← Chapters

နေရာတိုင်းတွင်တော်သည်

Vol. 25 Ch. 338

နေရာတိုင်းတွင်တော်သည်

Vol. 25 Ch. 338

အခန်း(၃၃၈) - နေရာတိုင်းတွင် တော်သည်

ကျိုးယန်နှင့် ကျိုးဝူနီတို့သည် ညခုနစ်နာရီကျော်သည်အထိ ပြန်ရောက်မလာခဲ့ပါ။ သူတို့နှစ်ဦးစလုံး ကောင်းကင်ဘုံဂိတ်တံခါးတောင်ထိပ်သို့ သွားလည်နေကြခြင်းဖြစ်သည်။

သူတို့ပြန်ရောက်လာမှသာ အဘိုးအဘွားများနှင့် ဒေါ်လေးတို့မိသားစုအားလုံး ရောက်နေမှန်း သိလိုက်ရသည်။

"အဘိုးနဲ့အဘွားတို့ အရမ်းကံကောင်းတာပဲ။ အခုချိန်ကစပြီး မြို့တော်ကြီးမှာ နေရတော့မှာပေါ့။" ဟု ကျိုးဝူနီက မနာလိုဖြစ်ဟန်ဖြင့် ပြောလိုက်သည်။

သူမနှင့် ကျိုးယန်တို့ ဒီမြို့သို့ရောက်လာတုန်းက စာအုပ်ထဲတွင်ဖတ်ဖူးသော ကောင်းကင်ဘုံဂိတ်တံခါးတောင်ကြီးကို ကြည့်၍ မရိုးနိုင်ကြပါ။ နေ့တိုင်း သူတို့သည် စာအုပ်တစ်အုပ်ယူကာ မြို့ထဲသို့သွား၍ လေ့လာမှတ်သားကြသည်။

ဝမ်းကွဲနှစ်ယောက်၏ စာမေးပွဲရလဒ်များက သိပ်အကောင်းကြီး မဟုတ်သော်လည်း အရမ်းကြီးလည်း ဆိုးမနေပါ။ ပေကျင်းတက္ကသိုလ် ကျောင်းသားကျိုးရွှမ်က သူတို့ကို ဂိုက်လုပ်ပေးနေသည်။

သူတို့သည် လစ်ဘရယ်အနုပညာဘက်ကို လျှောက်ထားသဖြင့် စာပိုလုပ်ရန် လိုအပ်သည်။

ဗဟုသုတအချက်များစွာကို မှတ်သားထားပြီး၊ ၎င်းတို့အားလုံးကို ကျက်မှတ်ပြီးနောက် အခြေခံအားဖြင့်တော့ သိပ်မဆိုးပါ။

အမေကျိုးကလည်း သူ့မြေးများကို တွေ့ရသောကြောင့် အလွန်ဝမ်းသာပြီး ပြောလိုက်သည်။ "ငါတို့ထွက်လာခဲ့တုန်းက နင်တို့မိဘတွေ စာပိုလုပ်ဖို့ပြောလိုက်တယ်နော်။ နောက်ပိုင်း နင်တို့ တက္ကသိုလ်ရောက်ရင် မြို့တော်မှာ အလုပ်ရမလား မသိဘူး။"

အခွင့်အရေးက နည်းပါးသဖြင့် ကျိုးဝူနီနှင့် ကျိုးယန်တို့က သိပ်ပြီး မမျှော်လင့်ထားပေ။

သူတို့နှစ်ဦး ပြန်ရောက်လာသောအခါ ညစာက အသင့်ဖြစ်နေပြီ ဖြစ်သဖြင့် မိသားစုအားလုံး စားသောက်ကြတော့သည်။

ရှစ်နာရီဝန်းကျင်တွင် အားလုံး စားသောက်လို့ ပြီးစီးသွားကြသည်။

လင်ချင်းဟယ်က "ရှောင်းမိန် နင်နဲ့နင့်အမေရဲ့ အဝတ်အစားတွေ ယူခဲ့သေးလား။" ဟု မေးလိုက်သည်။

"ယူခဲ့တယ်။" ဟု ကျိုးရှောင်မိန် ခေါင်းငြိမ့်ကာ ဖြေလိုက်သည်။

ထိုအခါ လင်ချင်းဟယ်က ကျိုးရှောင်မိန်နှင့် အမေကျိုးတို့ကို ရေချိုးအိမ်သို့ခေါ်သွားသည်။

စုတာ့လင်းနှင့် အဖေကျိုးတို့ကတော့ ကျိုးချင်းပိုင်နှင့် ယောက်ျားလေး ရေချိုးအိမ်သို့ လိုက်သွားကြသည်။

ဖြစ်ချင်တော့ ထိုသို့ပြုလုပ်ခြင်းက အလေ့အထလို ဖြစ်နေလေပြီ။ သူတို့ခရီးမှ ပြန်လာကြတိုင်း ရေချိုးအိမ်သို့သွားကာ ရေချိုးကြပြီး ကျောချေးတွန်းကြသည်။ ထို့သို့မလုပ်ရပါက သူတို့နေရတာ သက်တောင့်သက်သာ မရှိတော့ပေ။

ရေချိုးအိမ်က ကိုးနာရီတွင် ပိတ်သည်။ ထို့ကြောင့် သူတို့အကြာကြီး မနေရပါ။ ရေမချိုးရသည်ထက်တော့ ကောင်းပါသေးသည်။ ကိုယ်လက်သန့်စင်ပြီးသွားသောအခါ လူတစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။

မိဘများနှင့် စုတာ့လင်း၊ ကျိုးရှောင်မိန်တို့ကို အိမ်ပြန်လိုက်ပို့ပြီးနောက် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့လည်း အိမ်ပြန်သွားကြသည်။

ခရီးတစ်လျှောက်လုံး သူတို့လင်မယားနှစ်ယောက် အလုပ်ရှုပ်နေရသည်က များသဖြင့် သူတို့ပင်ပန်းနေကြလေပြီ။

သူတို့အိမ်ပြန်ရောက်သောအခါ သားတော်မောင်များကိုပင် ဂရုမစိုက်အားတော့ဘဲ လင်မယားနှစ်ယောက် အခန်းထဲတန်းဝင်ကာ အိပ်ယာဝင်သွားကြတော့သည်။

ကျိုးရွှမ်နှင့် ကျိုးကွေ့လိုင်တို့က ဆိုင်ဖွင့်ဖို့ ထွက်သွားကြသည်။ အတန်းချိန်ရောက်သောအခါ ကျိုးရွှမ်က အတန်းသွားတက်ပြီး ဆိုင်ကို ကျိုးကွေ့လိုင်နှင့် ထားခဲ့သည်။

ကျိုးရွှမ်သည် တက္ကသိုလ်တက်နေရပြီဖြစ်သည်။ စာသစ်နှစ်က ခပ်စောစောစခဲ့၏။

သို့သော်လည်း ကျိုးယန်နှင့် ကျိုးဝူနီတို့အား အကူအညီပေးသူများအဖြစ် ရရှိထားပါသေးသည်။

လင်းချင်းဟယ်သည် မနက်ကိုးနာရီအထိ အိပ်ပျော်သွားသည်။ သူမ နိုးလာသောအခါ ကျိုးချင်းပိုင်တစ်ယောက် အိမ်တွင် ရှိမနေတော့ပါ။ အိပ်ပျော်နေတာ သူတစ်ယောက်တည်းသာ ရှိတော့သည်။

သူမ မျက်နှာသစ်သွားတိုက်ပြီးတော့ ပန်းသီးတစ်လုံးအား ရေဆေးစားသောက်လိုက်သည်။ ထိုအချိန်တွင် ကျိုးချင်းပိုင်က တံခါးဖွင့်ကာ ဝင်လာ၏။

"မနက်စာ စားလိုက်ဦး။" ဟု ကျိုးချင်းပိုင်က သူယူလာသော ဖက်ထုပ်များကို ပေးလိုက်သည်။

"ကျွန်မဗိုက်ဆာရင် စားဖို့ အိမ်မှာ စားစရာတွေ ရှိပါတယ်။ စားချင်စိတ်မရှိလို့ပါ။" ဟု လင်ချင်းဟယ်က ပန်းသီးကို ဆက်ကိုက်နေလိုက်သည်။

"ပြီးရင် ပြန်အိပ်လိုက်ဦး။" ဟု ကျိုးချင်းပိုင်က ပြောလိုက်သည်။

လင်းချင်းဟယ်တစ်ယောက် ပန်းသီးစားပြီးသွားသောအခါ ဖက်ထုပ်နည်းနည်း စားသည်။ မကုန်တော့သဖြင့် ကျန်တာကို ကျိုးချင်းပိုင်ကိုသာ ဆက်စားခိုင်းလိုက်သည်။

"ဘာဖြစ်လို့ ဆက်မအိပ်ဘဲ ရှင်ဘယ်သွားတာလဲ။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။

"တာ့လင်းကို ဟိုဟိုဒီဒီ လျှောက်ပြနေတာပါ။" ဟု ကျိုးချင်းပိုင်က ပြန်ဖြေသည်။

စုတာ့လင်းသည် စီးပွားရေးစလုပ်ရန် အလွန်စိတ်လှုပ်ရှားနေသည်။ သူသည် အခုမှ ပေကျင်းကို ရောက်ခါစဖြစ်သော်လည်း သူ့အလုပ်ကို စလုပ်ဖို့က ပထမဦးစားပေးဖြစ်သည်။ ထို့ကြောင့် ကျိုးချင်းပိုင်က မနက်စောစောထပြီး စုတာ့လင်းနှင့် အဖေကျိုးတို့ကို စျေးထဲခေါ်သွားသည်။

လုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူခဲ့ကြသည်။ အိုးကြီးများနှင့် ပေါင်းအိုးများဖြစ်သည်။

ကျန်တာကတော့ စုတာ့လင်း၏ တာဝန်သာဖြစ်၏။ အဖေကျိုးကလည်း သူ့ကို ကူညီပေးသည်။ ကျိုးချင်းပိုင်တစ်ယောက်တည်း အိမ်ပြန်လာခဲ့၏။

လင်းချင်းဟယ်သည် ကျိုးချင်းပိုင်၏ လက်မောင်းတွင် ပျင်းရိစွာ မှီတွယ်ရင်း ပြောလိုက်သည်။ "ဒီဘက်ကတော့ ရှေ့လျှောက် တက်တက်ကြွကြွနဲ့ စည်ကားတော့မှာနော်။"

"အင်း" ကျိုးချင်းပိုင်က သူ့မိန်းမ၏ ဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။

"သွားကြစို့။ လျှပ်စစ်ပန်ကာနဲ့ တီဗီကို သွားပို့ဖို့ အချိန်ကျပြီ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

လင်မယားနှစ်ယောက် ထွက်လာကြပြီး ပစ္စည်းများတင်ရန်အတွက် သုံးဘီးဆိုင်ကယ်တစ်စီး ငှားလိုက်ကြသည်။ သူတို့အိမ်မှ လျှပ်စစ်ပန်ကာနှင့် တီဗီတို့ကို ရွှေ့လိုက်ကြသည်။

"ဒါ... တီဗီကြီးလား။" ကျိုးရှောင်မိန်တစ်ယောက် ကြက်သေသေသွားမိသည်။

"တီဗီ ဟုတ်လား။" ဟု အမေကျိုးလည်း အံ့အားသင့်သွား၏။

"ဟုတ်တယ်။ ချင်းပိုင်နဲ့သမီးတို့ တောင်ပိုင်းက ဝယ်လာပြီး တစ်ယောက်ယောက်နဲ့ လာပို့ခိုင်းလိုက်တာ။ ဒီလျှပ်စစ်ပန်ကာကလည်း အမေတို့အတွက်ပဲ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

ကျိုးချင်းပိုင်သည် တီဗီကို စဆင်နေပြီဖြစ်သည်။ စုချန်း၊ စုရွှင်းနှင့် သူတို့ညီမလေးနှစ်ယောက်ဖြစ်သော စုယာနှင့် စုထျန်းတို့က ကျိုးချင်းပိုင်ဘေးတွင် ဝိုင်းကာ ကြည့်နေကြသည်။

လင်းချင်းဟယ်က လျှပ်စစ်ပန်ကာကို ပလပ်ထိုးလိုက်လျှင် လေများတဟူးဟူးဖြင့် စတင်တိုက်လာလေသည်။

"အောင်မယ်လေး" အမေကျိုး အလွန်အံ့သြသွား၏။ "ဒါလျှပ်စစ်ပန်ကာကြီးလား။ တကယ်ကောင်းလိုက်တာ။"

"ဟုတ်တယ်။ ရှောင်မိန် နင်လည်း တစ်ခုလောက် ဝယ်သင့်တယ်။ ညကျရင် ကောင်းကောင်း အိပ်ပျော်တာပေါ့။" ဟု လင်းချင်းဟယ်က ကျိုးရှောင်မိန်ကို ပြောလိုက်သည်။

"ထားလိုက်ပါ။ တာ့လင်း အားလုံးတည်ငြိမ်အောင် လုပ်ပြီးတဲ့အထိ စောင့်လိုက်ပါဦးမယ်။" ကျိုးရှောင်မိန်လည်း တစ်လုံးလောက် လိုချင်သော်လည်း လျှပ်စစ်ပန်ကာ တစ်လုံးက စျေးအလွန်ကြီးသည်။

စီးပွားရေးက လုပ်ပင်မလုပ်ရသေးသဖြင့် ကျိုးရှောင်မိန်သည် ငွေမသုံးရဲသေးပါ။

"တီဗီတစ်လုံးနဲ့ လျှပ်စစ်ပန်ကာတစ်လုံးတောင် ငွေတွေ ဘယ်လောက်တောင် ကုန်သွားကြလဲ။" ဟု အမေကျိုးက စိတ်မသက်သာသော မျက်နှာဖြင့် မေးလိုက်သည်။

"သမီးရဲ့ အထည်ဆိုင်က အဆင်ပြေနေတယ်လေ။ ပြီးတော့ အဖေနဲ့အမေ ဒီကိုလာနေတာ ဆိုတော့ သမီးတို့က ပြုစုစောင့်ရှောက်ပေးရမှာပေါ့။ ဒါ အမေတို့ကို သမီး သိတတ်ကြောင်း ပြသတာပါပဲ။" ဟု လင်းချင်းဟယ်က သူမကို ပြောလိုက်သည်။

အမေကျိုးက လင်းချင်းဟယ် အထည်ဆိုင်တစ်ဆိုင် ဖွင့်ထားသည်ကို သိပြီးသား ဖြစ်သည်။ ကျိုးလျို့နီ ပြန်ရောက်လာတော့ ဒီအကြောင်းကို ပြောပြလာခဲ့ပါသည်။

ကျိုးလျို့နီ ပြောပြခဲ့သော စကားများမှာ "သမီးရဲ့ စတုတ္ထဒေါ်လေးက အထည်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်။ စီးပွားရေးကလည်း အရမ်းကောင်းတယ်။ အစ်မအာ့နီနဲ့ အခြားသူတွေက အထည်ဆိုင်မှာ ရောက်နေတာ။ ဖက်ထုပ်ဆိုင်မှာ မဟုတ်ဘူး။ ဖက်ထုပ်ဆိုင်မှာ အခြားသူကို ငှားထားတယ်။ စတုတ္ထဒေါ်လေးက သမီးကိုမခေါ်ဘဲ အပြင်လူကို ငှားထားတာ။ အဲ့တာ သမီးတို့ ဒုတိယမိသားစုကို အထင်သေးတာ မဟုတ်ဘူးလား။"

ထိုအချိန်တုန်းက အမေကျိုးသည် တံမြက်စည်းတစ်ချောင်းဖြင့် သူမကို မောင်းထုတ်ခဲ့သည်။ သူမသည် ဒုတိယမရီးထံ ဒေါသတကြီးသွားခဲ့ပြီး "ကိုယ့်သမီးကိုယ် ဒီလို ပြုစုပျိုးထောင်ထားရတယ်လို့ နင်က တော်သားပဲ။ သူကများ ငါ့ဆီလာပြီး ရန်လာတိုက်ရဲတယ်။ သူ့စိတ်သာ မပြောင်းလဲဘူးဆိုရင် နင်အရှက်ရမယ့်အချိန်တစ်ခု သေချာပေါက် ရလာမှာပဲ။” ဟု ဆူပူကြိမ်းမောင်းခဲ့သည်။

ဤမျှ ကြီးရင့်သော အသက်အရွယ်တွင်ပင် ယောက္ခမ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရသည်။

သို့သော်လည်း ဒုတိယမရီးသည် သူ့သမီးမှားသည်ဟု မထင်ခဲ့ပါ။ ကျိုးအာ့နီနှင့် အခြားသူများ ဖက်ထုပ်ဆိုင်တွင် ရှိနေပါက လူပြည့်နေသဖြင့် သူ ဂရုမစိုက်ပါ။

သို့သော် သူတို့ဖက်ထုပ်ဆိုင်တွင်မရှိဘဲ အထည်ဆိုင်တွင် ရှိနေကာ ဖက်ထုပ်ဆိုင်တွင်တော့ အဘွားကြီးတစ်ဦးကို ပန်းကန်ဆေးဖို့ ငှားထားသည်တဲ့။

ဒီလိုအလုပ်လေးကိုတောင် သူမသမီးကို မလုပ်ခိုင်းဘဲ အပြင်လူကို လုပ်ခိုင်းနေသည်။ သူ့သမီးပြောသည့်စကားထဲမှာ ဘယ်နေရာက မှားနေသနည်း။

ဤလုပ်ရပ်က ဒုတိယမိသားစုကို တကယ်ပဲ အထင်အမြင်သေးနေခြင်း မဟုတ်ဘူးလား။

ကျိုးရှောင်မိန်သည် ပေကျင်းသို့ရောက်လာပြီးမှသာ ဒီအကြောင်းကို သိလိုက်ရသည်။ "စတုတ္ထယောင်းမ၊ ကောင်းကောင်း လျှိုထားတာပဲနော်။" ဟု မပြောပဲ မနေနိုင်တော့ပေ။

"ဒီနှစ်မှ ဖွင့်တာပါ၊ လျှိုမထားပါဘူး။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြန်ပြောလိုက်သည်။

"စီးပွားရေးလုပ်တာ အဲ့လောက်တောင် ကောင်းတာလားဟင်။" ဟု ကျိုးရှောင်မိန်က ထပ်မေးပြန်သည်။

"စီးပွားရေးလုပ်တာ တော်တော်အဆင်ပြေတယ်။" ဟု လင်းချင်းဟယ်က ပြန်ဖြေ၏။

“ငါ့ရဲ့စတုတ္ထအစ်ကိုကြီးက ယောင်းမလို့ မိန်းမမျိုးနဲ့လက်ထပ်ခွင့်ရခဲ့တာ အရမ်းကံကောင်းတာပဲ။ ယောင်းမ မသိတာ ဘာမှကို မရှိဘူးနော်။" ဟု ကျိုးရှောင်မိန်က ချီးကျူးလိုက်လေသည်။

လင်းချင်းဟယ်က ပြုံးကာ "ငါ ဆိုင်ကိုသွားကြည့်လိုက်ဦးမယ်။ နင်လည်း နင်တို့ဆိုင်ကို တစ်ချက်လောက် သွားကြည့်လိုက်ဦးလေ။" ဟု ပြောလိုက်သည်။

သူမဆိုင်သို့ထွက်သွားသည်နှင့် ကျိုးရှောင်မိန်က "စတုတ္ထယောင်းမရဲ့ ဘဝက ကျွန်မစိတ်ကူးယဥ်မိတဲ့ ဘဝမျိုးပဲ။" ဟု ပြောလိုက်သည်။

အမေကျိုးကလည်း "နင့်ရဲ့ စတုတ္ထယောင်းမက နေရာတိုင်းမှာကို တော်တယ်။ ဒီအတိုင်း ငွေအသုံးအဖြုန်း များတာလေးပဲ ရှိတယ်။" ဟု ပြောလိုက်သည်။

ကျိုးရှောင်မိန်က မျက်လုံးပြုးပြီး "အမေ၊ အရမ်းတွယ်ကပ်မနေစမ်းပါနဲ့။ ဒီလောက်ကောင်းတာတွေ ရထားတာတောင် မကျေမနပ် မဖြစ်စမ်းပါနဲ့။" ဟု ပြောလိုက်သည်။

All Chapters