← Chapters

တောင်ပိုင်းမှရရှိသောအမြတ်အစွန်း

Vol. 24 Ch. 331

တောင်ပိုင်းမှရရှိသောအမြတ်အစွန်း

Vol. 24 Ch. 331

အခန်း (၃၃၁) – တောင်ပိုင်းမှ ရရှိသော အမြတ်အစွန်း

ကျိုးရွှမ်းတစ်ယောက် ဝူနီနှင့် ကျိုးယန်တို့ကို ခေါ်လာတဲ့အချိန် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က အထည်ဆိုင်အတွက် နွေရာသီအထည်များကိုပင် စုထားပြီးပြီဖြစ်သည်။

ဖက်ထုပ်ဆိုင်အတွက်ကတော့ ဘာမှစိုးရိမ်စရာမရှိပါ။ ဂျုံမှုန့်၊ ဝက်သားတွေနှင့် အခြားလိုအပ်သည့်အရာများအတွက် ပုံမှန်ရောင်းချပေးသူတွေ ရှိပါသည်။ အကယ်၍ ပစ္စည်းများ ကုန်သွားခဲ့လျှင် ကျိုးရွှမ်းက သူတို့ကို အကြောင်းကြားလိုက်သည်နှင့် ပစ္စည်းများကို ပို့ပေးကြမှာဖြစ်သည်။

ဒါနဲ့ ဒီနေ့မှာ လင်းချင်းဟယ်က “ မနက်ဖြန်ကျ မင်းအဖေနဲ့ငါ ခရီးထွက်ရမယ်။ ဒီတစ်ခေါက် ခရီးမှာ မင်းအတွက် ကောင်းတဲ့ ပစ္စည်းတွေ ယူလာပေးမယ်။ ဆိုင်ကိုသာ ကောင်းကောင်း ကြည့်ထား” ဟု ကြေညာလိုက်သည်။

ကျိုးဝူနီက “စတုတ္ထဒေါ်လေးတို့က ဘယ်ကိုသွားကြမှာလဲ” ဟု စိတ်ဝင်တစား မေးလိုက်သည်။

လင်းချင်းဟယ်က “တောင်ပိုင်းဘက် ခြေဦးတည့်ရာပေါ့ကွယ်” ဟု ပြောလိုက်သည်။

“အမေ ကျွန်တော်ရော လိုက်လို့မရဘူးလား။ ကျွန်တော် ဒီအရွယ်တောင် ရောက်နေပြီ။ အမေ ကျွန်တော့်အတွက် စိတ်ပူစရာမလိုတော့ဘူး။ တကယ်လို့ ကျွန်တော်သွားရမယ်ဆိုရင်တောင် အဆင်ပြေမှာပါ။” ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။

ဒီပြဿနာကောင်လေး အသက် ၁၃ နှစ်ပင်ရှိသေးသော်လည်း အရပ် ၅ပေ ၅လက်မလောက် ရှိနေပြီဖြစ်သည်။ ပြီးတော့ ဉာဏ်ကလည်း တော်တော်ထက်သူဖြစ်သည်။ ဒါပေမဲ့ သေချာသည်ကတော့ သူသည် ပိုက်ဆံသာရလျှင် တောင်ပိုင်းကို တကယ်သွားရဲလိမ့်မည်။

ဒါပေမယ့် လင်းချင်းဟယ်က သူ့ကို လိုက်ပါခွင့်မပြုပေ။ “မင်း အိမ်မှာပဲ နေရမယ်။ မင်း အစ်ကိုကြီးရဲ့ အသက်အရွယ်လောက်ရောက်ရင် မင်း ဘယ်နေရာသွားသွား ငါမင်းကို တားမှာမဟုတ်ဘူး။”

အဲ့ဒီကောင်စုတ်လေးက သူမရဲ့ ပြောစကားကို နားမထောင်ချင်တဲ့ပုံကို မြင်ရတော့ လင်းချင်းဟယ်တစ်ယောက် သက်ပြင်းချမိသည်၊ “မင်းကို ခက်ခက်ခဲခဲနဲ့ ဒီလိုကြီးပြင်းလာအောင် ပျိုးထောင်ပြီး အခုတော့ မင်းကို နည်းနည်းလောက်တောင် ဆုံးမလို့ မရတော့ဘူးပေါ့လေ။ ငါ မင်းအဖေနဲ့ အပြင်ထွက်ပြီး လျှောက်လည်ပတ်ချင်တယ်။ ငါ့အသက်ရဲ့ တစ်ဝက်လောက်ကို အလုပ်တွေပဲ ကြိုးစားလုပ်ကိုင်ပြီး နေခဲ့ရတာ၊ အခုမှ အေးအေးချမ်းချမ်း နေနိုင်တာလေ။ ဒါကိုတောင် မင်းက ငါတို့ကို ခွင့်မပြုနိုင်ဘူးလား။ ဒီအမေကြီးရဲ့ နှလုံးသား....”

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ သွားပါ၊ သွားပါ၊ အဖေနဲ့ အမေတို့ ခရီးလမ်းဖြောင့်ဖြူးပြီး ပျော်ရွှင်စရာကောင်းတဲ့ ခရီးလေးဖြစ်ပါစေ။” ဟု ကျိုးကွေ့လိုင်က ကမန်းကတန်း ပြောလိုက်လေသည်။

“ဒါဆို လက်ခံပြီပေါ့။ ဆိုင်ကိုလည်း သေချာကြည့်ကြဦး။” ဟု လင်းချင်းဟယ်က ပြောပြီးပြီးသည်နှင့် ကျိုးချင်းပိုင်နှင့်အတူ ထွက်သွားလေသည်။

ကျိုးဝူနီက “စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေးက ဘယ်သွားကြတာလဲ။ ဟု မေးလိုက်သည်။

ကျိုးကွေ့လိုင်က “ဒီအချိန်ဆိုတော့ သူတို့ ရုပ်ရှင်ရုံ သွားတာပဲဖြစ်မယ်။” ဟု ပြန်ဖြေသည်။

ဟူကျစ်၊ ကျိုးအာ့နီနှင့် ရှုရှန့်မိန်တို့က ဤနေရာတွင် နေသည်မှာ ကြာပြီ ဖြစ်၍ ဒီအကြောင်းကို သိပြီးသား ဖြစ်သည်။ ကျိုးယန်နှင့် ကျိုးဝူနီတို့ကတော့ အံ့အားသင့်နေခဲ့သည်။

“ဒီစုံတွဲက အပူအပင်ကင်းတယ်။ မင်းတို့လည်း နောက်ပိုင်းကျ ဒါကို ကျင့်သားရသွားမှာပါ။” ဟု ကျိုးကွေ့လိုင်က ကျိုးယန်၏ပုခုံးကိုပုတ်ပြီး ပြောလိုက်သည်။

ကျိုးဝူနီနှင့် ကျိုးယန်တို့ ထပ်ပြီး ရောက်လာသည့်တိုင် နေရာသည် လုံလောက်သည့် အကျယ်ရှိသည်။

ကျိုးဝူနီက ကျိုးအာ့နီ၊ ရှုရှန့်မိန်တို့နှင့်အတူ အိပ်ရာဝင်ခဲ့သည်။ ကျိုးယန်ကတော့ ကြမ်းပြင်ပေါ်တွင် အိပ်နိုင်သည်။ ထို့အတွက် ပြဿနာမရှိပေ။

ကျိုးရွှမ်းနှင့် ကျိုးကွေ့လိုင်တို့ကိုတော့ သူတို့မိဘတွေရဲ့ အိပ်ခန်းတွင် အိပ်စေသည်။ ဟူကျစ်နှင့် ကျိုးယန်ကိုတော့ သူတို့အခန်းတွင်ပဲ နားစေသည်။ အိမ်သည် အတော်ကျယ်ဝန်းသည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် အိမ်ကို အရွယ်ရောက်ခါစ ကလေးတွေဆီ ဝန်လေးခြင်းမရှိဘဲ ထားခဲ့ကာ တောင်ပိုင်းသို့ ခရီးထွက်ခဲ့ကြသည်။

ငွေစာရင်းစာအုပ်ကို ပေကျင်းတက္ကသိုလ်၏ အနာဂတ် ကျောင်းသားတစ်ဦးဖြစ်သည့် ကျိုးရွှမ်းဆီ အပ်ခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် သူသည် ပေကျင်းတက္ကသိုလ်နှင့် နေရာချင်းနီးပြီး သူသည် ပေကျင်းတက္ကသိုလ်နှင့်လည်း ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည်။ ဒါကြောင့် စာသင်နှစ်ကို အစောကြီးစလိုက်ရင်တောင် ပြဿနာရှိမည်မဟုတ်ပေ။

ဒ့ါအပြင် ဆရာဝမ်သည်လည်း စောင့်ကြည့်ပေးပါလိမ့်မည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် တောင်ပိုင်းသို့ တက်လာသည့်လမ်းတွင် လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ကန်တုံးစကားပြောတတ်အောင် သင်ပေးခဲ့သည်။

ကျိုးချင်းပိုင်သည် ကိုကြိုးကြိုးစားစား သင်ယူခဲ့သော်လည်း မတတ်ကျွမ်းခဲ့ပေ။ ဤစကားသင်ယူရာတွင် သူ့မှာ ပါရမီမပါဟု ထင်သည်။ သူတို့ခရီးလမ်းဆုံးသည့်တိုင် စာကြောင်းအနည်းငယ်ကိုပင် သူ မမှတ်မိချေ။

လင်းချင်းဟယ်က “ရှင် တမင်တကာများ လုပ်နေတာလား။ ရှင့်ကို ကျွန်မနဲ့အတူတူ ထပ်ခေါ်သွားစေချင်သေးတာလား။” ဟု ပြောလိုက်သည်။

ကျိုးချင်းပိုင်က ခပ်သဲ့သဲ့သာ ရယ်မောနေလိုက်ပေမယ့် သူက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပေ။ သူက ဒါကို တကယ်မသင်ယူနိုင်ဘူး။

“တကယ်ပဲ ရှင်ကတော့လေ။ ကျွန်မလို ဇနီးသည်သာ မရှိရင် ရှင့်လို ယောက်ျားကြီးတစ်ယောက်က ဘာမှမလုပ်တတ်တော့ဘူးလား။” ဟု လင်းချင်းဟယ်သည် သူ့ရဲ့ တည်ရှိမှုကို သတိပြုမိပြီး ပြောလိုက်သည်။

“ဟုတ်တယ်။ ကိုယ်က ကိုယ့်ဇနီးသည်မပါဘဲ ဘာမှမလုပ်တတ်ဘူး။” ဟု ကျိုးချင်းပိုင်က လေးနက်စွာ ခေါင်းညိတ်သည်။

လင်းချင်းဟယ်သည် ထိုစကားကြောင့် အလွန်ကျေနပ်အားရသွားခဲ့ပြီး သူစားဖို့ ခရမ်းချဉ်သီးတစ်လုံး ထုတ်ပေးလိုက်သည်။ သူမက စာအုပ်ဖတ်နေရင်း ခရမ်းချဥ်သီးကို စားနေခဲ့သည်။ ကျိုးချင်းပိုင်ကတော့ လမ်းတစ်လျှောက်လုံး သတင်းစာဖတ်နေခဲ့သည်။

ကျိုးချင်းပိုင်သည် သတင်းစာထဲမှ အချက်အလက် တော်တော်များများ ရရှိခဲ့သည်။ အထူးသဖြင့် နေရာအများအပြားတွင် မိုးရွာပြီးနောက် ထွက်လာသည့် ဝါးပင်မျှစ်များကဲ့သို့ စုဆောင်းငွေ ယွမ်တစ်သောင်းရှိသည့် အိမ်ထောင်စုများစွာ ထွက်ပေါ်လာခဲ့သည်။

၁၉၈၀ခုနှစ်များ အစောပိုင်းတွင် အိမ်ထောင်စု စုဆောင်းငွေ ယွမ်တစ်သောင်းရှိလျှင် သူဌေးကြီးများကဲ့သို့ ယူဆနိုင်ကြသည်။ ချီးကျူးပြောဆိုရလျှင် ဒါမျိုးက သတင်းခေါင်းစီးအဖြစ် တင်ဆက်ခံရနိုင်ပြီး အံ့မခန်းဖြစ်ဖွယ်တစ်ခု ဖြစ်သည်။

ယမန်နှစ် ဤအချိန်တွင် ကျိုးချင်းပိုင်သည်လည်း အိမ်ထောင်စု စုဆောင်းငွေ ယွမ်တစ်သောင်း ရရှိအောင် ကြိုးပမ်းလိုခဲ့သည်။ သို့သော် မနှစ်က သူလည်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်ပြီးနောက် သူတို့အိမ်ထောင်စုကို ယွမ်တစ်သောင်းတန် အိမ်ထောင်စုအဖြစ် သတ်မှတ်ခဲ့သည်။

ဒါကြောင့် သူ့ရည်မှန်းချက် ဆုတ်ယုတ်သွားခဲ့ရသည်။

စီးပွားရေးလုပ်ကိုင်ခြင်းမှ သူတို့ ရရှိထားသည့်အရာများကို မဖော်ပြထားရင်တောင် ယခုနှစ်တွင် သူ့ဇနီးသည် ဖွင့်လှစ်ခဲ့သော သူ့ဇနီးသည်၏ အထည်ဆိုင်ကပင် ယွမ်တစ်သောင်းနီးပါး ဝင်ငွေရှာနိုင်ခဲ့သည်။ ရှင်းရှင်းပြောရရင် သူ့ဖက်ထုပ်ဆိုင်ကလည်း ထိုမျှလောက် ပိုက်ဆံရှာနိုင်သည်။

ယခုနှစ် ဒုတိယနှစ်ဝက်တွင် ဆိုင်နှစ်ဆိုင်၏ အမြတ်ငွေသည် နောက်ထပ် ယွမ်တစ်သောင်းအထိ ရှာဖွေနိုင်လာခဲ့သည်။

ကျိုးချင်းပိုင်ရဲ့အကြံသည် ရိုးရှင်းသည်။ သူ့ဇနီးသည်ပြောပုံအရ လာမည့်အချိန်တွင် မြို့တော်၏မြေနေရာ အစိတ်အပိုင်းတိုင်းသည် ရွှေကဲ့သို့ အဖိုးတန်လာလိမ့်မည်။ အခန်းတစ်ခန်းရဲ့ တန်ဖိုးငွေကပင် ယွမ်တစ်သိန်း၊ နှစ်သိန်းလောက် တန်ကြေးရှိလာမည်ဟု ဆိုသည်။

ဤသည်မှာ ဒီလူအတွက်တော့ မိုးကောင်ကင်အမြင့်လောက်ရှိသည့် ငွေကြေးပမာဏဖြစ်သည်။ ၎င်းသည် သူတွေးတောင် မတွေးဝံ့သောအရာ ဖြစ်သည်။

အနာဂတ်မှာ အိမ်စျေးတွေ အရမ်းကြီးလာမည်ဆိုပါက သူတို့ပိုဝယ်ထားသင့်လား။ ပြီးတော့ သူတို့တွင် သားသုံးယောက် ရှိသေးသည်။ ‌နောင်တစ်ချိန်တွင် တစ်ယောက်လျှင် တစ်အိမ်စီ အမွေပေးကာ သူ့ဇနီးပြောသကဲ့သို့ အခြားပိုင်ဆိုင်မှုများနှင့် ဆိုင်များကို ဝင်ငွေရရှိစေရန် ငှားရမ်းထားမည်ဖြစ်သည်။ အကယ်၍ ငွေကြေးပြတ်လပ်မှုဖြစ်ခဲ့လျှင် တစ်ဆိုင်ကို ရောင်းပြီး ကုန်ကျစရိတ်အဖြစ် အသုံးပြုလို့ရသည်။

ဒီအတွေးသည် သူ့အတွေးနှင့် လမ်းကြောင်းအတူတူဖြစ်သည်။

သူ့ဘဝတစ်လျှောက်လုံးကို ဖက်ထုပ်ဆိုင်မှာပဲ အလုပ်လုပ်ဖို့အတွက် အစီအစဉ်မရှိပါ။ သူ့သားသုံးယောက်ကို ဤဆိုင်အား အနာဂတ်တွင် လွှဲပြောင်းပေးမည်သာဖြစ်သည်။ နောင်တစ်ချိန် သူ့သားသုံးယောက် လက်ထပ်ပြီး သူတို့ကိုယ်ပိုင်အလုပ်စလုပ်လျှင် သူတို့ဆီမှ ထောက်ပံ့ငွေတောင်းဖို့က သူ့စိတ်နေစိတ်ထားအရ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် သူ့ဇနီးသည်ရဲ့ ပြောစကားကို နားထောင်ရမည်။ သူတို့အငြိမ်းစားယူတဲ့အခါကျရင် သူတို့နေထိုင်စားသောက်ဖို့အတွက် ငွေကြေးကို ပြင်ဆင်ထားရမည်ဖြစ်သည်။

သူတို့တောင်ပိုင်းရောက်သည့်အခါ လင်မယားနှစ်ယောက် အလုပ်အတူလုပ်ကြသည်။

တီဗီများ၊ နာရီများ၊ လျှပ်စစ်ပန်ကာများ၊ ရေဒီယိုများနှင့် အခြားလျှပ်စစ်ပစ္စည်းများကို အများအပြား စုဆောင်းခဲ့ပြီးနောက် သူတို့သည် နောက်တစ်နေရာမှာ ရောင်းချခဲ့ကြသည်။

ငွေအမြောက်အများရှာပြီးသည့်အခါ သူတို့သည် ရှန်ဟိုင်းသို့ပြန်လာပြီး ယန်အမှတ်တံဆိပ် အပ်ချုပ်စက် တစ်သုတ်ကို ဝယ်ယူကြသည်။

ယန်အမှတ်တံဆိပ် အပ်ချုပ်စက်သည် သူတို့မြို့တွင် ယွမ်၁၅၀ ကုန်ကျသည်။ သို့သော် တောင်ပိုင်းတွင် ဤကဲ့သို့ အပ်ချုပ်စက်သည် ၁၁၅ ယွမ်သာ ရှိသည်။ လင်းချင်းဟယ်က အပ်ချုပ်စက် အများကြီးလိုအပ်တာကြောင့် အပ်ချုပ်စက် ၁၀ လုံး ရရှိခဲ့သည်။ ဒီတော့ လင်းချင်းဟယ်သည် စျေးဆစ်ခဲ့ပြီး အပ်ချုပ်စက်တစ်လုံးကို ယွမ် ၁၁၀ သာ ပေးခဲ့ရသည်။

မူလကတော့ တစ်ဖက်လူသည် စျေးလျှော့ပေးရန် အစီအစဥ် မရှိပေ။ သို့သော် လင်းချင်းဟယ်ရဲ့ ပြောစကားတွေကြောင့် သူ လွှမ်းမိုးခံလိုက်ရသည်။

ဘေးမှာ ရပ်နေသည့် ကျိုးချင်းပိုင်သည် လှပသော နတ်သမီးလေးကို ကြည့်နေသလိုမျိုး သူ့ဇနီးသည်ကို ကြည့်နေခဲ့သည်။

သူတို့သည် ဘယ်သူမှမရှိတဲ့နေရာကို ရှာဖွေပြီး အပ်ချုပ်စက် ၁၀လုံးကို နေရာလွတ်ထဲ ထည့်သွင်းခဲ့သည်။ လင်းချင်းဟယ်သည် ကျိုးချင်းပိုင်နှင့်အတူ မွေးရပ်မြေသို့ ပြန်လာခဲ့သည်။ ယခုအချိန်သည် သြဂုတ်လလယ်ပဲ ရှိသေးသည်။

ဒါပေမယ့် စောစောပြန်တာက ပြဿနာမရှိပါဘူး။

“အဖေနဲ့အမေတို့အတွက် တီဗီတစ်စုံနဲ့ လျှပ်စစ်ပန်ကာကို သိမ်းထားလိုက်ရအောင်။ အခြားသူတွေလည်း လိုတာမှမဟုတ်တာ။ ရှောင်မိန်တို့အတွက်တော့ မပေးတော့ဘူး။” ဟု လင်းချင်းဟယ်က ပြောသည်။

ကူညီပေးတဲ့အခါ ကျေးဇူးတင်သည်။ မကူညီတဲ့အခါ မုန်းတီးသည်။ သူမသည် ကျိုးရှောင်မိန်နှင့် နှစ်အတော်ကြာ ခင်မင်ရင်းနှီးခဲ့သော်လည်း၊ ဤသည်မှာ လူမှုဆက်ဆံရေးနည်လမ်း ဖြစ်သည်။ ဆက်ဆံရေး ဘယ်လောက်ပဲ ခိုင်မာနေပါစေ၊ ပိုမိုရှည်ကြာတဲ့ ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်နိုင်ဖို့အတွက် ကန့်သတ်ချက်တစ်ခု လိုအပ်ပါသည်။

“ကောင်းပြီ။” ဟု ကျိုးချင်းပိုင်က ခေါင်းညိတ်သည်။

တီဗီနှင့် လျှပ်စစ်ပန်ကာသည် သူ့မိဘများအတွက် သိတတ်မှုတစ်ခုဖြစ်သည်။ သူ့ယောက်ဖနှင့် ညီမလေးတို့က သူတို့ဘာသာ ဝယ်နိုင်သည်။

သူတို့အတွက် နေထိုင်ရန်နေရာနှင့် သူတို့လျှောက်ရမည့်လမ်းအတွက် လမ်းဖွင့်ပေးပြီး ဖြစ်သည်။ ဒီ့အတွက် တခြား ဘာမှလုပ်ပေးစရာ မလိုအပ်ပေ။

သူတို့စုံတွဲသည် သူတို့နေထိုင်ရာမြို့သို့ ရထားနဲ့ ဆင်းခဲ့ကြသည်။

ဒီရက်ပိုင်း သူတို့နှစ်ယောက်လုံး ပင်ပန်းနေသောကြောင့် နှစ်ယောက်လုံး အိပ်ပျော်သွားခဲ့သည်။ သူတို့ အိပ်ရာမှ နိုးလာသောအခါတွင် ပိုမိုလန်းဆန်းလာကြသည်။

သူတို့စီးသည့်ရထားတွဲပေါ်တွင် လူမရှိသည့်အတွက် လင်းချင်းဟယ်သည် ဒီတစ်ခေါက် ဝင်ငွေများကို စတင်ရေတွက်တော့သည်။ ဝင်ငွေက သိပ်မများပါဘူး။ အပ်ချုပ်စက် ၁၀လုံး ဝယ်ယူပြီးသည့်နောက် သူတို့အမြတ်ငွေ ယွမ်နှစ်သောင်းနီးပါး ကျန်သေးသည်။

All Chapters