မိစ္ဆသားရိုင်းတွေက ဘယ်လိုလုပ် မဝါးမျိုရသေးတာလဲ” ကျိုးနှင့်ရင်တို့သည် အရိုးထဲမှပင် အားပြတ်မှုကို ခံစားနေကြရသော်လည်း မန်ဟို၏အားအင်အပြည့်ဖြင့် လှုပ်ရှားမှုကို မြင်တိုင်း မုန်းတီးစွာဖြင့် ကြည့်ကြသည်။ သို့သော်လည်း သူတို့အနေဖြင့် မည်သို့မျှ မတတ်နိုင်ပေ။

အမှန်တကယ်အားဖြင့် မန်ဟိုသည်လည်း အားပြတ်နေပြီဖြစ်သည်။ ဆေးလုံးက အရောင်တောက်လာတိုင်း သူသည် သားရိုင်းများကို မြူဆွယ်ရသည်။ မှန်သည်၊ ကြေးမုံက အမြန်ဆုံးသော သားရိုင်းကို နာကျင်စေရာ သူ့အား ထွက်ပြေးရန် လုံလောက်သောအချိန်ကို ရရှိစေ၏။ မဟုတ်လျှင် မန်ဟိုကား အသက်ပျောက်သွားသည်မှာ ကြာပြီဖြစ်သည်။

ရုတ်တရက် သူသည် တောင်ထိပ်သို့ ရောက်လာပြီဖြစ်ကြောင်း မန်ဟို သတိထားမိသည်။ မြေပြင်ကား ကျောက်တန်းများဖြင့် ပြည့်နှက်နေခဲ့ကာ အချို့သော အက်ကြားများသည် ကြီးမားလွန်းရကား လူတစ်ယောက်ပင် ကောင်းကောင်းခိုဝင်ရန် လုံလောက်ပေ၏။ တုန်ယင်စွာဖြင့် မန်ဟိုသည် ကျောက်တုံးကြီးတစ်ခုကို မှီကာ အနားယူသည်။ သူက ပူပြင်းနေဆဲဖြစ်သော ကြေးမုံအား ငုံ့ကြည့်၏။ ယနေ့ဖြစ်ခဲ့သမျှက ကြေးမုံအား အလွန်ဝမ်းသာစေဟန်ရနေသည်။ မသက်မသာ ပြုံးကာ မန်ဟိုက ရှေ့တွင်ရှိနေသော ပက်ကြားအက်ကြီးတစ်ခုအား သတိထားမိသည်။ ထိုနေရာမှ အနက်ရောင်မြူများ စိမ့်ထွက်နေ၏။

ရုတ်တရက် ထိုပက်ကြားအက်ထံမှ တောင်တစ်ခုလုံး၏သားရိုင်းများကို ဆူပူစေသော ဟိန်းဟောက်သံကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုဟိန်းဟောက်သံသည် လောကကိုပင် တုန်ခါစေဟန်ရသည်။ မိုးခြိမ်းသံအလား အားလုံးသော သားရိုင်းများသည် စတင်၍ ဟိန်းဟောက်သံများ ပေးကြ၏။

ဟိန်းဟောက်သံသည် မန်ဟို၏စိတ်ကို တုန်ခါသွားစေကာ သူ့ခန္ဓာကိုယ်အတွင်းမှ ချီများကို လွင့်သွားစေဟန်ရ၏။ သူ၏အမူအရာက ပြောင်းလဲသွားသည်။ ထိုဟိန်းဟောက်သံကား ရင်းနှီးလှသည်။ ယခင် မန်ဟိုသည် တောင်နက်ကြီးကို လာသော အကြိမ်များ၌ သည်ဟိန်းဟောက်သံကို ကြားဖူးပေသည်။ ထိုအသံကား ကြားသူတိုင်း၏သွေးလေကို လှုပ်ခတ်စေကာ မသက်မသာ ခံစားရစေ၏။

ဟိန်းဟောက်သံထွက်လာလျှင် မန်ဟိုသည် မျက်လုံးကို အတင်းဖွင့်ကာ အနက်ရောင်မြူများ ထွက်နေရာ ပက်ကြားအက်သို့ ကြည့်သည်။ မြူများ ပျယ်လွင့်လျှင် မန်ဟိုသည် ခြောက်မီတာကျော်ရှည်လျားကြီးမားသော မြွေနက်ကြီးတစ်ကောင်အား တွေ့၏။ သူ၏ကိုယ်တစ်ဝက်ခန့်သည် ရုတ်တရက် ပက်ကြားအက်အပြင်သို့ ရွေ့လျားထွက်ပေါ်လာခဲ့သည်။

မြွေကြီးကား အလွန်နာကျင်နေဟန်ရပြီး သူ၏ဟိန်းဟောက်သံသည် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါစေ၏။ မန်ဟို သွေးတစ်ပွက် အန်သည်။ သူက ထိုနေရာတွင် မနေရဲတော့ဘဲ ကျောက်တုံးကြီးနောက်မှ ခုန်ထွက်ကာ တောင်အောက်ကို ဆင်းပြေးတော့သည်။ သို့သော်လည်း သူက ရပ်လိုက်၏။ စပ်စုလိုစိတ်က သူ့အား ကြီးစွာ လှုံ့ဆော်ပေးနေသည်။ သူက နောက်တစ်ကြိမ်သွားချောင်းကြည့်သောအခါ စိတ်ဝင်စားဖွယ်တစ်စုံတစ်ခုအား သူသတိထားမိသည်။

မြွေကြီး၏ခန္ဓာကိုယ်မှ အပြင်အရေပြားသည် ကွဲအက်နေဟန်ရ၏။

“အဲဒါ အရေခွံလဲနေတာလဲ”

ဖြစ်ပျက်နေသည်ကို နားလည်လိုက်ကာ မန်ဟိုသည် သက်ပြင်းရှိုက်လိုက်မိသည်။ မြွေများသည် အရေခွံလဲသောအချိန်၌ အားအနည်းဆုံးဖြစ်သည်ကို မန်ဟိုသိသည်။ ထို့အပြင် မြွေကြီးကား မိစ္ဆာသားရိုင်းဖြစ်ရာ အရေခွံလဲခြင်းဖြစ်စဉ်မှာ ကြာမြင့်ဟန်ရနေသည်။ ထိုမျှ ကြီးမားသော ခန္ဓာကိုယ်ဖြင့်ဆိုပါက သူ့အတွက် နှစ်ပေါင်းများစွာ ကြာမြင့်မည့်ပုံရှိနေသည်။

“ဟိန်းဟောက်သံကို အမြဲတမ်း ကြားရတာ မထူးဆန်းတော့ဘူး။ မြွေကြီးက အရေခွံလဲနေတာ နှစ်ပေါင်းများစွာ ကြာပြီကိုး” မန်ဟိုက မြွေကြီးကို ကြည့်နေရင်း နောက်တစ်ခုကို ရုတ်တရက် သတိထားမိသည်။

သူက သေသေချာချာ ကြည့်မိလျှင် အံ့အားသင့်သွား၏။ ထိုအရာကား ဓားတစ်လက်ဖြစ်သည်။ ဓားကား အလွန်ရှေ့ကျကာ ဓားကိုယ်ထည်၌ ထူးဆန်းသော သင်္ကေများရှိမနေပေ။ သို့သော်လည်း ဓားသည် မြွေကြီး၏ခန္ဓာကိုယ်ကို နက်ရှိုင်းစွာ စိုက်ဝင်နေသည်။ ထို့အပြင် ဓားသည် ထိုသို့နစ်ဝင်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီးဖြစ်ဟန်ရသည်။

ဓားနစ်ဝင်နေသော နေရာတဝိုက်ကား ဓား၏စွမ်းအားများကြောင့် သွေ့ခြောက်နေပြီဖြစ်သည်။

“ဒီမြွေကြီးက အနည်းဆုံး စဦးချီအဆင့်(၇)၊ ဒါမှ မဟုတ် အဆင့်(၈)၊ အဆင့် (၉)၊ … တောင်မှ ဖြစ်နိုင်တယ်” သူ၏ပါးစပ်က သွေ့ခြောက်လာခဲ့သည်။ ထိုမျှ မာကြောသော မြွေအရေခွံအား ထွင်းဖောက်နိုင်သော ဓားမှာ မည်မျှ တန်ဖိုးကြီးမားမည်ကို သူတွေးကြည့်နိုင်၏။

ခေါင်းယမ်းကာ မန်ဟိုသည် တောင်အောက်ကို ဆင်းလာခဲ့သည်။ သူ့တွင် လုပ်စရာတစ်ခုရှိသေး၏။ သူ့အိတ်ထဲမှ ကြေးမုံသည် ပူပြင်းလာခဲ့ကာ မကြာခင် သားရိုင်းများ၏ဟိန်းဟောက်သံများ ထွက်ပေါ်လာ၏။

နာရီအနည်းငယ် ကုန်ဆုံးသွားကာ အာရုဏ်တက်လာပြီဖြစ်သည်။ နောက်ဆုံးလက်ကျန် ၁၂နာရီကာလသည် မကြာခင် ကုန်ဆုံးသွားတော့မည်ဖြစ်သည်။ ကျိုးနှင့်ရင်တို့သည် သူတို့၏မျှော်လင့်ချက်များအား အဆုံးသတ်လိုက်ပြီဖြစ်သည်။ သူတို့က တောင်ပေါ်တစ်နေရာတွင် ထိုင်နေသော မန်ဟိုအား စိုက်ကြည့်ကြ၏။

သူတို့က အနည်းငယ်မျှ လှုပ်ရှားမိလျှင် မန်ဟိုသည် သားရိုင်းအုပ်များကို မြူဆွယ်ခေါ်လာမည်ဖြစ်ရာ သူတို့အနေဖြင့် ရည်မှန်းချက် မပြီးမြောက်ရုံမက ဒဏ်ရာရနိုင်ချေပင် ရှိနေသည်။

“သေစမ်း မန်ဟို … မင်း ငါ့လက်က ဘယ်လို လွတ်သွားတာလဲ” ကျိုးခိုင်ကား အသက်ကို ပင်ပန်းတကြီးရှူကာ အော်ဟစ်သည်။ မန်ဟိုကား တော်ထဲတွင် အလွန်တရာ ကျင်လည်လွန်းပြီး သူတို့ကို စိတ်ကြိုက်ဆော့ကစားနိုင်ခဲ့သည်။

“မင်းမှာ ကိုယ်ပိုင်အရည်အချင်း မရှိဘူးလား” ရင်ထျန်းလုံကလည်း သိပ်မဝေးသော နေရာမှ ပြောသည်။ သတ်ဖြတ်နိုင်ခြင်းလည်း မရှိသလို ဖမ်းဆီးနိုင်ခြင်းလည်း မရှိရာ သူကား ရူးသွပ်တော့မည်ကဲ့သို့ ခံစားနေရ၏။ သူ၏စကားတွင်လည်း ကျိုးကြောင်းဆီလျော်မှု မရှိတော့။

“မင်း ထွက်မပြေးလို့ မရဘူးလား။ ငါတို့ဆီကို သားရိုင်းတွေ ပို့လွှတ်ဖို့ ဘာလို့ အောက်လမ်းနည်းတွေ သုံးနေရတာလဲ။ ငါတို့ ဘာလို့ မျှမျှတတ မတိုက်ခိုက်ရတာလဲ”

“ငါ့ရဲ့ကျင့်ကြံဆင့်က မင်းတို့လောက် မမြင့်ဘူး။ ဘာလို့ မင်းတို့နဲ့တိုက်ခိုက်ရမှာလဲ” မန်ဟိုကလည်း ပင်ပန်းတကြီးပြောသည် “မင်းတို့ ငါ့နောက်ကို ဆက်လိုက်နေရင် ငါ့မှာ တကယ်ပဲ နည်းလမ်းမရှိတော့ဘူး” သူက နောက်ပ် ဆေးတစ်လုံး သောက်လိုက်သည်။

ကျိုးနှင့်ရင်တို့နှစ်ဦးလုံး နောင်တရနေကြပြီဖြစ်သည်။ အခြေအနေက ဤသို့ဖြစ်လာဆိုပါက သူတို့သည် မန်ဟိုနောက်သို့ မည်သည့်အခါကမှ လိုက်လာကြမည်မဟုတ်ပေ။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့ပြီး ဆေးလုံးကို ချိပ်ပိတ်ထားသော မှော်အစီအရင်သည် ကုန်ဆုံးလာရန် တစ်နာရီသာလိုတော့သည်။ ရင်ထျန်းလုံသည် မသက်မသာ ရယ်မောကာ သက်ပြင်းရှည်တစ်ချက်ချ၏။ သူ့အနေဖြင့် မည်သို့မျှ မတတ်နိုင်တော့။ သူက မန်ဟိုအား နောက်ဆုံးတစ်ကြိမ်ကြည့်ကာ တောင်အောက်သို့ ဦးတည်လိုက်တော့သည်။ သူကား လက်လျှော့သွားပြီဖြစ်သည်။

ရင်ထျန်းလုံ ထွက်သွားလျှင် ကျိုးခိုင်သည်လည်း မရေမရာသော ခံစားချက်များဖြင့် ထိုနေရာတွင် ရပ်နေခဲ့သေး၏။ သို့သော်လည်း မနက်အာရုဏ်တက်လာလျှင် ၁၂ကြိမ်မြောက် ၂နာရီကြာချိန် ပြည့်သွားခဲ့ရာ မန်ဟို၏သိုလှောင်အိတ်မှ ဆေးလုံးသည် မှော်အစီအရင် ပျက်ပြယ်၏။ နောက်ဆုံးတွင် သူသည်လည်း မန်ဟိုအား မုန်းတီးစွာ ကြည့်လျှက် ထိုနေရာမှ ထွက်သွားတော့သည်။

မန်ဟိုက သူတို့နှစ်ယောက် ထွက်သွားသည်ကို မြင်သည်။ သူသည်လည်း သက်ပြင်းရှည်တစ်ချက်ကို ချလိုက်မိသည်။ သူက လျှာကို ကိုက်လိုက်ကာ အနည်းငယ် အားတင်းလိုက်ပြီး အဝေးကို ပြေးလွှားသွားခဲ့သည်။ သူသည် တောင်နက်ကြီးဆီမှ ထွက်သွားခြင်းမဟုတ်ဘဲ တောင်ပေါ်သို့ ပြန်တက်ခြင်းသာဖြစ်သည်။ ထိုနေရာတွင် မြေမိစ္ဆာကြီးရှိရာ ပြောရမည်ဆိုလျှင် ထိုနေရာသည်သာ ဘေးကင်းပေသည်။ မည်သို့ဆိုစေ မြေမိစ္ဆာသည် အရေခွံလဲရန် အချိန်လိုအပ်ပေသေးသည်။ မြွေကြီး၏အော်ဟစ်သံက တခြားသော သားရိုင်းများကို အဝေးသို့ နှင်ထုတ်ပေးနိုင်ပေသည်။

မန်ဟိုသည် ပက်ကြားအက်တစ်ခုကို တွေ့ကာ ၎င်းအထဲ၌ ထိုင်လိုက်သည်။ သူက သိုလှောင်အိတ်ကို ကြည့်လိုက်၏။

“ငါက ဆေးလုံးတွေအများကြီး ဖြုန်းတီးခဲ့ပြီ။ ဆေးတစ်လုံးစီက ဝိညာဉ်ကျောက်တုံးတစ်တုံးပဲ။ တွက်ကြည့်ရင်… ဓားပျံ ၃၇ချောင်း၊ မိစ္ဆာသားရဲအမြုတေ အလုံး ၄၀ … အားလုံး ၁၉၈ ဝိညာဉ်ကျောက်တုံး …” မန်ဟို၏စိတ်က တုန်ယင်သွားကာ အကြီးအကျယ် စိတ်ပျက်မှုကို ခံစားရသည်။

“ကံကောင်းတာက အစီအရင်က အခု ပျက်ပြယ်သွားပြီ” မန်ဟိုက သွေ့ခြောက်ဝိညာဉ်ဆေးလုံးကို ကြည့်ကာ ရေရွက်သည်။ ထို့နောက် သူက စိတ်ကို တည်ငြိမ်အောင် ပြန်စုစည်း၏။ ပတ်ဝန်းကျင်က ဘေးကင်းကြောင်း သေချာသောအခါ သူသည် ကြေးမုံကို ထုတ်လျှက် သွေ့ခြောက်ဝိညာဉ်ဆေးလုံးအား စတင်၍ ပွားတော့သည်။

နေ့လည်ပိုင်းရောက်လာသောအခါ မန်ဟို၏လက်ထဲတွင် သွေ့ခြောက်ဝိညာဉ်ဆေးလုံး ၁၀လုံးကိုတွေ့ရ၏။ မန်ဟိုက စိတ်ပျက်လက်ပျက်ဖြင့် ပြုံးသည်။ သွေ့ခြောက်ဝိညာဉ်ဆေးလုံးတစ်လုံးအတွက် သူသည် ဝိညာဉ်ကျောက်တုံးအများအပြား သုံးစွဲခဲ့ရပေသည်။ ယခု သူကား ကြေးမုံ၏တန်ကြေးလဲလှယ်မှုကို ပိုမိုနားလည်လာခဲ့၏။

မန်ဟိုက အံကြိတ်ကာ ဆေးတစ်လုံးကို သူ၏ပါးစပ်သို့ ပစ်ထည့်လိုက်၏။

“စဦးချီဖွဲ့စည်းခြင်းအဆင့်(၅)။ ငါကအဆင့်(၅)ကို ရောက်ဖို့လိုတယ်”

သူ့မျက်လုံးများ နီရဲလာခဲ့ကာ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချသည်။ ထို့နောက် သူသည် စတင်၍ ကျင့်ကြံဆင့်ကို လှည့်ပတ်၏။ ဆေးလုံးမှ အဆုံးအစမဲ့သော စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာလျှင် သူ့တစ်ကိုယ်လုံးမှ ပေါက်ကွဲသံများ ဖြစ်ပေါ်လာခဲ့ပြီး သူ့ခန္ဓာကိုယ် နေရာအနှံ့သို့ ပျံ့နှံ့သွားကြ၏။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။ မန်ဟိုက မျက်လုံးကို မှိတ်ကာ ကျင့်ကြံဆင့်တက်ရန် ကြိုးစားနေစဉ် တောင်တစ်ခုလုံးမှာလည်း မြွေကြီး၏အော်ဟစ်သံများဖြင့် ဆူညံနေသည်။ ထို့အတူ မန်ဟိုသည်လည်း အရေးကြီးသည့် အပြောင်းအလဲ အချိန်အခါသို့ ရောက်လာဟန်ရသည်။

***

All Chapters