မာရှောင်းတန့်
Vol. 24 Ch. 328
အခန်း(၃၂၈) - မာရှောင်းတန့်
နေက်တစ်နေ့တွင် သူ့ဖာသာသူထွက်သွားခဲ့သည်။
သူထွက်သွားသည့်နေတွင် ဒေါ်လေးမာ၏သား မာချန်းမင်က သူ့ဇနီး ဟွမ်ရှောင်းလျှို့နှင့် သူတို့ရဲ့ လေးနှစ်အရွယ်သားလေးတို့နှင့်အတူ အိမ်ပြန်ရောက်လာခဲ့သည်။
ဦးလေးမာနှင့် ဒေါ်လေးမာတို့ အပျော်လွန်နေခဲ့ကြ၏။
လင်ချင်းဟယ်ကလည်း ဒေါ်လေးမာကို အထူးခွင့်ရက်တစ်ရက်ပေးလိုက်ပြီး ကျိုးခိုင်ကို ဖက်ထုပ်ဆိုင်တွင် သွားကူညီခိုင်းလိုက်သည်။
အလုပ်ကပြန်လာချိန်တွင် လင်ချင်းဟယ်က သကြားလုံးတစ်အိတ် ယူလာပြီး သွားလည်သည်။
သူတို့က အိမ်နီးချင်းတွေ မဟုတ်ပေဘူးလား။ ထို့အပြင် သူမက ဦးလေးမာ၊ ဒေါ်လေးမာတို့နှင့် ဆက်ဆံရေးကောင်းသည်။ ထို့ကြောင့် သူမသွားလည်သင့်သည်ဟု ထင်သည်။
ဒေါ်လေးမာ၏သား မာချန်းမင်က သိမ်မွေ့ပြီး ပညာတတ်ပီသသည်။ သူက ကျေးရွာဘက်တွင် ဆယ်နှစ်ကျော်ကြာနေခဲ့ရပြီး နူးညံ့သောပုံစံမှာ အနည်းငယ် ကြမ်းတမ်းသွားခဲ့ရသည်။ သို့သော်လည်း သူ့အရှိန်အဝါက ရှိနေဆဲ။ သူကငယ်ရွယ်နေပါသေးသည်။
သူ့ဇနီး ဟွမ်ရှောင်းလျှို့က အားနည်းပုံပေါက်သည်။ ကြည့်လိုက်ရုံနှင့် သူမက အလွန်ရိုးသားမှန်း သိနိုင်သည်။ ကလေးလေးကတော့ သွက်လက်သည့်ပုံပင်။
အသက်လေးနှစ်အရွယ်တွင် အသားကညိုမည်းလွန်းလှသည်။ ကျေးရွာဘက်တွင် အပြင်ခဏခဏထွက်မှန်း သိသာလို့နေသည်။
ကျိုးခိုင်နှင့် သူ့ညီတွေလည်း ကလေးအရွယ်တုန်းက ဒီလိုပဲဖြစ်ကြသည်။
"နင် လာရင်ရပါပြီ။ သကြားလုံးတွေ ယူလာစရာမလိုပါဘူး။" ဟု ဒေါ်လေးမာက နှစ်ဖက်လူများကို မိတ်ဆက်ပေးပြီးပြောလိုက်သည်။
"ကျွန်မတူလေးအတွက် သကြားလုံးတစ်အိတ်က အဲ့လောက်အဖိုးမတန်ပါဘူးရှင်။" ဟု လင်ချင်းဟယ်က ပြုံးကာပြန်ပြောလိုက်သည်။
"ကျွန်တော့်မိဘတွေ ဒီမှာနေတုန်း သူတို့ကို ကြည့်ရှုစောင့်ရှောက်ပေးထားတဲ့အတွက် ဆရာမလင်းကို ကျေးဇူးတင်ပါတယ်ဗျာ။" ဟု မာချန်းမင်က လင်ချင်းဟယ်ကို ပြောလိုက်သည်။
လင်ချင်းဟယ်က ပြုံးလိုက်ပြီး "တကယ်တမ်း ကြည့်ရှုစောင့်ရှောက်တယ်ပေးတာက ဦးလေးမာနဲ့ ဒေါ်လေးမာတို့ကမှ ကျွန်မတို့ကို ကူညီပေးခဲ့တာပါ။ အဲ့ဒီအကြောင်းတွေ ဆက်မပြောကြရအောင်။ ရှေ့လျှောက်လည်း အချင်းချင်း ဂရုစိုက်ဖို့ အချိန်တွေရှိဦးမှာပဲကို။" ဟု ပြောလိုက်သည်။
မာချန်းမင်က ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။
သူ့ဇနီး ဟွမ်ရှောင်းလျှို့ကတော့ သူစိမ်းကြောက်တတ်သည်။ ထို့ကြောင် ပြုံးကာထိုင်နေပြီး ဘာမှဝင်မပြောပေ။
လင်းချင်းဟယ်သည် သူတို့နှင့်ဆုံဖူးပြီ ဖြစ်သဖြင့် စကားအနည်းငယ်ပြောပြီးသွားသောအခါ သူတို့အား မနှောင့်ယှက်တော့ပါ။
"ဆရာမလင်းနဲ့ ဘော့စ်ကျိုးတို့က အရမ်းသဘောကောင်းတာ။ အမေတို့ကို အများကြီး ကူညီပေးခဲ့တယ်။ သူတို့ကလေးသုံးယောက်ကလည်း အရပ်ကြီးတွေလည်းရှည်လို့ အရမ်းလည်း တော်ကြတဲ့ ကလေးတွေပါ။ တန့်တန့်လေးသာ သူတို့ညီအစ်ကိုတွေလိုမျိုး ကြီးပြင်းလာနိုင်ရင် အမေနဲ့ မင်းအဖေတို့ ဘိုးဘေးတွေကို ပြုံးပြုံးကြီး သွားတွေ့နိုင်ပါပြီကွယ်။" ဟု ဒေါ်လေးမာက ပြောလိုက်သည်။
"အမေ အဲ့လိုစကားတွေမပြောပါနဲ့။ အမေက ငယ်ပါသေးတယ်။" ဟု မာချန်းမင်က ပြန်ပြောလိုက်သည်။
"ဒီလောက် ခရီးအရှည်ကြီးလာခဲ့တော့ ပင်ပန်းနေကြမှာပေါ့။ မင်းအဖေနဲ့အတူ ရေချိုးအိမ်မှာ ရေသွားချိုးပြီး ပြန်လာနားလိုက်။ မနက်ဖြန်ကျရင် မင်းအဖေနဲ့အတူ အလုပ်ကိုသွားဖို့ အချိန်ရောက်ပြီ။" ဟု ဒေါ်လေးမာက ပြောသည်။
ဦးလေးမာက သူ့သားနှင့် သူ့မြေးတို့ကို ရေချိုးအိမ်ကို ခေါ်သွားပြီး ဒေါ်လေးမာက သူ့ချွေးမ ဟွမ်ရှောင်းလျှို့ကို ရေချိုးအိမ် ခေါ်သွားလိုက်သည်။
ကိုယ်လက်သန့်စင်ပြီးသည့်နောက်တွင် ဒေါ်လေးမာက ဟွမ်ရှောင်းလျှို့ကို ဖက်ထုပ်ဆိုင်ထံခေါ်သွားပြီး ပြောလိုက်သည်။ "ဒါ အမေ အလုပ်လုပ်တဲ့နေရာလေ။ အိမ်မှာ တစ်ခုခုဖြစ်ရင် အမေ့ကို ဒီမှာလာရှာလိုက်။ လမ်းကလည်း ရှာရလွယ်ပါတယ်။ ဒီလမ်းတိုင်းတည့်တည့် ဆင်းလာပြီး ဘယ်ဘက်လှည့်လိုက်။ ဒါဆို ဖက်ထုပ်ဆိုင်ရောက်ပြီ။”
"ဟုတ်" ဟွမ်ရှောင်းလူက နှုတ်ခမ်းကိုစုကာ ပြောလိုက်သည်။ သူ့လေသံက ကျေးလက်ဒေသလေသံပါနေသည်။ သူမသည် ဒါကို သတိထားမိပုံပေါ်သဖြင့် သူမမျက်နှာက ရှက်ရွံ့သည့်ပုံပေါ်နေသည်။
ဒေါ်လေးမာက အာရုံသိပ်မထားဘဲ သူမကို အိမ်ပြန်ခေါ်လာခဲ့သည်။ ခဏကြာသောအခါ ဦးလေးမာ၊ သူ့သားနှင့် သူ့မြေးတို့ အိမ်ပြန်ရောက်လာကြသည်။
ညစာစားပြီးသွားကြသောအခါ မိသားစုအား အခန်းတွင်ပြန်နားခိုင်းလိုက်ကြသည်။
နောက်တစ်နေ့မနက်အစောပိုင်းတွင် ဦးလေးမာက မာချန်းမင်ကိုခေါ်သွားပြီး အလုပ်လွှဲပေးလိုက်သည်။ သူ့သားကို ရက်အနည်းငယ် သင်ပေးလိုက်ပြီးသောအခါ တာဝန်လုံးဝ လွှဲပေးနိုင်ခဲ့သည်။
ဒေါ်လေးမာကတော့ ဖက်ထုပ်ဆိုင်တွင် အလုပ်သွားလုပ်သည်။ မနေ့က သူ့သားနှင့်ဇနီးတို့ မြေးတို့ပြန်လာကြသဖြင့် လင်းချင်းဟယ်က ခွင့်တစ်ရက်ပေးခဲ့ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် သူမ ဒီနေ့ အလုပ်ပြန်ဆင်းရမည်။
ပြီးတော့ သူ့သားပြန်ရောက်လာပြီဖြစ်သဖြင့် ဒေါ်လေးမာတစ်ယောက် တက်ကြွလို့နေသည်။
သူမ နေ့လည်ခင်း အိမ်ပြန်ရောက်တော့ သူ့မြေးလေးက အနည်းငယ် ဝမ်းနည်းနေသည့်ပုံဖြင့် တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ။" ဟု ဒေါ်လေးမာက ချက်ချင်းမေးလိုက်သည်။
"ဘွားဘွား၊ သား အပြင်ထွက်ကစားချင်လို့ အမေက မကစားခိုင်းဘူး။" မာရှောင်းတန့်က မန်ဒရင်းဘာသာစကားဖြင့် ပြောလိုက်သည်။
သူက အသက်လေးနှစ်အရွယ်သာ ရှိသေးသော်လည်း ဒေသိယစကားနှင့် မန်ဒရင်းဘာသာစကားကို ပြောနိုင်နေလေပြီ။ အားလုံးကို အဖေဖြစ်သူက သင်ပေးထားခြင်းဖြစ်၏။
သူ့အမေလည်း သူတို့နှင့်အတူ သင်ခဲ့သည်။ သို့သော်လည်း သားဖြစ်သူက အမှီလိုက်နိုင်သော်လည်း အမေဖြစ်သူက အမှီမလိုက်နိုင်ခဲ့ပေ။
"တန့်တန့်" ဟွမ်ရှောင်းလျှို့က နှုတ်ခမ်းစူသွားပြီး သူမရဲ့ သားလေးက အထွန့်တက်နေတာကို ဟန့်လိုက်သည်။
မာရှောင်းတန့်က နှုတ်ခမ်းစူပြီး ခေါင်းငုံ့သွားသည်။
ဒေါ်လေးမာက သူ့ချွေးမကိုကြည့်ကာ ပြောလိုက်၏။ "ကလေးတွေက ဒီလိုပါပဲကွယ်။ သူတို့ ဒီအတိုင်း အိမ်မှာပဲ ဘယ်ထိုင်နေနိုင်ပါ့မလဲ။ သူ ကစားချင်တယ်ဆိုလည်း သူ့ကိုအောက်ဆင်းပြီး ကစားခိုင်းလိုက်ပါ။ သမီးလည်း ဘေးကနေ ကြည့်နေလို့ရတာပဲ။"
သာမန်အားဖြင့် သူ့ချွေးမက ဒီကို ရောက်ခါစမို့လို့ နေသားမကျသေးမှန်း သိနေသည်။
"တန့်တန်းလေး အနိုင်ကျင့်ခံရမှာဆိုးလို့ပါ။" ဟု ဟွမ်ရှောင်းလျှို့က နှုတ်ခမ်းကိုက်ကာ ပြောလိုက်သည်။
"ကလေးတွေပဲကို ဘယ်လိုလု ပ်အနိုင်ကျင့်ခံရမှာလဲ။ တော်ပြီ၊ တော်ပြီ၊ ခဏနေပြန်ရင် အမေ သူ့ကို ဖက်ထုပ်ဆိုင် ခေါ်သွားလိုက်မယ်။" ဟု ဒေါ်လေးမာက ဆုံးဖြတ်လိုက်သည်။
မာရှောင်းတန့်ရဲ့ မျက်လုံးတွေက တောက်ပသွားသည်။ ဟွမ်ရှောင်းလျှို့လည်း အနည်းငယ်စိုးရိမ်သွားပြီး "သူဌေးက လက်ခံပါ့မလားဟင်။" ဟု မေးလိုက်သည်။
"လက်ခံမှာပါ" ဒေါ်လေးမာက ကျိုးချင်းပိုင်နှင့် လင်ချင်းဟယ်တို့၏ စိတ်ကိုသိသဖြင့် သူ့မြေးကိုပြောလိုက်သည်။ "ဘွားဘွားတို့ ဖက်ထုပ်ဆိုင်ကို သွားကြမယ် ဒါပေမယ့် မြေးလေး ဆိုးပြီး ပြဿနာရှာလို့တော့ မရဘူးနော် နားလည်လား မဟုတ်ရင် နောက်တစ်ခါ ခေါ်မသွားဘူးနော်"
"နားလည်ပါပြီ။ သား ဆိုးလည်းမဆိုးဘူး။ ပြဿနာလည်း မရှာပါဘူး။" ဟု မာရှောင်းတန့် ချက်ချင်းပဲ ကတိပေးလိုက်သည်။
တစ်နေကုန် အိမ်ထဲတွင် ပိတ်လှောင်ခံထားရသဖြင့် သူ ဘယ်လိုလုပ် တောင့်ခံနိုင်ပါမည်နည်း။ သူလေးက ကျေးရွာတွင် လျှောက်သွားရင်း ကြီးပြင်းလာခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် နေ့လည်ခင်း လေးနာရီအချိန်တွင် ဖက်ထုပ်ဆိုင်သို့ အဘွားဖြစ်သူနှင့် လိုက်လာခဲ့၏။
ကျိုးချင်းပိုင်က သူ့ကိုမြင်သောအခါ ဖက်ထုပ်အချို့ ပြုတ်ကျွေးလိုက်သည်။
"မလိုပါဘူးကွယ်။ သူ အိမ်မှာ မနေချင်ဘူးဆိုလို့ပါ။ ဒေါ်လေး အိမ်ပြန်သွားတော့ အဲ့လိုဖြစ်နေတာနဲ့ ဒီကိုခေါ်လာဖို့ လုပ်လိုက်တာ။ သူ့ကို ဖက်ထုပ် ကျွေးစရာ မလိုပါဘူး။ အိမ်ပြန်ရောက်မှ စားလိမ့်မယ်။" ဟု ဒေါ်လေးမာက အလျှင်အမြန်ငြင်းဆန်လိုက်သည်။
"ဖက်ထုပ်မုန့် နည်းနည်းလေးနဲ့ ဘာမှမဖြစ်ပါဘူးဗျာ။" ကျိုးချင်းပိုင်က စိတ်ထဲမထားပါ။
မာရှောင်းတန့်က ဦးလေးဖြစ်သူကို ပြုံးပြလိုက်သည်။ သူ့အဘွားလည်း ဆက်ပြီး မကန့်ကွက်တော့သဖြင့် သူက ပန်းကန်လုံးကိုကိုင်ပြီး အရသာရှိသော ဖက်ထုပ်များကို စားလိုက်တော့သည်။
စားသောက်ပြီးသွားသောအခါတွင်လည်း လိမ်လိမ်မာမာနေသည်။ သူ့အဘွားဘေးတွင် ဖန်ဂေါ်လီလုံးသုံးလုံးဖြင့် ကစားနေ၏။ သူ ကျေးရွာမှယူလာသော ဂေါ်လီလုံးများ ဖြစ်ကြသည်။ သူ့အဖေက သူ့အတွက် ဝယ်ပေးခဲ့ခြင်း ဖြစ်သည်။ သူ ထိုဂေါ်လီလုံးများကို အလွန်သဘောကျနှစ်သက်ပါသည်။
ကျိုးကွေ့လိုင်တစ်ယောက် အတန်းပြီးသွားပြီး ပြန်ရောက်လာတော့ သူ့ကို တွေ့သွားသည်။ တွေ့တွေ့ချင်း ပျော်ရွှင်သွားပြီး "အဲ့လိုမချိန်ရဘူးကွ။ ဒီလိုချိန်ရတယ်။" ဟု ပြောလိုက်သည်။
သူက နမူနာ ပစ်ပြလိုက်ပြီး ထိမှန်သွားသည်။ မာရှောင်းတန့်က သူ့ကို တလေးတစား ကြည့်လိုက်သည်။ အဝေးကြီးဖြစ်သော်လည်း ကျိုးကွေ့လိုင်က ဂေါ်လီလုံးကို ထိအောင် ပစ်နိုင်သောကြောင့်ပင်။ အံ့သြစရာကောင်းလှပါသည်။
"ဘာမှမဟုတ်ပါဘူးကွာ။ ငါတို့ရွာမှာဆိုရင် ငါတို့ဂေါ်လီလုံးနဲ့ကစားခဲ့တုန်းက ငါလက်အတည့်ဆုံးကွ။" ကျိုးကွေ့လိုက်က ကြွားလိုက်ပြီး ဒေါ်လေးမာဘက်သို့ လှည့်လိုက်သည်။ "အဘွားမာ၊ ဒါအဘွားမြေးလား။ သူ့နာမည် ဘယ်လိုခေါ်လဲ။"
"ဟုတ်တယ်ကွဲ့။ သူ့အိမ်နာမည်က မာရှောင်းတန့်။ နာမည်အရင်းကတော့ မာယွိလင်တဲ့။" ဟု ဒေါ်လေးမာက ပြုံးကာ ပြန်ဖြေလိုက်သည်။
"သူ ကြီးပြင်းလာတဲ့အခါကျရင် သေချာပေါက် ထူးချွန်မယ့် ကောင်လေးပဲ။" ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။
ဒေါ်လေးမာက ပြုံးလိုက်ပြီး "ခပ်ဆိုးဆိုးကောင်လေးပါကွယ်။ အိမ်မှာ တစ်ရက်လေးတောင် အငြိမ်မနေနိုင်လို့ အပြင်ခေါ်လာခဲ့ရတယ်။"
"ဟုတ်တာပေါ့။ သူ ဘယ်နေနိုင်ပါ့မလဲ။ အိမ်မှာ ဘာမှလုပ်စရာမှမရှိတာ။ သူ အပြင်ထွက်ပြီး ကစားရမှာပေါ့။ လူတွေက အိမ်မှာ အကြာကြီးနေရင် တုံးသွားတတ်တယ်။" ဟု ကျိုးကွေ့လိုင်က ဗဟုသုတကြွယ်သယောင်ယောင် ပြောလိုက်သည်။ ထို့နောက် မာရှောင်းတန့်ကို မေးလိုက်သည်။ "ရှောင်းတန့်၊ မင်း ဗိုက်ဆာနေပြီလား။ ဖက်ထုပ် စားချင်လား။"
"သူ စားပြီးပြီ။ သူ စားပြီးပြီ။" ဟု ဒေါ်လေးမာက ဆက်တိုက်ပြောလိုက်သည်။
"သား တစ်ပန်းကန် ထပ်စားနိုင်ပါသေးတယ်။" ဟု မာရှောင်းတန့်က ပြန်ဖြေလိုက်သည်။
"ငါ မင်းကို နှစ်ပန်းကန်လောက် ထပ်ကျွေးနိုင်ပါတယ်ကွ။" ကျိုးကွေ့လိုင် ပျော်ရွှင်သွားပြီး သူကိုယ်တိုင် ဖက်ထုပ်တစ်ပန်းကန် သွားချက်လိုက်သည်။ နေ့လည်ခင်း ကိုယ်ခန္ဓာလှုပ်ရှားမှုအတန်းတွင် ဘောလုံးကစားခဲ့ရသဖြင့် သူ ဗိုက်ဆာနေပြီ။ သူ ချက်ပြုတ်ပြီးသွားသောအခါ မာရှောင်းတန့်ကို ဇွန်းတစ်ချောင်းတစ်ချောင်းပေးကာ သူလည်း တစ်ချောင်းယူပြီး "မင်း ကုန်ရင်ပြော၊ ငါ ထပ်ယူပေးမယ်။" ဟု ပြောလိုက်သည်။