ကောင်းကင်ဘုံ၏ ဥသျှောင်
Vol. 2 Ch. 25
"ဒီရတနာမှာ ထူးခြားတဲ့သမိုင်းကတော့ရှိရမယ်”
မန်ဟိုသည် သစ်သားဓားကိုလွှဲယမ်းရင်း မြေကြီးပေါ်ကိုထိုးစိုက်ချလိုက်သည်။ ဓားကလွယ်လွယ်ကူကူပင် နစ်ဝင်သွား၏။ မန်ဟိုသည် ယခင်ထက်ပိုမိုပြုံးရွှင်စွာပင် ဓားကိုပြန်နှုတ်ယူလိုက်သည်။
ရုတ်တရက် သူသည်ခေါင်းကိုမော့၍ကြည့်လိုက်သည်။ သူ အံ့အားသင့်သွား၏။ အင်မော်တယ် ဂူထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် ယခင်ကထက် ရုတ်တရက်ဆိုသလို ပါးလျားလာသည်ကို သူခံစားမိလာသည်။
အမှန်မှာ လုံးဝနီးပါး ပျောက်ကွယ်သွားလုပင်ဖြစ်နေလေပြီ။
မူလက စိတ်ဝိညာဉ်စွမ်းအင်များ၏ ပမာဏမှာ ထုနှင့်ထည်နှင့် မရှိခဲ့စေကာမူ ယခုကဲ့သို့ အားလုံးနီးပါးပျောက်ကွယ်သွားစရာအကြောင်းကတော့မရှိ။ စိတ်ဝိညာဉ်စွမ်းအင်ဆိုသည်မှာ ကောင်းကင်နှင့်မြေကြီးတို့၏ ချီဓာတ်စွမ်းအင်ဖြစ်ပြီး အမျိုးမျိုးသော တောင်တန်းများကြားတွင် သွေးကြောလေးများကဲ့သို့ ရစ်ခွေစီးဆင်းနေသည်။ မှီခိုရာဂိုဏ်းတော်ကြီးတွင် ယင်းကဲ့သို့နေရာများစွာရှိသည်။
စိတ်ဝိညာဉ်စွမ်းအင်များသည် အကြောင်းမယ်မယ်ရရမရှိဘဲ ယခုကဲ့သို ခြောက်ခမ်းသွားခြင်းမှာ မဖြစ်နိုင်ပေ။
မန်ဟိုသည် သူ၏ ကိုယ်ရောင်ဝါများကို တည်ငြိမ်စေပြီး စုစည်းလိုက်သည်။ ထို့နောက် သူ၏အာရုံကို ဖြန့်ကြက်ချလိုက်သည်။ ရုတ်တရက် အနောက်ဘက်ရှိသစ်သားဓားကို မယုံကြည်နိုင်စွာပဲလှည့်ကြည့်လိုက်သည်။
အခန်းထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များကို သစ်သားဓားမှစုပ်ယူနေခြင်းဖြစ်ကြောင်း သူတွေ့လိုက်ရသည်။
“ဓားကပဲ..... ဒါက စိတ်ဝိညာဉ်စွမ်းအင်တွေကိုစုပ်ယူနိုင်တာလား”
မန်ဟို အံ့အားသင့်သွားသည်။ အချိန်ခဏအကြာတွင် သိုလှောင်အိတ်ကိုပုတ်လိုက်ပြီး ဝိညာဉ်ကျောက်တုံးတစ်တုံးအားထုတ်ယူလိုက်သည်။
ယင်းကို ဓားဘေးသို့ချထားလိုက်ပြီးသူစောင့်ကြည့်လိုက်သည်။ ၁၀ပြဏ်လောက် အကြာတွင် ကျောက်တုံးသည် တဖြေးဖြေးချင်းမည်းနက်သွားလေသည်။
မှတ်ချက်။ ။ ၁၀ပြဏ် ဆိုသည်မှာ အသက် ၁၀ကြိမ် ရှုသွင်းရှုထုတ်စာမျှရှိသောကြာအချိန်ပမာဏ ဖြစ်သည်။ ရှေးခေတ်ဗမာ့အချိန်တိုင်းတာသည့် စနစ်ဖြစ်သည်။ ဘာသာပြန်ဆိုသူ
သူသည် ဝိညာဉ်ကျောက်တုံးကိုကောက်ယူပြီး နောက်ဘက်သို့ဆုတ်လိုက်သည်။ ဝိညာဉ်ကျောက်တုံး တစ်တုံးဆုံးရူံးရလိုက်သည့်အတွက် သူစိတ်မကောင်းဖြစ်သွားသော်လည်း တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားနေတော့သည်။
“ဓားက တကယ်ကို ထူးကဲတဲ့ရတနာပဲ”
သူသည်ဓားကိုကြည့်ပြီး သံန္နိဋ္ဌာန်ချလိုက်၏။ ထို့နောက် သူ၏လက်ညိုးပေါ်ကိုတင်ပြီး တစ်ချက်ဆွဲချလိုက်ပြီး ပြတ်ရှဓားရာသေးသေးလေး လှီးလိုက်သည်။ မန်ဟိုသည် ချီဓာတ်အတွင်းအားကို စုစည်းလိုက်သည်။သေချာပါသည်။ ပြတ်ရှဒဏ်ရာကိုဖြတ်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များအား အလျဉ်မပြတ်စုပ်ယူနေသည်ကို သူခံစားနေရ၏။
သူသည်လက်ညိုးကိုဖုံးအုပ်လိုက်သည်။ မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုများရှင်းလင်းသွာသည်။ အချိန်ခဏလေးအတွင်း သူဒဏ်ရာအနာမှာ ကျက်ပြီးသားဖြစ်သွားသည်။ မန်ဟိုသည် ဓားကိုစိုက်ကြည့်လိုက်ပြီး ရူးသွပ်စွာရယ်မောလိုက်သည်။
“မှော်ပညာအသုံးပြုသူတွေနဲ့ တိုက်ခိုက်တဲ့အခါမှာ ဒီဓားကိုငါသုံးလိုက်ရင်၊သူတို့ကို ဒါနဲ့ထိအောင်ခုတ်လိုက်ရုံပဲ၊ ဒါဆိုသူတို့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းဆုတ်ယုတ်ပြီး သူတို့ကိုအသာလေးအနိုင်ယူလိုက်ရုံပဲ။ ဆိုးတာက ငါမှာတစ်ခုတည်းသာရှိတာပဲ၊ နှစ်ခု၊ ဆယ်ခု၊ ရာပေါင်းများစွာရှိခဲ့ရင် ငါ့ရန်သူတွေရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို မြန်မြန်ကုန်သွားအောင်လုပ်နိုင်မှာပဲ၊ ဘယ်လောက်အံ့ဩစရာကောင်းလိုက်သလဲ...... ”
သူသည် ရာပေါင်းများစွာသော သစ်သားဓားများကိုကိုင်ထားရင်း ၎င်းတို့အားလုံးကို ဝမ်တန်ဖေး၏ ခန္ဓာကိုယ်တွင်းသို့ထိုးသွင်းလိုက်သည်ဟူသော အတွေးပုံရိပ်က သူ၏စိတ်တွင်ထင်ဟပ်လာသည်။
တောင်နက်ကြီးစီသို့သွားခဲ့သည့် သူ၏ခရီးအတွက် ဝိညာဉ်ကျောက်တုံးအားလုံးသုံးစွဲခဲ့ရသော်လည်း လုံးဝတန်ပါသည်။
၎င်းအတွေးနဲ့အတူ သူသည် ရုတ်တရက် သက်ပြင်းတစ်ချက်ချလိုက်ပြီး ကြေးနီမှန်ကို ဆွဲထုတ်လိုက်သည်။
“နောက်ထပ် ဝိညာဉ်ကျောက်တုံးလောက်ဘယ်နှတုံး ကုန်ဦးမလားပဲ...”
သူသည် ခဏမျှတွေဝေသွားသည်။ သို့သော် သည်ဓား ဘယ်လောက် ထူးဆန်းအံ့ဩစရာကောင်းလိမ့်မယ်ဆိုတာကို သိချင်စိတ်ကလဲ တားဆီးလို့နေနိုင်ပေ။ သူသည် ဓားကို ကြေးမုံပေါ်သို့တင်လိုက်၏။ ၎င်း၏မျက်နှာပြင်ကို ထိလိုက်လိုက်ချင်းမှာပဲ မှန်သည် လျှပ်လျက်သကဲ့သို့ အလင်းရောင်များပြိုးပြိုးပြက်ပြက်ထွက်လာပြီး ဓားသည်ကြေးမုံထဲသို့ ဆွဲစုပ်ခံလိုက်ရသည်။ မန်ဟိုသည် ဤကဲ့သို့သောဖြစ်ရပ်ကို ဒီမတိုင်ခင် တစ်ခါမှမမြင်ဘူးခဲ့။ ယင်းဖြစ်ရပ်သည် သူ့ကိုအတော်အတန်တော့ တုန်လှုပ်ခြောက်ချားသွားစေခဲ့သည်။ သူသည်မှန်ကို ဆွဲယူပြီးရပ်သွားစေရန်ကြိုးစားကြည့်သည် သို့သော်ကား နောက်ကျသွားခဲ့ပြီ။ ဓားသည် ကြေးမုံထဲသို့ ဝင်ရောက်သွားခဲ့ချေပြီ။
“ဟာ ဘာဖြစ်တာလဲဟ...သွားပြီ၊ ဒီသောက်မှန်၊ ငါဒီဓားကိုရဖို့ ဆင်းရဲဒုက္ခအများကြီးခံထားရတာ။ မင်း..မင်း၊ မင်းတော့ကွာ၊ ဟူး... စိတ်လျော့...စိတ်လျော့”
မန်ဟို အနည်းငယ်မျှဟောဟဲလိုက်သွားသည်။ ထို့နောက် သူ့ကိုယ်သူတည်ငြိမ်အောင် ကြိုးစားယူလိုက်သည်။ အချိန်အတော်ကြာစဉ်းစားပြီးနောက် သူသည် ဝိညာဉ်ကျောက်တုံးတစ်တုံးကိုယူလိုက်ပြီး ကြေးမုံပေါ်သို့တင်လိုက်သည်။ ထိုအရာသည် ပျောက်ကွယ်တော့သည်။
“ဟူး..ပုံတူစပွားနေပလားမသိဘူး”
မန်ဟို၏ နှလုံးသားများ တဒိတ်ဒိတ်ခုန်နေပြီး သူ့မျက်နှာအမူအရာမှာလဲ စိတ်သောကရောက်နေသည်။ သူသည် နောက်ထပ်ဝိညာဉ်ကျောက်တုံးများကိုထပ်ထားကြည့်လိုက်သည်။ တစ်တုံး၊ နှစ်တုံး၊ သုံးတုံး...သူ့မျက်နှာပေါ်တွင် စိတ်ပျက်အားလျော့မျှော်လင့်ချက်မဲ့သည့်အမူအရာများ အထင်းသားပေါ်လွင်နေသည်။
“သေစမ်း၊ သေစမ်း..”
သူရပ်တန့်လိုက်ချင်မိသည်။ သို့သော် ဒီအခိုက်အတန့်လေးကို သူငြင်းပယ်ခဲ့မည်ဆိုပါက သူတွင်မယ်မယ်ရရပြစရာ ဘာမျှကျန်တော့မည်မဟုတ်ပေ။ ယခုနေသူလက်လျော့မိခဲ့လျင် ကြေးမုံ၏ ပုံတူပွားနိုင်စွမ်းကိုဆုံးရူံးရလိမ့်မည်ဆိုတာကိုလည်းသူသိသည်။
သူ၏ခံပြင်းမှုကို သည်းခံရင်း ဝိညာဉ်ကျောက်တုံးတွေကို တစ်တုံးပြီးတစ်တုံး၊ တစ်တုံးပြီးတစ်တုံးထည့်သည်။ သုံးရာ၊ လေးရာ၊ ထိုမှတစ်ဆင့် တစ်ထောင်...။ သူမျက်နှာတွင် သွေးဆုတ်ဖြူလျော့လာသည်။ သူ၏လက်များသည် နောက်ထပ် ဝိညာဉ်ကျောက်တုံးများကိုကိုင်ထားရင်းက တုန်လှုပ်ချောက်ချားလာသည်။
“မပြီးနိုင်သေးဘူးလား သောက်မှန်ရေ၊ ငါရသမျှ ဝိညဉ်ကျောက်တုံးတွေကို အဲ့မှာခိုးနေလိုက်တော့”
မန်ဟို အံကိုတင်းတင်းကြိတ်ထားလိုက်သည်။ သူထည့်နေသည်မှာ ဝိညာဉ်ကျောက်တုံး တစ်ထောင်ခန့်ရှိသွားချေပြီ။ သူ ယခုချိန်ထိတော့လက်မလျော့နိုင်သေး။ သူ၏မျက်လုံးများက လောင်းကစားသမားများကဲ့သို့ နီရဲတွတ်နေပြီး ဝိညာဉ်ကျောက်တုံးများကို တစ်တုံးပြီးတစ်တုံး ပစ်ထည့်နေသည်။ နောက်ဆုံး ဝိညာဉ်ကျောက်တုံး နှစ်ထောင်ခန့်ထည့်ပြီးသွားပြီးနောက်တွင် ကြေးမုံက ဝင်းလက်တောက်ပလာပြီး ရောင်စုံအလင်းရောင်များထွက်လာတော့သည်။ ယင်းသည် ပုံတူပွားခြင်းဖြစ်စဉ်စတင်ဖြစ်ပွားနေသည်ကို ညွှန်ပြ၏။ ထိုခဏတာမျှ မန်ဟိုကြက်သေသေသွား၏။ သူသည်အသံပင်မထွက်နိုင်တော့ပဲ ရောင်စုံအလင်းတန်းများကိုစိုက်ကြည့်နေသည်။ မိနစ်အနည်းငယ်ကြာပြီးသောအခါ ထိုအရာများပျောက်ကွယ်သွားသည်။
အလင်းရောင်များ ပျောက်ကွယ်သွားပြီးနောက်တွင် သစ်သားဓား၂လက်ကို ကြေးမုံပေါ်၌တွေ့လိုက်ရ၏။
၎င်းတို့ကို မြင်လိုက်ရသောအခါ၊ သူ့မျက်နှာပေါ်တွင် သွေးရောင်ကလေးပြန်လွှမ်းလာသည်။ သူကောက်လိုက်၏။ သူ၏စိတ်ခံစားချက်များသည် ဝမ်းနည်းခြင်း၊ဒေါသထွက်ခြင်း၊ နာကြင်ရခြင်းတို့ ရောပြွမ်းနေသည်။ အားလုံးကို သူပြည်ဖုံးကားချနိုင်ရန် လုပ်လိုက်ပါသည်။
“ပြဿနာမရှိဘူး၊ အဆင်ပြေတယ်” အံကိုတင်းတင်းကြိတ်ထားရင်း သူ့ကိုယ်သူရေရွတ်မိသည်။ “ဘာပဲပြောပြော ဝိညာဉ်ကျောက်တုံး နှစ်ထောင်ကတော့တန်ပါတယ်။ စာမဖွဲ့လောက်ပါဘူး။ တစ်ခုလိုချင်ရင် တစ်ခုကတော့စွန့်လွတ်ရမပေါ့။ ဒီသစ်သားဓား ၂ချောင်းရတယ်ဆိုကတည်းက တန်နေပါပြီ။ ဒါက မဖြစ်စလောက်ကလေးပါ” ခါးသီးမှုတစ်ချို့နှင့် အောင့်သက်သက်ဖြင့်ပြောလိုက်ခြင်းဖြစ်သည်။ သူသည် ကြေးနီမှန်ကို ခပ်ဝေးဝေးတွင်ထားလိုက်ပြီး သစ်သားဓားကို နောက်တစ်ကြိမ်ပြန်ကြည့်လိုက်သည်။ သူ့အစွမ်းကိုတွေးမိလိုက်သည် ဆိုလျင်ပဲ သူ၏စိတ်များ စတင်တည်ငြိမ်လာခဲ့သည်။
မျော်လင့်ချက်ရောင်ခြည်များ နောက်တစ်ကြိမ် သူမျက်လုံးထဲ၌ပြန်ပြည့်လာ၏။ သူသည်ရတနာဓား ၂လက်ကိုသိမ်းဆည်းလိုက်သည်။ ဒုတိယသစ်သားဓားသည် မန်ဟိုအတွက် ဝိညာဉ်ကျောက်တုံး နှစ်ထောင်တန်ကြေးရှိသည်။
အောင့်သက်သက်ရယ်မောသံနှင့်အတူ တပျဉ်ခွေထိုင်ချထိုင်ချပြီး ကျင့်ကြံခြင်းဂူထဲ၌ စိတ်ဝိညာဉ်စွမ်းအင်များပြန်လည်ပြည့်လာမည့်အချိန်ကို သူစောင့်ရင်း တရားထိုင်လိုက်နေလိုက်သည်။ ရုတ်တရက် သူသည် မျက်လုံးကိုဖွင့်လိုက်ပြီး မိစ္ဆာအမြုတေကို သိုလှောင်အိတ်ထဲမှ ပြန်၍ထုတ်ယူလိုက်သည်။
“ငါရဲ့ စဦးချီဖွဲ့စည်းခြင်း အဆင့် ၅ ကိုရောက်နေပေမဲ့ ဒီဆေးလုံးကို စားလိုက်ရင် ငါ့ရဲ့ချီအတွင်းအား ဘယ်လောက်ထိရောက်သွားမယ်ဆိုတာကို ဘယ်သူသိနိုင်မလဲ”။
ဆုံးဖြတ်ချက်ချလိုက်ပြီး သူသည် မိစ္ဆာအမြုတေကိုမျိုချလိုက်ပြီး မျက်လုံးများကိုပိတ်ပစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် စတင်တုန်ခါလာသည်။ မိစ္ဆာအမြုတေသည်ပျော်ဝင်သွားပြီး မယုံကြည်နိုင်လောက်အောင် သိပ်သည်းပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအင်စီးကြောင်းကြီး မန်ဟိုကိုချက်ချင်းဆိုသလို လွှမ်းမိုးပစ်လိုက်သည်။
ဝိညာဉ်စွမ်းအင်၏ သိပ်သည်းဆမှာ မန်ဟိုသုံးဖူး၊ သောက်ဖူးခဲ့သမျှ ဆေးလုံးတွေထက် များပြားကျော်လွန်နေလေ၏။ မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရစကောင်းပေ။ အမြုတေသည် ပေါက်ကွဲသွားပြီး အဖြူရောင်အလင်းတန်းများထွက်လာကာ မန်ဟိုတစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်လေတော့သည်။ သူ၏ခန္ဓာကိုယ်သည် လှုပ်ယမ်းလာပြီး ပါးစပ်မှသွေးများထွက်လာသည်။ သို့သော်သူဆက်၍ထိန်းထားလိုက်သည်။မန်ဟို၏ အဇ္ဈတ္ထအတွင်းရှိ ရေကန်မှာလဲ ပို၍ပို၍ ကြီး လာနေ၏။ ခတ္တခဏမျှကြာသောအခါတွင် မန်ဟိုသည် အကန့်အသတ်မရှိသောခံစားချက်တစ်ခုကိုခံစားလိုက်ရသည်။
သွေးကြောတစ်ခုချင်းစီက ပြန့်ကားထွက်လာပြီး အလွန်နာကြင်သောခံစားမှုများကိုသူခံစားနေရကာ သူ၏ခန္ဓာကိုယ်မှာလဲ မာကျောတောင့်တင်းယိမ်းထိုးလှုပ်ရှားနေသည်။ သူ၏မျက်နှာမှာ သွေးဆုတ်ဖြူလျော့နေပြီး ပါးစပ်ကိုတင်းတင်းစေ့၍ပိတ်ထားသည်။
ထို့နောက် အမြုတေရေအိုင်သည် စတင်ရိုက်ခတ်လှုပ်ရှားလာပြီး အံ့မခန်းလှသော စိတ်ဝိညာဉ်စွမ်းအင်ပမာဏလည်း စတင်ဖြစ်ပေါ်လာသည်။ မန်ဟိုသည် နာကြင်မှုအစား သူ၏ချီဓာတ်အတွင်းအားသည် အဆင့် ၅၏ ကနဦးအစအနေအထားမှသည် အလယ်အဆင့်သို့ ဖြန့်ကျက်ရောက်ရှိလာသည်ကို ခံစားလာရသည်။ ဘယ်၍ဘယ်မျှကြာသွားသည်ကို မသိပေမဲ့ အချိန်အတန်ကြာပြီးနောက်တွင် အမြုတေရေကန်သည် ပြင်းထန်ဆူပွက်လာပြီး ချီဓာတ်အတွင်းအား မြင့်တက်လာကာ အဆင့် ၅ ၏အထိတ်အထိပ်သို့ရောက်ရှိလာခဲ့သည်။
ထိုနာက် သူခေါင်းတွေတစီစီမြည်လာပြီး ရုတ်တရက် အဆင့် ၅ ကိုချိုးဖာက်သွားပြီး စဦးချီဖွဲ့စည်းခြင်း အဆင့် ၆ သို့ ချဉ်းနင်းဝင်ရောက်သွားသည်။
အဆင့်၆၏ ကနဦးအစတွင် ရပ်နေခြင်းမျိုးမဟုတ်ဘဲ စဦးချီဖွဲ့စည်းခြင်းအဆင့်၆ ၏ အလယ်အဆင့်သို့ တဖြေးဖြေးမြင့်တက်သွားသည်။ ယင်းနောက်တွင် ဖြေးဖြေးခြင်း အရှိန်လျော့ရပ်တန့်သွားသည်။ မန်ဟို၏ ခန္ဓာကိုယ်ရှိ အဝတ်အစားများသည်လည်း ပြာပုံအတိဖြစ်သွားပြီး သိုလှောင်အိတ်ကလေးသာ သူ့ဘေးတွင်ကျန်ရစ်ခဲ့သည်။ အမည်းရောင်အညစ်အထေးများက သူဘေးတွင်လွှမ်းခြုံနေသည်။ သူ၏အသားရည်များသည်လည်း အလင်းထိုးဖောက်ဘိသကဲ့သို့ ကြည်လင်တောက်ပနေသည်။ အရုဏ်ဦးတွင်ထွက်ပေါ်လာသည့် နေရောင်ခြည်အလားပင်ဖြစ်နေသည်။
သူ၏ ဆံပင်များသည်လည်း ပို၍ရှည်လျားလာပြီး ပခုံး၏အောက်သို့ရောက်နေလေပြီ။ သူ၏ခန္ဓာကိုယ်သည်လည်း အားနည်းချိနဲ့နေဟန်မတူဘဲ ပိုမိုကျစ်လျစ်ရှည်လျားနေလေသည်။
သူ၏အသားအရည်သည် ညိုမောင်းနေသည်ဆိုသော်လည်း ရေးပြရန်ပင်မစွမ်းသာသော ခွန်အားတစ်မျိုးဖြင့် ကြည်လင်တောက်ပလို့နေ၏။ အခြားကမ္ဘာတစ်ခုသို့ ထုံကူးရောက်နေသကဲ့သို့ပင်။
သူ၏အမြုတေရေအိုင်မှာလည်း ရိုက်ခတ်လှုပ်ရှားထကြွနေပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ပျံ့နှံ့နေသည်။ အတွင်းတစ်နေရာမှာတော့ မိစ္ဆာအမြုတေသည် ငြိမ်သက်လို့နေသည်။ ဘာရယ်ကြောင့်မသိဘဲ ထိုအရာသည် ပျော်ဝင်သွားခြင်းမရှိခဲ့။ သို့သော်လှုပ်ရှားမှုကားမရှိတော့။
အမြုတေသည် ဤကဲ့သို့ရပ်တန့်နေမည်ဆိုပါလျင် သူအကြောင်းစဉ်းစားရန်မလိုတော့ပေ။ သို့သော် သူ၏ ကျင့်ကြံမှုချီဓာတ်အတွင်းအားမှာ အဆင့်ခြောက်သို့ရောက်ရှိနေပြီး သူ့ခေါင်းထဲတွင် တစီတစီမြည်သံများကြားနေရသည်။ ထိုအခိုက်မှာပင် အမွေအနှစ်ပစ္စည်းအချို့၏ မပီပြင်သောဆွဲဆောင်မှုတစ်ခုကိုခံစားလိုက်ရသလိုပင်။ ယင်းသည် မိစ္ဆာအမြုတေစီမှထွက်လာပုံရပြီး သူ့စိတ်ထဲတွင် သံမှိုဆွဲရိုက်ထားသကဲ့သို့ဖြစ်နေ၏။
ဤအရာသည် မိုးနဂါးကြီး က သူ၏ အားနည်းသောသားပေါက်ငယ်လေး အတွက်ချန်ထားရစ်ခဲ့သော သွေးသားအမွေအနှစ်ဖြစ်ရပေမည်။ သူ သေခြင်းအဖြစ်သို့ရောက်ရှိသောအခါ အမွေအနှစ်ကိုအမြုတေထဲသို့ ပေါင်းစပ်ပးလိုက်သည်။ မြွေမိစ္ဆာကြီးသည် ၎င်းအရေခွံလဲပြီးနောက် ထိုအမြုတေကိုဝါးမျိုရမည်ဖြစ်သည်။ ဝမ်တန်ဖေးသည် ထိုအမြုတေနှင့် သွေးချင်းဆက်သွယ်မှုကို ပိုင်ဆိုင်သောကြောင့် လောဘတက်ကာလိုချင်ခြင်းဖြစ်သည်။ စိတ်မကောင်းစွာပင် မန်ဟိုကအရင်ရသွားခဲ့သည်မဟုတ်ပါလော။
တစ်ခါက မန်ဟိုသည် ထူးဆန်းသော အိမ်မက်တစ်ခုကိုမက်နေ၏။ သူသည် ကောင်းကင်ပေါ်၍၌ပျံသန်းနေပြီး ကောင်းကင်ကိုပြစ်တင်မာန်မဲနေလေ၏။ မြေပြင်ကမ္ဘာသည်လည်း တုန်လှုပ်ရိုက်ဟည်းနေပြီး ပြင်းထန်သောလေများ၊ တိမ်တိုက်များကလည်း သူ့ဘေးတွင်ဝန်းရံနေသည်။ သူသည် ကောင်းကင်၏အရှင်သခင် ဖြစ်နေပြီး သားရဲပျံကြီးများက သူ့ကိုကြည့်နေလိုက်ကြပြီးဆက်မပျံဝံ့တာ့ပဲ တုန်တုန်ယင်ယင်ဖြစ်နေကြသည်။ အားလုံးကသူကို ခစားဝယနေကြသည်။
သူသည် ကောင်းကင်ဘုံ၏ ဥသျှောင်၊ အရွေးချယ်ခံတစ်ဦး၊ သတ္တဝါအားလုံး၏ အပူဇော်ခံဖြစ်နေ၏။ အလွန်ကြာညောင်းပြီဖြစ်သော ရှေးဟောင်းခေတ်၌ ဖြစ်ဟန်တူသည်။
ထိုသို့ကောင်းကင်၌ ပျံသန်းနေရသောခံစားချက်က မန်ဟိုအဖို့ရူးသွပ်လောက်သည်။ သူအနေဖြင့်ထိုခံစားချက်ကို အလွန်ပဲနှစ်သက်သည်။ သူဟာအချိန်အတန်အကြာပျံသန်းနေခဲ့ပြီး ရက်စက်ကြမ်းကြုတ်သောသားရဲကြီးမြောက်များစွာကလည်း သူကိုကြောက်ရွံနေကြ၏။ မြေပြင်ပေါ်ရှိမြောက်များလှစွာသော လူအများကလဲ ဝမ်းလျားမှောက်ခါသူအားရှိခိုး ကိုးကွယ်ကြကုန်၏။
လေများနှင့် ကမ္ဘာကြီးသည် သူ၏အောက်တွင်ရှိနေပြီး ကောင်းကင်ဘုံကသူ၏အလိုကို လိုက်ဆောင်နေရ၏။
ထို့နောက် သူသည်ရေအိုင်တစ်အိုင်သို့ရောက်ရှိနေပြီး သူ၏ခေါင်းကိုအောက်သို့ငုံပြီး သူ့ကိုယ်သူပြန်၍ကြည့်လိုက်သည်။ သူသည်နဂါးတစ်ကောင်ဖြစ်နေပြီး မီတာသောင်းနှင့်ချီရှည်လျားသည်။ သူ့တွင် တစ်ဖက်လျင် မီတာထောင်ပေါင်းများစွာရှည်လျားသည့် အလွန်ကြီးမားသော တောင်ပံကြီး ၂ဖက်ရှိနေသည်။
သူသည် ကမ္ဘာကြီးကိုဖန်ဆင်းနိုင်သည့် မယုံနိုင်လောက်သောစွမ်းအားများပိုင်ဆိုင်ထားသည်။
သူ၏ဦးခေါင်းများက ရက်စက်ကြမ်းကြုတ်၍ကောက်မက်ဖွယ်ကောင်းပြီး အမြီးမှာမယုံနိုင်လောက်အောင်ရှည်လျားလွန်းလှသည်။ ၎င်းတို့ကိုအတူတကွပါင်းစပ်လိုက်လျင် အတိုင်းအစမဲ့သောမြင့်မြတ်ခြင်းများ က မန်ဟို၏စိတ်ထဲသို့ လျှပ်လက်သကဲ့သို့စီးဝင်လာသည်။
သူ၏ညဏ်အလင်းများပွင့်သွားပြီး အသံကကျယ်လောင်စွာထွက်လာသည်။
“ငါက ရှေးအတိတ်တစ်ချိန်တုန်းက မိုးနဂါးပျံကြီးတစ်ကောင်ပဲ” သူ့စိတ်ထဲ၊ သူ၏ကမ္ဘာထဲတွင် ထိုအရာကကြီးစိုးနေလေပြီး ကတုန်ကယင်ဖြစ်နေသည်။ အားလုံးသော သားရိုင်းသတ်တ္တဝါကြီးများက အော်ဟစ်ဟိန်းလိုက်ကြ၏။ ရှေးဟောင်း မိုးနဂါးပျံကြီး၏ ချီဓာတ်များ၊ သွေးကြောများသည် ဟိုးရှေးအတီကာလထဲက ကမ္ဘာမြေပေါ်မှပျောက်ကွယ်သွားခဲ့ပြီ။ သို့သော် တစ်ချို့သော သားမြေးစဉ်ဆက်ကတော့ကျန်ရှိနေသေး၏။ သူတို့အားနည်းကောင်းနည်းနေပေလိမ့်မည် သို့သော် အမွေခံကတော့ ရှိနေဆဲပဲ။
ထိုအချိန်မှာပင် မှီခိုရာဂိုဏ်း၏ အရှေ့ဘက်တောင်တော်ရှိ ကျင့်ကြံခြင်းဂူထဲတွင် ဝမ်တန်ဖေး၏ မျက်နှာမှာ မည်းသည်းနေ၏။ သူ၏အမျက်ဒေါသများက သူ့ကိုအရူးတစ်ယောက်ကဲ့သို့ ဖြစ်နေစေသည်။ သူသည်အရူံးကိုရင်ဆိုင်လိုက်ရသော်လည်း သူအနေဖြသ့် လက်ခံရန်ခက်ခဲနေသည်။ အမွေအနှစ် (သို့မဟုတ်) ရန်သူကို အာရုံခံနိုင်ရန်အတွက် သူ၏ သွေးစက်အမှတ်အသားကို သုံးပြီး မည်မျှပင်ကြိုးစား ကြိုးစား အကြောင်းထူးမလာခဲ့ချေ။ ဘာတွေဖြစ်ပျက်နေသလဲ သူမသိပေ။
“မင်းတို့ ရှာတွေ့ခဲ့ပလား” ဝမ်တန်ဖေးက သူရင်ထဲကဒေါသကို ချိုးနှိမ်ရင်း ပြောသည်။ သူ၏ရှေ့တွင်မတ်တပ်ရပ်နေသော လူငယ်ကို လှမ်းကြည့်ရန် ခေါင်းကိုမော့လိုက်၏။ ထိုသူမှာ ရှန်ကွမ်စုန့်နဲ့အတူလိုက်ပါလာသော လူငယ်လေးဖြစ်လေသည်။
***