ညီအကိုများ
Vol. 24 Ch. 335
အခန်း(၃၃၅) - ညီအစ်ကိုများ
ရိုးရိုးသားသားပြောရလျှင် ဒီခေတ်မှာ တတိယမရီးကဲ့သို့ မိန်းကလေးတွေကို ပျိုးထောင်ပေးလိုသောလူ များများစားစား မရှိပေ။
အကြီးဆုံးမရီးသည်လည်း ရှားပါးသော လူစားမျိုးဖြစ်သည်။ အတိတ်ဘဝကြောင့် လွှမ်းမိုးခံရပြီး သူမ၏ကလေးများကို တတိယတန်းအထိ ပညာသင်ပေးလိုစိတ်ရှိပြီး စာလုံးအနည်းငယ်လောက်ပဲဖြစ်ဖြစ် တတ်အောင်သင်စေချင်သည်။
ဒုတိယအစ်မ၏ သမီးဟူကျစ်လည်း ထိုအတန်းပညာအဆင့်သို့ ရောက်နေပြီဖြစ်သည်။
အကြီးဆုံးအစ်မ၏ သမီး ရှုရှန့်မိန်ကတော့ ပထမတန်းတွင်ပင် ပညာမသင်ယူခဲ့ပါ။ ထိုကဲ့သို့ဖြစ်ရပ်များက ဤခေတ်တွင်ပေါများပါသည်။
တတိယမရီးက ပြုံးကာ "သူ တစ်သက်လုံး ကျေးဇူးတင်စရာ မလိုပါဘူး။ သူ့အမေဘက်ကမိသားစု ပြဿနာတစ်ခုခုဖြစ်လို့ ကူညီပေးနိုင်ရင်ပဲ လုံလောက်ပါပြီ။" ဟု ပြန်ဖြေလိုက်သည်။
သို့သော်လည်း ပန်းတိုင်က ဘာပဲဖြစ်ပါစေ ကျိုးဝူနီ ကျောင်းသို့သွားသည် သို့မဟုတ် တက္ကသိုလ်ပင် တက်နိုင်သည် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။
အချိန်အတော်ကြာ စကားပြောပြီးသွားကြသောအခါ လင်းချင်းဟယ်ကို သူမတို့နှင့်အတူလိုက်ပြီး ညစာစားဖို့ ဖိတ်ခေါ်ခဲ့သော်လည်း ကျိုးရှောင်မိန်၏အိမ်တွင် စားခဲ့ကြပြီးဖြစ်သဖြင့် လက်လျှော့လိုက်ရသည်။
အကြီးဆုံးမရီးနှင့် တတိယမရီးတို့သည် သကြားလုံးထုပ်များနှင့် နို့မှုန့်ထုပ်များကို ရှက်ကိုးရှက်ကန်း ပြန်သယ်သွားကြသည်။
မိသားစုတစ်ခုစီတိုင်းက သကြားလုံးတစ်ထုပ်နှင့် နို့မှုန့်တစ်ထုပ်စီရသည်။ ဒုတိယအစ်ကို၏ မိသားစုလည်းဝေစုရပါသည်။
တတိယမရီးက ဒုတိယမရီးနှင့် စကားမပြောတော့သဖြင့် သူမ သွားမပေးပါ။ အကြီးဆုံး မရီးကသာ ဒုတိယအစ်ကိုကို ပေးလိုက်ရသည်။
"လောင်တရဲ့အမေက ပေးခိုင်းလိုက်တာ။ အာဟာရဖြစ်အောင် စားသောက်ဖို့ပြောတယ်။ သိမ်းမထားဘဲ သောက်လိုက်ပါ။ မိသားစုတိုင်း သကြားလုံး တစ်ထုပ်နဲ့ နို့မှုန့်တစ်ထုပ်ရတယ်။" ဟု အကြီးဆုံးမရီးက ရှင်းပြသည်။
"ကျွန်တော် လက်မခံနိုင်ပါဘူးဗျာ။" ဟု ဒုတိယအစ်ကိုက ရှက်ရွံ့စွာ ပြောလိုက်သည်။
အရင်တစ်ခေါက်က သူ့ရဲ့ ဒုတိယသမီးက မစဥ်းစား မဆင်ခြင်ဘဲ ထင်ရာလုပ်ခဲ့သည်။ ပြဿနာရှာခဲ့ပြီး လောင်တလည်း လူကိုယ်တိုင် ပြန်လာပို့ပေးခဲ့ရ၏။
"ဘာမှမဖြစ်ပါဘူး။ ငါတို့အားလုံးက မိသားစုတွေပဲကို။ ချင်းဟယ်က အဲ့ဒီကိစ္စတွေကို ဂရုမစိုက်ပါဘူး။" ဟု အကြီးဆုံးမရီးက အပြုံးဖြင့် သေသေချာချာ ပြောလိုက်ပြီး ဒုတိယအစ်ကိုကို သကြားလုံးများနှင့် နို့မှုန့်ထုပ်ကိုပေးလိုက်သည်။
ဒုတိယအစ်ကိုကလည်း လက်ခံလိုက်သည်။
ညနေဘက် ရှစ်နာရီဝန်းကျင်အချိန်တွင် ညီအစ်ကိုသုံးယောက်နှင့် လျှောက်လည်ရန် ကျိုးချင်းပိုင်ထွက်လာခဲ့၏။ ညီအစ်ကိုများက မြစ်ဆီသို့ တန်းသွားကြပြီး ရေချိုးကာ ရေကူးခဲ့ကြလေသည်။
"တာ့လင်းက အဲ့ဒီမှာ ဘန်းမုန့်ဆိုင်ဖွင့်တော့မှာဆိုတော့ အဆင်ရောပြေပါ့မလား။ သူ့ရဲ့ အရင်လစာက ယွမ် ၆၀တဲ့၊ အများကြီးပဲနော်။" ဟု အကြီးဆုံးအစ်ကိုက အနည်းငယ် စိုးရိမ်စွာ မေးလိုက်သည်။
"သူ အလုပ်လုပ်နေတဲ့ စက်ရုံက ပိတ်တော့မှာလေ။ မဟုတ်ရင် သူက ဒီလိုအလုပ်မထွက်လောက်ဘူး။" ဟု တတိယအစ်ကိုက ထိုအကြောင်းကို ဆက်ပြောသည်။
သူတို့အားလုံးက မိသားစုဖြစ်သဖြင့် အမေကျိုးက အားလုံးကို ဘာမှဖုံးကွယ်မထားပါ။
ဒုတိယအစ်ကိုက ပြောလိုက်သည်။ "သူ မြို့တော်ကိုသွားပြီး အလုပ်ကြိုးစားလုပ်ကိုင်ရင် ဘာပြဿနာမှ မရှိလောက်ပါဘူး။"
အမျိုးသမီးတွေက ဘာတွေပဲတွေးတွေး ညီအစ်ကိုလေးယောက်ကတော့ အတော်လေး အဆင်ပြေကြသည်။
"အနာဂတ်မှာ သူ့ဆိုင် စျေးရောင်းကောင်းရင် အဆင်ပြေသွားမှာပါ။" ဟု ကျိုးချင်းပိုင်က ပြောလိုက်သည်။ ထို့နောက် သူ့အစ်ကိုကြီးသုံးယောက်ကို ရုပ်တည်ဖြင့် ကြည့်လိုက်ပြီး "အစ်ကိုတို့တွေကော မြို့တော်မှာ အခြေချဖို့ အစီအစဥ်မရှိကြဘူးလား။" ဟု မေးသည်။
"ငါ့တစ်ဘဝလုံး လယ်ကို ဘယ်လိုစိုက်ရမလဲပဲ သိတယ်ကွ။ ငါမြို့တော်မှာ အခြေချလို့ မရလောက်ပါဘူးကွာ။" ဟု အကြီးဆုံးအစ်ကိုက ခေါင်းခါကာ ပြောလိုက်သည်။
"တာ့လင်းက မြို့တော်ကို ပြောင်းတော့မှာ၊ သူ့အိမ်ကလည်း လွတ်နေလိမ့်မယ်။ အစ်ကိုတို့ မြို့ထဲမှာ ဆိုင်တစ်ခုခု ဖွင့်ချင်တယ်ဆို နေစရာနေရာတော့ ရှိလိမ့်မယ်။” ဟု ကျိုးချင်းပိုင်က ပြောလိုက်သည်။
သူက မြို့တော်တွင် အခြေချကာ တိုးတက်အောင် လုပ်တော့မည်ဖြစ်သဖြင့် အစောပိုင်း နှစ်အနည်းငယ်အတွင်း အိမ်ပြန်လာဖို့ အချိန်မရှိပေ။ ထိုနေရာတွင် အာရုံစိုက်ကာ ထိုနေရာက ဘဝကိုပဲ ရာနှုန်းပြည့် တည်ငြိမ်အောင် အရင်လုပ်ဖို့က အရေးကြီးသည်။
ထို့ကြောင့် သူတို့သည် ထိုနေရာတွင် ယာယီနေထိုင်နိုင်သည်။
"ငါလည်း မြို့ကိုသွားဖို့ အစီအစဥ်မရှိဘူး။ ငါ ကြက်ပဲ ပိုမွေးချင်တယ်။ ဒါပေမယ့် မင်းဒုတိယမရီးက သဘောမတူဘူးကွာ။" ဟု ဒုတိယအစ်ကိုက တိုးသဲ့စွာ သက်ပြင်းချလိုက်သည်။
''ကျွန်တော့်ဇနီးသည်က ကြက်မွေးတာကောင်းတယ်လို့ ပြောတယ်။ ကျိုးတုန်းကိုလည်း သူပဲ အကြံပေးခဲ့တာလေ။" ဟု ကျိုးချင်းပိုင်က ပြောလိုက်သည်။
"ငါသိပါတယ်။ စတုတ္ထညီရဲ့ဇနီးသည်က ငါတို့ကိုလည်းပြောတယ်။ ပြီးတော့ ငါလည်းလုပ်ချင်တယ်။ ကြက်နဲ့ဘဲ မွေးမြူချင်တယ်။ မင်းရဲ့ဒုတိယမရီးက အနာဂတ်မှာ အဆင်မပြေဖြစ်မှာကို ကြောက်နေတယ်၊ မင်းမရီးက မွေးထားသမျှအားလုံး သဲထဲရေသွန်ဖြစ်မှာကို ကြောက်နေတာ။" ဒုတိယအစ်ကို အကူအညီမဲ့နေသလို ခံစားလိုက်ရ၏။
"အတိတ်ကလို အဲ့လိုဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်နိုင်ပါဘူး။" ဟု ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။
ဒုတိယအစ်ကိုကလည်း ယုံကြည်သည်။ သို့သော် သူ့မိန်းမက သူ့ကို လုံးဝ ခွင့်မပြုပေ။ သူ ဘာလုပ်နိုင်ဦးမည်နည်း။ သူလယ်ထဲတွင်သာ အလုပ်ဆက်လုပ်နိုင်တော့သည်။
"စတုတ္ထညီလေး၊ မင်းရဲ့ယောက်ဖကော မြို့မှာ ဘယ်လိုနေလဲကွ။" ဟု တတိယအစ်ကိုက အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"တော်တော်လေး အဆင်ပြေတယ်။" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်ပြီး သူ့ညီအစ်ကိုများထဲက တစ်ယောက်ကလည်း ထိုကဲ့သို့ ရည်ရွယ်ချက်ရှိမှန်း သိလိုက်ရသည်။
"ဒါဆို မြို့မှာ ဆိုင်တစ်ဆိုင်ဝယ်ရင် ငွေတွေအများကြီး ကုန်ကျမှာလား။" ဟု တတိယအစ်ကိုက ဆက်မေးသည်။
"အဲ့ဒီအချိန်တုန်းကတော့ ယွမ် ၆၈၀နဲ့ ဝယ်ခဲ့တာ။ ဒါပေမယ့် အဲ့တာကလည်း ရောင်းတဲ့သူတွေက ရောင်းချဖို့ နည်းနည်း အလျင်လိုနေတာနဲ့ တိုက်ဆိုင်ပြီး ကံကောင်းသွားတယ်။ ပုံမှန်ဆိုရင်တော့ အနည်းဆုံး ယွမ် ၈၀၀ ဝန်းကျင်ပဲ၊ အနာဂတ်ကျရင် ဒီထက် စျေးပိုတက်လိမ့်မယ်လို့ ထင်တယ်။" ဟု ကျိုးချင်းပိုင်က ရှင်းပြလိုက်သည်။
"ဘုရားသခင်၊ အဲ့လောက်တောင် စျေးကြီးလား။" ဟု တတိယအစ်ကိုက အံ့သြစွာ ရေရွတ်လိုက်မိသည်။
သူ့အစ်ကိုတွေအတွက် မလွယ်ကူသည်ကို ကျိုးချင်းပိုင်သိသဖြင့် ဤကဲ့သို့ ပြောလိုက်သည်။ "ကျွန်တော် ဒီနှစ် ယွမ် ၅၀၀ လောက် ထုတ်ထားပြီး အကြီးဆုံးအစ်ကိုနဲ့ အကြီးဆုံးမရီးတို့ဆီ အပ်ထားလိုက်မယ်။ အစ်ကိုတို့ ဘာပဲလုပ်ချင်လုပ်ချင် ငွေလိုတယ်ဆိုရင် အဲ့တာကို ယူသုံးလို့ရတယ်၊ ကျွန်တော့်ကို နောက်မှ ပြန်ပေးလို့ရတယ်။"
"အဲ့ဒီလို လုပ်စရာမလိုပါဘူးကွာ။" ထိုစကားကို ကြားသောအခါ အကြီးဆုံးအစ်ကိုက ချက်ချင်း တုံ့ပြန်လိုက်သည်။ "မင်းက ငါတို့မိဘတွေကို မြို့တော်ကို ခေါ်သွားတော့မှာ၊ ပြီးတော့ တာ့လင်းနဲ့ ရှောင့်မိန်တို့လည်း အဲ့ဒီကို ပြောင်းကြတော့မှာ။ မင်း သူတို့ကို ကူညီရမယ်လေ။ ငါတို့ဘက်ကို စိတ်မပူဘဲ အဲ့ဒီဘက်ကို အာရုံစိုက်ပေးရင်ပဲ ရပါပြီကွာ။"
"ဟုတ်တယ်၊ မင်းမြို့တော်ဘက်ကိုပဲ ဂရုစိုက်လိုက်ပါကွာ။" ဟု ဒုတိယအစ်ကိုက ပြောသည်။
"မင်း တော်တော် သတ္တိကောင်းလာတယ်နော်။ ခယ်မရဲ့ ခွင့်ပြုချက်မရဘဲ ဒီလိုကိစ္စမျိုး ဆုံးဖြတ်ရဲတယ်ပေါ့။" ဟု တတိယအစ်ကိုက ရယ်မောကာ ပြောလိုက်သည်။
"ကျွန်တော့်ဇနီးသည်က ဒီကိစ္စတွေကို စိတ်ထဲမထားပါဘူးဗျာ။" ဟု ကျိုးချင်းပိုင်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ "ငွေကို အကျိုးရှိရှိ အသုံးချမယ်ဆိုရင် သူ ဘာမှပြောမှမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်အတည်ပြောနေတာ၊ ခဏနေကျရင် ကျွန်တော် ငွေပြန်ယူပြီး အကြီးဆုံးအစ်ကိုဆီမှာ အပ်ထားလိုက်မယ်။ အစ်ကိုတို့သုံးယောက် ဘာလုပ်မလဲ ဆုံးဖြတ်ကြပေါ့။”
စကားပြောပြီးသွားသောအခါ သူက တတိယအစ်ကိုဘက်သို့ လှည့်လိုက်သည်။ “တတိယအစ်ကို၊ မင်းမြို့ထဲမှာ ဆိုင်တစ်ဆိုင်ဝယ်ချင်တယ်ဆိုရင် မြန်မြန်ဝယ်တာ ပိုကောင်းလိမ့်မယ်။ အနာဂတ်ကျရင် ပိုပြီး စျေးကြီးလာဖို့ပဲရှိတယ်။ မင်းအကူအညီလိုရင် ကျွန်တော့်ရဲ့ တတိယယောက်ဖကို သွားတွေ့လိုက်။"
ထိုတတိယယောက်ဖဆိုသည်မှာ တတိယမောင်လေးလင်းကို ဆိုလိုခြင်း ဖြစ်သည်။
ညီအစ်ကိုများ စကားပြောပြီးသွားသောအခါ ရေချိုးတာလည်း ပြီးသွားကြပြီဖြစ်သဖြင့် အဝတ်အစားများ ဝတ်ကာ အိမ်ပြန်သွားကြသည်။
လင်းချင်းဟယ်သည် မအိပ်သေးပါ။ သူမ စာဖတ်နေတုန်းဖြစ်သည်။
ကျိုးချင်းပိုင်တစ်ယောက် အိမ်ထဲဝင်လာပြီး သူ့ဇနီးသည်ကို တွေ့သဖြင့် ကျိုးချင်းပိုင်သည် သူ့အစ်ကိုသုံးယောက်ကို ကတိပေးခဲ့သည့် အကြောင်း ပြောပြလိုက်သည်။
လင်းချင်းဟယ်က မျက်ခုံးပင့်ကာ သူ့ကိုကြည့်လိုက်ပြီး "ရှင် သတ္တိတွေ တော်တော်ကောင်းနေတယ်ပေါ့လေ။” ဟု ပြောလိုက်သည်။
"အဟမ်း၊ ဇနီးလေးရေ၊ ဒီနေ့ည ကိုယ်အလျော်ပေးပါ့မယ်။" ဟု ကျိုးချင်းပိုင်က ချောင်းဟန့်ကာ ပြန်ပြောလိုက်သည်။
လင်းချင်းဟယ်က သူ့ကို ဖြူစင်သော အကြည့်ဖြင့် ပြုံးပြကာ ဘာမှ မပြောဘဲ သူ့ကို ယွမ် ၅၀၀ ပေးလိုက်သည်။ "ဒီလောက်ဆို လုံလောက်ပြီလား။"
"လုံလောက်ပါတယ်။ သူတို့အတွက် မလုံလောက်ဘူးဆိုရင်လည်း သူတို့ဖာသာသူတို့ နည်းလမ်းရှာကြပါစေ။" ဟု ကျိုးချင်းပိုင်က ပြန်ဖြေလိုက်သည်။
သူ့အစ်ကိုတွေကို ထောက်ပံ့ရတာ စိတ်ထဲမထားသော်လည်း လွန်လွန်ကြူးကြူးတော့ မလုပ်ပါ။
ကျိုးချင်းပိုင်သည် ယွမ် ၅၀၀ကို ယူပြီး အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့၏ လက်ထဲတွင် အပ်ထားခဲ့လိုက်သည်။ အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့သည် စိတ်ထဲ ခံစားသွားကြရသည်။
သူတို့သည် ကျိုးမိသားစု၏ အကြီးဆုံးများဖြစ်ကြသော်လည်း သူတို့ထောက်ပံ့မှုက စတုတ္ထမိသားစုလောက် မများပါ။
သို့သော်လည်း သူတို့ စိတ်အေးရသည်။ ကျိုးမိသားစုဟောင်းလေး အောင်မြင်လာလေပြီ။ ဤသည်က ကျိုးမိသားစုဟောင်းအတွက် ပျော်ရွှင်ဖွယ်ရာ ကိစ္စဖြစ်ပါသည်။
ကျိုးချင်းပိုင်သည် ငွေကို အကြီးဆုံးအစ်ကိုလက်ထဲ ထည့်ပေးခဲ့ပြီး ပြန်သွားသည်။
လင်းချင်းဟယ်သည် စာဖတ်နေဆဲ ဖြစ်သည်။ ကျိုးချင်းပိုင်က အလျော်ပေးမည်ဟု ပြောထားသဖြင့် သူ့စကားကို တည်ရဦးမည်ဖြစ်သည်။
"လူကြီးလူကောင်း နည်းနည်းလေးကို မဆန်ဘူးနော်။” လင်းချင်းဟယ်က သူ့ကို ခပ်ဖွဖွ ထုကာ မူလိုက်သည်။ တကယ်တော့ သူမလည်း သဘောကျပါသည်။
လင်မယား စုံတွဲများ အိမ်စာလုပ်ပြီးပါက အိမ်စာထပ်ရသည်က ပုံမှန်ပဲ မဟုတ်ပါလား။
နောက်တစ်နေ့တွင် သူတို့ လေးနာရီမထိုးမီ အိပ်ယာမှ ထခဲ့ကြသည်။ မျက်နှာသစ် စားသောက်ပြီးသွားသောအခါ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် အဖေကျိုး၊ အမေကျိုးတို့နှင့်အတူ ထွက်လာကြတော့သည်။
အကြီးဆုံးအစ်ကိုနှင့် အခြားသူများလည်း သူတို့ကို လိုက်ပို့ပါသည်။ ရွာအဝင်ထိပ်သို့ လိုက်ပို့ပေးခဲ့ကြပြီး အလျင်စလိုပင် ပြန်သွားကြရသည်။
လက်ရှိ လယ်ထဲတွင် လုပ်စရာများစွာ ရှိနေကြသည်။ ထို့ကြောင့် သူတို့ကို မြို့သို့ လိုက်ပို့ဖို့ အချိန်ဖြုန်းရန် မလိုအပ်ပါ။
အိမ်တံခါးသော့များကိုတော့ လုံခြုံစေရန်အတွက် အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးအစ်မတို့ကိုပဲ အပ်ထားခဲ့လိုက်သည်။ အိမ်တွင် တန်ဖိုးကြီးပစ္စည်း ဘာမှတော့ မရှိပါ။ မြေအိုးတစ်ချို့နှင့် ဒယ်အိုးတစ်ချို့သာ ကျန်ခဲ့သည်။ ကျန်ပစ္စည်းအားလုံးကိုတော့ ယူဆောင်သွားခဲ့ကြပါသည်။