စာရင်းကိုင်ပညာ
Vol. 24 Ch. 334
အခန်း(၃၃၄) - စာရင်းကိုင်ပညာ
လင်းချင်းဟယ်တို့ ပြန်ရောက်လာကြကြောင်း ကြားလိုက်တော့ ကျိုးတုန်းက သူမအတွက် စားစရာများ ယူလာပေးသည်။
"ပြန်ယူသွားလိုက်ပါ။ မင်းဦးလေးနဲ့ဒေါ်လေးတို့ မြို့မှာ စားပြီးသွားပြီ။ ဒီည အိမ်မှာ စားမှာ မဟုတ်ဘူး။ မနက်ဖြန်မနက်ကျ ရထားစီးပြီး မြို့တော်ကျမှပဲ စားတော့မယ်။ ဒီကြက်က နေရာအရမ်းယူမှာ၊ အဲ့တာကြောင့် ပြန်ယူသွားပြီး ကြက်ဥတဲ့အခါ ကလေးတွေကို ကျွေးလိုက်ပါ။” ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"ဒေါ်လေး ကျွန်တော်တို့မိသားစု ဒေါ်လေးပြောတာကို နားထောင်ပြီး ဒီနှစ် ကြက်တွေ အများကြီး မွေးထားတယ်။" ဟု ကျိုးတုန်းက ပြန်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် မလိုပါဘူးဟယ်။ ငါ့မြေးလေးတွေနဲ့ မြေးမလေးတွေ စားဖို့အတွက် ဒီသကြားလုံးထုပ်ကိုသာ ပြန်ယူသွား၊ မြန်မြန်ပြန်တော့နော်၊ ဒေါ်လေး ပစ္စည်းတွေ ထုတ်ပိုးရဦးမှာ။" ဟု လင်းချင်းဟယ်က နှုတ်ဆက်လိုက်သည်။
ကြက်ကို လက်ဆောင်ပေးခဲ့ရမည့်အစား ကျိုးတုန်းက သကြားလုံးထုပ်ကိုပင် ပြန်ယူလာသေးသည်။ ထိုအကြောင်းကြားသောအခါ အမျိုးသမီးချိုင်တစ်ယောက် ရယ်မောခဲ့ရပါသေးသည်။
လင်းချင်းဟယ်က လောဘကြီးပြီး၊ သဘောထားသေးကာ အခွင့်အရေးယူတတ်သော မိန်းမမျိုးမဟုတ်မှန်း သူမ သိသည်။
လင်းချင်းဟယ်ကတော့ အမေကျိုးထံမှ ဤသို့ကြားခဲ့ရသည်။ "ဒီနှစ် ကျိုးတုန်းငွေတွေ အများကြီး ရှာနိုင်ခဲ့တယ်။ သူ့အိမ်နောက်ဖေးက မြေကိုခြံခတ်ပြီး ကြက်ခြံလုပ်ပြစ်လိုက်တယ်။ ကြက်အကောင်တစ်ရာကျော် မွေးထားတယ်လေ။ ပြီးတော့ ဥတွေလည်း ခဏခဏ ဥတယ်။ လောင်တရဲ့ဦးလေးက သုံးရက်ကနေငါးရက် တစ်ခါလောက် ဥတွေလာယူတယ်။ သူ ဥတွေ လာကောက်တိုင်းလည်း အများကြီးရတယ်။"
ချိုင်ပါ့မိန်က ကလေးမွေးပြီးမှ ကြက်မွေးမြူရန် အစီအစဥ်ရှိခဲ့သော်လည်း မတတ်နိုင်ခဲ့ပါ။ နှစ်သစ်ကူးပြီးသွားသောအခါ သူမသည် ကျိုးတုန်းအား မြေစာချုပ်ချုပ်ခိုင်းလိုက်သည်။ ထို့နောက် စိုက်ပျိုးရေးနားချိန်များတွင် သူ့အစ်ကိုများကို အင်္ဂတေပစ္စည်းများ သယ်ယူရန် အကူအညီ တောင်းခဲ့သည်။ ထို့နောက် ပတ်လည်ထောင့်များကို နံရံကာခဲ့၏။
အထဲတွင် ကြက်ဘယ်နှကောင် မွေးထားမှန်း မည်သူမှ မမြင်နိုင်တော့ပါ။
ကြက်အကောင်တစ်ရာကျော် မွေးထားသည်ဟု ပြောသော်လည်း ဥပေါက်နှုန်းကို တွက်ကြည့်လျှင် အနည်းဆုံး ကြက်နှစ်ရာနီးပါးခန့်ပင် ရှိလိမ့်မည်ဟု အမေကျိုး ခန့်မှန်းမိသည်။
ဒါက ဘယ်လိုပမာဏမျိုးပါလိမ့်။
ချိုင်ပါ့မိန်က အလုပ်ကြိုးစားသူတစ်ယောက် ဖြစ်သည်။ ကိုယ်ပိုင်ဝက်များလည်း မွေးမြူထားသည်။
ဒီနှစ်တွင် သူမ အတော်လေး စွမ်းဆောင်ရည်မြင့်မားနေ၏။ နောက်ထပ်သားတစ်ယောက် ထပ်မွေးသည်။ အရှေ့တွင်ရှိသော သားတစ်ယောက် သမီးတစ်ယောက်နှင့်ဆိုလျှင် ဒါက သုံးယောက်မြောက်ကလေး ဖြစ်သည်။ သားနှစ်ယောက်နှင့် သမီးတစ်ယောက် မွေးထားပြီဖြစ်သဖြင့် ဘယ်သူမှ သူမကို အထင်မသေးရဲတော့ပါ။
ထို့အပြင် ချိုင်မိသားစုဘက်တွင်လည်း ချိုင်ပါ့မိန်တွင် အစ်ကိုအနည်းငယ် ရှိသည်။
ချိုင်ပါ့မိန်က ရိုးသားသော်လည်း လူသူပေါင်းတတ်သည်။ သူမအိမ်သို့ ကြက်ဥအချို့ အမြဲလိုလို ယူလာပေးသဖြင့် သူမရဲ့ အစ်ကိုများက သူမကို ကူညီရမည်ဆိုလျှင်တောင် သူမယောင်းမများက ဘာမှဝင်မပြောပါ။ သူတို့ကျေနပ်ကြပါသည်။
ဒီနှစ်ထဲတွင် ကျိုးတုန်းတို့မိသားစု အတော်လေး အဆင်ပြေလာသည်ဟု ပြောနိုင်သည်။ လင်းချင်းဟယ် ပြောသလိုပင် ဒီနှစ်တွင် သူခိုးအနည်းငယ်လည်း ရှိနေပါသည်။
ကျိုးတုန်းသည် ခွေးနှစ်ကောင်မွေးထားပြီး သူ့ယောက်ဖတွေကလည်း ပင်မအိမ်နှင့် သိပ်မဝေးသောနေရာတွင် ပြောင်းရွှေ့နေထိုင်သဖြင့် ဒီနှစ်ထဲ လှုပ်ရှားမှု အချို့ရှိလျှင်တောင် ဘာမှဖြစ်မည် မဟုတ်ပါ။
"ပါ့မိန်ပြောတာ ကြားမိသလိုပဲ၊ မနှစ်က နင် သူတို့ဆီ သွားလည်တုန်းက အကြံပေးသွားတာဆို။" ဟု အမေကျိုးက ပြောသည်။
"ဟုတ်တယ်၊ ဒါပေမယ့် လုပ်မလုပ်ဆိုတာကတော့ သူတို့အပေါ်မှာပဲ မူတည်တာလေ။ အကြီးဆုံးအစ်ကိုတို့ကိုလည်း သူတို့စီးပွားရေးလုပ်ပြီး ကျွန်မရဲ့ တတိယမောင်လေးလိုမျိုး အဆင်ပြေအောင်လို့ အကြံပေးခဲ့တာပဲ။ အကြီးဆုံးအစ်ကိုတို့က စိတ်မဝင်စားကြဘူးလေ။" ဟု လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
"အမေက အဲ့လိုဆိုလိုတာမဟုတ်ဘူး။" ဟု အမေကျိုးက ချက်ချင်းပြောလိုက်သည်။
လင်းချင်းဟယ်က လျစ်လျူရှုလိုက်ပြီး ဆက်ပြောသည်။ "ကျွန်မတို့မိသားစု အဆင်ပြေဖို့ပဲ ကျွန်မမျှော်လင့်တယ်။ အားလုံးအဆင်ပြေအောင်လုပ်ရင် အားလုံးအဆင်ပြေကြမှာပေါ့။ ကျွန်မက အကြံတော့ ပေးပြီးပြီ၊ လုပ်တာမလုပ်တာကတော့ သူတို့အပေါ်မှာပဲ မူတည်တာလေ၊ ရှောင့်မိန်လိုမျိုးပေါ့၊ ရှောင်မိန်က ကျွန်မနဲ့ မြို့တော်မှာ တကယ်လိုက်နေချင်တာ၊ ဒါလည်း ကျွန်မယောင်းမပဲကို၊ ကျွန်မသူ့ကို ဂရုမစိုက်ဘဲ နေပါ့မလား၊ ဒါပေမယ့် နွားတွေက ရေမသောက်ချင်ဘူးဆိုရင် ကျွန်မအတင်း ငုံ့သောက်ခိုင်းလို့တော့မရဘူးလေ၊ ဟုတ်တယ်မလား အမေ"
အမေကျိုးက ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။ "အမေ သိပါတယ်၊ အရင်တုန်းက အမေ့အတွေးတွေ မှားယွင်းခဲ့တယ်။"
လင်းချင်းဟယ်သည် လွယ်လွယ်ခွင့်လွှတ်တတ်သော လူမျိုးမဟုတ်သော်လည်း သူမယောက္ခမ ဖြစ်နေသဖြင့် ဘာမှဆက်မပြောတော့ချေ။ ထို့အစား သူမပြောလိုက်သည်က "ရှောင့်မိန်နဲ့ တာ့လင်းတို့အတွက် ချင်းပိုင် ရှာတွေ့ထားတဲ့ ဆိုင်လေးက အရမ်းကောင်းတယ်။ အဲ့ဒီမှာ ဘန်းမုန့်ရောင်းလို့ကတော့ အရမ်းရောင်းကောင်းမှာပဲ။ ကျွန်မယောင်းမအတွက်မို့လို့ အဲ့ဆိုင်ကို ထားပေးလိုက်တာ။ မဟုတ်ရင် ကျွန်မကိုယ်တိုင် ဆိုင်ဖွင့်ပြီး ဆိုင်ကြည့်ဖို့ လူတစ်ယောက်ငှားပြီး မနက်စာအစားအသောက်တွေ ရောင်းလိုက်မှာ"
"ဆိုင်နေရာက အဲ့လောက်တောင် ကောင်းတာလား။" ဟု အမေကျိုးက အံ့သြစွာ မေးလိုက်သည်။
"ဟုတ်တယ်" ဟု လင်းချင်းဟယ်က ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။
"မနက်စာ အစားအသောက်တွေပဲ ရောင်းလို့ရတာလား။" ဟု အမေကျိုးလည်း မထိန်းနိုင်ဘဲ မေးခွန်းတွေ မေးနေမိ၏။
လင်းချင်းဟယ်က ပြန်ပြောသည်။ "ဘန်းမုန့်တွေက မနက်ပိုင်းပဲ စားလို့ရတာ မဟုတ်ဘူးလေ။ နေ့လည်နဲ့ ညနေခင်းတွေမှာလည်း စားလို့ရတယ်။ ဆိုင်ကို ရှောင့်မိန်ကို ကြည့်ခိုင်းထားလို့ရတယ်။ အမေ အချိန်ရရင် သွားကူပေးလိုက်ပေါ့။ မတ်လေးလည်း သုံးဘီးဆိုင်ကယ်တစ်စီးလောက်ဝယ်ပြီး မြို့ပတ်ရောင်းလို့ရသားပဲ။"
"အဲ့တာက... ရှက်စရာမကောင်းလွန်းဘူးလား။" ဟု အမေကျိုးက ချက်ချင်းပြန်မေးသည်။
"ဒီလိုအချိန်မျိုးမှာ ဘာရှက်စရာကောင်းလို့လဲ၊ ဘန်းမုန့်ရောင်းတာက ဘာရှက်စရာလိုလို့လဲ။ ကျွန်မတို့မစားနိုင် မသောက်နိုင်မှသာ ကျွန်မတို့ ရှက်ရမှာလေ။ ဂုဏ်အရှိဆုံးက ကျွန်မတို့လက်နဲ့ ကိုယ်တိုင် ကြိုးကြိုးစားစား ငွေရှာတာပဲလေ။” ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
အမေကျိုးသည် ထိုစကား ကြားသောအခါ မျက်နှာအနေအထား တိုးတက်သွားပြီး ဤကဲ့သို့ ပြောလိုက်သည်။ "ရောင်းကောင်းရင်လည်း တာ့လင်းကို အဲ့လို ရောင်းခိုင်းလိုက်တာပေါ့။"
"ရှောင့်မိန်နဲ့ မတ်လေးတို့ အဲ့ဒီကိုရောက်ရင် လွယ်ကူမှာမဟုတ်ဘူး။ အမေနဲ့အဖေတို့လည်း သူတို့ကို ကူညီပေးသင့်တယ်။" ဟု လင်းချင်းဟယ်က ပြောသည်။
အမေကျိုးက ခေါင်းငြိမ့်ကာ ပြန်ဖြေသည်။ "ဟုတ်တာပေါ့"
သူတို့စကားပြောနေစဥ် အကြီးဆုံးမရီးနှင့် တတိယမရီးတို့သည် သူတို့ပြန်ရောက်နေတယ်လို့ သတင်းကြားတော့ လယ်ထဲမှ ပြန်ရောက်ရောက်ချင်းမှာပင် ဒီဘက်အိမ်သို့ ကူးလာခဲ့ကြသည်။
"ဒုတိယမရီးကော မလိုက်လာဘူးလား။" ဟု လင်းချင်းဟယ်က ပြုံးကာ မေးလိုက်သည်။
"ငါ့စိတ်ထင် ဒီကိုလာမယ် မထင်ဘူး။ သူ ဟင်းချက်နေတာတော့ မြင်တယ်။" ဟု တတိယမရီးက ပြောသည်။
"ဒီသကြားလုံးထုပ်တွေက အစ်မတို့အတွက်ပါ။ မိသားစုတစ်စုကို တစ်ထုပ်စီ။ နို့မှုန့်တွေလည်းပါတယ်၊ မိသားစုတစ်ခုကို တစ်ထုပ်စီ။ အကြီးဆုံးမရီးနဲ့ တတိယမရီးတို့ ပြန်ရင် ယူသွားကြ။" ဟု လင်းချင်းဟယ်က အိတ်ထဲမှ နို့မှုန့်ထုပ်များနှင့် သကြားလုံးထုပ်များကို ထုတ်ယူကာ ပြောလိုက်သည်။
"အဲ့တာတွေ မလိုပါဘူးဟယ်။" ဟု အကြီးဆုံးမရီးက ကမန်းကတန်း ပြန်ပြောလိုက်သည်။
"ကျွန်မ ဝယ်လာပြီးသွားပြီပဲ။ ဒုတိယတို့မိသားစုအတွက်လည်း ပါတယ်နော်။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။
"ဝူနီရော၊ အဲ့ဒီမှာ နေသားကျနေပြီလား။” ဟု တတိယမရီးက မေးလိုက်သည်။
"ကျွန်မ မသိဘူး။ ဝူနီနဲ့ ယန်ယန်တို့ ပြန်ရောက်လာတဲ့နေ့မှာ ချင်းပိုင်နဲ့ ကျွန်မတို့ တောင်ပိုင်းကို ရောက်နေတာလေ။ ဒါပေမယ့် ဝူနီအတွက် စိတ်မပူပါနဲ့။ သူက ဖက်ထုပ်ဆိုင်မှာ အာ့နီနဲ့ ရှန့်မိန်တို့နဲ့အတူ ရှိနေတာပဲ။ ဘာပြဿနာမှ မရှိလောက်ဘူးလို့ ထင်တယ်။" ဟု လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။
"အဲ့ဒီကောင်မလေး အာ့နီ၊ အလုပ်ရော သေချာလုပ်ရဲ့လားတော့မသိဘူး။ အလုပ်ကောင်းကောင်း မလုပ်ရင် သူ့ကိုဆူလိုက်ပါ။ ဘာမှ ညှာနေစရာမလိုဘူး။" ဟု အကြီးဆုံးမရီးက ပြောလိုက်သည်။
လင်းချင်းဟယ်က ပြုံးကာဖြင့် "အကြီးဆုံးမရီး၊ အာ့နီကိုတော့ စိတ်ပူစရာမလိုပါဘူး။ အာ့နီက အရမ်းတော်တယ်။ သင်ယူလိုစိတ်ရှိတယ်၊ စာအုပ်လည်း မကြာခဏ ဖတ်တယ်၊ သူ အရင်က မသိတဲ့စာလုံးတွေ အခုအားလုံးသိနေပြီ။ နောက်ပိုင်းကျရင် အာ့နီကို ညနေကျောင်းပို့ပြီး စာရင်းကိုင်ပညာသင်ခိုင်းဖို့ စဥ်းစားထားတယ်။ အဲဒီအလုပ်က အနာဂတ်မှာ အလားအလာ ကောင်းလာလိမ့်မယ်။ အကြီးဆုံးမရီး၊ အာ့နီရဲ့အနာဂတ်အတွက် စိုးရိမ်စရာ မလိုပါဘူး။" ဟု ပြောလိုက်သည်။
ထိုစကားကြားသောအခါ အကြီးဆုံးမရီး စိတ်အေးသွားရသည်။ ထို့နောက် လင်းချင်းဟယ်ကို အလျင်အမြန် ပြောလိုက်သည်။ "နင့်ကို တကယ်ဒုက္ခပေးမိပြီ ချင်းဟယ်ရေ။"
လင်းချင်းဟယ်က "အကြီးဆုံးမရီး၊ ကျွန်မကို အရမ်းယဥ်ကျေးပြစရာမလိုပါဘူး။" ဟု ပြောလိုက်သည်။
ထို့နောက် အာ့နီ၏လစာကို ထုတ်ပေးလိုက်သည်။ အာ့နီ၏လစာပဲမဟုတ်ဘဲ ဟူကျစ်နှင့် ရှုရှန့်မိန်တို့၏ လစာလည်းပါပြီး ပြောလိုက်သည်။ "ဒါ သူတို့ရဲ့လစာတွေပါ။ တစ်ယောက်ချင်းစီရဲ့ လစာတွေပါ။ ကျွန်မတို့ဆီမှာ သူတို့ဘာမှ သုံးစရာမလိုဘူး။ အစားအသောက်နဲ့ နေထိုင်စရိတ်တွေပါ ရှင်းပြီးပြီမို့လို့ ဒီပိုက်ဆံတွေက အစ်မတို့အတွက် ယူလာပေးတာ၊ တစ်ရက်လောက် အားရင် အကြီးဆုံးမရီး၊ အကြီးဆုံးအစ်ကိုကို လွှတ်ပြီး အကြီးဆုံးအစ်မနဲ့ ဒုတိယအစ်မတို့ကို ပေးလိုက်ပါ။”
လအနည်းငယ်အတွင်း တစ်ယောက်ချင်းစီက ယွမ် ၁၀၀ ထက်ဝင်ငွေရှိနေပြီ။ တတိယမရီးသည်ပင် မနာလိုဖြစ်လာပြီး "အာ့နီတောင် မိသားစုအတွက် ငွေရှာပေးနိုင်နေပြီပဲ" ဟု ပြောမိလေသည်။
"မစိုးရိမ်ပါနဲ့ တတိယမရီးရေ၊ ဝူနီတစ်ယောက် ကောလိပ်သွားပြီး ဘွဲ့ရပြီးရင် ရှင်ကျွေးမွေးပြုစုခဲ့တာတွေအတွက် သူ့တစ်ဘဝလုံး အမှတ်ရပြီး အစ်မကို ပြန်ကြည့်မှာပါ။ အစ်မ စိတ်ပူနေစရာ မလိုပါဘူး။" ဟု လင်းချင်းဟယ်က ပြောလိုက်လေသည်။