ရထားပေါ်ကနေ့လည်စာ
Vol. 24 Ch. 335
အခန်း(၃၃၆) - ရထားပေါ်က နေ့လည်စာ
သူတို့တွေ မြို့သို့ ရောက်ရှိသွားကြသောအခါ စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့သည် ကလေးတွေနှင့်အတူ အသင့်စောင့်နေကြပြီဖြစ်သည်။
ထို့အပြင် စုတာ့လင်း၏ ဦးလေးနှင့် ဒေါ်လေးပါ ရှိနေကြသည်။
"တာလင်းယောက်ဖတို့လင်မယား၊ ဒီလိုတွေဖြစ်လာပြီ ဆိုတော့လည်း ဦးလေးတို့ ဘာမှ မပြောတော့ပါဘူး။ ဒါပေမယ့် တာ့လင်းနဲ့ ရှောင့်မိန်တို့က အဲ့ဒီကို အခုမှ ရောက်မှာဆိုတော့ ကျေးဇူးပြုပြီး သူတို့ကို ကူညီစောင့်ရှောက်ပေးကြပါဦး။ သူတို့နှစ်ယောက်စလုံးက ရိုးသားပြီး အနာဂတ်ကျရင်လည်း ဘဝမေ့မယ့်လူတွေ မဟုတ်ပါဘူး။" ဟု တာ့လင်၏ဦးလေးက အဖေကျိုးနှင့် အမေကျိုးတို့ကို ဂါဝရပြုနှုတ်ဆက်ကာ ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဦးလေးက အရမ်းယဥ်ကျေးလွန်းနေပါပြီ။ ကျွန်မတို့က ရှောင့်မိန်နဲ့ တာ့လင်းတို့နဲ့ ဆက်ဆံရေး ဒီလောက်ကောင်းတာ၊ ဒီလောက်နှစ်အကြာကြီး ရှိနေပြီပဲ။ ဒီလိုပြောဖို့ မလိုပါဘူးရှင်။” ဟု လင်းချင်းဟယ်က အပြုံးဖြင့် တုန့်ပြန်လိုက်သည်။ "မြို့တော်မှာ အားလုံးပြင်ဆင်ပြီးသွားပါပြီ။ သူတို့ရောက်တာနဲ့ အလုပ်ကြိုးစားမယ်ဆို အဆင်မပြေစရာ ဘာအကြောင်း မရှိပါဘူး။ ကလေးတွေရဲ့ ကျောင်းကိစ္စအတွက်လည်း ကျွန်မ စီစဥ်ထားပြီးသားပါ။ ဦးလေးနဲ့ဒေါ်လေး စိတ်မပူပါနဲ့။”
သူမ ထိုသို့ပြောပြပြီးနောက် ကျိုးရှောင်မိန်က သူတို့ကို နှုတ်ဆက်ဂါရဝပြုသည်။
"ကောင်းတာပေါ့ကွယ်။" တာ့လင်၏ ဒေါ်လေးက ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် အမေကျိုးကို ပြောလိုက်၏။ "ရှင်တို့ အဲ့ဒီကိုရောက်တာနဲ့ ဒီကလေးတွေက ပြဿနာရှာကြဦးမှာပဲ။ ကျေးဇူးပြုပြီး သူတို့ကို ကူညီပေးပါဦးနော်။ အဲ့ဒီမှာ ကားတွေ အများကြီးရှိတယ်လို့ ကြားတယ်။ ကလေးတွေကို လမ်းမပေါ်မှာ လျှောက်ပြေးခိုင်းလို့ မဖြစ်ဘူးနော်။"
"ကျွန်မတို့လင်မယား အဲ့ဒီကိုရောက်တာနဲ့ ဘာမှလုပ်စရာမရှိပါဘူး။ ကလေးတွေကို စောင့်ရှောက်ပြီး ဆိုင်ကြည့်ပေးလို့လည်း ရတယ်။ စိတ်ချပါ တာ့လင်းဒေါ်လေး၊ ရှေ့လျှောက် အချိန်ရရင် မြို့တော်ကိုလာလည်ပါလား၊ ကောင်းကင်ဘုံဂိတ်တံခါးတောင်ထိပ်ကို သွားလည်ကြမယ်လေ။ အားလပ်ရက်ခရီးလို့ သဘောထားပေါ့။ မြို့တော်မှာ နေရာက ကျယ်တယ်၊ နေထိုင်စရာနေရာတွေ အများကြီးရှိတယ်။" ဟု အမေကျိုးက ရည်မွန်စွာ ပြန်ဖြေလိုက်သည်။
"ဒါဖြင့်ရင် ကျွန်မတို့ အချိန်ရတဲ့အခါကျ လာလည်ဦးမှပါ။" ဟု တာ့လင်ဒေါ်လေးက ပြုံးကာ ပြောလိုက်သည်။
ခဏတာစကားပြောပြီးသွားကြသောအခါ အချိန်ကျလာပြီဖြစ်သည်။ သူတို့သည် ဘတ်စ်ကား စောင့်နေလိုက်ကြသည်။ တတိယမောင်လေးလင်းက ဂိတ်တွင် သူတို့ကို ကြိုစောင့်နေပြီဖြစ်သည်။ သူ့လက်ထဲတွင်လည်း ဆီစိမ်စက္ကူများဖြင့် ပတ်ထားသော ဘန်းမုန့်များရှိနေ၏။
"အစ်မ" တတိယမောင်လေးလင်းက နှုတ်ဆက်လိုက်သည်။
"'နင် ဘာဖြစ်လို့ လာခဲ့တာလဲ၊ ကိုယ့်အလုပ်ကိုလုပ်ပြီး မလာဖို့ ပြောထားရက်သားနဲ့။" ဟု လင်းချင်းဟယ်က ချက်ချင်းပြောလိုက်သည်။
"အပန်းမကြီးပါဘူး၊ အစ်မရေ။ ခဏနေပြန်လိုက်ရင် အချိန်မှီပါသေးတယ်။ အစ်မ လမ်းမှာစားဖို့ ဒီဘန်းမုန့်တွေ ယူသွားနော်။” ဟု တတိယမောင်လေးလင်းက ဘန်းမုန့်များကို ကမ်းပေးလိုက်သည်။
လင်းချင်းဟယ်လည်း လက်ခံလိုက်ပါသည်။ တတိယမောင်လေးလင်းတစ်ယောက် ကျေးရွာဘက်ကိုသွားပြီး သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို သယ်ရဦးမည်ကို သိသဖြင့် သူမ အလျင်အမြန် ပြောလိုက်သည်။ "နင် သွားစရာရှိတာ မြန်မြန်သွားတော့လေ။ ဒီမှာ ဆက်မနေနဲ့တော့။"
"ဟုတ်ပါပြီ။ အားလုံးပဲ ချောမွေ့တဲ့ လမ်းခရီးလေး ဖြစ်ပါစေ။" တတိယမောင်လေးလင်းသည် တကယ်ပဲ အလုပ်များနေခဲ့ပါသည်။ ထို့ကြောင့် စကားပြောပြီးပြီးချင်း စက်ဘီးတက်စီးကာ ထွက်သွားတော့သည်။
လင်းချင်းဟယ်က ဘန်းမုန့်တွေကို အမေကျိုးအား ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။ "အမေ ယူထားလိုက်နော်။ ကလေးတွေစားချင်ရင် စားခိုင်းလိုက်။ အမေတို့လည်း ဗိုက်ဆာရင် စားထားလိုက်။ သမီးစက်ဘီး ပြန်သွားထားလိုက်ဦးမယ်။"
အထုတ်အပိုးများ သယ်ထားသည့် စက်ဘီးက ငှားထားခြင်းဖြစ်သည်။ စက်ဘီးအား ဘတ်စ်ကားပေါ်သို့ တင်ခွင့်မပြုသဖြင့် ပြန်ထားရသည်။
တစ်စုံတစ်ယောက်ထံမှ စက်ဘီးငှားထားရသည်ကို သိသဖြင့် အမေကျိုးက ဘာမှမပြောတော့ပါ။ ဘတ်စ်ကားရောက်လာတော့မည် ဖြစ်သဖြင့် မြန်မြန်သွားရန်သာ တိုက်တွန်းလိုက်သည်။
လင်းချင်းဟယ်တစ်ယောက် ထွက်သွားပြီး စက်ဘီးပြန်အပ်ပြီးသွားသောအခါ လမ်းလျှောက်ပြန်လာခဲ့သည်။ သူမ ပြန်ရောက်လာပြီးနောက်တွင် ဘတ်စ်ကား ရောက်ရှိလာသည်။
စုတာ့လင်းနှင့် ကျိုးချင်းပိုင်တို့သည် အထုပ်အပိုးကြီးနှစ်ထုပ်ကို သယ်မလိုက်သည်။
အဓိကက စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့၏ ပစ္စည်းများဖြစ်ကြသည်။ အဖေကျိုးနှင့် အမေကျိုးတို့တွင် ပစ္စည်းများများစားစား မပါရှိပါ။ အဝတ်အစားအပိုနှင့် ရေဒီယိုတစ်လုံးသာ ပါသည်။ အဖေကျိုးတစ်ယောက်တည်း သယ်၍ပင် ပြဿနာမရှိနိုင်ပါ။
စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့မှာ အထုပ်အပိုးအများကြီးနှင့် အိမ်ပြောင်းရသော ဆင်းရဲသူများ ဖြစ်ကြသည်။
ပစ္စည်းအားလုံးကို ယူဆောင်သွားမှ ဖြစ်ပေမည်။ အိပ်ယာခင်းကအစ ယူသွားရသည်။ မဟုတ်လျှင် မြို့တော်သို့ ရောက်သောအခါ သူတို့အတွက် ကုန်ကျစရိတ် အလွန်များလိမ့်မည်။ ပစ္စည်းအားလုံးကို ဝယ်ယူရမည် ဖြစ်သောကြောင့်ပင်။
လူတစ်ယောက် အိမ်ပြောင်းရသောအခါ တတ်နိုင်သမျှ ချွေတာရမည် မဟုတ်ပါလား။
ပစ္စည်းပစ္စယ အလွန်များသော်လည်း စုတာ့လင်းနှင့် ကျိုးချင်းပိုင်တို့ရှိနေသဖြင့် ယောက်ျားကြီးနှစ်ယောက်အတွက် ပြဿနာမရှိပေ။
လင်းချင်းဟယ်သည် ကြိုးငယ်တစ်ချောင်းကိုယူပြီး ကလေးသုံးယောက်ကို သူမနှင့်အတူ တွဲချည်ထားလိုက်သည်။ သူမ ကလေးတွေကို စောင့်ကြည့်ရမည် ဖြစ်သည်။ အငယ်ဆုံးကလေးမလေးကိုတော့ ကျိုးရှောင်မိန်က ချီထားရသည်။
သူတို့ ရထားပေါ်သို့ ရောက်သောအခါ အားလုံး စိတ်အေးလက်အေး သက်ပြင်းချလိုက်ကြ၏။
သူတို့သည် ရထားပေါ်တွင် နှစ်ရက်ခန့်နေရမည်ဖြစ်သော်လည်း ဘတ်စ်ကားပေါ်ထက်တော့ သာပါသေးသည်။ ခုန်ဆွခုန်ဆွ လမ်းနှင့် ဆီမီးခိုးအနံ့တို့တော့ မပါပါ။
လင်းချင်းဟယ်က အတော်လေး သန်မာနေသေးတယ်လို့ ဆိုရပါမည်။ အမေကျိုးကတော့ ရထားပေါ်ရောက်ပြီးပြီးချင်း လှဲလိုက်ရသည်။ သူမသည် လမ်းတစ်လျှောက် မူးမော်နေခဲ့ပါသည်။ လူကြီးသူမများအတွက်တော့ ဤလမ်းခရီးက နှိပ်စက်ခံရသလိုပင်။
"ဒေါ်လေး သားအရွယ်ရောက်နေပါပြီ။ သားကို ဒီလိုမျိုး ကြိုးချည်ထားဖို့ မလိုပါဘူး။" ဟု စုချန်းက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
"ဒေါ်လေး ဖြည်ပေးလို့ရတယ်။ ဒါပေမယ့် လျှောက်မပြေးရဘူးနော်။ နားလည်လား။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"နားလည်ပါတယ်။ သား လျှောက်မပြေးပါဘူး။" ဟု စုချန်းက ခေါင်းငြိမ့်သည်။
ဘတ်စ်ကားဖြစ်ဖြစ် ရထားဖြစ်ဖြစ် ကလေးတွေအတွက် ဆန်းသစ်သော အတွေ့အကြုံများ ဖြစ်ကြသည်။
ထို့ကြောင့် သူ့ကို လင်းချင်းဟယ် ကြိုးဖြည်ပေးလိုက်သည်။ စုရွှမ်းနှင့် တတိယသမီးလေးကိုလည်း ကြိုးဖြည်ပေးလိုက်၏။ လူကြီးတွေ အများကြီးရှိနေပြီး ရထားပေါ်တွင်လည်း ဖြစ်နေသဖြင့် သိပ်စိတ်ပူစရာမလိုပါ။
"ခရမ်းချဥ်သီးစားမလား။" လင်းချင်းဟယ်သည် သူမချည်အိတ်ထဲမှ ခရမ်းချဥ်သီးများကို ထုတ်လိုက်သည်။
"ယောင်းမ၊ ခရမ်းချဥ်သီးတွေလည်း ယူလာတာလား။ ကျွန်မကို တစ်လုံးလောက်ပေးပါဦး။" ကျိုးရှောင်မိန်က မျက်လုံးဝိုင်းဝိုင်းဖြင့် ပြောလိုက်သည်။ သူမသည် ရထားစီးရတာကို ကျင့်သားမရသေးသော်လည်း သူမအမေကဲ့သို့တော့ လှဲနေရန်မလိုပါ။ သို့သော်လည်း သက်တောင့်သက်သာတော့ မရှိပေ။
ဤကဲ့သို့သော အချိန်မျိုးတွင် ခရမ်းချဥ်သီး ချိုချိုချဥ်ချဥ်လေး စားလိုက်ရပါက ပြီးပြည့်စုံပြီ ဖြစ်သည်။
လင်းချင်းဟယ်က လူအားလုံးကို ခွဲပေးလိုက်သည်။ တစ်ယောက်တစ်လုံးစီ စားသောက်ပြီးသွားသောအခါ အနားယူချိန်ရောက်ပြီဖြစ်သည်။
လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ကြည့်ကာ ပြောလိုက်သည်။ "ရှင်လည်း ခဏတဖြုတ်လောက် လှဲလိုက်ပါဦး။"
"ကောင်းပြီ။" ကျိုးချင်းပိုင်သည် သူ ညဘက် ကင်းစောင့်ရမည်ဟု တွေးပြီး ခေါင်းငြိမ့်လိုက်သည်။
လင်းချင်းဟယ်က ကပ်စေးမနှဲပါ။ သူမသည် အိပ်ယာခင်းပျော့ လက်မှတ်များပါ ဝယ်ခဲ့သည်။ လှဲလိုက်တာနဲ့ သူတို့ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်ကြသည်။
စုတာ့လင်းလည်း ပင်ပန်းနေသဖြင့် အိပ်ပျော်သွားသည်။
လင်းချင်းဟယ်က အပြင်ဘက်မြင်ကွင်းများကို ကြည့်နေကြသော စုချန်းနှင့် စုရွှင်းတို့ကို စောင့်ကြည့်ပေးနေသည်။ အငယ်မလေးများကတော့ အိပ်ပျော်နေကြလေပြီ။
"ဒေါ်လေး မြို့တော်မှာ ပျော်စရာကောင်းတဲ့ နေရာတွေ အများကြီး ရှိလားဟင်။" ဟု စုချန်းက မေးလိုက်သည်။
"ပျော်စရာကောင်းတဲ့ နေရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် နင်တို့ အခု ကစားလို့တော့ မရသေးဘူး။ စာသင်ဖို့ပဲ အာရုံစိုက်ကြရမယ်။ နင်တို့ရဲ့ ဝမ်းကွဲအစ်ကိုအကြီးဆုံးလို ကောလိပ်ကနေ ဘွဲ့ရတာနဲ့ ဘယ်မှာပဲ သွားကစားကစား ကစားလို့ရပြီ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"ဟုတ်ကဲ့၊ သားက အတန်းထဲမှာ ဒုတိယရတယ်။” ဟု စုချန်းက ပြောလိုက်သည်။
"တော်တာပေါ့၊ ဆက်ကြိုးစားရမယ်နော်။" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။
စုရွှင်းလည်း ပထမတန်းအောင်သွားပြီဖြစ်ပြီး ဒီနှစ် ဒုတိယတန်းတက်ရတော့မည်ဖြစ်သည်။
လင်းချင်းဟယ်သည် ခရီးလမ်းတွင် သူတို့နှင့် စကားပြောဖို့ မန်ဒရင်းစကားကို အသုံးပြုသည်။ ညီအစ်ကိုနှစ်ယောက် မြို့တော်တွင် မန်ဒရင်းစကားပြောကြကြောင်း ကြားလိုက်ရသောအခါ နှစ်ယောက်စလုံး ဒေါ်လေးထံမှ သင်ယူခဲ့ကြ၏။ အတည်ပေါက် သင်ယူကြခြင်းဖြစ်သည်။
ကလေးငယ်များက ဘာသာစကားသင်ယူနိုင်စွမ်း ကောင်းချီးဖြင့် မွေးဖွားလာကြသည် ထင်သည်။ အလွန်ချောမွေ့စွာ သင်ယူနိုင်ခဲ့ကြသည်။
သူတို့ ပင်ပန်းသွားကြသောအခါ အိပ်ခွင့်ပြုလိုက်သည်။
လင်းချင်းဟယ်သည် အင်္ဂလိပ်စာအုပ် တစ်အုပ်ကို ထုတ်ကာ ဖတ်နေလိုက်သည်။ အချိန်ကျသောအခါ သူမ အစားအသောက်မှာယူရန် ထွက်သွားသည်။
တတိယမောင်လေးလင်း၏ ဘန်းမုန့်များက ဘတ်စ်ကားပေါ်တွင် အကုန်စားလို့ကုန်သွားပြီဖြစ်သည်။ ရထားပေါ်က နေ့လည်စာဗူးများက အရသာ သိပ်မကောင်းပေ။ သို့သော်လည်း ဘာမှမရှိသည်ထက်တော့ ပိုကောင်းသည် မဟုတ်ပါလား။
လင်းချင်းဟယ်တို့အိမ်တွင် အစားအသောက်များစွာရှိသည်။ သကြားလုံးဖြစ်ဖြစ်၊ မုန့်ပဲသရေစာဖြစ်ဖြစ်၊ သစ်သီးဝလံဖြစ်ဖြစ် များစွာရှိသည်။ သူမ တောင်ပိုင်းသို့သွားရန် စီစဥ်ခဲ့စဥ်က အိမ်တွင် စုဆောင်းထားရန် သစ်သီးဝလံများစွာ ဝယ်ယူခဲ့သည်။ သူမရဲ့ ခင်ပွန်းသည် ချင်းပိုင်နှင့်အတူ ဆောင်းတွင်းတွင် ပျော်ရွှင်စွာ စားသုံးရန် စုဆောင်းထားခြင်း ဖြစ်သည်။
ဖက်ထုပ်များနှင့် ဘန်းမုန့်တွေလို အစားအသောက်များလည်း ရှိသည်။ ဝက်သားနှင့် ထမင်း ထည့်ထားသော ပန်းကန်လုံးကြီးများလည်း များစွာရှိသည်။ သူမတို့ ထွက်မလာခင်က ကျိုးချင်းပိုင်ကို ချက်ခိုင်းထားခဲ့ခြင်း ဖြစ်သည်။
သူမတို့လင်မယား နှစ်ယောက်စလုံးက ရထားပေါ်က အစားအသောက်များကို မစားတတ်ကြသောကြောင့်ဖြစ်သည်။
တကယ်တမ်း ကျိုးချင်းပိုင်မှာ အစားအသောက် ဇီဇာကြောင်တဲ့ပြဿနာ များများစားစားမရှိသော်လည်း လင်းချင်းဟယ်တွင် ထိုကဲ့သို့သော ပြဿနာရှိသည်။ ကျိုးချင်းပိုင်သည် သူအဆင်ပြေကြောင်း မပြောတော့ဘဲ မိန်းမအလိုသာ လိုက်ခဲ့သည်။
သို့သော် ရထားပေါ်တွင် သူတို့ချည်းရှိနေသည် မဟုတ်သဖြင့် သူတို့နှစ်ယောက်တည်း စားသောက်၍မရပါ။ ထို့ကြောင့် ရထားပေါ်က နေ့လည်စာအား အတူတူ စားသုံးခဲ့ကြပါသည်။