မွေးရပ်မြေ
Vol. 24 Ch. 333
အခန်း(၃၃၃) - မွေးရပ်မြေ
ထိုအကြောင်း တစ်ခါမှမစဥ်းစားဖူးသဖြင့် တတိယမောင်လေးလင်းက အနည်းငယ် တုန့်ဆိုင်းသွားရသည်။
"နင့်ငယ်ရွယ်မှုကိုပဲ နင်အားကိုးမနေနဲ့။ နင်တစ်သက်လုံး စက်ဘီးစီးသွားချင်လို့လား။ မြို့တော်မှာ ဆိုရိုးစကားတစ်ခုရှိတယ်၊ ‘စက်ဘီးကိုလက်လွှတ်လိုက်ရင် မော်တော်ဆိုင်ကယ်တစ်စီး ဖြစ်လာနိုင်တယ်တဲ့’ နင့်အစ်မပြောတာကို နားထောင်ထောင် နားမထောင်ထောင် နင်နဲ့နင့်မိန်းမ ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်ချက်ချရမှာပဲ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
တတိယမောင်လေးလင်း စဥ်းစားလိုက်မိသည်။ သူ့အစ်မရဲ့ ပြောစကားများက မှန်ကန်သည်ဟုလည်း ခံစားလိုက်ရ၏။
သူ့ထံတွင် မော်တော််ဆိုင်ကယ်တစ်စီးလောက် ရှိလျှင် ပစ္စည်းများ ပိုမိုသယ်ယူနိုင်လိမ့်မည်။ ထိုအခါ ပိုက်ဆံလည်း ပိုရလိမ့်မည်။
ထိုအချိန်တုန်းက သူ စက်ဘီးတစ်စီးဖြင့်သာ ပစ္စည်းသယ်ခဲ့ခြင်းဖြစ်သည်။ အမှန်တကယ်ပဲ ရောင်းဖို့ ပစ္စည်းမလောက်မငှ ဖြစ်ခဲ့ရသည်။ လှည်းတစ်စီးအပြည့်က နေ့လည်ပိုင်းလောက်တွင် အကုန်လုံးနီးပါး ရောင်းထွက်သည်။ ကျန်အချိန်များတွင် လာဝယ်ကြသော လူများရှိသော်လည်း သူတို့တွင် ရောင်းစရာ ကုန်ပစ္စည်း မကျန်တော့ပါ။
မော်တော်ဆိုင်ကယ်သာ ရှိလျှင် သူရွာမှ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ သို့မဟုတ် ကြက်များ၊ ဘဲများ၊ ငါးများနှင့် ဥများကို သယ်ယူနိုင်လိမ့်မည်။
"အဲ့ဒီမော်တော်ဆိုင်ကယ်က ဝယ်ဖို့မလွယ်မှာပဲ စိတ်ပူမိတာပါ။ အစ်မအတွက် အရမ်းအပန်းကြီးနေမယ်လို့ ထင်တယ်။" ဟု တတိယမောင်လေးလင်းက သူ့အစ်မကိုကြည့်လိုက်သည်။
"အပန်းမကြီးပါဘူး။ ဒါပေမယ့်နင် ဒီနှစ်ထဲ ဒီအတိုင်း ဆက်ကြိုးစားလိုက်ဦး။ နောက်နှစ် ဒီအချိန်လောက်ထိတော့ ခဏလောက်စောင့်၊ အဲ့အချိန်လောက်ကျရင် ငါရအောင် လုပ်ပေးမယ်" ဟု လင်းချင်းဟယ်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
သူမရဲ့ မောင်လေး ဤကဲ့သို့တွေးတောတက်လာသည်ကိုပင် သူမ ကျေနပ်မိပါသည်။ သူ ဒီတိုင်းသာ ဆက်တွေးတတ်မည်ဆိုလျှင် နောင်အနာဂတ်တွင် အဆင်ပြေပါလိမ့်မည်။
သူမ တတိယယောက်မဘက်သို့လှည့်လိုက်သည်။ "နင်လည်း အရမ်းကြီး မချွေတာနဲ့နော်။ သူ့ကို အစားအသောက် ကောင်းကောင်းကျွေး။ ဒီလောက် အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး အာဟာရရှိတာတွေ မစားသောက်ရရင် သိပ်မကြာခင် သူ့ခန္ဓာကိုယ် အားကုန်သွားလိမ့်မယ်။ အဲ့အချိန်ကျလာရင် သူ ဆေးရုံပါ တက်လိုက်ရလိမ့်မယ်။ သဘောကတော့ ငွေတွေအများကြီး ကုန်မှာပေါ့။ အဲ့တာကြောင့် သူ့ခန္ဓာကိုယ်ကို အားပြတ်အောင် လုပ်တာ မတန်ပါဘူး။”
"ကျွန်မ ကျွေးပါတယ်။ အခုလည်း သူ့ကို နေ့တိုင်း ကြက်ဥကျွေးတယ်။ အသားတွေလည်း ကျွေးပါတယ်။" တတိယယောက်မက ပြန်ဖြေသည်။
"အဲ့လိုဆိုရင်တောင် အာဟာရရှိဖို့ ကြက်တစ်ကောင်လောက် သတ်ရမယ်လေ။" ဟု လင်းချင်းဟယ်က ကြားဖြတ်ကာ ဝင်ပြောလိုက်သည်။
လက်ရှိတွင် သူတို့ဆိုင်လေးက သူမ မိသားစု၏ ဖက်ထုပ်ဆိုင်လောက်နီးနီး ဝင်ငွေရှိနေပါသည်။ ထိုမျှလောက်သော ငွေနည်းနည်းကိုတော့ စုဆောင်းစရာမလိုပါ။ ကြက်တစ်ကောင်ကို ၁ ယွမ်ဝန်းကျင်မျှသာရှိသည်။ သုံးရက်တိုင်း သူမတို့မိသားစု ခန္ဓာကိုယ် အားဖြည့်ရန်အတွက် ကြက်တစ်ကောင်ကို ချက်ပြုတ်ကာ မိသားစုတစ်စုလုံး စားသောက်ကြသည်။
ကျန်တာတော့ ဘာမှပြောစရာမလိုတော့ပေ။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့နှစ်ယောက်သား သူတို့အား နှုတ်ဆက်လိုက်ပြီး စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့အိမ်ကို လာခဲ့ကြသည်။
သူတို့ရောက်သွားတော့ စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့ အိမ်တွင်ရှိနေကြသည်။ သူတို့မိသားစု ဖရဲသီးစားနေကြခြင်းဖြစ်သည်။
"စတုတ္ထအစ်ကို၊ စတုတ္ထယောင်းမ၊"
သူတို့ရောက်လာသောအခါ ကျိုးရှောင်မိန်တစ်ယောက် မျက်လုံးတွေ တောက်ပသွားပြီး ချက်ချင်းဆိုသလို အော်ခေါ်လိုက်သည်။
စုတာ့လင်းက သူတို့အား ရေထည့်ပေးကာ ဖရဲသီးများထပ်စိတ်ပေးလိုက်သည်။
ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့လည်း မူမနေဘဲ ဖရဲသီးတစ်ယောက်တစ်စိတ် ကိုင်ကာ ပြောလိုက်သည်။ "နင်တို့မိသားစု အရမ်းပျော်နေကြတဲ့ပုံပဲနော်။"
"ဒီနေ့ချန်းချန်းက ဖရဲသီးစားချင်တယ်လို့ပြောလို့လေ။ တာ့လင်က သူ့ကို အလိုလိုက်တော့ တစ်လုံးဝယ်လာတာပဲ။" ဟု ကျိုးရှောင်မိန်က ရှင်းပြလိုက်သည်။
စုတာ့လင်းဟာ ဖခင်တစ်ယောက်ဖြစ်ပေမယ့် သူ့ကလေး လေးယောက်စလုံးကို အလွန်အလိုလိုက်သည်။ သူ ငယ်ငယ်လေးကတည်းက တစ်ဦးတည်းသောသားဖြစ်ပြီး မောင်နှမမရှိဘဲ အထီးကျန်ခဲ့ရခြင်းကြောင့် ဖြစ်သည်။
အခြေခံအားဖြင့် အလွန်အကျွံမဟုတ်သ၍ သူအလိုလိုက်မည်ဖြစ်သည်။
ထို့ကြောင့် နှိုင်းယှဥ်ကြည့်ပါက ကျိုးရှောင်မိန်ကပင် စည်းကမ်းတင်းကြပ်သော အမေတစ်ယောက်လို ဖြစ်လာ၏။
"ဦးလေး ဒေါ်လေး သားတို့ကို မြို့တော်ခေါ်သွားမလို့လား။" ဟု စုချန်းလေးက တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် မေးလေသည်။
"ဟုတ်တယ်၊ မင်းတို့ကို မြို့တော်ခေါ်သွားမလို့လေ။ မင်းတို့ရဲ့ ဝမ်းကွဲမောင်နှမတွေအကုန် အဲ့မှာရှိတယ်။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြန်ဖြေလိုက်သည်။
ကျိုးချင်းပိုင်က သူ့ခေါင်းကိုပွတ်ပေးလိုက်သည်။ ဒီတူလေးကို သူ့အိမ်တွင် ပြုစု စောင့်ရှောက်ခဲ့ရသည် မဟုတ်ပါလား။
"ဒါဆို ဘယ်တော့သွားကြမှာလဲဟင်။" ဟု စုချန်လေးက မေးလိုက်သည်။
"ပစ္စည်းတွေအားလုံး ထုတ်ပိုးပြီးကြပြီလား။" ဟု လင်းချင်းဟယ်က စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့ကို ကြည့်ကာမေးလိုက်သည်။
"အား...အားလုံး...ထုတ်ပိုးပြီးပါပြီ" စုတာ့လင်းက ခေါင်းငြိမ့်သည်။
"ထုတ်ပိုးပြီးတာ ကြာပေါ့။ တာ့လင်းက ဒီလ အစောပိုင်းကတည်းက အလုပ်ထွက်ထားတာလေ။ စတုတ္ထအစ်ကိုနဲ့ စတုတ္ထယောင်းမတို့ လာမယ့်အချိန်ကိုပဲ စောင့်နေတာ" ဟု ကျိုးရှောင်မိန်က ပြန်ဖြေလိုက်သည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "နှောင့်နှေးစရာမရှိပါဘူး။ မြို့တော်ကို စောစောလာပြီး စောစောအခြေချကြပေါ့။ ဒီနေ့ည နားလို့ရတယ်။ မနက်ဖြန် ငါတို့ ရထားစီးဖို့ မြူနီစီပယ်မြို့ကို သွားကြမယ်။"
"ကောင်းပါပြီ။" ဟု ကျိုးရှောင်မိန်က ပျော်ရွှင်စွာ ပြောလိုက်သည်။
ဘယ်ညာတစ်ဖက်ရှိ အိမ်နီးချင်းများက သူမတို့ မိသားစု မြို့တော်သို့ ပြောင်းရွှေ့ကြတော့မည်ကို သိနေကြသည်။ စုတာ့လင်းတစ်ယောက် အလုပ်ထွက်ပြီး မြို့တော်တွင် ကိုယ်ပိုင်အလုပ်လုပ်ဖို့ အစီအစဥ်ရှိသည်ကိုလည်း သိနေကြ၏။
နောက်ကွယ်တွင်လည်း အတင်းအဖျင်းစကားများစွာ ရှိနေသည်။ သူ ဘာကြောင့် လစာများသည့် အလုပ်ကို စွန့်လွှတ်ကာ မြို့တော်သို့သွားပြီး ကိုယ်ပိုင်အလုပ်လုပ်ရသလဲ အစရှိသဖြင့် ဖြစ်သည်။
သူ ကျန်းမာရေး မကောင်းလို့လား။
ကျိုးရှောင်မိန်သည် အခြားသူများနှင့် အဓိပ္ပာယ်မရှိသော စကားများမပြောလိုပါ။ ထို့ကြောင့် မြို့တော်သို့ တတ်နိုင်သမျှ မြန်မြန်သွားချင်နေခဲ့သည်။
"ဒီနေ့ည.... ဒီနေ့ည..."
စုတာ့လင်း စကားပြောလတ်စဖြစ်နေချိန်တွင် ကျိုးရှောင်မိန်က ဖြတ်ပြောလိုက်သည်။ "စတုတ္ထအစ်ကို၊ စတုတ္ထယောင်းမ၊ ဒီနေ့ည ဒီမှာ ညစာစားပြီးမှ ပြန်ကြနော်။"
"ဟုတ်ပါပြီ။" ဟု လင်းချင်းဟယ်က ခေါင်းငြိမ့်ပြလိုက်သည်။
စုတာ့လင်းက ကုန်စုံဆိုင်သို့ ပစ္စည်းများဝယ်ရန် ထွက်သွားသည်။
ကျိုးရှောင်မိန်က " စတုတ္ထယောင်းမ၊ ငါတို့ လူတွေအများကြီး သွားကြမှာဆိုတော့ ဟိုမှာ နေစရာနေရာလောက်ပါ့မလား။" ဟု မေးလိုက်သည်။
"ကံကောင်းလို့ ငါ ငှားပေးထားတဲ့ အိမ်မှာ အခန်းသုံးခန်းရှိတယ်လေ။ တစ်ခန်းက ငါတို့မိဘတွေအတွက်။ နောက်နှစ်ခန်းက နင်တို့မိသားစုအတွက်ပေါ့။ စာကြည့်ခန်းငယ်လေး တစ်ခန်းလည်းရှိသေးတယ်။ အရမ်းကြီး မကြီးပေမယ့် စာကြည့်ခန်းထဲမှာ အိပ်ယာတစ်ခုချပြီး နောက်တစ်ခန်းလုပ်လို့ရတယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
သူမရဲ့ အိမ်က တကယ်ပဲ ကောင်းမွန်ပါသည်။ အပေါ်ခန်းများအပြင် ရေချိုးခန်း၊ မီးဖိုချောင်နှင့် ဧည့်ခန်းများလည်း ရှိနေသည်။
အလွန်ကျယ်သည်ဟု ဆိုနိုင်သည်။
ထို့အပြင် အပြင်ဘက်တွင်လည်း နံရံများဖြင့် ကာရံထားသော ဥယျာဥ်တစ်ခုရှိ၏။ ယွမ်ခုနစ်ထောင် ဆိုသည်မှာ စျေးမပေါပေ။
သို့သော်လည်း တွက်ချက်ကြည့်လိုက်ပါက အရမ်းကြီးလည်း စျေးမကြီးပေ။ အတိုချုံးပြောရလျှင် အလွန်တန်နေပါသေးသည်။ အနာဂတ်မျိုးဆက်များတွင် ယွမ်ခုနစ်ထောင်နှင့် ပေနှစ်ဆယ်ပတ်လည်၏ ဆယ်ပုံတစ်ပုံကိုပင် ဝယ်ယူနိုင်မည် မဟုတ်တော့ပေ။
သူမရဲ့ စတုတ္ထယောင်းမ၏ စကားကို ကြားလိုက်ရသောအခါ ကျိုးရှောင်မိန်တစ်ယောက် စိတ်အေးသွားရသည်။
"အရမ်းစိတ်မပူပါနဲ့။ နင့်စတုတ္ထအစ်ကိုက ဆိုင်မှာ မီးလုံးတွေ၊ ဆားကစ်တွေအားလုံးကို ပြင်ဖို့ လူငှားထားပါတယ်။ အာ့နီနဲ့ အခြားသူတွေလည်း ဆိုင်ကို သန့်ရှင်းရေး သွားလုပ်ပြီးပြီ။ နင်တို့ရောက်တာနဲ့ စီးပွားရေး ချက်ချင်းလုပ်လို့ရတယ်" ဟု လင်းချင်းဟယ်က အာမခံလိုက်သည်။
နောက်ဆုံးတွင်၊ မည်သူမဆို ယခုအချိန်အခါမှာ ပြောင်းရွှေ့ရမယ် ဆိုပါက သူတို့ရဲ့ စိတ်နှလုံးမှာ ရတက်မအေး ခံစားရမှာပဲ မဟုတ်ပါလား။
"ငါစိတ်မပူပါဘူး။ နင်တို့အားလုံး မြို့တော်မှာ ရှိနေတာပဲ။” ဟု ကျိုးရှောင်မိန်က ပြုံးကာ ပြောလိုက်သည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်ပြလိုက်၏။
စုတာ့လင်းကလည်း ကုန်ပစ္စည်းအများအပြား ဝယ်ယူလာ၏။ ငါးကြီးနှစ်ကောင်နှင့် ကြက်တစ်ကောင်လည်းပါသည်။ ညစာမှာ အလွန်စားကောင်းခဲ့ပါသည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ စားသောက်ပြီးသွားသောအခါ နှုတ်ဆက်ပြီး မွေးရပ်မြေသို့ပြန်လာခဲ့သည်။
သူတို့နှစ်ယောက် ရောက်လာသောာအခါ အဖေကျိုးနှင့် အမေကျိုးတို့ စားသောက်ပြီးခါစဖြစ်နေသည်။
သူတို့ လင်းချင်းဟယ်နှင့် အိမ်နီးချင်းများ၏ စကားသံကို ကြားသယောင်ယောင် ဖြစ်နေကြသည်။
"အဘိုးကြီး၊ ကျွန်မ ဘာဖြစ်လို့ စတုတ္ထသားရဲ့ ဇနီးသည်အသံကို ကြားမိနေတာပါလိမ့်။" ဟု အမေကျိုးက အံ့အားတသင့် မေးလိုက်သည်။
အဖေကျိုးလည်း ကြားမိပါသည်။ သူ မတ်တပ် ထရပ်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့၏။ အမေကျိုးလည်း လိုက်လာသည်။
ထို့နောက် သူမရဲ့ သားအငယ်ဆုံးနှင့် ချွေးမတို့ နှစ်ယောက်စလုံး ပြန်ရောက်နေကြသည်ကို တွေ့လိုက်ရသည်။ ချက်ချင်းဆိုသလို ဝမ်းသာသွားကြပြီး " သားတို့ပြန်ရောက်နေတယ် ထင်တယ်လို့ အမေ အခုလေးတင် ပြောနေတာ၊ ဗိုက်ဆာနေကြမှာပေါ့၊ အထဲဝင်ခဲ့ကြလေ၊ ပြီးမှစကားပြောကြမယ်၊ အမေ မင်းတို့ဗိုက်ဖြည့်ဖို့ ထမင်းပွဲပြင်ပေးမယ်။" ဟု ပြောလိုက်သည်။
"အမေ သမီးတို့စားပြီးပါပြီ။" ဟု လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။
"စားပြီးပြီဟုတ်လား။ မင်းတို့ ရှောင့်မိန်အိမ်ကနေ လာကြတာလား။” ဟု အမေကျိုးက မေး၏။
"ဟုတ်တယ်၊ သမီးတို့ ယောင်းမတို့အိမ်ကနေ လာခဲ့တာ" လင်းချင်းဟယ်က ခေါင်းငြိမ့်ဖြေလိုက်ပြီး ကျိုးချင်းပိုင်ဘက်သို့ လှည့်ကာ "ရှင်နဲ့အမေတို့အိမ်ထဲဝင်ပြီး ပစ္စည်းတွေ အရင်ထုပ်ပိုးထားနှင့်ကြ။" ဟု ပြောလိုက်သည်။
"ကောင်းပြီ" ကျိုးချင်းပိုင် ခေါင်းငြိမ့်လိုက်သည်။
လင်းချင်းဟယ်ကတော့ အိမ်နီးချင်းများနှင့် ဆက်စကားပြောနေသည်။ မြို့တော်မှ သတင်းတစ်ချို့ကိုလည်း သူတို့ကို ပြောပြလိုက်သည်။ အနာဂတ်တွင် နိုင်ငံက ပိုမိုကောင်းလာမည်ဖြစ်ကြောင်း၊ မြို့တော်တွင် သူခိုးများလည်း ပေါများသည် ဖြစ်ကြောင်းနှင့် ဂရုစိုက်နေထိုင်သင့်ကြောင်း ပြောလိုက်သည်။