တတိယမိသားစု၏တိုးတက်မှု
Vol. 25 Ch. 341
အခန်း(၃၄၁) - တတိယမိသားစု၏တိုးတက်မှု
ကျိုးယန်နှင့် ကျိုးဝူနီတို့ ပြန်ရောက်လာကတည်းက ဒုတိယမရီးတစ်ယောက် စိတ်ဓာတ်ကျနေမိသည်။
သူ့ယောက်ျား ထိုမေးခွန်းမေးသောအခါ သူမ သည်းမခံနိုင်တော့ဘဲ ဒေါသပေါက်ကွဲသွား၏။ "ကျွန်မ ရှင့်ကို အရင်ကပြောဖူးတယ်။ ရှင်က ကျွန်မကို မယုံဘူး။ စတုတ္ထမိသားစုက ကျွန်မတို့ ဒုတိယမိသားစုကို အထင်သေးပါတယ်ဆိုနေမှ အခုတော့ ရှင်မြင်ပြီမလား။"
"မင်း ဘာဖြစ်လို့ ဒီလိုစကားတွေ ထပ်ပြောနေပြန်တာလဲ။" ဒုတိယအစ်ကိုက မျက်မှောင်ကြုတ်၏။
သူသည် ထိုစကားများကို မကြိုက်ဆုံးဖြစ်သည်။ စတုတ္ထအစ်ကိုက သူ့ကို အထင်သေးမှန်း သူလည်း သတိမထားမိပါလား။ ညီအစ်ကိုအားလုံးက အတူတူပဲ ဆက်ဆံခံရသည် မဟုတ်ဘူးလား။
ထို့အပြင် သူတို့စိတ်ကြိုက်စီးပွားရေးလုပ်ကိုင်ရန် အကြီးဆုံးအစ်ကို၏ လက်ထဲတွင် ယွမ်ငါးရာ ထားခဲ့သေးသည်။ လိုအပ်ပါက သူလည်း အရေးပေါ်အတွက် အသုံးပြုနိုင်သည်။ ထို့ကြောင့် ဘယ်နားက မလိုမုန်းထား မိသနည်း။
သူ့မိန်းမက ထိုစကားများကို မကြာခဏပြောတတ်သည်။ တကယ်ပဲ မှားယွင်းလှပါသည်။
ဒုတိယမရီးက သူ့ယောက်ျားစိတ်ထဲတွင် သူမကို စိတ်ရှုပ်ဖို့ကောင်းသည်ဟု တွေးနေတာကို မသိဘဲ ဆက်ပြောနေသည်။ "ဘာဖြစ်လို့ ပြောမရတာလဲ။ ကျွန်မတို့မိသားစုက အဲ့ဒီကတ်ဆက် ရလို့လား။ သူနဲ့အဆင်ပြေတဲ့ အကြီးဆုံးမိသားစုနဲ့ တတိယမိသားစုတို့ပဲ ရတာမဟုတ်ဘူးလား။"
ထိုအကြောင်းကြာခါမှ သူ့မိန်းမ ဘာကြောင့် အလွန်စိတ်တိုနေမှန်း ဒုတိယအစ်ကို သိလိုက်ရတော့သည်။
"မင်း ရှေ့လျှောက် ငါ့ကို ဒီလိုစကားတွေလာမပြောတာ ပိုကောင်းမယ်နော်၊ မဟုတ်ရင် နင့်မိသားစုအိမ်ကို ပြန်သွားလိုက်တော့။ ငါတို့ကျိုးမိသားစုဟောင်းက နင့်လိုမိန်းမမျိုးကို လက်မခံနိုင်ဘူး။" ပထမဆုံးအကြိမ်အဖြစ် ဒုတိယအစ်ကိုက သူ့မိန်းမကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ယခင်က သူမ ပြဿနာရှာခဲ့တုန်းကပင် ဒုတိယအစ်ကိုက သူ့မိန်းမကို စိတ်မပျက်ခဲ့ပါ။ ဒီတစ်ခေါက်တော့ သူတကယ်ပဲ စိတ်ကုန်သွားမိပါသည်။
စတုတ္ထခယ်မက ဘာကြောင့် ကတ်ဆက် ပေးခဲ့သနည်း။ ဝူနီနှင့် ယန်ယန်တို့ အင်္ဂလိပ်စာ နားထောင်ရန်ဖြစ်သည်။ သူ့ သားသမီးတွေသာ စာသင်မည်ဆိုလျှင် သူတို့လည်း သုံးနိုင်လိမ့်မည် မဟုတ်ဘူးလား။ ထို့ကြောင့် ဘယ်လိုလုပ်ပြီး ဘက်လိုက်တယ်လို့ ဆိုနိုင်ပါ့မည်နည်း။
သို့သော်လည်း သူ့မိန်းမက ကလေးများကို စာသင်ခွင့်မပြု။ ရှားရှားက နှစ်အနည်းငယ် ပညာသွားသင်ခဲ့သော်လည်း ကျန်သောသူများကတော့ ဘာမှမသင်ယူရသေးပါ။
သူတို့က ဘာကြောင့် အင်္ဂလိပ်စာ နားထောင်ဖို့ လိုအပ်မည်နည်း။
ဒီကိစ္စလောက်နှင့် သူ့မိန်းမက ဒီလိုပြဿနာရှာနေသည်။ ပြီးတော့ စတုတ္ထမိသားစုက သူတို့မိသားစုကို အထင်သေးသည် ဟူသော စကားမျိုးတွေပါ ပြောနေလေသည်။
"အရင်တစ်ခေါက် သူတို့ပြန်လာတုန်းက ပထမမရီးနဲ့ တတိယမရီးတို့ နို့မှုန့်နဲ့ သကြားလုံးတွေရတယ်လေ။ ငါတို့မိသားစုကော ကျန်ခဲ့လို့လား။ အကြီးဆုံးမရီးနဲ့ တတိယမရီးတို့က သူတို့ဆီသွားတောင်လည်သေးတယ်။ မင်းကတော့ ခြေတစ်လှမ်းတောင် မလှုပ်ခဲ့ဘူး။ အခြားသူတွေက စိတ်ထဲမထားဘူး၊ နင်ကတော့ အရမ်းကို လှလှပပတွေးပြီး အကုန်လုံးကို ငမ်းငမ်းတက်လိုချင်နေတာမလား။" ဟု ဒုတိယအစ်ကိုက မေးခွန်းထုတ်လိုက်သည်။
"အဲ့တာ ကတ်ဆက်လေ။" ဒုတိယမရီးက အံ့ကြိတ်လိုက်သည်။
"အဲ့ဒီကတ်ဆက်ကို သုံးနေတာ ငါ့တူနဲ့တူမကွ။" ဒုတိယအစ်ကိုက သွေးအေးစွာ ပြောလိုက်သည်။ "ငါနောက်နေတာ မဟုတ်ဘူးနော်။ နင် ငါတို့ ကျိုးညီအစ်ကိုတွေအကြား သွေးထိုးဖို့ ကြိုးစားမယ်ဆိုရင် နင့်ချန်းမိသားစုဟောင်းဆီပဲ ပြန်လိုက်တော့၊ ငါတို့ကွာရှင်းကြမယ်။"
"ရှင်...ရှင်တကယ် ကျွန်မကို ကွာရှင်းချင်တာလား" ဒုတိယမရီး ကြက်သေသေသွား၏။ "ကျွန်မတို့မှာ ကလေးတွေ အများကြီး ရှိတာတောင် ရှင်က ကျွန်မကို ကွာရှင်းချင်တယ်ပေါ့။"
"နင် ကွာရှင်းမခံချင်ရင် ကောင်းကောင်းမွန်မွန်နေလေ၊ ကျိုးမိသားစုဟောင်းထဲမှာ ဘာပြဿနာ ကြီးကြီးမားမားမှ မရှိဘူး။ အားလုံးက အဆင်ပြေပြေနဲ့ မှန်မှန်ကန်ကန် နေထိုင်နေကြတာ၊ ဘယ်ကမှန်း မသိတဲ့ ပြဿနာတွေ လိုက်ရှာမနေနဲ့။" ဟု ဒုတိယအစ်ကိုက ပြောလိုက်သည်။
ဒုတိယမရီး ငိုသွား၏။ ဟိုဘက်လှည့်ပြီး မျက်ရည်များကျလာသည်။
ဒုတိယအစ်ကိုလည်း စိတ်လည်းတို စိတ်လည်းရှုပ်သွားသည်။ ဒီမိန်းမကို စိတ်ကုန်လာသဖြင့် အဝတ်အစားဝတ်ကာ မြစ်ထဲတွင် ရေကူးရန် ထွက်သွားတော့သည်။
တတိယအစ်ကိုလည်း ရေကူးပြီး အပြင်မှ ပြန်လာစဥ် သူနဲ့ ဆုံတွေ့လေသည်။
"ဒုတိယအစ်ကို မင်းဒီအချိန်ကြီး ရေကူးဦးမလို့လား။"
"အေး စိတ်ဖြေမလို့ပါကွာ။" ဟု ဒုတိယအစ်ကိုက စကားပြောပြီး ထွက်သွားလေသည်။
တတိယအစ်ကိုလည်း အိမ်ပြန်လာပြီး တတိယမရီးနှင့် ထိုအကြောင်း ပြောမိသည်။ "ဒုတိယအစ်ကိုရဲ့ ပုံစံကိုကြည့်ရတာ ဒုတိယမရီးနဲ့ စကားများကြပြန်ပြီ ထင်တယ်။"
"ထားလိုက်၊ အဲ့ဒီမိန်းမက ပျင်းလို့ ပြဿနာဖြစ်အောင် ရှာချင်နေတာနေမှာပေါ့။" ဟု တတိယမရီးက နှုတ်ခမ်းတွန့်ကာ ထင်ကြေးပေးလိုက်သည်။
"ငါတို့အားလုံးက တစ်မိသားစုတည်းပဲကို၊ အဲ့ဒီအတွက် သိပ်စိတ်ထဲမထားပါနဲ့။" ဟု တတိယအစ်ကိုက တိုက်တွန်းလိုက်သည်။
"ကျွန်မသာ စိတ်ထဲထားရင် ဒီအိမ်လည်း တစ်နေကုန် ဆူညံနေမှာပဲ။" ဟု တတိယမရီးက ချောင်းဟန့်ကာ ပြောလိုက်၏။
တတိယအစ်ကိုက ဘာမှပြန်မပြောတော့ပါ။ သူလည်း သူ့ဒုတိယမရီးက နည်းနည်းလွန်သည်ဟု ခံစားမိသည်။ သူမက အသေးဆုံး ကိစ္စလေးတွေကိုတောင် ပုံကြီးချဲ့တတ်သည်။စတုတ္ထမရီး၏ ကတ်ဆက်ကို မျှမသုံးရသောကြောင့် ဖြစ်လိမ့်မည်ဟု သူသိနေသည်။ သို့သော်လည်း ထိုစက်က အင်္ဂလိပ်စာနားထောင်ဖို့ဖြစ်သည်။ ယန်ယန်နှင့် ဝူနီတို့၏ အားနည်းချက်က အင်္ဂလိပ်စာ ဖြစ်သဖြင့် သူတို့ကပိုနားမထောင်သင့်ဘူးလား။
ဘာစိတ်ရှုပ်စရာရှိလို့နည်း။
"မိန်းမ၊ ငါ့မိဘတွေဆီက ငါပိုက်ဆံနည်းနည်း ချေးဖို့ စီစဥ်ထားတယ်။" ခဏတာ တိတ်ဆိတ်သွားပြီးနောက် တတိယအစ်ကိုက တိုးညှင်းသော အသံဖြင့်ပြောလိုက်သည်။
"ရှင်က မြို့မှာ အလုပ်သွားလုပ်ချင်လို့လား။" ထိုစကားကြားသောအခါ တတိယမရီးက ချက်ချင်း ရိပ်မိသွားသည်။
"အေး" တတိယအစ်ကိုက ပြန်ဖြေလိုက်သည်။
ဒုတိယမရီး၏ ပုံစံမျိုးနှင့် ဆိုလျှင် သေချာပေါက် နောက်ပိုင်း အိမ်တွင် ပြဿနာများ ဖြစ်လာဖို့ရှိသည်။ သူ့မိန်းမက သည်းခံတတ်သော သူမဟုတ်ပါ။
ထို့အပြင် တတိယအစ်ကိုတွင် အစကတည်းက ထိုအကြံရှိခဲ့ပါသည်။
ဒီအတိုင်း မပြောရဲခဲ့သောကြောင့်သာ ဖြစ်သည်။
"ငါတို့မိသားစုမှာ ယွမ် ၂၀၀ ရှိတယ်၊ ချင်းပိုင်ထားခဲ့တဲ့ ယွမ် ၅၀၀ ရှိတယ်၊ အကြီးဆုံး အစ်ကိုဆီကနေ ယွမ် ၃၀၀ လောက် တောင်းလို့ရတယ်၊ ငါ့မိဘတွေဆီကလည်း ယွမ် ၃၀၀ လောက် ချေးရလိမ့်မယ် ထင်တယ်။" ဟု တတိယအစ်ကိုက ပြောလိုက်သည်။
"မြို့တော်ထဲက စျေးဆိုင်တွေက အရမ်း စျေးကြီးတာပဲလား။" ဟု တတိယမရီးက ရေရွတ်လိုက်သည်။
"စျေးမနည်းဘူး။" တတိယအစ်ကိုက ခေါင်းခါကာ ပြောလိုက်သည်။
"စျေးမနည်းလည်း ရပါတယ်၊ ရှင်ကြိုးစားကြည့်ပေါ့" တတိယမရီးလည်း ဒီနေရာတွင် ဆက်မနေချင်တော့ပါ။ မဟုတ်လျှင် ပြင်ပ အနေအထားလည်း ပြောင်းလဲမှုရှိမည် မဟုတ်ဘဲ သိပ်မကြာခင် ဒုတိယမိသားစုထဲက မိန်းမနှင့် သူတိုက်ပွဲဆင်နွှဲရတော့မည်။ အလွန်အကျည်းတန်လာလိမ့်မည်။
လင်မယားနှစ်ယောက် ထိုသို့ကြံစည်ပြီးကြသောအခါ သူတို့အကြံအစည်ကို စတင်အကောင်အထည်ဖော်ကြသည်။
တတိယမောင်လေးလင်းက ကျိုးတုန်းထံသို့ ကြက်ဥယူရန် လာသောအခါ မြို့တော်မှ ဆိုင်အကြောင်းမေးလိုက်သည်။
"အဲ့ဒီတုန်းက ၆၈၀ လောက်သုံးလိုက်ရတယ်၊ ဟိုဘက်ကလည်း အလျင်လိုနေလို့လေ။ အဲ့တာကြောင့် စျေးသက်သက်သာသာရခဲ့တာ။ ဒါပေမယ့် အခြားဆိုင်တွေကတော့ အဲ့လောက် စျေးချိုချိုနဲ့ မရနိုင်လောက်ဘူး။ ငါ မေးကြည့်ပေးလို့တော့ ရပါတယ်။" ဟု တတိယမောင်လေးလင်းက ပြောလိုက်သည်။
"ဒါဆိုလည်း မင်းကို ဒုက္ခပေးရဦးမယ်ကွာ။" ဟု တတိယအစ်ကိုက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
တတိယမောင်လေးလင်းက စျေးဆိုင်စုံစမ်းဖို့အတွက် အကူအညီပေးခဲ့သည်။ သူ့ဆိုင်မှ မိနစ်၂၀ လမ်းလျှောက်ရသော တစ်ဖက်လမ်းတွင် ဆိုင်ရှင်တစ်ယောက်က သူ့ဆိုင်ကို ရောင်းချချင်သည်ဟု ဆိုသည်။
စျေးက ယွမ် ၇၀၀ ဖြစ်၏။ ဆိုင်တစ်ဆိုင်သာဖြစ်ပြီး လူနေ၍မရလောက်သော နေရာဖြစ်သည်။ တတိယမောင်လေးလင်း၏ ဆိုင်ထက် ပိုသေးသည်။
သို့သော်လည်း စျေးက ယွမ် ၇၀၀ ပင်။ တပြားမှ မလျော့ပါ။
ဆိုင်တွင် တော်တော်လေးကောင်းသော အရှေ့မျက်နှာစာ ရှိသည်။ သို့သော်လည်း တတိယမောင်လေးလင်းက တခြားဆိုင်များကို လိုက်ရှာကြည့်သေးသည်။ လိုက်ကြည့်ပြီးသွားသောအခါ ပထမဆုံးဆိုင်ကသာ အကောင်းဆုံးဖြစ်ပြီး အတန်ဆုံးဟု ခံစားလိုက်ရသည်။
တတိယမောင်လေးလင်းက တတိယအစ်ကိုကို ခေါ်လိုက်ပြီး စစ်ဆေးခိုင်းလိုက်သည်။ "ဆိုင်က တော်တော်လေး ကောင်းတယ်လို့ ငါတော့ထင်တယ်၊ နေရာက နည်းနည်း ကျဥ်းပြီး လူနေလို့တော့ မရလောက်ဘူး။ ဒါပေမယ့်လည်း ဒါက စျေးအသက်သာဆုံးပဲ၊ လူနေလို့ရတဲ့နေရာလည်းရှိတယ်၊ ဒါပေမယ့် အဲ့ဆိုင်ကျ ယွမ် ၈၀၀ - ၉၀၀ လောက် ကုန်လိမ့်မယ်၊ နေရာက သိပ်တော့မကောင်းဘူး။"
တတိယအစ်ကိုက စက်ဘီးစီးကာ ရောက်လာပြီး စစ်ကြည့်လိုက်သည်။
ဆိုင်က တကယ်ပဲ သိပ်အကြီးကြီးမဟုတ်ပေ။ သို့သော်လည်း ဆိုင်နေရာက အတော်လေး ကောင်းမွန်သည်။ အဓိကလမ်းမပေါ်တွင် ရှိနေပြီး အဘက်ဘက်သို့ ဦးတည်သည်။ သူ ဒီနေရာတွင် စီးပွားရေးလုပ်မည် ဆိုပါက မဆိုးရွားလောက်ပေ။
"ဆိုင်က တကယ်ကောင်းတယ်။" ဟု တတိယအစ်ကိုက မှတ်ချက်ပေးလိုက်သည်။
"နေဖို့ထိုင်ဖို့ကျတော့ ဘယ်မှာနေမှာလဲ။" ဟု တတိယမောင်လေးလင်းက သူ့ဘက်လှည့်ကာ မေးလိုက်သည်။
"အငယ်ဆုံးယောက်ဖတို့အိမ်မှာ နေလို့ရတယ်။" ဟု တတိယအစ်ကိုက ပြောလိုက်သည်။
တတိယမောင်လေးလင်းက ခေါင်းငြိမ့်လိုက်သည်။ စုတာ့လင်းတို့မိသားစု မြို့တော်ကို ပြောင်းသွားတာကို သူ သိနေသည်။ သို့သော် သူပြောရမယ့်ကိစ္စမဟုတ်ပေ။ တတိယအစ်ကိုက သူလုပ်ရမည့်အရာကို သူသိသဖြင့် သူဘာမှမပြောလိုတော့ပါ။
တတိယအစ်ကိုတစ်ယောက် မြို့တွင် ဆိုင်ဝယ်ဖို့ ကြံနေကြောင်း လင်းချင်းဟယ် သိလိုက်ရသောအခါ အောက်တိုဘာ အမျိုးသားနေ့ပင် ရောက်နေလေပြီ။
တတိယအစ်ကိုက ဝူနီကို သူမတို့ထံသို့ စာရေးကာ ပြောပြခိုင်းလိုက်ခြင်းဖြစ်သည်။
စာမျက်နှာပေါင်းများစွာဖြင့် အသေးစိတ် ရေးထားခြင်းဖြစ်သည်။ သူ့အား တတိယမောင်လေးလင်းက ဆိုင်ရှာဖို့ ကူညီခဲ့ကြောင်း၊ လုပ်ငန်းအတွက် အကြံများလည်း ပေးခဲ့ကြောင်း ပြောထားသည်။
ထိုအချိန်တွင် တတိယအစ်ကိုက အားလုံး နေရာချပြီးနေပြီဖြစ်သည်။
တတိယမရီးကတော့ မြို့တော်သို့ ရောက်မလာသေးပေ။ ဒီနှစ် နွေဦးရာသီ ကောက်ရိတ်ချိန်ပြီးပါက သူတို့မိသားစု မြို့တော်သို့ ပြောင်းနိုင်လောက်ပြီ ဖြစ်သည်။
စာကို ဖတ်ကြည့်ခြင်းအားဖြင့် တတိယအစ်ကိုမှာ စီးပွားရေးလုပ်ကိုင်ဖို့ တကယ်ကြိုးစားချင်နေတာ သိသာထင်ရှားပါသည်။