စကားလက်ဆုံကျခြင်း
Vol. 24 Ch. 337
အခန်း(၃၃၇) - စကားလက်ဆုံကျခြင်း
ရထားပေါ်တွင် နေ့လည်စာ အမျိုးအစား သုံးမျိုးရှိသည်။
တစ်မျိုးက သာမန်နေ့လည်စာဗူး၊ နောက်တစ်မျိုးက ကြက်ဥပြုတ်များနှင့်၊ အဆင့်အမြင့်ဆုံးကတော့ ကြက်ခြေထောက်များ ပါသည်။
အားလုံးက စျေးနှုန်းများ ကွာခြားကြပါသည်။
လင်ချင်းဟယ်သည် အားလုံးအတွက် အဆင့်အမြင့်ဆုံး နေ့လည်စာကို မှာပေးလိုက်သည်။ သူမကတော့ ကြက်ဥပြုတ်နှင့် နေ့လည်စာကိုသာ မှာယူခဲ့သည်။ သူမသည် တစ်ကိုက်နှစ်ကိုက်သာ ကိုက်ပြီး ကြက်ဥပြုတ်ကိုပင် ကျိုးချင်းပိုင်အား ပေးလိုက်သည်။ သူမအိမ်တွင်လည်း ကြက်ဥပြုတ်များရှိသည်။ သူမသည် ဒီလောက်နှင့် စားတတ်ပါသည်။
"ယောင်းမ၊ ဘာဖြစ်လို့ နည်းနည်းလေးပဲ စားတာလဲ။" ကျိုးရှောင်မိန်က တော်တော်လေး စားကောင်းခဲ့ပါသည်။ ယခင်က သူမ ရထားနေ့လည်စာဗူးများကို မစားဖူးချေ။ အရသာတော်တော်ရှိသည်ဟု ခံစားရသဖြင့် အားလုံးပြောင်အောင် စားပြစ်ခဲ့သည်။
"ငါ သိပ်မစားနိုင်လို့ပါ" ဟု လင်ချင်းဟယ်က ပြန်ဖြေလိုက်သည်။
"မြို့တော်ကို ရောက်ဖို့လိုသေးတယ် မဟုတ်လား။ အဆာခံအောင် များများစားရမယ်လေ။” ရထားနေ့လည်စာက အလွန်လတ်ဆတ်ပြီး အရသာရှိသဖြင့် အမေကျိုးတစ်ယောက် အလွန်ကျေနပ်နေပါသည်။
ဘတ်စ်ကားစီးနေတုန်းက တစ်နေကုန် ကားမူးနေခဲ့သော်လည်း ယခုတော့ သူမ နေလို့ထိုင်လို့ ကောင်းသွားခဲ့ပြီ။
"ရပါတယ်၊ ကျွန်မ ဒါနဲ့ အသားကျနေပါပြီ။" ဟု လင်ချင်းဟယ်က ပြောလိုက်သည်။
"စတုတ္ထယောင်းမ၊ ကျွန်မတို့ မြို့တော်ရောက်မှ ငွေရှင်းကြမယ်နော်။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။
"နောက်မှပြောကြမယ်လေ။" လင်ချင်းဟယ်က ဘာမှဆက်မပြောပါ။
စားသောက်ပြီးသွားသောအခါ အိတ်ထဲမှ သူမ ပန်းသီးအနည်းငယ် ထုတ်လိုက်သည်။ အားလုံး တစ်ယောက်တစ်ခြမ်းစီ ဝေစုရ၏။
"စတုတ္ထမရီး၊ ဘယ်တုန်းက ပန်းသီးတွေ ဝယ်လိုက်တာလဲ။" ဟု ကျိုးရှောင်မိန်က မေးလိုက်သည်။
"နင်တို့အိပ်နေတုန်း ရထား ခဏရပ်တယ်လေ။ အဘိုးကြီးတစ်ယောက် အပြင်မှာရောင်းနေတာ တွေ့လို့ ငါထွက်ဝယ်လိုက်တာ။" ဟု လင်းချင်းဟယ်က ပြောပြသည်။
ထိုသို့ပြောပြီး သူမ အိတ်ထဲမှ ပန်းသီး ငါးလုံး ခြောက်လုံးခန့် ထပ်ထုတ်လိုက်သည်။ ခရမ်းချဥ်သီးများနှင့် သခွားသီးများလည်းပါသည်။ ဖရဲသီးနှင့် သရက်သီးများကိုတော့ ဖယ်ထားလိုက်ပြီး မထုတ်ယူတော့ပါ။
"နင်တို့စားချင်ရင် စားလို့ရတယ်နော်။ ဒီတစ်ခေါက် ရထားစီးပြီးသွားရင် နောင်အခါကျ ရထားစီးတဲ့အခါ အတွေ့အကြုံရသွားတာပေါ့။ ရထားစီးနေတုန်း ဒီလိုဟာမျိုးတွေထဲက တစ်ခုခုစားတာ ကောင်းတယ်။ ပေါ့ပေါ့ပါးပါးအရသာလေးတွေက ပိုကောင်းတယ်။" ဟု လင်ချင်းဟယ်က မှတ်ချက်ပေး၏။
"ဟုတ်" ကျိုးရှောင်မိန်က ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သခွားသီးတစ်လုံးယူပြီး အမေကျိုးကို တစ်ဝက်ပေးလိုက်သည်။
"တာ့လင်းကို ပေးလိုက်ပါ။ အမေ မစားနိုင်တော့ဘူး။" အမေကျိုးက လက်ခါသည်။ နေ့လည်စာထမင်းဗူးက မသေးပါ။ သက်ကြီးရွယ်အိုများ အလွယ်တကူ ဗိုက်ပြည့်သွားနိုင်သည်။
သို့သော် တကယ်ပဲ အရသာရှိပါသည်။
"အဖေ စားဦးမလား။" ဟု စုတာ့လင်းက အဖေကျိုးကို မေးလိုက်သည်။
"ခရမ်းချဥ်သီးတစ်လုံးလောက် စားမယ်။" ဟု အဖေကျိုးက ခရမ်းချဥ်သီးတစ်လုံးယူကာ စားလိုက်သည်။
ကျိုးချင်းပိုင်ကလည်း မုန့်အချိုစားပြီး ခရမ်းချဥ်သီး ထပ်စားသည်။
နောက်ထပ်အစားအစာကလည်း နေ့လည်စာဗူးပင်။ အရသာရှိသော်လည်း တစ်ရက်တည်း ထိုအစားအစာချည်း သုံးကြိမ်လောက် စားပြီးသွားသောအခါ ရိုးအီသွားကြပါသည်။
ထို့ကြောင့် သူတို့မိသားစုတွေ ရထားပေါ်မှဆင်းပြီး မြို့တော်သို့ ရောက်တဲ့အခါ သူတို့ တကယ် စိတ်သက်သာရာ ရသွားသည်။
ပေကျင်းမြို့ ရထားဘူတာသို့ ရောက်သောအခါ ရထားပေါ်မှ ဆင်းလာကြပြီး ယာဥ်ပြောင်းလိုက်ကြသည်။
ပေကျင်းတက္ကသိုလ်သို့ရောက်ရန် ဘတ်စ်ကား အဆင့်ဆင့်စီးရသည်။
ဆိုင်ဖြစ်ဖြစ် အိမ်ဖြစ်ဖြစ် ထိုနယ်မြေထဲတွင် ရှိနေပါသည်။
တစ်လမ်းလုံး ဘတ်စ်ကားအဆင့်ဆင့် စီးလာခဲ့ပြီးနောက် သူတို့ ဖက်ထုပ်ဆိုင်သို့ လမ်းမကြုံသဖြင့် မဝင်ကြပေ။ ထို့ကြောင့် အိမ်သို့ အရင်လာခဲ့ကြပြီး အထုပ်အပိုးတွေ ချလိုက်ကြသည်။
နောက်ဆုံးတော့ အားလုံး စိတ်အေးလက်အေး သက်ပြင်းချနိုင်သွားကြပြီ ဖြစ်သည်။
အိမ်သို့ ရောက်ရှိလာကြပြီ ဖြစ်သောကြောင့်ပင်။
"စတုတ္ထအစ်ကိုနဲ့ စတုတ္ထယောင်းမတို့၊ တကယ့်အိမ်အကြီးကြီးကို ငှားထားကြတာပဲ။ ဒီအိမ်ကြီး... တစ်လကို ဘယ်လောက်တောင် ပေးရလဲဟင်။" ကျိုးရှောင်မိန်က ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်ပြီး တောက်ပနေသော မျက်လုံးတွေနဲ့ ပြောလိုက်သည်။
သူမ၏ စတုတ္ထယောင်းမ ပြောသလိုပင် အခန်းအနည်းငယ်ရှိသည်။ အဲ့တာထက် အိမ်ရှေ့ခြံနှင့် အနောက်ဘက်ခြံတို့လည်း ရှိနေသည်။ ဒီ့ထက် ပိုမကောင်းနိုင်တော့ပေ။
"အစကတော့ ဒီနေရာကို အဖေနဲ့အမေ့အတွက် ငှားပေးမလို့ ရည်ရွယ်ထားတာ။ နောက်မှ နင်တို့အတွက်ပါ စဥ်းစားလိုက်တယ်။ ရှေ့ကျ ဆိုင်ငှားခကိုပဲ နင်တို့ဖာသာပေး။ ဒီနေရာအတွက် စိတ်ပူနေစရာမလိုဘူး။" ဟု လင်ချင်းဟယ်က ပြောလိုက်သည်။
"မ...မဟုတ်တာ..." စုတာ့လင်းက ခေါင်းခါလိုက်သည်။
"ယွမ်နည်းနည်းလေးပါပဲ။ မတ်လေး၊ ကျွန်မနဲ့ အရမ်းကြီး တွက်ချက်နေစရာမလိုပါဘူး။" ဟု လင်ချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။ "ရှင်တို့မလာရင်တောင် ကျွန်မတို့မိဘတွေအတွက် ငှားရမ်းထားပြီး ဒီပိုက်ဆံက ပေးရမှာပဲလေ။"
ထို့နောက် သူမ အမေကျိုးနှင့် အဖေကျိုးတို့ဘက်ကို လှည့်လိုက်သည်။ "အဖေနဲ့အမေ၊ လျှောက်ကြည့်လိုက်ပါဦး။ သဘောကျရဲ့လား။ ဖရဲသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ စိုက်လို့ရတယ် ဒါမှမဟုတ် ခြံထဲမှာ ကြက်လည်းမွေးလို့ ရတယ်။ ဒီလိုနေရာကောင်းလေးကို ရှာဖို့ အချိန်တော်တော်ယူခဲ့ရတာ။"
ဘာပဲဖြစ်ဖြစ် ယွမ် ၇၀၀၀ ဆိုတာ ဘာမှမဟုတ်သည့်အရာတော့ မဟုတ်ပါ။
"အရမ်းကောင်းတယ်။" ဟု အဖေကျိုးက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"ခြံကလည်း အရမ်းကောင်းတယ်။ ငွေတွေ အများကြီး ကုန်သွားလား။" ဟု အမေကျိုးက မေးလိုက်သည်။
"ဒီမှာ နေသာနေပါ။ အဲ့ဒါတွေကို သမီးနဲ့ချင်းပိုင် ရှင်းလိုက်ပါ့မယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။ "ပစ္စည်းတွေ အရင်နေရာချထားလို့ရတယ်နော်။ ဒီအချိန်လောက်ဆို အထည်ဆိုင်လည်း ပိတ်လောက်တော့မယ်။ သမီး ဟူကျစ်၊ အာ့နီနဲ့ တခြားသူတွေကို ခေါ်ပြီး ပစ္စည်းပစ္စယတွေ သွားဝယ်လိုက်မယ်။ သမီးတို့ ဒီနေ့ ဒီမှာ ချက်ပြုတ်စားသောက်လို့ မဖြစ်သေးတော့ ဖက်ထုပ်ဆိုင်မှာ သွားစားရမယ်။"
အဖေကျိုး၊ အမေကျိုးနှင့် အခြားသူများကို အိမ်နှင့်ရင်းနှီးအောင် ထားခဲ့ပြီး လင်ချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က စုတာ့လင်းကို ဘန်းမုန့်ဆိုင်သို့ ခေါ်သွားကြသည်။
လမ်းဆုံသို့ ရောက်သောအခါ သူက ကျိုးချင်းပိုင်ကို သော့ပေးလိုက်ပြီး စုတာ့လင်းကို လိုက်ပို့ခိုင်းလိုက်သည်။ သူမကတော့ ဖက်ထုပ်ဆိုင်ကို သွားလိုက်၏။
အဘိုးဝမ်၊ ဒေါ်လေးမာ၊ ကျိုးရွှမ်နှင့် ကျိုးကွေ့လိုင်တို့ ဖက်ထုပ်ဆိုင်တွင် ရှိနေကြသည်။
"အမေ ဘယ်တုန်းက ပြန်ရောက်တာလဲ။" သူမ ရောက်သွားတော့ ကျိုးကွေ့လိုင်က ဒေါ်လေးမာနှင့် စကားပြောနေသည်။ သူ့အမေ ပြန်ရောက်လာသည်ကို တွေ့သောအခါ သူ့မျက်လုံးများ ဝိုင်းစက်သွားသည်။
"ခုလေးတင်မှ ရောက်တာ။" ဟု လင်းချင်းဟယ်က ပြုံးကာ ဖြေလိုက်သည်။ "ဦးလေးဝမ်၊ ဒီနေ့ည ဒီမှာပဲ ညစာစားကြရအောင်။ ကျွန်မတို့မိဘတွေနဲ့ ယောင်းမတို့မိသားစုလည်း အားလုံး ဒီကို ရောက်လာကြပြီ။ ဒီနေ့ည ဒီမှာပဲ ညစာစားကြမယ်။"
"ကောင်းပါပြီ။" ဟု အဘိုးဝမ်က ခေါင်းငြိမ့်ကာ ဖြေလိုက်သည်။
"သားလတ်၊ နင့်အစ်မ အာ့နီနဲ့ အခြားသူတွေကို ဒီနေ့ ဒီအချိန် ဆိုင်ပိတ်မယ်လို့ ပြောလိုက်။ သူတို့ကို ငွေနည်းနည်းယူပြီး စားစရာဝယ်ဖို့ လွှတ်လိုက်ချေ။ ကြက်အရှင်တစ်ကောင်ဝယ်၊ ပြီးရင် စားသောက်ဆိုင်ကိုသွားပြီး ကြက်ကင်တစ်ကောင် ဘဲကင်တစ်ကောင်ပါ ဝယ်လိုက်။" ဟု လင်းချင်းဟယ်က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့" ကျိုးရွှမ်က အထည်ဆိုင်ကို သွားကာ သူတို့ကို သွားခေါ်လိုက်သည်။ ထိုသို့ရောက်နေစဥ် သူက အထည်ဆိုင်၏ စာရင်းစာအုပ်ကိုပါ စစ်ဆေးလိုက်သည်။
အားလုံးကို သူပဲ စီမံနေခြင်း ဖြစ်သည်။
ဆိုင်အား ကောင်မလေးနှစ်ယောက်နှင့် ထားခဲ့ပြိး ဟူကျစ်က သူနှင့်အတူ လိုက်လာသည်။
"အဘိုးနဲ့အဘွားတို့၊ ဒေါ်လေးအိမ်မှာ ရောက်နေပြီလား။” ဟု ဟူကျစ်က မေးလိုက်သည်။
"ဟုတ်တယ်။ နင် အရင်သွားတွေ့လိုက်လေ။" ဟု လင်းချင်းဟယ်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
ဟူကျစ်က သန့်ရှင်းရေးလုပ်ဖို့ ခြံထဲသို့ ထွက်သွားလေသည်။ တည်နေရာကိုသိနေသဖြင့် ကောင်လေးမှာ အားအင်များပြည့်ဝစွာဖြင့် တစ်ယောက်တည်း ထွက်သွားလေသည်။
ဒီနှစ်ထဲတွင် ဟူကျစ် အနည်းငယ် အရပ်ပိုရှည်လာပြီး သန်လည်းသန်မာလာသည်။
သူရောက်သွားသောအခါ အဖေကျိုးနှင့် အမေကျိုးတို့ တွေ့တွေ့ချင်း ဝမ်းသာသွားသည်။
"နင့်ဒေါ်လေးဆီမှာ အလုပ်လာလုပ်တာ၊ ဘယ်လောက်တောင် ကြာသွားပြီတုန်း။" ဟု အမေကျိုးက ပျော်မြူးစွာ မေးလိုက်သည်။
"အဘွား စိတ်မပူပါနဲ့။ အားလုံး အဆင်ပြေပါတယ်။ ကျွန်တော် ဒီနှစ် ဘယ်လောက်တောင် အရပ်ရှည်လာပြီး အားကောင်းလာလဲ ကြည့်ဦးလေ။" ဟု ဟူကျစ်က ပြုံးပြလိုက်သည်။
"ကောင်းတယ်၊ ကောင်းတယ်။" ဟု အမေကျိုးက ပျော်ရွှင်စွာ ပြောလိုက်သည်။
"ဒေါ်လေးက အဘွားတို့ ဒီမှာ အရင်နားနေဦးမယ်လို့ ပြောတယ်။ အစ်မအာ့နီနဲ့ အခြားသူတွေက ကြက်သားတွေသွားဝယ်နေကြပြီ။ ဒေါ်လေးကိုယ်တိုင် ဒီနေ့ည ဟင်းချက်မှာလေ။ ဒေါ်လေးက ညစာတောင် စချက်နေလောက်ပြီ။ ခဏနေရင် ကျွန်တော်တို့ အဲ့ဒီကိုသွားကူတော့မှာ။" ဟု ဟူကျစ်က ပြောပြလိုက်သည်။
"စတုတ္ထယောင်းမက ခရီးကြောင့် ပင်ပန်းနေမှာကို၊ သူ့ကိုဘယ်လိုလုပ်ပြီး တစ်ယောက်တည်း ချက်ပြုတ်ခိုင်းရမှာလဲ။" ဟု ကျိုးရှောင်မိန်က ချက်ချင်း ရေရွတ်လိုက်သည်။
"မလိုပါဘူး။ နင်တို့ အရင်နားနေလိုက်ပါ။ ငါပြန်သွားပြီး ကူပေးလိုက်မယ်။" ဟု စုတာ့လင်းနှင့်အတူ ဆိုင်မှပြန်လာသည့် ကျိုးချင်းပိုင်က ပြောလိုက်ခြင်း ဖြစ်သည်။
ကျိုးချင်းပိုင်သည် ဖက်ထုပ်ဆိုင်သို့ တန်းသွားလိုက်သည်။ ကြက်အမွှေးနုတ်ဖို့အတွက် လင်းချင်းဟယ်က ရေနွေးတည်နေသည်။ ကျိုးချင်းပိုင် ရောက်လာသောအခါ သူက ကိုယ်စားဝင်ရောက်လုပ်ကိုင်လိုက်ပြီး "သွားနားတော့၊ ကိုလုပ်လိုက်မယ်။" ဟု ပြောလိုက်သည်။
"ချစ်ဆုံးရေ သွားနားလိုက်ပါ၊ ကိုလုပ်လိုက်ပါ့မယ်~" လူဆိုးကောင်လေး ကျိုးကွေ့လိုင်က သူ့အဖေပုံစံဖမ်းကာ စနောက်လိုက်သည်။
"ကြည့်ရတာ သုံးရက်လောက် မရိုက်တာနဲ့ ခေါင်မိုးထိရောက်အောင် တက်ကြွနေတယ်ထင်တယ်။" ဟု လင်ချင်းဟယ်က ပြုံးရယ်ကာ ဆူငေါက်လိုက်သည်။
ကျိုးကွေ့လိုင်က စပ်ဖြဲဖြဲပြုံးကာ "အဖေက အမေ့ကို ချစ်တယ်လေ။"
"စကားတွေ အများကြီး ပြောမနေနဲ့။ ဟင်းသီးဟင်းရွက်တွေ သွားယူချေ၊ သွား။" ဟု လင်ချင်းဟယ်က သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။