← Chapters

ရလဒ်များထွက်လာပြီ

Vol. 24 Ch. 329

ရလဒ်များထွက်လာပြီ

Vol. 24 Ch. 329

အခန်း(၃၂၉) - ရလဒ်များထွက်လာပြီ

မာရှောင်းတန့်တစ်ယောက် အလွန်ပျော်ရွှင်သွားခဲ့သည်။ သူ့ဖန်ဂေါ်လီလုံးများကို သိမ်းလိုက်ပြီး အနားရောက်လာသည်။

မာရှောင်းတန့်၏ ညစ်ပတ်နေသောလက်များကို ကျိုးကွေ့လိုင် မြင်သွားသောအခါ "မင်းလက်တွေကို အရင်ဆေးလိုက်ဦး။ မဆေးရင် ဗိုက်ထဲကို သန်ကောင်တွေ ရောက်လာလိမ့်မယ်။" ဟု ပြောလိုက်သည်။

မာရှောင်းတန့်သည် အရင်က သန်ကောင်တွေ ရှိဖူးသည်။ ဆေးသောက်ပြီးသွားသောအခါမှသာ ပျောက်သွားခဲ့၏။ သူက ချက်ချင်းစကားနားထောင်ပြီး လက်တွေကို ဆေးလိုက်သည်။ ပြီးခါမှ သူ့အစ်ကိုကြီးနှင့် ဖက်ထုပ် လာစားသည်။

ဒေါ်လေးမာက အလွန်အမင်း ကျေနပ်သွားပြီး ပြောလိုက်သည်။ "ဒါ မင်းအစ်ကိုကြီးပဲ။ အခုချိန်ကစပြီး သူ့ကို အစ်ကိုကြီးလို့ခေါ်နော်။"

"အစ်ကိုကြီး" မာရှောင်းတန့်က ကျိုးကွေ့လိုင်ကို ကြည့်လိုက်သည်။

ကျိုးကွေ့လိုင် ပြုံးလိုက်ပြီး "ဟုတ်တယ်၊ ငါက မင်းအစ်ကိုကြီးပဲ။ အခုချိန်ကစပြီး ညနေပိုင်းကျရင် ငါ့အိမ်မှာ တီဗီလာကြည့်လို့ရတယ်။ ငါ့ကို အစ်ကိုကြီးလို့ခေါ်။" ဟု ပြောလိုက်သည်။

"အစ်ကိုကြီး တီဗီကကြည့်လို့ကောင်းလားဟင်။" မာရှောင်းတန့်က မေးလိုက်သည်။

"ဒါပေါ့၊ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ဒီနေ့ည မင်းလာကြည့်ရင် သိပါလိမ့်မယ်။" ဟု ကျိုးကွေ့လိုင်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

ဒေါ်လေးမာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ပန်းကန်သွားဆေးလိုက်သည်။ ကောင်လေးနှစ်ယောက်ကို စားသောက်စကားပြောခိုင်းရင်း ထားခဲ့လိုက်သည်။

လင်ချင်းဟယ်နှင့် သူ့သားကြီးတို့ ညစာစားဖို့ရောက်လာကြသည်။ အဘိုးဝမ်ကတော့ ရောက်မလာခဲ့ပါ။

အချိန်ကျလာသောအခါ ဒေါ်လေးမာက မာရှောင်းတန့်ကို အိမ်ပြန်ခေါ်သွားသည်။ ကျိုးကွေ့လိုင်ပြောပြသော တီဗီဆိုသည့်အရာကို မာရှောင်းတန့် အလွန်စိတ်ဝင်စားသဖြင့် "အစ်ကိုကြီး အိမ်မြန်မြန်ပြန်လာခဲ့နော်။" ဟု မမေ့မလျော့ ပြောခဲ့သေးသည်။

"ပြဿနာမရှိပါဘူး" ကျိုးကွေ့လိုင် လက်ရမ်းပြီး နှုတ်ဆက်လိုက်သည်။

မာရှောင်းတန့် ထွက်သွားသောအခါ ကျိုးကွေ့လိုင်က အရင်အတိုင်းပဲ ထပ်ပူဆာပြန်သည်။ သူ့အမေကို "အမေ အရင်တုန်းကသာ သားကို ညီလေးညီမလေးတစ်ယောက်လောက် မွေးပေးခဲ့ရင် ဒီအရွယ်လောက် ရောက်နေလောက်ပြီ။" ဟု ပြောလိုက်ပါသေးသည်။

"ထင်းနဲ့ ဆန်တွေက စျေးကြီးနေတာ နင်မသိဘူးလား။ နင်တို့ညီအစ်ကိုတွေကိုတောင် တာဝန်ယူဖို့ မလွယ်ကူတာ မသိဘူးလား။" ဟု လင်ချင်းဟယ်က ဒေါသတကြီး တုံ့ပြန်လိုက်သည်။

"သားတို့က ဘယ်လိုလုပ်ပြီး ပြုစုဖို့ ခက်ခဲတာလဲ။ သားတို့အကုန်လုံးက လွတ်လွတ်လပ်လပ် ကြီးပြင်းလာကြတာပဲကို။" ဟု ကျိုးကွေ့လိုင်က ပြန်ပြောသည်။

"လွတ်လွတ်လပ်လပ် ဟုတ်လား၊ ဟုတ်တယ်၊ နှစ်တိုင်း အဝတ်အစားတွေ လုပ်ပေးရတယ်၊ ပြီးတော့ နို့မှုန့်တွေကော၊ မုယောနို့မှုန့်တွေ၊ နို့သကြားလုံးတွေကရော။ နင်တို့ကြီးလာပြန်တော့လည်း ဘောလုံးဝယ်ပေးရတာနဲ့၊ နွားနို့ဝယ်ပေးရတာနဲ့ နေ့တိုင်းကြက်ဥစားရတာနဲ့ သုံးရက်တစ်ခါ ငါးရက်တစ်ခါ အသားစားရတာနဲ့ ပြီးတော့ ကျောင်းပစ္စည်းမျိုးစုံဝယ်ပေးရတာနဲ့..." လင်ချင်းဟယ် သူ့အား တစ်ခုချင်းစီ အကုန်လုံးကို စာရင်းချပြလိုက်သည်။

အထည်ဆိုင်ကိုပိတ်ပြီး ညစာလာစားသည့် ဟူကျစ်နှင့် ရှုရှန့်မိန်တို့ပါ ကြက်သေသေသွားကြသည်။

ကျိုးအာ့နီကတော့ သိပြီးသားဖြစ်သည်။

သူမ စတုတ္ထဒေါ်လေး၏ နေထိုင်မှုပုံစံအတွက် ပြောစရာစကားမရှိပါ။ ကျိုးမိသားစုကြီး၏ ကလေးတွေသာမက ရွာထဲက ကလေးများကပါ ကျိုးခိုင်နှင့် သူ့ညီကိုများကို မနာလိုဖြစ်ကြသည်။

သို့သော်လည်း ဟူကျစ်နှင့် ရှုရှန့်မိန်တို့ မသိခဲ့ပါ။ ထိုအချိန်တွင် သူတို့ဒေါ်လေး ရွတ်သွားသည့် ပစ္စည်းများမှာ တန်ဖိုးကြီးလှသည်။

လင်ချင်းဟယ်က ငွေစာရင်းကို တာလီချိုးကာ "ငါတို့ရွာကို မပြောနဲ့ဦး။ ငါတို့မြို့က ရပ်ကွက်ထဲမှာတောင် ကလေးတွေက နင်တို့ညီအစ်ကိုတွေလောက် ကောင်းကောင်းမနေရဘူး။" ဟု ပြောလိုက်သည်။

ကျိုးကွေ့လိုင် နှုတ်ခမ်းတွန့်သွားပြီး မေးလိုက်သည်။ "အရင်တုန်းက သားတို့မိသားစုက အရမ်းချမ်းသာလို့လား။"

"အဲ့ဒီအချိန်တုန်းက ငါတို့မိသားစုက အရမ်းကြိုးစားကြတာ။ အဲ့ဒီအချိန်တုန်းက နင်တို့အဘိုးအဘွားတွေလည်း မိသားစုထဲမရှိသေးဘူး။ မိသားစုတစ်ခုလုံးမှာမှ နင့်အဖေတစ်ယောက်တည်း လယ်ထဲသွားအလုပ်လုပ်ရတာ။ သူ တစ်ယောက်တည်းနဲ့ ငွေဘယ်လောက်ရှာနိုင်မှာလဲ။ အဲ့ဒီအချိန်တုန်းက နင်တို့အဖေရဲ့ပင်စင်ငွေ ယွမ် ရာဂဏန်းလောက်ကြောင့်သာမဟုတ်ရင် နင်တို့ညီအစ်ကိုတွေကို ကျွေးမွေးဖို့တောင် ပြဿနာတက်သွားနိုင်တယ်။ ဒါတောင် နောက်တစ်ယောက် လာမွေးခိုင်းနေတယ်။ ကောင်စုတ်လေး၊ မိဘတွေကို မသနားဘူး။" ဟု လင်ချင်းဟယ်က ပြောလိုက်သည်။

"သနားပါတယ်။ ဘာဖြစ်လို့ မသနားရမှာလဲ။ သားကြီးလာတာနဲ့ သားပဲ အလုပ်တွေလုပ်မယ်။ အဖေနဲ့အမေက ကမ္ဘာပတ်ပြီး ခရီးသွားလိုက်။ သွားချင်တဲ့နေရာသာသွား။ ငွေလိုရင် ထုတ်ပြောနေစရာတောင်မလိုဘူး။ သား လတိုင်း ပို့ပေးမှာ" ဟု ကျိုးကွေ့လိုင်က ချက်ချင်း ကတိပေးလိုက်သည်။

"ဒီလိုမှပေါ့" လင်ချင်းဟယ် ကြားရတာ ကျေနပ်သွားသည်။ ထိုအခါမှ ထပ်ပြီး ပွစိပွစိမလုပ်တော့ဘဲ သူ့သားကို လွှတ်ပေးလိုက်သည်။

"မင်းတို့ငယ်ငယ်လေးတုန်းက ကောင်းကောင်း နေနိုင်ခဲ့တာပဲနော်။" ဟူကျစ်က မနာလိုဖြစ်စွာ မှတ်ချက်ပေးလိုက်သည်။ သူတင်မဟုတ် ရှုရှန့်မိန်မျက်နှာကလည်း မနာလိုမှုများနှင့် ပြည့်နှက်နေသည်။

"အားလုံး အတိတ်မှာ ကျန်ခဲ့ပါပြီ။" ဟု ကျိုးခိုင်က ရယ်မောကာ ပြောလိုက်သည်။

သို့သော်လည်း သူတို့ငယ်ဘဝအတွက် ပြောစရာ စကားလုံးမရှိမှန်း သူသိပါသည်။ မည်သူမဆို သူတို့နှင့် လာမယှဥ်နိုင်ပါ။

မိိသားစု ညစာစားပြီးနောက်တွင် ကျိုးချင်းပိုင် ပြောလိုက်သည်။ "ဆိုင်ကိုကြည့်ထားဦး" ရှစ်နာရီမထိုးသေး။ သူ့မိန်းမနှင့် ရုပ်ရှင် သွားကြည့်မလို့ဖြစ်သည်။

ဖက်ထုပ်ဆိုင်က ၈ နာရီခွဲဝန်းကျင်တွင် ဆိုင်ပိတ်သည်။ အရမ်းနောက်မကျပါ။

လင်ချင်းဟယ်လည်း စိတ်ပျော်နေပြီး ကျိုးချင်းပိုင်နှင့်အတူ ရုပ်ရှင်ရုံသို့သွားခဲ့၏။

"ငါ့မိဘတွေတော့ ရုပ်ရှင်သွားကြည့်ကြပြန်ပြီထင်တယ်။ သူတို့က တကယ်ပဲ အချင်းချင်း ဘယ်လိုချစ်ရမှန်းကိုသိပြီး ဘဝကို ပျော်ပျော်နေတတ်ကြတာပဲ။" ဟု ကျိုးကွေ့လိုင် စိတ်ခံစားချက်ကြီးစွာဖြင့် ပြောလိုက်သည်။

တကယ်ပါ။ သူ့မိဘများကဲ့သို့ လူမျိုးတစ်ခါမှ မမြင်ဖူးခဲ့ပါ။ ညီအစ်ကိုများ ဒီအရွယ်အထိ ရောက်လာပြီ ဖြစ်သော်လည်း သူတို့လင်မယား ဆက်ဆံရေးက ကောင်းမွန်နေဆဲဖြစ်သည်။ ရက်အနည်းငယ်တိုင်း သူတို့နှစ်ယောက် ရုပ်ရှင်ထွက်ကြည့်ကြပြီး သူတို့အား နှောင့်ယှက်ခွင့်မပေးပါ။

ပျော်ပျော်နေတတ်ကြပေသည်။

"မင်းတို့တွေပြန်ကြတော့လေ။ ငါတစ်ယောက်တည်း စောင့်နေလို့ရတယ်။" ဟု ကျိုးခိုင်က လက်ရမ်းပြလိုက်သည်။

ကျိုးကွေ့လိုင်က ဟူကျစ်နှင့် ရှုရှန့်မိန်တို့နှင့်အတူ အိမ်ပြန်ကာ ရုပ်ရှင်ကြည့်ကြသည်။ ကျိုးအာ့နီကတော့ ကူညီပေးရန် ဆိုင်တွင် နေခဲ့သည်။

"အာ့နီ ညကျရင် ပူလား။" ဟု ကျိုးခိုင်က မေးလိုက်သည်။

"မပူပါဘူး။ ပန်ကာနဲ့ အေးနေတာပဲ။" ဟု ကျိုးအာ့နီက ပြန်ဖြေလိုက်သည်။

ဖက်ထုပ်ဆိုင်တွင်လည်း ပန်ကာတစ်လုံးရှိသည်။ မနက်ပိုင်းတွင် ဖက်ထုပ်ဆိုင်မှာ အသုံးပြုပြီး ညပိုင်းရောက်လျှင် ဒုတိယထပ်တွင် သူတို့အဖို့ အသုံးပြုသည်။

သူတို့နေထိုင်မှုဘဝတွင် ချို့ယွင်းချက်ဟူ၍ မရှိပါ။

ကျိုးအာ့နီ ပန်းကန်များနှင့် တူများကို ဆေးလိုက်ပြီး စာအုပ်ပြန်ဖတ်နေလိုက်သည်။

သူမ တတိယတန်းရောက်ပြီ ဖြစ်သော်လည်း စာလုံးအနည်းငယ်သာ သိသေးသည်။ စတုတ္ထဒေါ်လေးက အချိန်အားလျှင် စာဖတ်နေရန် ပြောသည်။ သူမ မသိသော စာလုံးတွေ့ပါက မေးရန်လည်းပြော၏။

ဒီနှစ် သူမရောက်လာကတည်းက စာအုပ်များ ဖတ်ဖြစ်နေသည်။ ယခုတော့ စာအုပ်ထဲတွင် သူမ မသိသည့်စကားလုံးကို ရှာတွေ့ဖို့ ခက်ခဲနေပြီ။ တစ်ချို့တစ်ဝက်တော့ ရှိနေသေးသော်လည်း နည်းပါးလွန်းပါသည်။

ကျိုးခိုင်ကလည်း သူ့စာအုပ်သူဖတ်နေသည်။ ရှစ်နာရီခွဲသွားပြီဖြစ်ပြီး ချိန်းတွေ့ကာ ဖက်ထုပ်မုန့်လာစားကြသော လူနှစ်ယောက်လည်း စားပြီးသွားကြလေပြီ။ ကျိုးခိုင် ဆိုင်ပိတ်လိုက်၏။

ကျိုးအာ့နီကို အိမ်တွင် တီဗီကြည့်ရန်ခေါ်လာခဲ့သည်။ ခဏနေလျှင် သူမနှင့် ရှုရှန့်မိန်တို့ကို ဖက်ထုပ်ဆိုင်သို့ ပြန်ပို့ရမည်ဖြစ်သည်။

လင်ချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ရုပ်ရှင်ကြည့်ပြီးကြပြီး အိမ်ပြန်ကြသောအခါ အတော်ပင် နောက်ကျနေလေပြီ။

သူတို့နှစ်ယောက် ရပ်ကွက်ထဲက လမ်းကြားငယ်လေးတစ်ခုထဲ ဖြတ်သွားတော့ ကျန်းမေ့ဟယ်တစ်ယောက် ယောက်ျားတစ်ဦးကို အပြင်လိုက်ပို့နေသည်ကို တွေ့လိုက်သည်။ ထိုလူက ထွက်မသွားခင် ကျန်းမေ့ဟယ်၏ တင်ပါးကိုပင် ပုတ်သွားသေးသည်။

ကျန်းမေ့ဟယ်က သူတို့လင်မယားနှစ်ယောက်ကို တွေ့သွား၏။ အထူးသဖြင့် ကျိုးချင်းပိုင်ကို ဖြစ်သည်။ သူမ မျက်နှာ ကြက်သေသေသွားသည်။

လင်ချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ပြန်မကြည့်တော့ဘဲ ကျော်သွားလိုက်ကြသည်။ မမြင်ချင်ယောင်ဆောင်လိုက်ကြ၏။ ကျန်းမေ့ဟယ်က နှုတ်ခမ်းကိုကိုက်ပြီး လှည့်ကာ အိမ်ထဲပြန်ဝင်သွားသည်။

"သူမ သင်ခန်းစာ ရလောက်ပြီလို့ ထင်ထားတာ။" ဟု လင်းချင်းဟယ် ထိန်းမထားနိုင်ဘဲ ကျိုးချင်းပိုင်ကို တီးတိုးပြောလိုက်သည်။

ဖောက်သည်များနှင့်တွေ့ရန် ပိုမိုလွယ်ကူအောင် အိမ်မှထွက်လာပြီး တစ်ယောက်တည်းနေတာတော့ မဖြစ်နိုင်လောက်ဘူးလား။

ကျိုးချင်းပိုင် ဘာမှမပြောပါ။ အခြားလူကိစ္စများကို ဝင်ပြောလို့ ဘာရမည်နည်း။

သို့သော်လည်း ဒီနေ့ည လက်ပူးလက်ကြပ်မိသွားသဖြင့် သူမ လုံးဝ မျက်နှာပျက်သွားလောက်သည်။ နောက်ပိုင်း လင်ချင်းဟယ်ကို တွေ့လျှင် ကျန်းမေ့ဟယ်က ရှောင်သွားသည်။

သူမသည် ကျိုးချင်းပိုင်တစ်ယောက်တည်းကို တွေ့လျှင် သူမသည် ထိုလမ်းကို အတင်းအကြပ်ရွေးခဲ့ရသလို ချစ်ဖို့ကောင်းပြီး သနားစရာကောင်းသလို ဟန်ဆောင်သည်။

ခန္ဓာကိုယ်ရောင်းစားနေသော်လည်း နှလုံးသားက စင်ကြယ်သလို ဟန်ဆောင်သည်။

မျက်စိတစ်မှတ်အချိန်အတွင်း လဝက်ကုန်ဆုံးသွားခဲ့ပြီ။

ဇွန်လ အကုန်ပိုင်းတွင် စာမေးပွဲရလဒ်များထွက်လာခဲ့သည်။ ကျိုးရွှမ်းက သူ တက်ချင်သော ပေကျင်းတက္ကသိုလ်ကို ပြဿနာမရှိဘဲ တက်နိုင်ခဲ့သည်။

ရလဒ်များထွက်လာသောအခါ ထိုကောင်လေးက မွေးရပ်မြေတွင်သာ ရှိနေသေးပြီး အိမ်သို့ပြန်မလာသေးပေ။ လင်ချင်းဟယ်ကသာ သူ့သားကို ရလဒ်အကြောင်း အသိပေးခဲ့ခြင်းဖြစ်သည်။

သူ့အစ်ကိုကြီးကို ရွေးချယ်မှုဖောင်ကို ဖြည့်ခိုင်းလိုက်သည်။ သူက ပေကျင်းတက္ကသိုလ်တွင်သာ ပညာသင်မည်။ ကျန်တာ စဥ်းစားစရာမလို။ သူ့ရွေးချယ်မှုဖောင်က ရိုးရှင်းလို့နေသည်။

တစ်ချိန်တည်းမှာပင် သားကြီး ကျိုးခိုင်ကလည်း တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ကြိုဆိုခဲ့သည်။

All Chapters