← Chapters

ဝမ်းနည်းမှု

Vol. 24 Ch. 330

ဝမ်းနည်းမှု

Vol. 24 Ch. 330

အခန်း(၃၃၀) - ဝမ်းနည်းမှု

တက္ကသိုလ်ဘွဲ့သဘင် အခမ်းအနားဆိုသည်မှာ ဘဝတွင် အရေးကြီးသော အဖြစ်အပျက် ဖြစ်သည်။ အထူးသဖြင့် ပေကျင်းတက္ကသိုလ်ရှိ ပထမအသုတ် ကျောင်းသားများ၏ ဘွဲ့နှင်းသဘင် အခမ်းအနားဖြစ်သည်။ လင်ချင်းဟယ် ထိုအခမ်းအနားကို အလွန်အလေးပေးထားသည်။

သူမသည် ဓာတ်ပုံရိုက်ခိုင်းဖို့ ဓာတ်ပုံဆရာတစ်ယောက်ကိုပင် ငှားရမ်းခဲ့သည်။

ကျိုးချင်းပိုင်က ဆိုင်ကို တစ်ရက်ပိတ်ခဲ့သည်။ ဆိုင်တံခါးတွင် ဆိုင်ပိတ်ကြောင်း အသိပေးစာကပ်ထားခဲ့၏။

တစ်မိသားစုလုံး တက်ရောက်ခဲ့ကြသည်။

ဘွဲ့သဘင် ဓာတ်ပုံများရိုက်ခဲ့ကြ၏။ ခုနစ်ပုံရှစ်ပုံလောက်က ကျိုးခိုင်တစ်ယောက်တည်းပုံ ဖြစ်ပြီး ကျန်တာက အုပ်စုပုံများဖြစ်ကြသည်။

အတိုချုံးပြောရလျှင် သက်ဝင်လှုပ်ရှားသော နေ့လေးတစ်နေ့ဖြစ်ခဲ့ပြီး ပြီးဆုံးသွားခဲ့သည်။

ဘွဲ့နှင်းသဘင် တတိယနေ့တွင် စစ်တက္ကသိုလ်သို့ အစီရင်ခံစာ သွားတင်ခဲ့၏။ သူ့ဘဝတွင်လည်း အခန်းသစ်တစ်ခုကို စတင်ခဲ့ပြီဆိုသော သဘောဖြစ်သည်။

အိမ်တွင် လင်းချင်းဟယ်က ဓာတ်ပုံများကို စီရီနေသည်။

ဓာတ်ပုံများကို အလွန်သေသေသပ်သပ် ထိန်းသိမ်းထားသဖြင့် ကျိုးကွေ့လိုင် သေးခံဝတ်ထားသော ဓာတ်ပုံများပင် ရှိနေသေးသည်။

လင်းချင်းဟယ်သည် သူမ သားကြီးရဲ့ ငယ်ငယ်တုန်းက ပုံကို ကြည့်ပြီး "မျက်စိတစ်မှိတ်အချိန်လေးအတွင်းမှာပဲ သူတောင် စစ်တက္ကသိုလ်ကို တက်ရတော့မှာပဲနော်။" ဟု ကျိုးချင်းပိုင်ကို ပြောလိုက်သည်။

သားကြီးတစ်ယောက် အတောင်အလက်စုံကာ ပျံသန်းနိုင်ပြီဟု သတ်မှတ်နိုင်သည်။

သူ မြို့တော်မှာ အထက်တန်းကျောင်းတက်ခဲ့စဥ်က ထိုသို့ သတ်မှတ်၍ မရခဲ့သော်လည်း ယခုတော့ တကယ်ပဲ သူ့လမ်းသူလျှောက်နိုင်ခဲ့ပြီ။

ကျိုးချင်းပိုင်က ပြောလိုက်သည်။ "သူအရွယ်ရောက်လာပြီပဲ"

လင်ချင်းဟယ် သက်ပြင်းသာချလိုက်မိသည်။ သူမ သားများ အရွယ်ရောက်လာသည်ကို အရမ်းဝမ်းသာမိပါသည်။

ကျိုးကွေ့လိုင်တစ်ယောက် ဟူကျစ်နှင့် ပြန်လာသောအခါ ထိုဓာတ်ပုံများကို မြင်သွားသည်။ အားလုံးစုကာ ဓာတ်ပုံများကို ကြည့်လိုက်ကြသည်။

"ဒေါ်လေး၊ အစ်ကိုကြီးတို့မှာ ဒီလောက်ငယ်ငယ်လေးကတည်းက ဓာတ်ပုံတွေရှိတာလား။" ဟု ဟူကျစ်က အံ့သြစွာ မေးလိုက်သည်။

"နှစ်တိုင်း စတုတ္ထဒေါ်လေးက မြို့တော်ထဲက ဓာတ်ပုံဆရာဆီ သူတို့ကို ခေါ်သွားတယ်လေ။" ဟု ကျိုးအာ့နီက ပြောလိုက်သည်။

သူမ သေချာသိပါသည်။ တစ်နှစ်မှ ချွင်းချက်မရှိခဲ့ပါ။ ရှိခဲ့သည်ဆိုလျှင်တောင် နောက်တစ်ချိန်တွင် အချိန်ယူကာ ခေါ်ကို ခေါ်သွားတတ်ပါသည်။

ထို့ကြောင့် နှစ်တိုင်းအတွက် ဓာတ်ပုံများရှိနေခဲ့သည်။

သူမ ဒေါ်လေး ဘယ်လိုနေထိုင်ရမလဲဆိုတာ သိသည်ဟု ခံစားလိုက်ရသည်။ ယခင်က သူမ ဒေါ်လေးက အနေအထိုင်မတတ်ကြောင်း ကြားဖူးသည်။ သို့သော် ယခုတော့ သူ မဒေါ်လေး၏ နေထိုင်မှုပုံစံက ဖြစ်သင့်သည့်ပုံစံ အတိုင်းပင်။

ဤဓာတ်ပုံများက ဘယ်လောက်တန်ဖိုးရှိလိုက်သလဲ။

"နင်တို့ကြည့်လို့ရတယ်။ ကြည့်ပြီးရင် ငါ့အခန်းထဲကို ပြန်ထည့်ထားနော်။ သားငယ်လေး။" လင်ချင်းဟယ်က လက်ရမ်းပြလိုက်သည်။

သူမသည် ဝမ်လီကို သွားတွေ့လိုက်သည်။

ဝမ်လီ့ ယောက်ျားက နွေရာသီ ကောက်ရိတ်သိမ်းချိန်ဖြစ်သဖြင့် အခုထိ ရောက်မလာသေးပါ။ သူက အလုပ်များလွန်းနေသဖြင့် အချိန်မရ၍ ဖြစ်သည်။

"သူ ငါ့ကိုဖုန်းခေါ်ပြီး ရက်နည်းနည်းလောက် စောင့်ပေးဖို့ပြောတယ်။" ဟု ဝမ်လီက ပြုံးကာ ပြောလိုက်သည်။

"ဒါဆိုလည်း ရက်နည်းနည်းစောင့်လိုက်ပေါ့။ နင်တစ်ယောက်တည်း ပြန်သွားရင် ငါစိတ်ပူရမှာ။" ဟု လင်ချင်းဟယ်က ပြန်ပြောလိုက်သည်။

ဝမ်လီ ယခု ဘွဲ့ရသွားပြီ။ သူမစိတ်ထဲပေါ့သွား၏။ ထို့အပြင် သူမဗိုက်ကလည်း မသေးတော့ပါ။ လေးလအတွင်း မွေးဖွားတော့ပေမည်။

ရက်အနည်းငယ်ကြာသောအခါ ဝမ်လီ၏ယောက်ျား လီပေါ်ချွမ်း ရောက်လာခဲ့၏။

ဝမ်လီက လင်းချင်းဟယ်ကို ထိုအကြောင်း ပြောပြခဲ့သည်။

လီပေါ်ချွမ်း ကျောင်းသို့ရောက်လာခဲ့ပြီး သူမဗိုက်ကို မြင်တော့ ကြက်သေသေသွားခဲ့ကြောင်း ပြောပြခဲ့၏။

အစကတည်းက အဆုံးထိ ဝမ်လီက သူ့ယောက်ျားကို ကိုယ်ဝန်ရှိနေကြောင်း မပြောခဲ့ချေ။ သူမ နှစ်သစ်ကူးတုန်းက ကိုယ်ဝန်ရသွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း လီပေါ်ချွမ်း စိတ်ထဲတွင် နားလည်လိုက်သည်။ သူ့မိန်းမဗိုက်၏ တရားခံက ဘယ်သူလဲ သူချက်ချင်း မှတ်မိသွား၏။

သူ့မျက်နှာပေါ်က အပြုံး ဘယ်တော့မှ ပျောက်ပြယ် မသွားတော့ချေ။ တောက်ပလွန်းသဖြင့် ပို၍ပင် မတောက်ပနိုင်တော့ချေ။

ဝမ်လီက သူ့ကို စပင် စနောက်နေသေးသည်။ ကလေးက အခြားတစ်ယောက်နှင့် ရတာဖြစ်ကြောင်း သူနဲ့ရတာ မဟုတ်ကြောင်း ပြောပြီး ကွာရှင်းကြရအောင်ဟု စနောက်ခဲ့သည်။

လီပေါ်ချွမ်းက ပြုံးကာ ပို၍ပင် ပျော်ရွှင်လာပြီး "အဲ့ဒီနှစ်သစ်ကူးညမှာ ကိုယ်ဝန်ရသွားတာ မဟုတ်လား" ဟု ပြောခဲ့သည်။

သူ့မိန်းမအကြောင်း သူကောင်းကောင်းသိသည်။ သူနှင့် သူ့သားတို့ သူမနှလုံးသားထဲရှိနေသည်ကို သူသေချာသိသည်။

သူ့မိန်းမ သူ့ကိုဖောက်ပြန်နိုင်သည်ဟု တစ်ခါမှပင် မတွေးဖူးခဲ့ပါ။

"အဲ့ဒီအရူးကောင်ကတော့ ပျော်ရွှင်နေလိုက်တာ" ဝမ်လီက ပြုံးကာ ပြောလိုက်သည်။

လင်းချင်းဟယ်လည်း သူမအတွက် ဝမ်းသာမိပါသည်။

လီပေါ်ချွမ်းက သူ့မိန်းမအတွက် လင်ချင်းဟယ် မကြာခဏ စွပ်ပြုတ်များပေးလေ့ရှိသည်ကို သိသဖြင့် ထွက်မသွားခင် ကျေးဇူးတင်ကြောင်း လာပြောသည်။

"လီလီအတွက် မလွယ်ကူဘူးနော်။ ရှင်ပြန်ရောက်ရင် သူ့အတွက် ဟင်းကောင်းကောင်း ချက်ကျွေးလိုက်ပါ။ သူပင်ပန်းနေခဲ့တာ တစ်လကျော်ပြီ။" ဟု လင်ချင်းဟယ်က အသိပေးလိုက်သည်။

လွန်ခဲ့သော်လက ဘွဲ့သဘင်အခမ်းအနားကြောင့် ကိစ္စများစွာရှိခဲ့သည်။ လင်ချင်းဟယ်က ကျိုးခိုင်ကို အာဟာရရှိသော အစားအစာများ သူမအား လာပို့ပေးခိုင်းသည်။

ထိုစွပ်ပြုတ်များကြောင့် ဝမ်လီ့၏ အသားအရည်မှာ ကောင်းမွန်နေပါသေးသည်။ အားနည်းနေသည့် အရိပ်အယောင် မပေါ်ပေ။

လီပေါ်ချွမ်းလည်း ကတိပေးခဲ့ပါသည်။

"ပြီးတော့ လီလီ့ဗိုက်ထဲကကလေး ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် မွေးလာရင် ကျွန်မရဲ့ ခေါင်းကိုင်သား ဒါမှမဟုတ် ခေါင်းကိုင်သမီး ဖြစ်မှာနော်။" ဟု လင်ချင်းဟယ်က ဆက်ပြောသည်။

လီပေါ်ချွမ်းက ပိုမိုပျော်ရွှင်စွာ ပြုံးလိုက်ပြီး "သူမွေးတာနဲ့ လီလီနဲ့ကျွန်တော်တို့ ခေါင်းကိုင်အခမ်းအနားအတွက် ခေါ်လာပေးပါ့မယ်" ဟု ပြောခဲ့သည်။

လင်ချင်းဟယ် စိတ်ထဲပေါ့သွားသည်။ သူတို့လင်မယားကို သူမ ဘတ်စ်ကားဂိတ်သို့ လိုက်ပို့ပေးခဲ့သည်။ အစားအစာအချို့လည်း ပြင်ဆင်ထားပေးခဲ့၏။ နွေရာသီဖြစ်သဖြင့် အစားအစာများက ကြာရှည်သိပ်မခံ၍ လမ်းတွင်စားရန် ဝမ်လီတို့အတွက် သစ်သီးဝလံများ ဝယ်ပေးခဲ့သည်။

ကားဂိတ်တွင် ဝမ်လီက နီရဲသောမျက်လုံးတို့ဖြင့် ဝမ်းနည်းနေသည်။ "ငါတို့အိမ်မှာ ပိုက်ဆံစုမိရင် ဖုန်းတစ်လုံးဆင်မယ်။ နင်လည်း ဖုန်းတစ်လုံးဆင်လိုက်။ စာနဲ့ပဲမပြောဘဲနဲ့ ဖုန်းနဲ့စကားပြောကြရအောင်။"

ဝမ်လီ ဤတက္ကသိုလ်သို့ လာရောက်ခဲ့စဥ်က သူမကိုယ်သူမ တိုးတက်အောင် လုပ်နိုင်ခဲ့သည့်အပြင် သူမအတွက် အကျိုးအရှိဆုံးက ဤကဲ့သို့ ကောင်းမွန်သော ညီအစ်မတစ်ယောက်ကို ရရှိခဲ့ခြင်းပင်။

ဤသည်က သူမအတွက် ကံအကောင်းဆုံးအရာဖြစ်သည်။

လင်ချင်းဟယ်လည်း သူမနှင့်ခွဲခွာရမှာ ဝန်လေးနေပြီး "နင် ဖုန်းဆင်ပြီးသွားတာနဲ့ ငါ့ကိုစာပို့လိုက်လေ။ ငါလည်း ချက်ချင်း ဖုန်းတစ်လုံးဆင်လိုက်မယ်။" ဟု ပြောလိုက်သည်။

နှုတ်မဆက်ခင် သူတို့နှစ်ယောက် စကားတွေအကြာကြီး ပြောခဲ့၏။

"အဲ့လောက်တောင် ရင်းနှီးခဲ့ကြတာလား။" ဟု လီပေါ်ချွမ်းက သူ့ဇနီးကို ကားဂိတ်တွင် တွဲခေါ်ရင်း ပြုံးကာမေးလိုက်သည်။

ဝမ်လီက သူ့ကိုမျက်စောင်းထိုးပြီး "ရှင်အသိစိတ်ကို မရှိဘူး။ ကိုယ့်အတွက်ကိုယ်ပဲ ဂရုစိုက်တယ်။ ကျွန်မ ဒီနှစ်ထဲ ဘယ်လိုနေခဲ့ရလဲ သိလား။ ချင်းဟယ်ကြောင့်သာမဟုတ်ရင် ရှင့်ကို ဒီကလေးအကြောင်းမပြောဘဲ ဖျက်ချပြစ်လိုက်မိမှာ။" ဟု ပြောလိုက်သည်။

"အဲ့လိုလုပ်စရာမလိုပါဘူး။ ရလာပြီးပြီဆိုမှတော့ ကိုယ်တို့မွေးမှာပေါ့။" ဟု လီပေါ်ချွမ်းက အလျင်အမြန် ပြန်ပြောလိုက်သည်။

"ကျွန်မက အပြင်ဘက်မှာ တစ်ယောက်တည်း ပညာသင်နေရတာ။ ကျွန်မ အကုန်လုံးကို တစ်ယောက်တည်း ဘယ်ကိုင်တွယ်နိုင်ပါ့မလဲ။" ဟု ဝမ်လီက ပြောလိုက်သည်။ ထို့နောက် စိတ်ခံစားချက်ပြင်းပြစွာဖြင့် "ချင်းဟယ်က ကျွန်မအတွက် တကယ်ကောင်းခဲ့တာ။ သူက အမြဲတမ်း နံရိုးစွပ်ပြုတ် မဟုတ်ရင် ကြက်စွပ်ပြုတ်လုပ်ပေးတယ်။ ပြီးတော့ ကြက်ဥပြုတ်တွေ၊ ခရမ်းချဥ်သီးတွေ၊ သခွားသီးတွေကောပဲ။ ကျွန်မဗိုက်ဆာတဲ့အချိန်ကျရင် စားဖို့ အဲ့တာတွေလည်း ယူလာပေးသေးတယ်။" ဟု ပြောပြခဲ့သည်။

သူမ၏ ညီအစ်မအရင်းများတစ်ယောက်တစ်လေကတောင် သူမကို ဒီလိုမျိုးမဆက်ဆံပါ။

ထို့ကြောင့် ဒီတစ်ချိန်လုံး မလွယ်ကူသည့် အချိန်များ ရှိနေလျှင်တောင် သူမခေါင်းမာမာဖြင့် တောင့်ခံခဲ့သည်။

"အရင်တစ်ခေါက်ကဆို ကျွန်မခြေထောက် ကြွက်တက်တယ်ကြားတော့ ညဘက်သောက်လို့ရအောင် လင်ချင်းဟယ်က နို့မှုန့်တွေ ပေးခဲ့သေးတယ်။" ဟု ဝမ်လီက ဆက်ပြောသည်။

ဒါကိုကြားတော့ လီပေါ်ချွမ်းက စိတ်မကောင်းဖြစ်သွားပြီး "မင်းတို့ဆက်ဆံရေးက တကယ်ကောင်းတာပဲ" ဟု ပြောလိုက်သည်။

ဝမ်လီက သူမဗိုက်ကိုပွတ်သပ်ကာ "မိန်းကလေးဖြစ်ပါစေလို့ မျှော်လင့်တယ် ချင်းဟယ်ကလည်း မိန်းကလေး လိုချင်နေတာ" ဟု ပြောလိုက်သည်။

လီပေါ်ချွမ်း ရယ်ရမလား ငိုရမလားမသိပါ။ သို့သော်လည်း ဘာမှမပြောတော့ပေ။ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် အဆင်ပြေပါသည်။ သူ့သွေးသားပဲလေ။ သူဂရုမစိုက်ပါ။

ဝမ်လီထွက်သွားတော့ လင်ချင်းဟယ် ခွဲခွာရမှုကြောင့် အနည်းငယ် ဝမ်းနည်းနေဆဲ ဖြစ်သည်။

လေးနှစ်တာ တက္ကသိုလ်အချိန်။ အလွန်ရှည်ကြာသည်ဟု ထင်ရသော်လည်း သေချာပြန်စဥ်းစားကြည့်လျှင် မျက်စိတစ်မှိတ် အချိန်မျှသာ။

နောက်တစ်နေ့ ကျိုးရွှမ်က ကျိုးယန်နှင့် ကျိုးဝူနီတို့ကို ခေါ်လာပြီး ပြန်ရောက်လာခဲ့သည်။ အဖေကျိုးနှင့် အမေကျိုးတို့တော့ လိုက်မလာခဲ့ပါ။ နောက်ကျမှ ကျိုးရှောင်းမိန်တို့မိသားစုနှင့် လိုက်လာဖို့ စီစဥ်ထားကြ၏။

All Chapters