ရှက်ရွံ့ခြင်း
Vol. 25 Ch. 340
အခန်း(၃၄၀) - ရှက်ရွံ့ခြင်း
လင်းချင်းဟယ်က သူမကို ဒီလိုမြင်တဲ့အခါ ပြုံးပြီး ပြောလိုက်သည်။ "ဒေါ်လေး၊ ဒေါ်လေးက မန်နေဂျာပဲ။ ကျွန်မ ဒေါ်လေးကို တစ်လ ၃၅ ယွမ် ပေးပါ့မယ်။ ကျန်တဲ့လူတွေကတော့ ယွမ် ၃၀ ပေါ့။ ကျွန်မပေးတဲ့ လစာတွေက အရမ်းမများပေမယ့် အလုပ်သမားတွေကလည်း ဒီလစာနဲ့ ထိုက်တန်တဲ့ လူတွေဖြစ်ဖို့ မျှော်လင့်ပါတယ်။ အနာဂတ်မှာ သူတို့ ကောင်းကောင်းကြိုးစားမယ်ဆိုရင် သေချာပေါက် တိုးပေးမှာပါ။ ဒီတိုင်းပဲ ဆက်ရှိနေမှာ မဟုတ်ပါဘူး။"
"စိတ်မပူပါနဲ့။ နင်ပေးတဲ့လစာက မနည်းပါဘူး။ နင် ဘယ်သူ့ကိုမှ ဆိုးဆိုးရွားရွား မဆက်ဆံပါဘူး။" ဟု ဒေါ်လေးရှုက ပြန်ဖြေလိုက်သည်။
ထိုအချိန်ကာလတွင် လစာပမာဏက မြို့တော်တွင် ဖြစ်နေလျှင်ပင် ပုံမှန်အားဖြင့် မများကြပါ။ ထိုကာလက တိုင်းပြည်ရှိ သူဌေးများနှင့် သူဆင်းရဲများတို့အကြား ကွားခြားချက်ကလည်း သိပ်ပြီး မကြီးမားပေ။ ဥပမာအားဖြင့် ဦးလေးမာတစ်ယောက် သူ့သား မာချန်းမင်ကို လက်လွှဲပေးခဲ့သောအလုပ်က တစ်လကို ယွမ် ၄၀ သာရသည်။
အစကတော့ လင်းချင်းဟယ်သည် အလုပ်ရုံငယ်လေးအတွက် လစာမြင့်မြင့်ပေးရန် စီစဥ်ခဲ့သည်။ သူမရဲ့ အလုပ်သမားများအတွက်လည်း သူမ စိုးရိမ်ရသေးသည်။ ဒီနှစ်တော့ ဒေါ်လေးမာ၏ လစာက ယွမ်၃၀သာ ရှိပါသည်။
ထို့အပြင် အိမ်နီးခြင်းတို့အကြား လစာပမာဏ ကွာခြားချက်များပါက သိပ်မကောင်းပေ။
ထို့ကြောင့် ယွမ် ၃၀ သာ သတ်မှတ်လိုက်ပြီး နောက်ပိုင်းမှ တိုးမြှင့်သွားပါမည်။
ဒေါ်လေးရှုကို အလုပ်ချိန်များကိုလည်း ပြောပြလိုက်သည်။ ပြီးကာမှ အလုပ်သမား ရှာစေခဲ့၏။ အရေးကြီးကိစ္စတော့ မဟုတ်ပေ။ အလုပ်ရုံငယ်က မနက်ဖြန်သဘက်ခါမှ တရားဝင်ဖွင့်မည်ဖြစ်သည်။
ဒေါ်လေးရှုတစ်ယောက် အလုပ်သမားရှာဖို့အတွက် အချိန်လုံလောက်ပါသည်။
ထိုအရာများကို ဆောင်ရွက်ပြီးသွားသောအခါ လင်းချင်းဟယ်သည် ရေခဲမုန့်တစ်ချို့ဝယ်လိုက်ပြီး အထည်ဆိုင်သို့လာကာ ရှုရှန့်မိန်၊ ဟူကျစ်နှင့် အာ့နီတို့နှင့်အတူတူ စားလိုက်သည်။
"ရှန့်မိန်၊ နင်စာလုပ်ပြီးပြီလား။" ဟု လင်းချင်းဟယ်က ရှုရှန့်မိန်ကို မေးလိုက်သည်။
ရှုရှန့်မိန်က ရှက်ရွံ့စွာဖြင့် ပြန်ဖြေလိုက်သည်။ "ဒေါ်လေး၊ သမီး နားမလည်ဘူး။"
လင်းချင်းဟယ်က ဘာမှမပြောပါ။ အကြီးဆုံးအစ်မက ရှုရှန့်မိန်ကို စာသင်ခွင့် မပေးခဲ့သောကြောင့် ရှုရှန့်မိန်မှာ စကားလုံးအနည်းငယ်ထက်ပိုပြီး နားမလည်နိုင်ပါ။
ထို့ကြောင့် ရှုရှန့်မိန်ကို အာ့နီနှင့်အတူ စာလုပ်ခိုင်းပြီး စကားလုံးများ သိအောင် လုပ်ခိုင်းသည်။ ထိုအခါမှ အနာဂတ်တွင် တိုးတက်မှု ရှိလာနိုင်မည်ဖြစ်သည်။
သို့သော်လည်း သူမကိုယ်တိုင်ကိုက စာမသင်ချင်ပေ။ လင်းချင်းဟယ်သည် ထိုကိစ္စအား ဘာမှဆက်မလုပ်တော့ပါ။ သူမသည် ဟူကျစ်နှင့် အာ့နီတို့ဘက်သို့ လှည့်လိုက်ပြီး "နင်တို့နှစ်ယောက် ဒီရာသီထဲ ကျောင်းစတက်ရမယ်။ ညနေပိုင်း အတန်းတက်ရမယ်။" ဟု ပြောလိုက်သည်။
"အစ်မအာ့နီက အဆင်ပြေပေမယ့် ကျွန်တော်ပါ တက်ရမှာလား။" ဟု ဟူကျစ်က ခေါင်းနောက်ကို ပွတ်ရင်း ပြောလိုက်သည်။
"နှစ်ယောက်လုံး တက်ရမယ်။ အာ့နီက စာရင်းကိုင်ပညာကို စာရင်းသွင်းထားတယ်။ နင်လည်း အဲ့အတွက် စာရင်းသွင်းသင့်တယ်။” ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
ဘဲတစ်ကောင်ဖြစ်ဖြစ် နှစ်ကောင်ဖြစ်ဖြစ် လွှတ်ရမည်က လွှတ်ရမည်ပဲဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်စလုံးကို စာသင်ခွင့်ပြုမည်ဖြစ်သည်။
"ကျွန်တော်က အစ်မအာ့နီလောက် ဉာဏ်မကောင်းဘူး။ ဘာမှနားမလည်မှာ ကြောက်တယ်။" ဟု ဟူကျစ်က ခေါင်းကုတ်ကာ ပြောပြန်သည်။
"နင် မတိုးတက်ချင်ဘူးလား။ နင် အနာဂတ်ကျရင် မြို့တော်ထဲမှာ မနေချင်ဘူးလား။" ဟု လင်းချင်းဟယ်က မေးခွန်းထုတ်လိုက်၏။ "နင့်ရဲ့ ဒီလောက်အတတ်ပညာနဲ့ အနာဂတ်မှာ မြို့တော်ထဲက ဒီလိုနေရာမျိုးမှာ ဆက်နေနိုင်မယ်လို့ ထင်နေတာလား။ နင် စာမကြိုးစားဘဲ တိုးတက်ချင်စိတ်မရှိရင် နင် ဖယ်ထုတ်ခံရပြီး အိမ်ပြန်ရလိမ့်မယ်။"
နောက်ပိုင်းမျိုးဆက်များအတွက် မြို့တော်ထဲက အနာဂတ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေသည်က ဆိုးရွားလှပါသည်။ မျက်ရည်များကို ယုံကြည်၍ရနိုင်သော နေရာမဟုတ်ပါ။
လူတစ်ယောက်က ယခုအချိန်တွင် အထက်စီးကဖြစ်နေလျှင်ပင် ဆက်ပြီးဖွံ့ဖြိုးအောင် ကြိုးစားရဦးမည်။
ဟူကျစ်က သက်ပြင်းချပြီး "ဒါဆိုလည်း ကျွန်တော်ပါ သွားသင်ပါ့မယ်။" ဟု ပြောလိုက်သည်။
"သွားမယ်ဆိုလည်း စာကြိုးစားမှရမှာနော်။ ငါ နင့်ကျူရှင်ခကို ထောက်ပံ့ပေးထားမှာဖြစ်လို့ နင်ကြိုးစားမှဖြစ်မယ်။" ဟု လင်းချင်းဟယ်က ဆုံးမလိုက်သည်။ "အခုတော့ စိတ်ရှုပ်စရာလို့ နင်ထင်ကောင်း ထင်နိုင်ပေမယ့် နောက်ပိုင်းကျရင် အကျိုးရှိမှန်း နင်သိလာပါလိမ့်မယ်။"
စာရင်းကိုင်ပညာ သင်ယူပြီး သူတို့ စာရင်းကိုင်တစ်ယောက် ဖြစ်မလာလျှင်ပင် ထိုလူများက ဉာဏ်ပိုထက်လာပြီး ပိုသတိရှိလာကြလိမ့်မည်။ အနာဂတ်တွင် ထိုကဲ့သို့ လူများက အကျိုးရရှိတတ်ကြသည်။
ရှုရှန့်မိန်က နှုတ်ခမ်းစူကာ "ဒေါ်လေး၊ သမီးကရော ဘာသင်ရမလဲ။" ဟု မေးလိုက်သည်။
လင်းချင်းဟယ်က သူမကို ကြည့်လိုက်ပြီး "နင်က ဘာစာလုံးမှ နားမလည်တာ နင်က ဘယ်လိုလုပ်ပြီး သင်နိုင်မှာလဲ။" ဟု ပြောလိုက်သည်။
ဟူကျစ်နှင့် အာ့နီတို့က အတန်းအနည်းငယ်သာ တက်ခဲ့ကြသော်လည်း လင်းချင်းဟယ်က သူတို့အား သတိရှိရှိ လေ့ကျင့်ပေးခဲ့သည်။ ထို့ကြောင့် ယခုဆိုလျှင် သူတို့သည် စာလုံးများစွာနှင့် အခြေခံအသိပညာအချို့ကို နားလည်နေပြီဖြစ်သည်။ အတန်းထဲတွင် ရှင်းပြနေသည်ကို နားထောင်သောအခါ သူတို့လမ်းပျောက်တော့မည် မဟုတ်ပေ။
သူမသည် အခြားအုပ်စုလိုက်လေ့လာမှုကိုလည်း စတင်ခဲ့ပြီးဖြစ်သောကြောင့် ၎င်းတို့ကို ဆုပ်ကိုင်နိုင်ခဲ့ပြီး စာလိုက်နိုင်ပါလိမ့်မည်။
သို့သော်လည်း ရှုရှန့်မိန်က စာလုံးတစ်လုံးမှ မသိသဖြင့် ဘယ်လိုလုပ်ပြီး စာသင်ဝိုင်းပို့လို့ရနိုင်ပါ့မည်နည်း။
"နင်စာသင်ချင်ရင် အာ့နီနဲ့ စာဖတ်တတ်အောင် အရင်သင်လိုက်ဦး။ နင် ရေးတတ်ဖတ်တတ် သွားတာနဲ့ နင့်ကိုလည်း ထားပေးမယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
ရှုရှန့်မိန်က တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။
သူမ တကယ်ပဲ စာမသင်ချင်ပါ။ သို့သော် သူမ၏ ဝမ်းကွဲမောင်နှမနှစ်ယောက်စလုံးက တိုးတက်နေကြပြီး သူမ တစ်ယောက်တည်း ကွက်ကျန်နေသည်။ သူမ နောက်ကျ မကျန်ခဲ့လိုပါ။
ထို့ကြောင့် သူမ ခေါင်းငြိမ့်လိုက်ရသည်။
လင်းချင်းဟယ်က ဘာမှမပြောတော့။ သူတို့စာသင်ချင်စိတ်ရှိလျှင် သေချာပေါက် သူတို့၏ တိုးတက်ရေးအတွက် သူမ ထောက်ပံ့ပေးမည်။ သို့သော် သူတို့ မသင်ချင်ပါကလည်း သူမက အတင်းအကြပ် သင်ခိုင်းမည် မဟုတ်ပါ။
သူမရဲ့ သားသုံးယောက်အတွက်မူ သူမ သံသယမရှိပါ။ ဒီတူနှင့်တူမများက ကိုင်းတစ်ခုဖြင့် ခြားနားထားပြီး သူတို့နှင့် အတူတူ တစ်တန်းတည်း သတ်မှတ်ဖို့ မဖြစ်နိုင်ပါ။
အတန်းတွေက တစ်ပတ်အတွင်း စတင်ပါတော့မည်။
ကျိုးအာ့နီနှင့် ဟူကျစ်တို့ ကအနည်းငယ် စိတ်လှုပ်ရှားနေကြသည်။ ဒီနေရာက မြို့တော်ကြီးကိုး။ မြို့တော်ထဲတွင် ညနေအတန်းများ တက်ရခြင်းက လူတစ်ယောက်ကို အနည်းငယ် စိတ်လှုပ်ရှားပြီး စိတ်ပူပင်စေသည်။
ရှုရှန့်မိန်အတွက်ကတော့ သူမ စာလုပ်ရတာ မကြိုက်မှန်း လင်းချင်းဟယ် တွေ့နိုင်သည်။ ဟူကျစ်နှင့် အာ့နီတို့ နှစ်ဦးစလုံးကတော့ စာအုပ်ထဲတွင် ခေါင်းစိုက်ထားကြ၏။ ငြိမ်ငြိမ် မထိုင်နိုင်သည့် ဟူကျစ်ပင် ထိုင်ဖို့ အကောင်းဆုံးကြိုးစားပြီး စာကြည့်နေသည်။ အလုပ်သိမ်းကာ ညစာစားပြီးသည်နှင့် ရှုရှန့်မိန်က ကျိုးအာ့နီကို သန့်ရှင်းရေးလုပ်ရန် ကူညီပေးသည်။ ထို့နောက် သူတို့အဘိုးအဘွားများ၏ အိမ်သို့ သွားခဲ့သည်။
အကြောင်းအရင်းကတော့ တီဗီကြည့်ဖို့ပေါ့။
လင်းချင်းဟယ်ကလည်း သူမကို မတားမြစ်ပါ။ ဘာပဲဖြစ်ဖြစ် သူ့အလုပ်သူ လုပ်ပြီးသွားပြီဖြစ်ပြီး အခြားဘာကိုမှလည်း မသင်ယူလိုသောကြောင့်ဖြစ်သည်။
လင်းချင်းဟယ်တစ်ယောက် အလုပ်ရုံငယ်လေး ဖွင့်သည်ကို အဖေကျိုး၊ အမေကျိုးနှင့် အခြားသူများ မသိကြပါ။
ဒေါ်လေးရှု၏ စီမံမှုအောက်တွင် အပ်ထားခဲ့ပြီး သူမနှင့် ကျိုးချင်းပိုင်တို့က နောက်ဆုံးထုတ်ကုန်များအား စစ်ဆေးပြီး အတည်ပြုဖို့ တာဝန်ယူကြသည်။ သူတို့၏ ကိုယ်ပိုင် အလုပ်ရုံငယ်လေးဖြစ်သဖြင့် လင်းချင်းဟယ်သည် တောင်ပိုင်းမှ အထည်သစ်ဒီဇိုင်းများကိုလည်း ထုတ်ခဲ့သည်။
ဒေါ်လေးရှုနှင့် အခြားကျွမ်းကျင်အလုပ်သမား ကိုးဦးတို့ကို ထိုဒီဇိုင်းအတိုင်း လိုက်လုပ်စေခဲ့၏။
ကျိုးယန်နှင့် ကျိုးဝူနီတို့ ဒီနေ့ပြန်ကြတော့မည်ဖြစ်သည်။ လင်းချင်းဟယ်က သူတို့ကို တိပ်ခွေသုံး ကတ်ဆက်တစ်လုံးနှင့် အင်္ဂလိပ်စာတိပ်ခွေ များစွာလည်းပေးလိုက်သည်။
"ဒါကို အိမ်ပြန်ယူသွားကြ။ မနက်တိုင်း လေ့ကျင့်ခန်းလုပ်တဲ့အခါကျရင် နားထောင်ပြီး စာပြန်နွှေးလို့ရတယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
အခြားပစ္စည်းများအနေဖြင့် ကျိုးရွှမ်၏ ကောလိပ်ဝင်ခွင့် စာမေးပွဲမှ ကျန်ခဲ့သော စာရွက်များနှင့် မှတ်စုများကို ပေးလိုက်သည်။ ဒီနှစ်တော့ ရွာပြန်ကာ နှစ်သစ်ပွဲတော်ကို ဆင်နွှဲဖို့ လင်းချင်းဟယ်မှာ အစီအစဥ်မရှိသဖြင့် တစ်ခါတည်း ပေးလိုက်တာ ဖြစ်သည်။ နောက်နှစ် ဒီလိုအချိန်ဆိုလျှင် ကျိုးယန်နှင့် ဝူနီတို့ နှစ်ယောက်စလုံး ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေကြတော့မည်ဖြစ်သည်။
သူတို့အတွက် သူမ စားစရာအချို့လည်း ဝယ်ပေးလိုက်ပြီး ဘူတာရုံသို့ လိုက်ပို့ပေးခဲ့၏။
ရက်အနည်းငယ်ကြာတော့ လင်းချင်းဟယ်သည် သင်ကြားရေးပြန်စခဲ့သည်။ အိမ်ဟောင်းမှ သူတို့အိမ်ပြန်ရောက်ပြီ ဟု ဖုန်းဆက်သည်ကို ရုံးခန်းတွင် သူမ နားထောင်ခဲ့ရသည်။
အကြီးဆုံးမရီးက ဖုန်းထဲတွင် ပြောခဲ့သည်။ "ကတ်ဆက်လိုမျိုး တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ သူတို့ကို ပေးစရာမလိုပါဘူးဟယ်။"
"သူတို့နှစ်ယောက် နားထောင်ကြပါစေ။ စာပြန်နွှေးပြီး စာကြိုးစားကြပါစေ။ နောက်နှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးသွားရင် သူတို့အပန်းဖြေဖို့ မြို့တော်ကို လာလို့ရတယ်။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။
ထို့နောက် အဖေကျိုးနှင့် အမေကျိုးတို့ ကျန်းမာသည့်အကြောင်းပြောပြီး ဖုန်းချလိုက်သည်။
အကြီးဆုံးမရီးကော တတိယမရီးပါ ကျိုးမိသားစု၏ နောက်မျိုးဆက်အား ပျိုးထောင်ပေးမှုအတွက် လင်းချင်းဟယ်ကို ကျေးဇူးတင်နေကြသည်။ သူတို့ သတိထားမိကြပါသည်။
ဒုတိယမရီးတစ်ယောက်တည်းကသာ ပြဿနာရှိနေတာ ဖြစ်သည်။ ကျိုးယန်နှင့် ကျိုးဝူနီတို့ ပြန်သယ်လာသော ကတ်ဆက်ကို မြင်ပြီးကတည်းက သူမမိသားစုကတော့ ဘာမှမရသဖြင့် မကြည်သာသလို ပြုမူနေခဲ့သည်။
ဒုတိယအစ်ကိုက ထိုနေ့ညတွင် သူမကို ပြောဆိုခဲ့သည်။ "နင် ဘာဖြစ်နေတာလဲ။ အကြီးဆုံးမရီးနဲ့ တတိယခယ်မတို့က နင့်ကို တိုက်ခိုက်နေလို့လား။"
သူတို့အားလုံး တစ်နေရာတည်းတွင် နေရခြင်းဖြစ်သဖြင့် ဒုတိယအစ်ကိုတစ်ယောက် ရှက်ရွံ့မှုကြောင့် သေပင်သေချင်နေလေပြီ။
သူ့မိန်းမက စရိုက်ဆန်လှသည်။ အကြီးဆုံးမရီးနဲ့ တတိယမရီးကလည်း သူမကို မတိုက်ခိုက်ပါ။ ထိုအပြုအမူက အားလုံးကို ခက်ခဲစေသည်မဟုတ်ပါလား။