← Chapters

မိုးထိုးနေသောဈေးနှုန်း

Vol. 25 Ch. 342

မိုးထိုးနေသောဈေးနှုန်း

Vol. 25 Ch. 342

အခန်း(၃၄၂) - မိုးထိုးနေသောစျေးနှုန်း

အဖေကျိုးနှင့်အမေကျိုးတို့သည် သဘာဝအတိုင်း ဝမ်းသာသွားကြသည်။

အမေကျိုးက မေးလိုက်၏။ "အဲဒါက အဆင်ပြေနိုင်မလား မသိဘူး။"

လင်းချင်းဟယ်က သူမကို လျစ်လျူရှုထားသည်။ ကျိုးရှောင်မိန်က သူမအစား ပြောပြ ပေးလိုက်သည်။ "တတိယအစ်ကို အလုပ်ကြိုးစားရင်တော့ သေချာပေါက် အဆင်ပြေမှာပေါ့၊ စတုတ္ထယောင်းမရဲ့ တတိယမောင်လေးကတော့ အဆင်ပြေနေတာပဲ၊ မဟုတ်ဘူးလား။"

လွန်ခဲ့သော တစ်လလောက်ကသာဆို ကျိုးရှောင်မိန်တစ်ယောက် ဒီလိုစကားများပြောဖို့ ယုံကြည်ချက် မရှိလောက်ပါ။

ဒီတစ်လပြီးသွားသောအခါမှ ကျိုးရှောင်မိန် တကယ်ပဲ အခြေခိုင်သွားသည်။

သူတို့ ဒီမြို့တော်သို့ ယောက်လာပြီး ၃ ရက်မြောက်နေ့တွင် စုတာ့လင်း၏ ဘန်းမုန့်ဆိုင် ဖွင့်ခဲ့၏။ လုပ်ငန်းက နာမည်မရသေးသော်လည်း မဆိုးလှပါ။

စုတာ့လင်းသည် နေ့တိုင်းလိုလို ကြိုးကြိုးစားစား၊ သတိရှိရှိဖြင့် အလုပ်လုပ်ခဲ့သည်။ အောက်တိုဘာလတွင် လက်ရှိအသုံးစရိတ််များကို ဖယ်လိုက်လျှင် ဘန်းမုန့်ရောင်းချရာမှ ယွမ် ၁၃၀ နီးပါး ရှာဖွေနိုင်ခဲ့သည်။

ထိုဝင်ငွေပမာဏက အများကြီးမဟုတ်သလို နည်းလည်းမနည်းပါ။ ကျေးရွာတွင် ရှိခဲ့စဥ်က စုတာ့လင်း၏ နှစ်လစာ လခနှင့် ကိုက်ညီသည်။

လင်မယားနှစ်ယောက် နောက်ဆုံးတော့ စိတ်အေးသွားရလေပြီ။

ဘန်းမုန့်များ လုပ်ရခြင်းက ပင်ပန်းလှပါသည်။ စုတာ့လင်းသည် ဂျုံမုန့်ညက်ပြုလုပ်ရန်အတွက် ညသန်းခေါင်မှာ အိပ်ရာထရပေမယ့် စုတာ့လင်းက တက်တက်ကြွကြွ ရှိလှပါသည်။

ပျင်းရိသူ ကျိုးရှောင်မိန်သည် ဆိုင်ကိုလာမကူခင် ခြောက်နာရီလောက်အထိ အိပ်သည်။

ထိုအကြောင်း မပြောလျှင် ပိုကောင်းမည်။ ဒီဝင်ငွေကိုတွက်ဆကြည့်ပြီး ကျိုးရှောင်မိန်သည် စီးပွားရေးလုပ်ကိုင်ခြင်း၏ အလားအလာကို သိနိုင်သည်။

ထို့ကြောင့် သူမ၏ တတိယအစ်ကို မြို့တွင် ဆိုင်ဖွင့်ပါက မခြားနားလောက်ပေဟု သူမ ခံစားမိသည်။

"ဒါက လောင်တဦးလေးရဲ့ ကျေးဇူးတွေပဲ။" အမေကျိုးက ဒါကိုကြားတော့ ဝမ်းသာသွားပြီး အနည်းငယ် ရှက်သွားသလို ခံစားလိုက်ရ၏။ သူမက လင်ချင်းဟယ်ကို ပြောလိုက်သည်။ "သူတို့စီးပွားရေး အတူတူလုပ်နေကြတာ ဆိုတော့ လောင်တရဲ့ ဦးလေးဆီက စီးပွားရေးကို လုသလိုများ ဖြစ်သွားနိုင်လောက်လား မသိဘူးနော်။"

“ဒါဆို တတိယအစ်ကိုနဲ့ တတိယမရီးတို့က လုယူနိုင်တဲ့ အရည်အချင်းရှိမှ ဖြစ်နိုင်မယ်လေ။ ကျွန်မရဲ့တတိယမောင်လေးက စီးပွားရှာတာ အရမ်းတော်တယ်။" ဟု လင်းချင်းဟယ်က မျက်လုံးပင့်ကာ ပြောလိုက်သည်။

အမေကျိုး တံတွေးသီးသွား၏။

ကျိုးရှောင်မိန်က ရယ်မောကာ ပြောလိုက်သည်။ "အမေ စိတ်ပူစရာမလိုပါဘူး။ မြို့တော်မှာ ဆိုင်တစ်ဆိုင် ဝယ်ဖို့က ငွေတွေအများကြီး ကုန်မှာ။ တတိယအစ်ကိုမှာ အဲ့လောက်ငွေ ရှိလို့လား။"

"ဒီတစ်ခေါက် ငါတို့ပြန်သွားတုန်းက နင့်စတုတ္ထမရီးက ငါ့ကို ယွမ် ၅၀၀ ပေးခဲ့ပြီး ငါပြန်မလာခင် အကြီးဆုံးအစ်ကို လက်ထဲအပ်ခဲ့တယ်။ သူတို့စီးပွားရေးလုပ်ဖို့ အရင်းအနှီးအတွက် လိုအပ်ရင် အကြီးဆုံး အစ်ကိုဆီက ယာယီ သွားယူလို့ ရတာပဲလေ။” ဟု ကျိုးချင်းပိုင်က ပြောလိုက်သည်။

"စတုတ္ထသား၊ မင်းမိန်းမက အမြော်အမြင်ရှိတယ်။" ဟု အဖေကျိုးက ပြောလိုက်ခြင်းဖြစ်သည်။ သူသည် လင်းချင်းဟယ်အား အသိအမှတ်ပြုသောပုံစံဖြင့် ကြည့်လိုက်သည်။

ဤရှေးစကားသည် မှန်ကန်ပေ၏။ စွမ်းဆောင်ရည်ရှိသော ဇနီးတစ်ယောက်ကို လက်ထပ်ခြင်းက မျိုးဆက်သုံးခုအတွက် ကံကောင်းခြင်းကို ယူဆောင်လာတာနဲ့ တူတယ်တဲ့။ အဖေကျိုးသည် ထိုစကားဟာ မှန်ကန်သည်ဟု ခံစားလိုက်ရသည်။

အမေကျိုးလည်း အလွန်ခံစားသွားရကာ အငယ်ဆုံးချွေးမကို ကြည့်လိုက်သည်။

လင်းချင်းဟယ်က ချောင်းဆိုးလိုက်ပြီး သူမရဲ့ ခင်ပွန်းသည်ကို လှည့်ကြည့်လိုက်သည်။ သူမအတွက် သူမရဲ့ ခင်ပွန်းသည်က တကယ်ပဲ မျက်နှာသာရစေလိုပါသည်။

"ကျွန်မတို့က တစ်မိသားစုတည်းပဲလေ၊ အားလုံး အဆင်ပြေဖို့ ကျွန်မမျှော်လင့်ပါတယ်။ အနာဂတ်မှာ ကျွန်မတို့လည်း အသက်ကြီးလာမှာပဲ။ အဲ့ဒီအချိန်ကျရင် လောင်တလို လူငယ်လေးတွေရဲ့ ကမ္ဘာဖြစ်လာလိမ့်မယ်။ အားလုံးအချင်းချင်း စောင့်ရှောက်ထားတာ ပိုကောင်းပါတယ်။" ဟု လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။

"နင် ဒီလိုတွေးတာ အမေဝမ်းသာပါတယ်။" ဟု အမေကျိုးက ပြောလိုက်သည်။

"အမေ ဝမ်းသာရင် ကျွန်မလည်း ဝမ်းသာပါတယ်။" ဟု လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။

အမေကျိုးက သူမကို ပြုံးကာကြည့်နေ၏။ လင်းချင်းဟယ်နှင့် သူမယောက္ခမတို့၏ ဆက်ဆံရေး အနာအဆာများ ဖာထေးလိုက်ပြီဖြစ်သည်။ သူမယောက္ခမ၏ သံယောဇဥ်ရှိသော အကြည့်များကြောင့် သူမ ကြက်သီးများပင် ထမိပါသည်။

ဒီကိစ္စ ဒီမှာပဲရပ်ပြီး ဘာမှဆက်မပြောတာ ကောင်းပါလိမ့်မည်။

"မတ်လေး၊ အခုဆို လုပ်ငန်းလည်း တည်ငြိမ်သွားပြီဆိုတော့ ဆိုင်ကို ရှောင်းမိန်လက်ထဲအပ်ပြီး သုံးဘီးဆိုင်ကယ်တစ်ဘီးလောက်ဝယ်ပြီး အပြင်ထွက်ရောင်းဖို့အတွက် အစီအစဥ်မရှိဘူးလား။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။

"အဲ့...အဲ့ဒီ...အစီအစဥ်...ရှိပါတယ်။" ဟု စုတာ့လင်းက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

"စတုတ္ထမရီး၊ ငါတို့မှာ အရသာ ရွေးစရာ နည်းလွန်းမနေဘူးလား။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။

လက်ရှိတွင် ဘန်းမုန့်သုံးမျိုးရှိသည်။ မှိုများနှင့် အသားဘန်းမုန့်၊ တရုတ်ဂေါ်ဖီနှင့် အသားဘန်းမုန့်၊ ဂေါ်ဖီနှင့် အသားဘန်းမုန့်တို့ ဖြစ်ကြသည်။

လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။ "ရွေးစရာကတော့ တကယ်နည်းတယ်၊ နင်တို့ တခြားအရသာလုပ်ဖို့ စဥ်းစားထားတာ ရှိလို့လား။"

"နောက်တစ်မျိုးလောက် ထပ်ထည့်ဖို့ စဥ်းစားထားတယ်၊ ဝက်သားဘန်းမုန့်လေ။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။

"မုန်လာဥကို နုတ်နုတ်စင်းပြီး ဘန်းမုန့်ထဲ ထည့်လို့လည်းရတယ်။ ကြက်ဥမွှေဘန်းမုန့်လည်း ကောင်းတယ်။" ဟု လင်းချင်းဟယ်က အကြံပေးသည်။

"အား...အားလုံး...လုပ်ကြည့်ပါ့မယ်။" ဟု စုတာ့လင်းက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

"ဘန်းမုန့်အမျိုးအစားတွေ အများကြီး လုပ်ရမှာလား။" ဟု အမေကျိုးက ပြောသည်။

"လုပ်...လုပ်ရမှာပေါ့။" ဟု စုတာ့လင်းက ပြန်ပြောလိုက်သည်။

သူတို့ ဘန်းမုန့်ဆိုင်လုပ်ငန်းကို အချိန်အတော်ကြာအောင် ဖွင့်ချင်ပါက ရွေးစရာများများ ရှိဖို့လိုအပ်သည်။ တစ်ချို့က ဒါစားချင်သည်၊ တစ်ချို့က ဟိုဟာစားချင်သည်၊ ဘာပဲဖြစ်ဖြစ် အရသာများစွာ လုပ်ရမည်ဖြစ်သည်။ ထိုအခါမှ ငြီးငွေ့စရာ မကောင်းမှာပဲဖြစ်သည်။

"အမေ နားမလည်ရင် ဝင်မပြောပါနဲ့။" ဟု ကျိုးရှောင်မိန်က ပြောလိုက်ပြီး သူမ၏ စတုတ္ထမရီးဘက်သို့လှည့်လိုက်သည်။ "စတုတ္ထမရီး၊ တာ့လင်းက ပဲနို့လည်း တင်ရောင်းချင်နေတယ်၊ ဘယ်လိုသဘောရလဲ။"

"နင်တို့ ကိုင်တွယ်နိုင်ရင် သေချာပေါက် ကောင်းတဲ့ အချက်ပဲပေါ့။ ပဲနို့ရောင်းရတာလည်း ဝင်ငွေပဲလေ။" ဟု လင်းချင်းဟယ်က အားပေးသည်။

အစကတည်းက ကျိုးရှောင်မိန်ကို စုတာ့လင်းအား စဥ်းစားဖို့ အကြံပေးခဲ့သည်ကို မှန်ကန်သည်ဟု သူမ ခံစားရသည်။ ကြည့်ပါဦး၊ စုတာ့လင်းတစ်ယောက် ဘယ်လောက်ကောင်းလဲ။

"အရမ်းအလုပ်များနေရင် နင်လည်း ပျင်းမနေနဲ့၊ ထပြီး တာ့လင်းကို ကူညီပေးလိုက်။" ဟု အမေကျိုးက သူ့သမီးကို ပြောလိုက်သည်။

"သမီးက ကလေးတွေကို ကြည့်ရဦးမယ်လေ။" ဟု ကျိုးရှောင်မိန်က ရှင်းပြသည်။

"အကြောင်းပြချက်တွေ ပေးနေတာ တော်တော့၊ ချန်းချန်းနဲ့ ရွှင်းရွှင်းတို့လည်း စာလုပ်ကြမှာ။ ယယနဲ့ ထျန်ထျန်အတွက်လည်း ငါနဲ့နင့်အဖေရှိတယ်။ ဘာလိုသေးလို့လဲ၊ ဆိုင်မှာ တာ့လင်းကိုပဲ အကုန်လုပ်ခိုင်းနေလို့ မဖြစ်ဘူးလေ။ မနက်ဖြန်မနက် သူ့ကိုကူညီဖို့ အိပ်ရာစောစောထဖို့ သတိရနော်။" ဟု အမေကျိုးက ပြောလိုက်သည်။

"ကျွန်...ကျွန်တော်...တစ်ယောက်တည်း...လုပ်နိုင်ပါတယ်။" ဟု စုတာ့လင်းက ပြောလိုက်သည်။

ကျိုးရှောင်မိန်က သက်ပြင်းချကာ ပြောလိုက်သည်။ "ထားလိုက်ပါတော့၊ ကျွန်မ ရှင်နဲ့ ရှေ့လျှောက် အိပ်ရာအတူတူထပါ့မယ်။" တာ့လင်းကို တစ်ယောက်တည်း အိပ်ရာစောစောထကာ အလုပ်လုပ်ခိုင်းရသဖြင့် သူမ လိပ်ပြာမလုံတော့ပါ။

လင်းချင်းဟယ်က ပြုံးသာပြုံးပြီး ထိုကိစ္စ ဘာမှဝင်မပြောပေ။

သူမ ပြောလိုက်သည်က "အခုဆိုင်က အပိုင်မဝယ်ရသေးဘူးဆိုတော့ ရှောင်မိန် နင် အလုပ်ကြိုးစားပြီး အမေပြောတာ နားထောင်လိုက်။"

"ဒီမှာ ဆိုင်ဝယ်မယ်ဆိုရင် ဘယ်လောက် ကုန်မလဲ မသိဘူး။" ဟု အမေကျိုးက မေးလိုက်သည်။

လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ကြည့်လိုက်သည်။ ကျိုးချင်းပိုင်က ပြန်ပြောလိုက်၏။ "တာ့လင်းရဲ့ ဘန်းမုန့်ဆိုင်ပိုင်ရှင်က သူ့ဆိုင်ကို ရောင်းချဖို့ အစီအစဥ်မရှိဘူးတဲ့။"

သူ မေးပြီးပြီ ဖြစ်သည်။ ဆိုင်ပိုင်ရှင်က ငွေမလိုသေးသဖြင့် ငှားနိုင်ပြီး ရောင်းတော့မရောင်းနိုင်ပါ။

"ဒီကိစ္စမှာ မင်း ဒီဆိုင်ကို လိုချင်ရင် သေချာပေါက် အဲဒါက ပိုစျေးကြီးလိမ့်မယ်။ ဒါပေါ့၊ နင်တို့ တခြားနေရာကိုလည်း ပြောင်းလို့ရတယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

စီးပွားရေးဆိုတာ ဒီလိုပဲ ဖြစ်သည်။ ဆိုင်ပြောင်းသွားပါက ဖောက်သည် လျော့သွားနိုင်သည်။ ပြောင်းသည့်ဆိုင်က နီးပြီး ဖောက်သည်တွေလည်း တွေ့နိုင်သေးရင်တော့ တစ်မျိုးပေါ့။

မဟုတ်လျှင် ဆိုင်၏ ယခင်ဖောက်သည်ပမာဏ များစွာ ကျဆင်းသွားနိုင်သည်။

"ဒါဆို ဘယ်လောက်ကုန်နိုင်လဲ။" ဟု ကျိုးရှောင်မိန်က မေးလိုက်သည်။

"ယွမ် ၄၀၀၀ - ၅၀၀၀ လောက်တော့ကုန်မယ် ထင်တယ်။" ဟု ကျိုးချင်းပိုင်က ပြောလိုက်၏။

သူ့ဖက်ထုပ်ဆိုင်က နှစ်လုံးတွဲဆိုင်ဖြစ်သည်။ ထိုဆိုင်ကိုဝယ်ဖို့အတွက် သူ့ဇနီးသည်က ယွမ် ၃၀၀၀ သုံးခဲ့၏။ ဟိုဘက်ကလည်း ရောင်းချချင်ကာ လွန်ခဲ့သော ၂ နှစ်လောက်က စျေးနှုန်းဖြစ်သည်။

အခုနောက်ပိုင်း နေ့စဥ်နှင့်အမျှ ပြောင်းလဲနေပြီဖြစ်သည်။ စုတာ့လင်း၏ ဘန်းမုန့်ဆိုင်က အဲ့လောက်မကြီးပါ။ သို့သော် စျေးလည်း မနည်းပါ။ အထူးသဖြင့် ပိုင်ရှင်က မရောင်းချင်သောကြောင့် ဖြစ်သည်။

သာမန်ဆို ထိုအချက်က စျေးပိုတက်သွားစေနိုင်သော်လည်း အများကြီးတော့ တက်မည်မဟုတ်ပါ။ အခြားသူများကို မတန်တဆစျေးဖြင့် ရောင်းစရာအကြောင်းမရှိပါ။

ယွမ် ၄၀၀၀ - ၅၀၀၀ ဟူသော စျေးအား ကြားလိုက်ရသောအခါ စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့ နှစ်ယောက်စလုံး ကြက်သေသေသွားရသည်။

အဖေကျိုးနှင့် အမေကျိုးတို့ကတော့ ပြောစရာပင် မလိုပေ။

"အဲ့ဒီ ကြက်လှောင်အိမ်လောက်ပဲရှိတဲ့ဆိုင်က ယွမ် ၄၀၀၀ - ၅၀၀၀လောက်ရှိတယ် ဟုတ်လား။" အမေကျိုးတစ်ယောက် မိုးထိုးနေသော စျေးကြောင့် အံ့သြမှင်တက်သွားမိတော့သည်။

All Chapters