← Chapters

ရှန့်ကွမ်းရှိုး

Vol. 2 Ch. 28

ရှန့်ကွမ်းရှိုး

Vol. 2 Ch. 28

မန်ဟို‌တွေးနေရန်ပင်အချိန်မရလိုက် တံခါးသည်လွှဲယမ်းပြီး တိတ်ဆိတ်စွာပွင့်လာ၏။ အတွင်းပိုင်း၌ ပိန်းပိတ်အောင် မှောင်မဲနေပြီး အန္တရာယ်အငွေ့အသက်များ ထွက်ပေါ်နေသည်။

“မင်းဝင်မလာသေးဘူးလား” ရှန့်ကွမ်းရှိုးက အေးစက်လှသော အသံဖြင့်ပြောလိုက်သည်။ မန်ဟို တွန့်ဆုတ်နေမိသည်။ ထို့နောက်သူ၏မျက်လုံးများ ရုတ်တရက်မှိန်ကျသွားလေ၏။ နောက်ပြန်လှည့်၍ မရတော့ကြောင်း သူ သဘောပေါက်လိုက်သည်။ အချိန်ခဏမျှစဉ်းစားကြည်ပြီးနောက်ာ သူ၏ စိုးရိမ်ကြောက်လန့်မှုက ကြီးထွားလာခဲ့သည်။ သူသည် အဆောက်အဦဆီသို့ ခြေလမ်းစလှမ်းလိုက်တော့သည်။

အတွင်းပိုင်း၌ အလင်းရောင်များမှိန်ပျော့ညင်သာစွာ ပေါ်ထွက်နေ၏။  ရှန့်ကွမ်းရှိုးသည် ထိုနေရာ၌ ထိုင်နေရင်း အထဲသို့ဝင်လာသောမန်ဟိုကို အသက်မဲ့၍အေးစက်နေသော မျက်လုံးများဖြင့် ကြည့်‌နေသည်။

သူ၏ခြေလမ်းများ အတွင်းသို့ ဝင်လာလာခြင်းမှာပင် ရှန့်ကွမ်းရှိုး၏ မျက်လုံးများ ဆတ်ခနဲ လှုပ်ရှားသွားသည်။ ညာဘက်လက်ကို မြှောက်လိုက်ပြီး အပ်တစ်ချောင်းကို ပစ်လွတ်လိုက်ကာ မန်ဟို၏ လက်ချောင်းများကို ထိုးစိုက်လိုက်သည်။ ထို့နောက် တစ်ခဏချင်း သူ၏နောက်သို့ ပျံဝဲသွားလေသည်။ သိုလှောင်အိတ်အားလုံးမှာလည်း သူထံမှပျံဝဲထွက်သွားပြီး ရှန့်ကွမ်းရှိုး၏ အရှေ့သို့ရောက်သွားသည်။

အပ်ပျံထိပ်တွင် ရှိနေသော သွေးစက်တစ်ချို့ကို ရှန့်ကွမ်းရှိုးက လျက်ကြည့်လိုက်သည်။

“ရတနာတွေ တစိုးတစိတောင်မရှိပါလားဟ” ရှန့်ကွမ်းရှိုးမျက်မှောင်တစ်ချက် ကြုတ်လိုက်သည်။ လျှို့ဝှက်ချက်များအားလုံးကို သိရှိသွားသည့်အလား သူ၏အကြည့်များက မန်ဟိုအပေါ်ကျရောက်လာသည်။ မိစ္ဆာအမြုတေသည်လည်း နိုးကြွလာလေသည်။ သူသည် ရှန့်ကွမ်းရှိုးမသိစေရအောင် တတ်အားသမျှ ဖုံးဖိထား၏။

မန်ဟိုသည် မျက်နှာကိုအောက်ချထားပြီး ထိတ်လန့်တုန်လှုပ်လျက်ရှိသည်။ သူ့ပါးစပ်ကို ဖွင့်လိုက်သည် သို့သော် သူဘာပြောလိုက်မှန်းသိပုံမရ။

ရှန့်ကွမ်းရှိုးသည် မျက်မှောင်ထပ်ကြုတ်လိုက်ပြီး မန်ဟို၏သိုလှောင်အိတ်ကို ဖွင့်လိုက်သည်။ သူသည် အိတ်တစ်ခုလုံးကို လှန်လျောမွှေနှောက်ရှာလိုက်သည်။ ဓားပျံပေါင်းများစွာရှိသော်လည်း လှည့်၍ပင်မကြည့်။ ကြေးနီမှန်ကို မြင်ပုံရသော်လည်း သတိပြုမိဟန်မပေါ်ပေ။

ထူးထူးခြားခြား မည်သည့်အရာမှ ရှာဖွေမတွေ့သည့်အတွက် သူ၏မျက်နှာမှာ မည်းသည်းသုန်မှုန်လာတော့သည်။

“ဆရာဦးလေးရှန့်ကွမ်းရှိုး ၊ ဘာ.........ဘာရှာနေလဲခင်ဗျာ” သူ၏မျက်နှာကို ကြောက်ရွံ့နေပုံ ဟန်ဆောင်ထားလိုက်ပြီး စိတ်ထဲတွင် အေးစက်စွာ ရယ်မောနေလိုက်သည်။ သူသည် ဟိုးယခင်ကတည်းကပင် ပြင်ဆင်မှုပြုလုပ်ပြီးဖြစ်သည်။ သစ်သားဓားများ၊ ဝိညာဉ်ကျောက်တုံးများနှင့် ဆေးဝါးများကို ဖက်တီးက အဝေးနေရာတွင် လျှို့ဝှက်စွာသိမ်းပေးထားခဲ့ပြီ မဟုတ်ပါလား။

“နို့ .... မင်းကိုမေးစမ်းပါရစေဦး” ရှန့်ကွမ်းရှိုးကပြောသည်။ သူ၏အကြည့်သည် မန်ဟိုပေါ်သို့ လျှပ်စီးလက်သကဲ့သို့ ကျရောက်လာသည်။ “နေစမ်းပါဦး မင်းရဲ့ချီဓာတ်အတွင်းအားက ဒီလောက်မြန်မြန်ကြီး ဘောက်မဲ့ကြောင့် တိုးတက်လာရတာတုန်း"

“အမရှုနဲ့ ဆရာဘိုးဘိုးအိုးရန်တို့က ကျွန်တော်ကို ကြည့်ရှုပေးကြလို့ပါ”ဟု သူတုန်တုန်ယင်ယင်နှင့် ဖြေလိုက်သည်။ “သူတို့က ကျွန်တော်ကို ဆေးဝါးတစ်ချို့ပေးတယ်လေ”သူ့ကိုယ်သူ စိတ်မလှုပ်ရှားမိအောင် ကြိုးစားနေရသည့်နှယ် ဟန်ဆောင်ထားလိုက်သည်။ သို့သော် သူ၏အတွင်းစိတ်တွင် မည်သို့မှ စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိ။ ဝမ်တန်ဖေးနှင့် ပက်သက်သော ကိစ္စရပ်များအတွက် ခေါ်မေးမြန်းခြင်းမဟုတ်ဘဲ သူ၏ကျင့်ကြံမှု လျင်မြန်စွာတိုးတက်လာနေခြင်းကြောင့် ခေါ်ယူမေးမြန်းပုံပေါ်သည်။

ရှန့်ကွမ်းရှိုးသည် မျက်မှောင်ထပ်ကြုတ်လိုက်သည်။ ဆရာဘိုးဘိုးအိုးရန်က မန်ဟိုကိုနှစ်သက်ကြောင်း သူ ကောင်းစွာသိပါ၏။ သို့မဟုတ်ပါက သူ၏စစ်ဆေးမေးမြန်းမှုမှာ ယခုကဲ့သို့ သိမ်မွေ့ညင်သာလိမ့်မည်မဟုတ်ပေ။

ထို့နောက်တွင် အပြင်ဘက်မှ ဟန်ကျုံး၏အသံကလွင့်မျောလာသည်။

“ဆရာဦးလေးကို ပြန်လည်လျောက်တင်ပါတယ်။ မန်ဟိုရဲ့ ကျင့်ကြံခြင်းဂူထဲမှာ ဘာမှမရှိပါဘူး”

“မင်းသွားနိုင်ပြီ” ဟု ရှန့်ကွမ်းရှိုးကပြန်ပြောလိုက်သည်။ သူသည် ဟန်ကျိုးထွက်ခွာပြီးနောက် အချိန်ခဏမျှ ထိုင်၍စဉ်းစားနေလိုက်၏။ သူသည် မန်ဟိုကို ဘာမှမပြောဘဲ စိုက်ကြည့်နေသည်။

အချိန်တွေ တဖြေးဖြေးကုန်ဆုံးလာပြီး ညနေပိုင်းသို့ရောက်ရှိလာသည်။မန်ဟို၏ မျက်နှာအမူအရာသည် ပို၍ပို၍ ကြောက်ရွံ့စိတ်လှုပ်ရှားလာပြီး ပူပန်မှုများပြည့်နှက်လာသည်။နောက်ဆုံးတွင် သူပြောလိုက်သည် “ဆရာဦးလေး............”

“အရမ်းကောင်းတယ်။ မင်းသွားနိုင်ပြီ”ဟု ရှန့်ကွမ်းရှိုးက ပြောရင်း သူ၏လက်တွေကိုဝှေ့ယမ်းလိုက်သည်။ သူ့ပုံစံမှာ စပ်ဖျဉ်းဖျဉ်း မအီမသာဖြစ်နေပုံရသည်။

မန်ဟိုမတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကိုယှက်ခါ ဂါရဝပြုလိုက်သည်။သူထွက်လာခဲ့သည်။ သူသည် တောင်ခြေသို့ရောက်သောအခါ တောင်ဖက် တောင်ကြီးဆီသို့ လျင်မြန်စွာပြေးလေ၏။

မန်ဟိုထွက်သွားပြီးသည့်နောက်တွင် ရှန့်ကွမ်းရှိုး၏အမူအရာမှာ ပြောင်းလဲလာသည်။ ငွေအပ်ကို ယူကာ ဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီး ထပ်မံ၍ လျက်ကြည့်လိုက်ပြန်သည်။ သူ၏မျက်လုံးများ  အရောင်တောက်ပ သွားသည်။

“တစ်ခုခုတော့မှားနေပြီ ၊ဒီသွေးထဲမှာ အဆင့်နိမ့် မိစ္ဆာအမြုတေတွေရဲ့ အရောင်အဝါတွေ အများကြီးရှိနေတယ်။ ဆရာဘိုးဘိုးအိုးရန်ရဲ့ လွမ်းမိုးမှုကိုအာရုံစိုက်နေရတာနဲ့ပဲ ဒါကို ခုနတုန်းက ငါသတိမထားမိဘူး။ အခုသူ့သွေးစက်တွေခြောက်နေပြီဆိုတော့ ၊ ဒါကရှင်းသွားပြီ၊ ဒီကောင်ရာနဲ့ချီတဲ့ မိစ္ဆာအမြုတေတွေကို စားခဲ့တာပဲ။ သူ့လက်နဲ့ ဒီလောက်အများကြီးရတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီမန်ဟိုဆိုတဲ့ကောင်မှာ လျှို့ဝှက်ချက်ကတော့ရှိရမယ်” ရှန့်ကွမ်းရှိုး၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်လာသည်။ သူ၏ခန္ဓာကိုယ်ကို လေထဲသို့ လွှားခနဲခုန်လိုက်ပြီး မန်ဟို၏နောက်  သို့ လိုက်လေတော့သည်။

မန်ဟိုသည်အစွမ်းကုန်ပြေးလွှားနေသည်။ တောင်ဖက်တောင်ကြီးရှိ ကျင့်ကြံခြင်းဂူ၏ အပြင်ဖက်သို့ သူရောက်လာခဲ့သည်။ သူရောက်ရှိလာသောအခါတွင် ဖက်တီးသည် အဝေးတစ်နေရာရှိ သစ်ပင်တစ်ခုပေါ်တွင် ရှိနေလေသည်။ မန်ဟိုကိုတွေ့လိုက်ပြီးနောက် သူပြေးလာလိုက်သည်။

“ငါသေရမှာကြောက်တယ်”ဟု ဖက်တီးက သက်ပြင်းချရင်းပြောသည်။ “မန်ဟိုမင်းတနေ့ခင်းလုံးသွားနေတာ ........” သူသည် မန်ဟို၏ သိုလှောင်အိတ်ကိုယူလိုက်ပြီး ပေးလိုက်သည်။ “ငါအဝေးတစ်နေရာမှာ သွားဖွက်ထားတာကို ဘယ်သူမှ သတိမထားမိတာကိုပဲ ကျေးဇူးတင်ရမယ်”

မန်ဟိုက သိုလှောင်အိတ်ကို လှမ်းယူလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။ အိတ်ကို လက်နဲ့ထိပြီး ယူလိုက်ပြီးပြီးချင်းမှာပင် အဝေးတစ်နေရာမှ တရွှီးရွှီးမြည်သံများကို သူကြားလိုက်ရသည်။ ရွှေရောင်ဝတ်စုံဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်သည် ရောင်စုံအလင်းတန်းများအလား ရောက်ရှိလာခြင်းဖြစ်သည်။ထိုသူမှာ ရှန့်ကွမ်းရှိုးမှလွဲ၍ မည်သူဖြစ်နိုင်ပါအံ့နည်း။

သူသည် ပျံသန်းလာခြင်းဖြစ်သည်။ ချီအခြေတည်အဆင့်ကို ရောက်ရှိနေသော ကျင့်ကြံသူတစ်ယောက်သည် မှော်ပစ္စည်းများ၏ အကူအညီဖြင့် ပျံသန်းနိုင်ပေသည်။ အမရှုကဲ့သို့သော လူတစ်ယောက်ပင်လျှင် ညင်သာစွာရွေ့လျားခြင်းဖြစ်ပြီး အမှန်တကယ်ပျံသန်းခြင်းမဟုတ်ပေ။

ထိုအချင်းအရာကို တွေ့လိုက်ပြီးနောက် မန်ဟိုနှလုံးသွေးများ တုန်လှုပ်ချောက်ချားသွားသည်။ သူ၏ရန်သူသည် တောင်ထိပ်မှအောက်သို့ ပျံသန်းလာသည်ကို သူမြင်လိုက်ရခြင်းဖြစ်သည်။ ရွေးလျားမှုအမြန်နှုန်းမှာ မန်ဟိုအနေဖြင့်ဓားပျံ၏ အကူအညီသုံးပြီး ပျံသန်းသွားသလောက်ကိုရှိနေသည်။

ရှန့်ကွမ်းရှိုးသည် ဖက်တီးက လှမ်း၍ပေးနေသော သိုလှောင်အိတ်ကို မြင်လိုက်၏။ ထိုအခါ သူ၏မျက်လုံးများ စူးရှတောက်ပသွားလေသည်။ သူသည် မည်သည့်စကားမှပြောမနေဘဲ မန်ဟိုဆီသို့ ဦးတည်လာကာ လုယူရန်ကြိုးစား၏။ ယနေ့ မန်ဟို၏လျှို့ဝှက်ချက်ကို အရယူရမည်ဖြစ်သည်။ အဆိုပါ လျှို့ဝှက်ချက်သည် သူ့အဖို့များစွာ အထောက်အပံ့ဖြစ်စေနိုင်သည်။

မန်ဟို၏အမူအရာများ ပြောင်းလဲသွားသည်။ သူ၏ ခံစားချက်များ ချာချာလည်နေလေပြီ။ သို့သော် အခြေအနေက အရေးပေါ်ဖြစ်နေသည်။ သူ့အနေနှင့် စဉ်းစားနေရန် အချိန်မရှိ။ သူသည်သိုလှောင်အိတ်ကို သိမ်းထားလိုက်ပြီး ဖက်တီးကိုလှမ်းဆွဲလိုက်သည်။ ထို့နောက် တဟုန်ထိုးပြေးသွားလိုက်သည်။ ဓားပျံများသည်သူ၏ဘေးတွင် မပြတ်လှည့်ပတ်နေပြီး ခြေထောက်အောက်သို့ရောက်ရှိလာကာ အဝေးကိုထွက်သွားလိုက်သည်။

ရှန့်ကွမ်းရှိုး၏ မျက်လုံးသူငယ်အိမ်များမှာ အလွန်ကျဉ်းမြောင်းသွားလေသည်။ သူသည်သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ၎င်းတို့၏နောက်သို့ ပျံသန်း၍ လိုက်သွားလေသည်။ ဖက်တီး၏မျက်နှာမှာ ဖြူဆုတ်နေပြီး အလွန်ကြောက်ရွံ့နေသည်။ သို့သော် မန်ဟို၏ စိတ်အာရုံပျက်ပြားသွားစေမည် ဆိုးသောကြောင့် သူမလှုပ်ရှားခဲ့ပေ။ မန်ဟိုကသူ့ကို စွန့်ပစ်သွားလိမ့်မည် မဟုတ်ကြောင်းယုံကြည်ထားသည်။

အမှန်ပင် မန်ဟိုသည် ထိုကဲ့သို့သော လူမျိုးမဟုတ်ပေ။ ဖက်တီးကိုချန်ထားခဲ့လျှင် ယခုထက်ပို၍ မြန်မြန်ရွေ့လျားနိုင်မည်ကိုလည်း သူသိသည်။ သို့သော် ရှန့်ကွမ်းရှိုးသည် သူ့ရင်ထဲကအမျက်ဒေါသများကို ဖက်တီးပေါ်သို့ ပုံချလိမ့်မည်ဖြစ်ကြောင်းကိုလည်း သူရိပ်စားမိသည်။

“လခွီး..........အပြင်စည်းဂိုဏ်းသားတွေက ပုရွက်ဆိတ်လိုကောင်တွေ၊ အတွင်းစည်းဂိုဏ်းသားတွေကသာ မှီခိုရာဂိုဏ်းရဲ့ စစ်မှန်တဲ့ကျင့်ကြံသူတွေဘဲ”။ အံကိုတင်းတင်းကြိတ်ထားရင်း ရှန့်ကွမ်းရှိုးကို နောက်ပြန်လှည့်ကြည့်မိသည်။ ၎င်းသည် တဖြေးဖြေးနှင့်နီးကပ်လာချေပြီ။ တစ်ချိန်တည်းမှာပင် မန်ဟိုသည်လည်း မြေပြင်နှင့် တဖြေးဖြေး ကပ်၍ ကပ်၍ လာနေပြီဖြစ်သည်။ သူ ယခုထက်ပိုပြီး အချိန်ကြာအောင် ထိန်းထားနိုင်စွမ်း မရှိတော့ပေ။ သူ၏နဖူးတွင် ချွေးစေးများကျလာပြီး စိတ်များမှာ ဒုန်းဆိုင်းပြေးလွှားနေသည်။ သူသည် အရှေ့ရှိ အပြင်စည်းဂိုဏ်းကိုမြင်လိုက်ရသောအခါတွင် သူ၏စိတ်ထဲတွင် လင်းခနဲတစ်ချက်ဖြစ်သွားသည်။ ဘာလုပ်ရမည်ကို သူသိလိုက်ပါပြီ။

သူ၏မျက်လုံးများမှာ အရောင်များတောက်ပနေသည်။ သူမြေပြင်ပေါ်သို့ သက်ဆင်းလိုက်ပြီး အပြင်စည်းဂိုဏ်းထဲသို့ တရကြမ်းပြေးသွားလိုက်သည်။ ထို့နောက် သူ၏ချီဓာတ်အတွင်းအားကို မေ့ထားလိုက်သည်။ အံကိုတင်းတင်းကြိတ်ထားလိုက်ပြီး ဓားပျံပေါ်ကို နောက်တစ်ကြိမ် ခုန်တက်လိုက်သည်။ တရွှီးရွှီးမြည်သံများတုန်ဟည်းလာလေသည်။ အပြင်စည်းဂိုဏ်းသားများသည် လည်ကိုဆန့်၍ သမင်လည်ပြန် ကြည့်လိုက်သည်။

ရှန့်ကွမ်းရှိုး၏ မျက်နှာမှာ မိုးပြိုကြတော့မည့်အလားပင်။ သူ၏ဝတ်ရုံလက်ကို လှုပ်ရှားလိုက်ပြီး မန်ဟိုဆီသို့ လှစ်ခနဲ ပြေးဝင်လာလေသည်။ သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ နီးသထက်နီးလာချေပြီ။ အကြမ်းအားဖြင့် မီတာသုံးဆယ် အကွာလောက် ရောက်ချိန်တွင် ရှန့်ကွမ်းရှိုး၏မျက်နှာမှာ ရုတ်တရက်ပြောင်းလဲသွားတော့သည်။ မန်ဟိုဘယ်ကိုဦးတည်နေလဲ သူနားလည်လိုက်သည်။ သို့သော်ကား နောက်ကျသွားချေပြီ။

မန်ဟိုသည် နဂါးတိုင်များတွင်းထုထားသော အပြင်ဂိုဏ်း၏ လေ့ကျင့်ကွင်းသို့ ရောက်ရှိလာခဲ့သည်။ စင်မြင့်ထက် တစ်နေရာတွင် ဆရာဘိုးဘိုးအိုးရန်တရားထိုင်လျက်ရှိနေသည်။ သူ၏ အောက်ရှိ လေ့ကျင့်ကွင်းနေရာတွင် ဝမ်တန်ဖေးသည် တပျဉ်ခွေထိုင်ချပြီး တရားထိုင်လျက်ရှိနေသည်။ ထိုနေရာသည်ကား “အထူးအဆင့်တိုးလေ့ကျင့်မှု" အတွက် နာမည်စာရင်းသွင်းရန်နေရာဖြစ်သည်။

“ကျွန်တော် နာမည်စာရင်းသွင်းချင်လို့ပါ”ဟု မန်ဟိုကလေ့ကျင့်ကွင်းသို့ ရောက်လျင်ရောက်ချင်း ပြောလိုက်သည်။ “ကျွန်တော်ရောပဲ” ဟု ဖက်တီးက သွေးမရှိသော မျက်နှာနှင့် လှမ်းအော်လိုက်ခြင်းဖြစ်သည်။

ရှန့်ကွမ်းရှိုးသည် လေ့ကျင့်ကွင်းအပြင်ဘက်တွင် ရပ်တန့်ပစ်လိုက်သည်။ သူ၏မျက်လုံးများ စားတော့ ဝါးတော့မည့်အလားပင်။ သို့သော် ၎င်းအမူအရာများ ချက်ချင်း ပျောက်ကွယ်သွားပြီး ဖော်ရွေတတ်သော အပြုံးများဖြင့် အစားထိုးလိုက်သည်။ ဆရာဘိုးဘိုးအိုးရန်သည် မျက်လုံးဖွင့်ကြည့်လိုက်လေသည်။ သူသည် မန်ဟိုကိုကြည့်လိုက်ပြီး မန်ဟို၏ ချီဓာတ်အတွင်းအားကို အံ့အားသင့်သွားသည်။ သူသည်မန်ဟိုကို ချီးကျူးသော အကြည့်ဖြင့် ကြည့်လိုက်၏။

“ရပြီ အခုမင်းနာမည်စာရင်းသွင်းပြီးသွားပြီ”ဟု ဆရာဘိုးဘိုးအိုးရန်က အေးဆေးစွာပြောလိုက်သည်။ “မင်းဒီပရဝဏ်အတွင်းမှာပဲနေရမယ် ၊လေ့ကျင့်မှုကိုနှစ်ရက်ကြာရင်စမယ်”။ သူ၏အကြည့်သည် ရှန့်ကွမ်းရှိုးအပေါ်သို့ ကျရောက်သွားသည်။ သူ၏အပြုံးကို ဖော်ရွေတတ်ပုံရအောင်လုပ်ထားသည်။ သူသည် မန်ဟိုကို ဟန်ဆောင်ချီးကျူးသော မျက်လုံးများနှင့်ကြည့်လိုက်သည်။

မန်ဟိုက သူ့ကိုပြန်ကြည့်လိုက်သောအခါတွင် ရှန့်ကွမ်းရှိုး၏ဒေါသများ ဆူပွက်လာသည်။ သို့သော် သူဘာတစ်ခုမျှလုပ်ရန် မတတ်နိုင်တော့ပေ။ အချိန်အတန်ကြာ ရယ်မောပြီးနောက် သူပြန်ထွက်သွားခဲ့သည်။

များမကြာမီအချိန်မှာပင် ဟန်ကျုံးသည် ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာလေသည်။ သူသည် လေ့ကျင့်ကွင်းသို့ ဝင်လိုက်ပြီး မန်ဟိုကိုစိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီး သရော်ပြုံး ပြုံးလိုက်သည်။ သူစာရင်းသွင်းကြောင်း ကြော်ငြာလိုက်သည်။

သူသည် မန်ဟိုအနားသို့ ဖြတ်၍လျှောက်လာပြီး တီးတိုးပြောလိုက်သည်။ “မင်းဟာ ရှန့်ကွမ်းရှိုးကို စိတ်အနှောက်အယှက်ပေးခဲ့တယ်။ ဒီနေရာမှာ ငါမင်းကိုစိန်ခေါ်တယ်။ အတွင်းစည်းဂိုဏ်း လေ့ကျင့်မှုဟာ မင်းအတွက် သတ်ကွင်းဖြစ်စေရမယ်”။

မန်ဟို၏ မျက်လုံးများအရောင်တောက်ပလာပြီး ထွက်ခွာသွားသော ဟန်ကျုံး၏ နောက်ကျောပြင်ကို အေးစက်စွာစိုက်ကြည့်နေခဲ့သည်။ နာမည်စာရင်းပေးသွင်းသည့်အစီအစဉ် ပြီးဆုံးရန် နီးကပ်လာချေပြီ။ ဝမ်တန်ဖေးသည် မန်ဟိုမရောက်ခင် အချိန်ကပင် စာရင်းသွင်းထားခြင်းဖြစ်သည်။ ယခု ဟန်ကျုံး ထပ်မံရောက်ရှိလာခြင်း ဖြစ်သည်။ ထိုအချိန်၌ လေ့ကျင့်ကွင်းထဲသို့ လူလေးယောက် ဝင်ရောက် လာခဲ့သည်။

မန်ဟိုမသိသည့် သူစိမ်းမပါဝင်ချေ။ ရင်ထျန်းလုံနှင့် ကျိုးခိုင်တို့ဖြစ်သည်။ ကျန်နှစ်ယောက်မှာ အသက်၃၀ကျော် အရွယ်များဖြစ်ကြသည်။ ၎င်းတို့ထဲမှတစ်ယောက်မှာ အရပ်ရှည်ရှည် သန်သန်မာမာဖြစ်သည်။ ကျန်တစ်ယောက်မှာ ပိန်ခြောက်ခြောက်၊ပျော့နွဲ့နွဲ့ဖြစ်သည်။ သို့သော် သူ၏မျက်နှာတွင် ကြောက်မက်ဖွယ်ရာ အမာရွတ်များ ရှိလေသည်။၎င်းတို့နှစ်ဦးစလုံးတွင် ဝမ်းနည်းခြောက်ကပ်၍ သေခြင်းတရား အရိပ်အယောင်များ ထုတ်လွတ်နေသည်။ ၎င်းတို့မှာ စဦးချီဖွဲ့စည်းခြင်း အဆင့်၅တွင်ရှိသော တပည့်များဖြစ်ကြသည်။

၎င်းတို့လေးယောက် လေ့ကျင့်ကွင်းထဲသို့ ဝင်ရောက်လာချိန်တွင် ဖက်တီးနှင့်မန်ဟိုကို စားမတက် ဝါးမတက် ကြည့်လိုက်ကြသည်။ သူတို့မျက်လုံးထဲ၌ ရက်စက်ကြမ်းကြုတ်မှုများကို ဖုံးကွယ်ထား နိုင်ရန်ပင် မစွမ်းသာတော့ပေ။

ဖက်တီးမှာ စတင်ကြောက်ရွံ့တုန်လှုပ်လာပြီး၊ မန်ဟိုသည် မျက်စိများကျဉ်းမြောင်း၍ ကြည့်လိုက်သည်။ ရှန့်ကွမ်းရှိုး၏ လွမ်းမိုးမှုဖြစ်ကြောင်း သူသိလိုက်ချေပြီ။

အချိန်များက တဖြေးဖြေး ကုန်ဆုံးလာခဲ့ပြီဖြစ်သည်။ နှစ်ရက်တာ အချိန်ကာလသည်လည်း ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

အမည်စာရင်းတင်သွင်းရမည့်အချိန်သည်လည်း ၁နာရီမျှသာ ကျန်ရှိတော့သည်။ လေ့ကျင့်ကွင်း သည်လည်း မြောက်များစွာသော အပြင်စည်းတပည့်များနှင့် ဝန်းရံထား၏။ သူတို့အားလုံးသည် နာမည်ပေးသွင်းရန် အတွက်မဟုတ်ဘဲ အတွင်းစည်းတပည့်အဖြစ် “အထူးအဆင့်တိုးလေ့ကျင့်မှု”ကို ကြည့်ရှုရန် ရောက်ရှိလာခြင်း ဖြစ်သည်။ တစ်စုံတစ်ခုကို သင်ယူကောင်းသင်ယူနိုင်ရန်၊ ဝမ်တန်ဖေး၏ ဂုဏ်ကျက်သရေကို ကြည့်ရှုရန်ရောက်ရှိ လာခြင်းဖြစ်သည်။

လေ့ကျင့်ကွင်းထဲရှိ လူ၈ယောက်တွင် ဖက်တီးသည် ချီဓာတ်အတွင်းအား အနိမ့်ဆုံးဖြစ်သည်။ အမျိုးမျိုးသောဝေဖန် ဆွေးနွေးသံများ ကျွတ်ကျွတ်ညံနေတော့သည်။ အချိန်ပြည့်သွားခဲ့ချေပြီ။ မှီခိုရာဂိုဏ်း တစ်ခုလုံး ခေါင်းလောင်းသံများ စီစီညံညံသွား၏။ ခေါင်းလောင်းသံ ၉ကြိမ်ဆက်တိုက် မြည်ပြီးသည့်နောက်တွင် ဆရာဘိုးဘိုးအိုးရန် မျက်လုံးများကိုဖွင့်လိုက်ပြီး သူ့ရှေ့က လူရှစ်ဦးကို ကြည့်လိုက်သည်။ သူ၏ဝတ်ရုံလက်ရှည်ကို ခါယမ်းလိုက်သောအခါတွင် စင်မြင့်ကြီးတစ်ခုလုံးသည် အရောင်အမျိုးမျိုးနှင့်တောက်ပသွားပြီး အကြမ်းအားဖြင့် မီတာသုံးရာ အချင်းဝက်လောက်အထိ လွမ်းခြုံသွားလေသည်။

သူသည် ညာလက်ကို တဖန်ဝှေ့ယမ်းလိုက်သောအခါ ကျောက်စိမ်းပြားရှစ်ခုက ပျံဝဲလာပြီး လူ၈ယောက်ထံသို့ ရောက်ရှိသွားသည်။ ကျောက်စိမ်းပြားများ သူတို့၏ အရှေ့သို့ ရောက်ရှိလာသောအခါတွင် ကျောက်စိမ်းပြား၏ မျက်နှာပြင်ပေါ်၌ ၁ မှ၈ အထိ ကမ္ပည်းရေးထိုးထားသော နံပါတ်များကို မြင်တွေ့လိုက်ရသည်။

“ပြိုင်ပွဲမစခင်ထဲက အရှုံးပေးတာကို တားမြစ်ထားတယ်”ဟု ဆရာဘိုးဘိုးအိုးရန်က အေးဆေးစွာ ပြော သည်။ “အတွင်းစည်းဂိုဏ်းဝင်ခွင့် ပြိုင်ပွဲမှာ သေခြင်း၊ရှင်ခြင်း ဆိုတာကံတရားကသတ်မှတ်ထားတဲ့အတိုင်းပဲ စင်မြင့်ထက်မှာ ကိုယ်မနိုင်ဘူးထင်ရင် အရှုံးလို့ရတယ်၊ ပထမဆုံးအလှည့်အနေနဲ့ နံပါတ်(၁)နဲ့နံပါတ်(၈)စမယ်။” ဝမ်တန်ဖေး သူ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ၏ကျောက်စိမ်းပြားကို မြှောက်ကြည့်လိုက်လျှင် ၎င်းအပေါ်၌ တစ်ဟုရေးထွင်းထားသည်ကို တွေ့ရ၏။ သူသည် မတ်တတ်ရပ်လိုက်ပြီး စင်မြင့်ပေါ်သို့ ပျံသွားလိုက်သည်။ သူ၏ဆံပင်ရှည်များက လေထဲ၌ လွန့်လူးပျံဝဲနေပြီး ဆီးနှင်းကဲ့သို့ ဖြူဖွေးသောဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည်။ သူသည် ခြောက်ပစ်ကင်းသဲလဲစင်နေပြီး လှပကြော့ရှင်းမှု ၊ နူးညံ့သိမ်မွေ့မှု ၊ ခံ့ညားထည်ဝါမှုများ နှင့် ပြည့်စုံသူဖြစ်၏။ သူတစ်ချက်ပြုံးပြလိုက်သည်။ ထိုအခါဝန်းရံထားသော ကျင့်ကြံသူများသည် ဝိုင်းဝန်း၍ ကောင်းချီး ဩဘာပေးလိုက်ကြ၏။ သို့သော် ဝမ်တန်ဖေး၏ အပြုံးနောက်ကွယ်တွင် ခါးသီးနာကြင်မှုများ၊ အရှုံးတရားများကို ဖုံးကွယ်ထားမှန်း မည်သူမှမမြင်လိုက်ကြပေ။

ထိုအခိုက်အတန့်တွင် ရှန့်ကွမ်းရှိုးသည် လူအုပ်ကြားထဲ၌ ပေါ်ထွက်လာပြီး မန်ဟိုကို စိန်းစိန်းဝါးဝါးစိုက်ကြည့်နေလေတော့၏....။

***

All Chapters