အလုပ်ရုံငယ်လေး
Vol. 25 Ch. 339
အခန်း(၃၃၉) - အလုပ်ရုံငယ်လေး
သူမအမေ စတုတ္ထယောင်းမကဲ့သို့ ချွေးမမျိုးကို ရထားရသည်မှာ ကောင်းချီးတစ်ခုဟု ကျိုးရှောင်မိန် ခံစားရသည်။
ရိုးရိုးသားသားပြောရလျှင် သူမတွင် ယောက္ခမများ ရှိပါက သူမရဲ့ စတုတ္ထယောင်းမလောက် လေးစားမှုရှိပြီး ကျိုးနွံနိုင်မည်မထင်ပါ။
သူမတို့ မွေးရပ်မြေတွင်နေခဲ့စဥ်က ထိုအချက်များကို မြင်နိုင်ခဲ့ပါသည်။
သူမအရှေ့တွင် အစ်ကိုကြီး သုံးယောက်ရှိသော်လည်း လူကြီးသူမနှစ်ယောက်ကို အိမ်တွင်အတူတူ ညစာခေါ်ကျွေးဖို့ သဘောတူခဲ့ဖူးသည်။
ယခုဆိုလျှင် ပို၍ပင် သိသာနေလေပြီ။ သူမ လူကြီးသူမနှစ်ဦးကို မြို့တော်တွင် သက်တောင့်သက်သာဖြင့် နေနိုင်အောင် ခေါ်ယူခဲ့ပြီး သူတို့နေဖို့အတွက် ဒီလိုနေရာမျိုးကိုပင် စီစဥ်ပေးခဲ့သည် မဟုတ်ပါလား။
ပြီးတော့ တီဗီတစ်လုံးနှင့် လျှပ်စစ်ပန်ကာတစ်လုံးပါ ပေးသေးသည်။ ဘယ်လောက်ကောင်းလိုက်သလဲ။
ကျိုးရှောင့်မိန် စဥ်းစားမိသည်။ သူမတွင် ယောက္ခမများ ရှိခဲ့ပါက သူမ ဒီလို လုပ်နိုင်မည် မဟုတ်ပါ။
အမေကျိုးက "နင့် စတုတ္ထယောင်းမက မတော်ဘူးလို့ ပြောနေတာ မဟုတ်ဘူးလေ။ ဒီတိုင်း ဘဝမှာ ချွေချွေတာတာ နေတတ်ဖို့ ပြောနေတာပါ။" ဟု ပြောလိုက်သည်။
သူမတစ်ဘဝလုံး ချင့်ချိန်ကာ နေထိုင်ခဲ့သဖြင့် အမြင်တစ်ချို့ကတော့ သဘာဝအားဖြင့် ကိုက်ညီမှုမရှိပေ။
ထို့ကြောင့် လင်းချင်းဟယ်က ပေးသင့်သည်အရာကိုပေးကာ ထိုက်တန်သည့် လေးစားသမှုကိုလည်း ပေးခဲ့သည်။ အားလုံးက ကျိုးချင်းပိုင်၏ မျက်နှာကြောင့်ဖြစ်သည်။ ကျန်တာကတော့ သူမယောက္ခမဖြစ်သည့် အမေကျိုး၏ စကားကို နားထောင်မည် မဟုတ်ပါ။ တစ်ခါတစ်ရံ သူမစိတ်မရှည်သလို ခံစားရပါက ချက်ချင်း တုန့်ပြန်တတ်သည်။ လုံးဝ သည်းမခံတတ်ပေ။
သို့သော် သားသမီးဝတ္တရားနှင့် ပတ်သတ်လာလျှင်တော့ သူမကို ဘယ်သူမှ အပြစ်မဆိုနိုင်ပါ။
ကျိုးရှောင်မိန်က ပြောလိုက်သည်။ "သမီးရဲ့စတုတ္ထယောင်းမက အမြဲတမ်း ဒီလိုပဲလေ။ အရင်ကလည်း ဒီလိုပဲ။ အရင်တုန်းကဆို သူ့ဘဝကို ဘယ်လိုနေထိုင်ရမလဲ မသိဘူးလို့ အမေပြောဖူးတာပဲ။ အခုတော့ ကြည့်လိုက်ပါဦး။ သမီးတို့ရဲ့ ဘယ်အစ်ကိုကများ စတုတ္ထအစ်ကိုထက်ပိုပြီး အောင်မြင်နေလဲ။ စတုတ္ထအစ်ကိုကလည်း စတုတ္ထယောင်းမရဲ့ စွမ်းဆောင်ရည်ကြောင့် ဒီလိုကောင်းကောင်းမွန်မွန် ဘဝကိုရထားတာ မဟုတ်ဘူးလား။"
ကျိုးရှောင်မိန်သည် သူမ၏ စတုတ္ထယောင်းမကို အမြဲလေးစားခဲ့သည်။
အရင်ကတော့ ထိုသို့မဟုတ်ခဲ့ပါ။ သူမ၏ယောင်းမက ကြည့်ကောာင်းကာ ဝတ်တတ်စားတတ်သည်ဟု ထင်လေ့ရှိသည်။ သူမနှင့် အပြင်တူတူထွက်လျှင် မျက်နှာပွင့်လေ့ရှိ၏။
သို့သော်လည်း ဘယ်အချိန်ကတည်းကမှန်း မသိဘဲ သူမ၏စတုတ္ထယောင်းမကို သူမပိုပိုပြီး လေးစားလာမိသည်။
အမှတ်တရ အဖြစ်ရဆုံးဖြစ်ရပ်က သူမ လမ်းခွဲဖို့အတွက် လေးလေးနက်နက် စဥ်းစားကာ သူမရဲ့ ထင်မြင်ချက်များကို ပြောပြခဲ့စဥ်ကဖြစ်သည်။
ထိုစဥ်က သူမရဲ့ ဆုံးဖြတ်ချက်က မပြတ်သားခဲ့ပါ။ စတုတ္ထယောင်းမ၏ စကားကိုသာ နားမထောင်ခဲ့လျှင် ဆယ်ပုံတွင်ကိုးပုံ ထိုမိသားစုနှင့် လက်ထပ်မိခဲ့မည်ဖြစ်သည်။
နောက်ပိုင်းတွင် သူမ၏ ရည်းစားဟောင်းဖြစ်သူကို သူမ၏ သူငယ်ချင်းတစ်ယောက်က ရွေးသွားမှန်း သိလိုက်ရသည်။ သူမ ကျေးဇူးအလွန်တင်မိသည်။ ကံကောင်းစွာဖြင့် သူမ၏ စတုတ္ထယောင်းမစကားကို သူမနားထောင်ခဲ့သည်။
နောက်ပိုင်း တာ့လင်းနှင့်လက်ထပ်ရန်အတွက်လည်း စတုတ္ထယောင်းမက သဘောတူခဲ့သည်။
တာ့လင်းက စကားအနည်းငယ်ထစ်သည်။ သို့သော် ထိုအပြစ်မှလွဲ၍ ကျန်တာမှန်သမျှ အပြစ်အနာအဆာ ကင်းလှသည်။ ယခုတော့ ကလေးလေးယောက်ပင် မွေးထားပြီးပြီ။ သူမပျော်ရွှင်မှုကို ခံစားနေရပါသည်။
တစ်ချိန်တည်းမှာပင် သူမသည် လင်းချင်းဟယ်ကို လေးစား အားကျမိပါသည်။
ကျိုးချင်းပိုင်က တီဗီကို ဆင်ပြီးသွားပြီဖြစ်ပြီး ရုပ်သံများလာနေပြီ ဖြစ်သည်။ မကြာမီ လူပုံရိပ်များ တီဗီပေါ်တွင် ပေါ်လာကြ၏။ သူ့တူနှင့် တူမများ ပျော်ရွှင်သွားကြသည်။
"အမေရေ တီဗီဆင်ပြီးသွားပြီ။ ပြီးကျရင် ကြည့်လို့ရပြီနော်။" ဟု ကျိုးချင်းပိုင်က ပြောလိုက်သည်။
"စျေးကြီးလွန်းပါတယ်ဟယ်။ ပြီးတော့ မီတာခတွေကော။" ဟု အမေကျိုးက ရေရွတ်လိုက်သည်။
"သမီးတို့ မီတာခပေးပါ့မယ်။ တာ့လင်းကို လျှပ်စစ်စီမံရေးဌာနဆီ သွားဆောင်ခိုင်းလိုက်မယ်။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။
ကျိုးချင်းပိုင်က ဘာမှ ဆက်မပြောတော့ပါ။ သူ့အမေအကြောင်း သိသဖြင့် စကားအများကြီး မပြောတော့ပါ။
သူ့ညီမကို ဂရုစိုက်ရမည့်အရာများ ပြောပြပြီးသွားသောအခါ သူ ဖက်ထုပ်ဆိုင်သို့ ထွက်လာခဲ့၏။
လင်းချင်းဟယ်သည် ကျိုးယန်နှင့် ကျိုးဝုနီတို့ကို အင်္ဂလိပ်စာ ဂိုက်ပြနေသည်။ ရက်အနည်းငယ်အတွင်း သူတို့နှစ်ယောက် ပြန်သွားရတော့မည် ဖြစ်သည်။
အချိန်တွေ အကုန်မြန်ဆန်လွန်းလှပါသည်။
သို့သော် ပြောရမည်ဆိုလျှင် ဝမ်းကွဲနှစ်ယောက် ဒီကိုလာခဲ့ခြင်းအားဖြင့် အကျိုးအမြတ်များစွာ ရရှိခဲ့ပါပြီ။
သူတို့အမြင်များ ကျယ်လာကြပြီး ပညာရေးလည်း တိုးတက်သွားကြပြီဖြစ်သည်။ လင်ချင်းဟယ်ဖြစ်ဖြစ် ကျိုးရွှမ်ဖြစ်ဖြစ် သူတို့ကို လမ်းမှန်ရောက်အောင် ပြပေးနိုင်ခဲ့သည်။
ပေကျင်းတက္ကသိုလ်ဆရာမ တစ်ယောက်ဆီမှ သင်ကြားပေးမှုနှင့်ဆိုလျှင် ဥာဏ်အတုံးဆုံး လူများပင်လျှင် တတ်မြောက်နိုင်ကြသည်။
သူတို့နှစ်ဦးကို မိမိဖာသာ စာလုပ်ခိုင်းလိုက်ပြီး လင်းချင်းဟယ်က မေးလိုက်သည်။ "အားလုံး ပြီးသွားပြီလား။"
"အင်း" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။
"အမေက ရှင့်ကို ငွေနည်းနည်းလောက်စုပြီး ငွေမဖြုန်းဖို့ ပြောလိုက်ပြန်ပြီ ထင်တယ်။" ဟု လင်ချင်းဟယ်က ပြောလိုက်သည်။
ကျိုးချင်းပိုင်က ခေါင်းခါလိုက်၏။ "မပြောပါဘူး။ ဒါပေမယ့် အမေ့မှာ အဲ့စိတ်တော့ရှိတုန်းပဲ။ သူ့ကို စိတ်ထဲမထားပါနဲ့။"
လင်းချင်းဟယ်က ဘာမှဆက်မပြောတော့ပါ။ အမေကျိုးလို ယောက္ခမမျိုးက ပြဿနာသေးသေးကြီးကြီး ခေါင်းထဲထည့်တတ်သော ယောက္ခမမျိုး ဖြစ်သည်။
ယနေ့ ကျိုးရှောင်မိန်က မီးဖိုချောင်ဖွင့်ခဲ့၏။ လင်းချင်းဟယ်က ဟင်းပွဲများစေရန်အတွက် ဟူကျစ်ကို ကြက်ကင် သွားပို့ခိုင်းလိုက်သည်။
သူတို့ကိုတော့ ဒီဘက်တွင်သာ စားစေ၏။
စားသောက်ပြီးသွားသောအခါ ကျိုးကွေ့လိုင်က မေးလိုက်၏။ "အမေ သားတို့အတွက် တစ်ခုခုဝယ်လာမယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။"
"အေး၊ ငါ နင်တို့ကို ကင်မရာတစ်လုံးဝယ်ပေးမလို့ပဲ။ ဒါပေမယ့် အဲ့ပိုက်ဆံကို နင်တို့အဘိုးအဘွားတွေအတွက် တီဗီနဲ့ လျှပ်စစ်ပန်ကာ ဝယ်ဖို့ သုံးလိုက်တယ်။" ဟု လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
"အဲ့ဒီဘက်အိမ်မှာ တီဗီရှိတယ်လား။" အိမ်စာလုပ်နေသော ကျိုးယန်နှင့် ကျိုးဝူနီတို့က ချက်ချင်းထမေးလိုက်၏။
"အင်း၊ ခုလေးတင်ရောက်တာ၊ နင်တို့အဘိုးတွေဆီ ပို့ပေးလိုက်ပြီ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"တီဗီနဲ့ ပန်ကာက မရှိတာ မဟုတ်ဘူး။ သားတို့မိသားစု အခုလိုနေတာ ကင်မရာလေ။" ဟု ကျိုးကွေ့လိုင်က သူ့အမေစကား ကြားသောအခါ စိတ်လှုပ်ရှားသွားသည်။
"နောက်နှစ်ပေါ့" လင်းချင်းဟယ်က ပြောလိုက်သည်။ "ဒီနှစ် နင့်အဖေကို ပိုကူညီပေးလိုက်။ နောက်နှစ်ကျရင် တစ်လုံးဝယ်ပေးမယ်။ အကောင်းစားနော်၊ လုံးဝ စျေးမပေါစေရဘူး။"
"ကတိပေးလား။" ဟု ကျိုးကွေ့လိုင်က အလျင်အမြန် တုန့်ပြန်လိုက်သည်။
"ကတိပေးတယ်။" ဟု လင်းချင်းဟယ်က ခေါင်းငြိမ့်၏။
ကျိုးယန်နှင့် ကျိုးဝူနီတို့ နှစ်ဦးစလုံး မနာလိုဖြစ်မိ၏။ စတုတ္ထဒေါ်လေးက ချမ်းသာလွန်းသည်။ အဘိုးနှင့်အဘွားအတွက် တီဗီဝယ်ပေးသည်ကို မဆိုနှင့်ဦး၊ သူမက ကင်မရာကိုပင် ဝယ်ချင်နေသည်။ ပိုဆိုးသည်က အကောင်းစားတဲ့။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ နေ့လည်ခင်းတွင် ဂိုဒေါင်သို့လာခဲ့ကြပြီး အပ်ချုပ်စက် ဆယ်လုံး စလုံးကို ထုတ်ယူသွားကြ၏။
အပ်ချုပ်စက် ဆယ်လုံးအတွက် အလုပ်သမား ဆယ်ယောက် လိုအပ်သည်။ လင်းချင်းဟယ်သည် ညနေပိုင်းတွင် ဒေါ်လေးရှုထံသို့ သကြားလုံးတစ်ထုပ်ဖြင့် သွားလည်ခဲ့၏။
"ဘာဖြစ်လို့ သကြားလုံးတွေနဲ့ ရောက်လာတာတုန်း။" ဟု ဒေါ်လေးရှုက သူမကိုမြင်သောအခါ မေးလိုက်သည်။
"ဒေါ်လေး၊ ကျွန်မ အကူအညီတောင်းစရာရှိလို့ပါ။" ဟု လင်းချင်းဟယ်က ပြုံးကာ ရှင်းပြသည်။
"အကူအညီလိုရင် ဒီတိုင်းပြောရောပေါ့အေ။ သကြားလုံးတွေ ယူလာစရာ မလိုပါဘူး။" ဟု ဒေါ်လေးရှုက ပြန်ပြောလိုက်သည်။
လင်းချင်းဟယ်က ပြုံးကာ အထည်များ ဖန်တီးရန်အတွက် အလုပ်ရုံငယ်လေးတစ်ခု ဖွင့်တော့မည်အကြောင်း ပြောပြလိုက်သည်။
ဒေါ်လေးရှု အံ့သြသွားမိ၏။ "ဆရာမလင်း၊ ကိုယ်ပိုင်စက်ရုံထောင်ဖို့ စီစဥ်နေတာလား။"
"အလုပ်ရုံငယ်လေးပါပဲ။ စက်ရုံမဟုတ်ပါဘူး။" ဟု လင်းချင်းဟယ်က ပြုံးကာ ရှင်းပြသည်။
"ဒါဆို ဆရာမလင်းက ဘာလုပ်ဖို့ စီစဥ်ထားလဲ။" ဟု ဒေါ်လေးရှုက အလျင်စလို မေးလိုက်သည်။
"ကျွန်မ အခုတော့ အပ်ချုပ်စက်တွေ ဝယ်ထားတယ်။ အခု ကျွန်မ ဒေါ်လေးလိုမျိုး စွမ်းရည်ရှိတဲ့လူတွေ လိုနေတယ်။ အရင်တုန်းက ဒေါ်လေးလိုမျိုး ပင်စင်ယူလိုက်ရတဲ့ အလုပ်သမတွေ အများကြီးရှိတယ်လို့ ကြားဖူးတယ်။ သူတို့ အခုလောက်ဆို အလုပ်ရသွားပြီလား မသိဘူး။" ဟု လင်းချင်းဟယ်က ပြောလိုက်၏။
"အလုပ်တစ်ခုရှာဖို့က မလွယ်ကူပါဘူး။ သူတို့ အခု အိမ်မှာပဲ ရှိနေပြီး ပျင်းလွန်းလို့ မှိုတောင် တက်နေလောက်ပြီ။" ဟု ဒေါ်လေးရှုက ချက်ချင်း ပြန်ဖြေလိုက်သည်။
"ဒါဆို အဆင်ပြေတာပေါ့။ ကျွန်မ ဒေါ်လေးကိုပဲ ဒုက္ခပေးရဦးမယ်။ ဒေါ်လေးအပါအဝင် ကျွန်မအတွက် အလုပ်သမား ဆယ်ယောက်လောက် လိုအပ်တယ်။ ကျန်းမာရေးလည်း ကောင်းရမယ်။ လုပ်ရည်ကိုင်ရည် ကောင်းရမယ်။ မပျင်းရိဘဲ စီမံခန့်ခွဲတတ်ရမယ်။" ဟု လင်းချင်းဟယ်က ပြောပြလိုက်သည်။
"ဟုတ်တာပေါ့။ ငါလည်း ငပျင်းကြီးတွေကို သေချာပေါက် သဘောမကျပါဘူး။" ဟု ဒေါ်လေးရှုက ချက်ချင်း ပြန်ဖြေလိုက်သည်။
"ကောင်းတာပေါ့။ ဒီကိစ္စအတွက် ကျွန်မ ဒေါ်လေးရှုကိုပဲ ဒုက္ခပေးရပါဦးမယ်။" ဟု လင်းချင်းဟယ်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ပြီးတော့ ဒေါ်လေးရှု အတွက် နောက်ထပ် ရာထူးတစ်ခု ကျွန်မ စီစဥ်ပေးမယ်။ ဒေါ်လေးက ကျွန်မ အလုပ်ရုံလေးမှာ မန်နေဂျာလုပ်ပြီး အလုပ်သမားတွေကို စီမံခန့်ခွဲဖို့ ကျွန်မကို ကူညီပေးပါ။ ပြီးတော့ သူတို့ ချုပ်ထားတဲ့ အထည်တွေကိုလည်း ဒေါ်လေးကိုယ်တိုင်ပဲ စစ်ဆေးပေးပါ။ သူတို့အားလုံးထက် ဒေါ်လေးကို လတိုင်း ၅ယွမ် ပိုပေးပါ့မယ်။ ဘယ်လိုသဘောရလဲ ဒေါ်လေး"
ဒေါ်လေးရှုတစ်ယောက် ဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်ပါ့မည်နည်း။ သေချာပေါက် သူမ ပျော်ရွှင်သွားသည်။ "ပြဿနာမရှိပါဘူး ဆရာမလင်း။ ငါ့တာဝန်သာ ထားလိုက်ပါ။ လုံးဝ စိတ်မပူစေရဘူး။"