← Chapters

ဖုန်းခေါ်ခြင်း

Vol. 25 Ch. 343

ဖုန်းခေါ်ခြင်း

Vol. 25 Ch. 343

အခန်း(၃၄၃) - ဖုန်းခေါ်ခြင်း

ထိုကဲ့သို့သောစျေးနှုန်းသည် အမှန်တကယ်ပဲ မိုးထိုးနေပါသည်။

နောက်တစ်ခုက ခရိုင်မြို့မှာ တတိယမောင်လေးလင်း၏ ဆိုင်က မည်မျှကုန်ကျခဲ့သနည်း။ တတိယအစ်ကို ဝယ်ယူခဲ့သော ဆိုင်ကကော မည်မျှ ကုန်ကျခဲ့သနည်း။

သို့သော်လည်း မြို့တော်သည် မြို့တော်သာဖြစ်သည်။ ဒီလိုအချိန်မှာတောင် လူတစ်စုက အမြန်ချမ်းသာသွားပြီး မချမ်းသာသေးသည့် လူများက အချိန်တစ်ခုကြာမှ ချမ်းသာတတ်ကြသည်။ သူဌေးနှင့် သူဆင်းရဲများအကြား ကွာဟချက်က မကြီးမားသော်လည်း ကွာခြားချက် တစ်ချို့ကတော့ တကယ်ပဲ ရှိရင်းစွဲဖြစ်နေပါသည်။

အခုဆိုင်က သာဓကဖြစ်သည်။

"ဖြစ်သင့်ပါတယ်။" ကျိုးချင်းပိုင်က ရိုးသားသော အမှန်တရားကို ပြောလိုက်သည်။ သူ မပြောခဲ့သည်က ပိုင်ရှင်ကသာ ငွေမလိုလျှင် သူတို့ကို မရောင်းချလောက်ပေ။ သူ့ညီမကိုသာ ကြည့်လိုက်ပြီး ပြောလိုက်သည်။ "နင်နဲ့တာ့လင်း၊ ငွေပဲရအောင် ကြိုးစားရှာစမ်းပါ။ နင်တို့ ဒီဆိုင်ကို မဝယ်နိုင်ရင်တောင် အခြားတစ်နေရာရာမှာ ဝယ်လို့ရပါတယ်။"

သူ့ဇနီးသည်၏ ပြောစကားအရ လူတစ်ယောက်သည် ထိုဆိုင်များကို နှစ်အနည်းငယ်အတွင်း မဝယ်လျှင် အနာဂတ်တွင် ပိုပိုပြီး စျေးကြီးလာလိမ့်မည်။ အထူးသဖြင့် နောက်ပိုင်းမျိုးဆက်များတွင် အမှန်တကယ် မိုးထိုးနေသော စျေးကွက်များ ရောက်ရှိလာတော့မည်။ ကျိုးချင်းပိုင်၏ အမြင်တွင်တော့ လူတစ်ယောက်က ဆိုင်တစ်ဆိုင် သို့မဟုတ် အိမ်တစ်လုံး ဝယ်နိုင်ဖို့ စီးပွားရေး လုပ်ရမည် မဟုတ်ပါလား။

ထို့ကြောင့် သူ့ညီမနှင့် ယောက်ဖကို အမြန်ဝယ်ရန် တိုက်တွန်းလိုက်သည်။

"စတုတ္ထအစ်ကိုနဲ့စတုတ္ထယောင်းမတို့ကရော ဝယ်ဖို့ စီစဥ်နေကြတာလား။" ဟု ကျိုးရှောင်မိန်က မေးလိုက်သည်။

"တကယ်တော့ ငါတို့မှာ အဲ့ဒီအစီအစဥ်ရှိပါတယ်။ ငါတို့ပိုက်ဆံရတာနဲ့ ချင်းပိုင်ရဲ့ ဖက်ထုပ်ဆိုင်ကို ဝယ်မလို့လေ။" ဟု လင်းချင်းဟယ်က မျက်တောင်မခတ်ဘဲ ပြောလိုက်သည်။

အပြင်လူများကတော့ ဖက်ထုပ်ဆိုင်၏ အမြတ်အစွန်းအကြောင်း ကောင်းကောင်း သိမည်မဟုတ်ပါ။ အထည်ဆိုင်၏ ရောင်းအားကလည်း အလွန်ကောင်းသည်။ ပုံမှန်ဆို အာ့နီက စာရင်းကိုင်သည်။ နေ့စဥ်ရောင်းအားက အလွန်များသော်လည်း ကုန်ကျစရိတ်ကို နုတ်ယူထားခြင်း မရှိသေးပေ။ အမြန်အစွန်းများသည်ကို သူမ သိသော်လည်း ဝင်ငွေအတိအကျကိုတော့ သူမလည်း သေသေချာချာ မသိပါ။

"ဒါဆို ငါတို့လည်း အလုပ်ကြိုးစားပြီး ဆိုင်တစ်ဆိုင်လောက်ဝယ်ဖို့ ကြိုးစားကြတာပေါ့။" ဟု ကျိုးရှောင်မိန်က အတည်ပေါက် ကြေညာလိုက်သည်။

"စျေးကြီးလွန်းပါတယ်၊ နင် ခဏလောက်တော့ စောင့်ကြည့်လိုက်ပါဦး။ စျေးကျသွားလောက်မလား မသိဘူးလေ။" ဟု အမေကျိုးက ပြောလိုက်သည်။

"အနာဂတ်ကျရင် ပိုစျေးကြီးလာဖို့ပဲ ရှိတယ်၊ စျေးကျလာဖို့ မရှိဘူး။" ဟု ကျိုးချင်းပိုင်က ခေါင်းခါရင်း ပြောလိုက်သည်။

ထိုနေရာတွင် ခဏလောက် ထိုင်နေပြီးနောက် ကျိုးချင်းပိုင်နှင့် စုတာ့လင်းတို့သည် ကိုယ်လက်သန့်စင်ရန် ရေချိုးအိမ်သို့ သွားကြသည်။

လင်းချင်းဟယ်သည် ကျိုးရှောင်မိန်နှင့် အမေကျိုးတို့ပါ ရေချိုးအိမ်သွားချင်သလားဟု မေးလိုက်သည်။ အမေကျိုးက မလိုက်ချင်သဖြင့် ကျိုးရှောင်မိန်နှင့်သာ သူမ သွားခဲ့သည်။

ကျိုးရှောင်မိန်သည် သူမ ယောင်းမ၏ နောက်ကျောကို အရင်ဂျီးတွန်းပေးပြီးမှ လင်းချင်းဟယ်က သူမကျောကို ဂျီးတွန်းပေးခဲ့သည်။

"စတုတ္ထယောင်းမ၊ ငါတို့အိမ်ထောင်စုစာရင်းကို ရွှေ့ဖို့ နည်းလမ်းမရှိဘူးလား။" ဟု ကျိုးရှောင်မိန်က မေးလိုက်သည်။

ကျိုးရှောင်မိန်သည် ဒီနေရာသို့ ပြောင်းရွှေ့နေထိုင်ပြီးသွားသောအခါ သူမသည် တကယ်ပဲ ဒီနေရာကို ကြိုက်နှစ်သက်ပါသည်။ ထို့အပြင် သူတို့ ဆိုင်တစ်ဆိုင် ဝယ်ဖို့လည်း စီစဥ်ပြီးဖြစ်သည်။ ထို့ကြောင့် သေချာပေါက် သူတို့ ဘယ်နေရာတွင် တိုးတက်အောင် နေထိုင်ကြမည်ကို ပြောစရာပင်မလိုတော့ပါ။

ထို့ကြောင့် အိမ်ထောင်စုစာရင်းပြဿနာကို ဖြေရှင်းချင်ခြင်း ဖြစ်ပါသည်။

"မလွယ်ကူဘူး။" ဟု လင်းချင်းဟယ်က ခေါင်းခါလိုက်သည်။

အနာဂတ်မှာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာပဲဖြစ်ဖြစ် အိမ်ထောင်စုစာရင်းကို ရွှေ့ပြောင်းဖို့က မလွယ်ကူပါ။

"လောလောဆယ်တော့ ဒီအတိုင်း နေလိုက်ပါဦး။ ကလေးတွေရဲ့ပညာရေးနဲ့ အခြားကိစ္စတွေလည်း ပြဿနာမရှိဘူးလေ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။ "ထူးခြားတာရှိရင် ငါ နင့်ကို တတ်နိုင်သမျှ အမြန်ဆုံး အသိပေးပါ့မယ်။"

ဒေါ်လေးမာနှင့် ဦးလေးမာတို့ပင် မာချန်းမင်ကို ပြန်ခေါ်ဖို့ အများကြီးကျော်ဖြတ်ခဲ့ရသည်။ ဒေါ်လေးမာက အိမ်ထောင်စုစာရင်းကို ပြန်လည်ရွှေ့ပြောင်းဖို့အတွက် ယွမ် ၂၀၀၀ ကျော်ပင် သုံးခဲ့ရသည်ဟု ဆိုသည်။ ထို ယွမ်ငွေ ၂၀၀၀ က အဘိုးကြီးအဘွားကြီး လင်မယားနှစ်ယောက် စုထားသမျှ အားလုံးနီးပါးဖြစ်သည်။

သို့သော်လည်း ယခုတော့ သူတို့သား ပြန်ရောက်လာခဲ့ပြီ ဖြစ်သဖြင့် တန်သည်ဟု ဆိုနိုင်ပါသည်။

သို့သော်လည်း လင်းချင်းဟယ်က အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ဖို့အတွက်နှင့် ငွေအများကြီး မသုံးစေချင်လိုပါ။

ထိုလောက် များပြားသော ပိုက်ဆံတွေနှင့် အခြားဘယ်လိုအရာတွေ လုပ်နိုင်လိုက်မလဲ။ သူတို့ ထိုအကြောင်း နောက်မှ ပြောမယ်။

ကျိုးရှောင်မိန်သည် သူမ၏ စတုတ္ထယောင်းမကို သဘာဝအတိုင်း ယုံကြည်ခဲ့ပြီး " စတုတ္ထယောင်းမ ဒီမှာ ရှိနေတာ ကံကောင်းတယ်။ မဟုတ်ရင် ငါတို့လင်မယားနှစ်ယောက် သေချာပေါက် ပြောင်းလာရဲမှာမဟုတ်ဘူး။" ဟု ပြောလိုက်သည်။

"လောလောဆယ် ခက်ခဲတာကို သည်းခံထားကြဦး။ နင် မတ်လေးနဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင်။ နင်တို့အနာဂတ်မှာ အဝေးကြီး နောက်ကျကျန်ခဲ့မှာ မဟုတ်ပါဘူး။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

လူများသည် မွေးရပ်မြေမှ ထွက်ခွာဖို့ရာ မည်ကဲ့သို့ လွယ်ကူနိုင်ပါ့မည်နည်း။

သို့သော်လည်း ယခုအချိန်က အချိန်ကောင်းဖြစ်သည်။ နောက်ပိုင်းမျိုးဆက်များက နေရာတိုင်းတွင် ဒီအချိန်အခါကို ရွှေခေတ်ဟု ခေါ်ကြလိမ့်မည်။ ဒီခေတ်တွင် လူတစ်ယောက်က ပေါက်စီဆိုင်တစ်ဆိုင်သာ ဖွင့်မည်ဆိုလျှင်တောင် ထိုလူက အိမ်ရာမြေရာများကို အပိုင်ဝယ်နိုင်ဖို့ စိုးရိမ်စရာမလိုတော့ပါ။

"အင်း တာ့လင်းနဲ့ငါ ကြိုးစားပါ့မယ်။" ဟု ကျိုးရှောင်မိန်က ခေါင်းငြိမ့်လိုက်သည်။

ဇိမ်ရှိစွာ ကိုယ်လက်သန့်စင်ပြီးသည့်နောက်တွင် သူတို့သည် ရေချိုးအိမ်မှ ထွက်လာခဲ့သည်။ ကျိုးချင်းပိုင်နှင့် စုတာ့လင်းတို့က အပြင်ဘက်တွင် ကြိုစောင့်နေကြပြီး ဖြစ်သည်။ ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့ အိမ်ပြန်သွားကြသည်။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည်လည်း သူတို့၏ အဝတ်အစားထုပ်များနှင့် အိမ်ပြန်သွားကြပြီဖြစ်သည်။

"ရှင့်သားကြီး၊ အဲ့ဒီကောင်စုတ်လေး၊ ဒီလောက်ကြာမှ စာတစ်စောင်ပဲ ပို့တယ်။" ဟု လင်းချင်းဟယ်က အိမ်ပြန်လမ်းတွင် ကျိုးချင်းပိုင်အား အထွန့်တက်ကာ ပြောလိုက်သည်။

လောင်တသည် စစ်တက္ကသိုလ်သို့ ရောက်ရှိပြီးနောက် သူ ဘေးကင်းကင်းနှင့် ရောက်ရှိကြောင်း စာတစ်စောင်ပို့ခဲ့သည်။ ထို့နောက် လအနည်းငယ် ကြာသည်အထိ ဘာသတင်းမှ မကြားရတော့ပါ။

"အဲ့ဒီမှာ စည်းကမ်း တင်းကြပ်တယ်လေကွာ။ ဘာထွေထွေထူးထူးမှ ပြဿနာမရှိရင် သတင်းပို့ဖို့က မလွယ်ဘူး။" ကျိုးချင်းပိုင်ကတော့ ထူးဆန်းသည်ဟု မမြင်ပါ။

လင်းချင်းဟယ်လည်း ၎င်းကို သိသော်လည်း ထိုကောင်စုတ်လေးကို သူမ ပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။ သူမ သားကို ယုံကြည်မှု ရှိလျှင်တောင် အမေတစ်ယောက်အနေဖြင့် သူမရဲ့ သားလေးဟာ မိုင်ထောင်ချီဝေးကွာသော နေရာတွင် ရှိနေပါက စိုးရိမ်ရပေသည်။

သူမရဲ့ ပုံစံက ဘာမှမဖြစ်သည့်ပုံပေါ်သော်လည်း နှလုံးသားထဲတွင် ဘယ်လိုလုပ်ပြီး မစိုးရိမ်ဘဲ နေနိုင်မည်နည်း။

သို့သော် ဒီအချိန်တွင် သူလျှိုအေးဂျင့်များစွာ ရှိနေသဖြင့် စစ်တက္ကသိုလ်က အလွန်စည်းကမ်းတင်းကြပ်ခဲ့သည်။

ထို့ကြောင့် ရှိပါစေတော့။

သို့သော်လည်း အမေတစ်ယောက်နှင့် သားဖြစ်သူ၏ နှလုံးသားများက ဆက်နွယ်နေသောကြောင့်လား မသိပါ။ နောက်တစ်နေ့ အတန်းချိန်ပြီးသွားတော့ သူမရဲ့ သူငယ်ချင်းတစ်ယောက်က ဖုန်းဖြေပြီး သူမကို ဖုန်းပြောရန် လှမ်းခေါ်သည်ကို လင်းချင်းဟယ် ကြားလိုက်ရသည်။

သူမရဲ့သား ကောင်စုတ်လေးမှန်း သိလိုက်ရပြီး သားဖြစ်သူရဲ့ အသံကို ကြားလိုက်ရသောအခါ သူမ ဆူပူငေါက်ငမ်းလိုက်မိသည်။ "ကောင်စုတ်လေး၊ နောက်ဆုံးတော့ နင် ဖုန်းခေါ်ရမှန်း သိပြီပေါ့လေ။ နင်အိမ်ကို အဆက်အသွယ် မလုပ်တာ ဘယ်လောက်တောင် ကြာနေပြီလဲသိရဲ့လား။ နင့်အဘိုးအဘွားတွေ နင့်ကိုလွမ်းနေမှာ မသိဘူးလား။ နင့်ရင်ထဲမှာ အိမ်ကော ရှိနေသေးရဲ့လား။ အတောင်လက်စုံလာတော့ ပျံချင်နေပြီပေါ့လေ၊ ဟုတ်လား။"

သူ့အမေက စကားလုံးတွေကို ဆက်တိုက် ဗုံးကျဲချနေသဖြင့် ကျိုးခိုင်တစ်ယောက် စကားပြန်ပြောခွင့်ပင် မရှိပါ။

သူ့အနားရှိ ကျောင်းသားတစ်ချို့လည်း မထိန်းနိုင်တော့ဘဲ ပွဲကျသွားလေတော့သည်။

သူတို့ကို ကျိုးခိုင် ကန်လိုက်ပြီး မျက်နှာကို ပွတ်သပ်ကာ "အမေ၊ ကျွန်တော့်ဘေးမှာ အတန်းဖော်တွေ ရှိတယ်ဗျ။" ဟု ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"ဟင်း..." လင်းချင်းဟယ်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။ "နင် အဲ့မှာ ဘယ်လိုနေလဲ။"

"ဒီမှာ အားလုံးအဆင်ပြေပါတယ်။ အမေ စိုးရိမ်နေဖို့ မလိုပါဘူး။ သားအဘိုးအဘွားတွေ မြို့တော်ကို ရောက်နေကြပြီလား။" ဟု ကျိုးခိုင်က မေးလိုက်သည်။

"ရောက်ပြီ။ နင့်အငယ်ဆုံးဦးလေးရဲ့မိသားစုလည်း ရောက်နေတယ်။ နင် ဘယ်တော့လောက် အားလပ်ရက်ရမှာလဲ။" ဟု လင်းချင်းဟယ်က ပြန်မေးလိုက်သည်။

"အမေ သားကို လွမ်းနေတာလား။" ဟု ကျိုးခိုင်က စပ်ဖြဲဖြဲဖြင့် မေးလိုက်သည်။

"ကောင်စုတ်လေး" လင်းချင်းဟယ်က ပြုံးပြုံးလေးနဲ့ ဆူပူကြိမ်းမောင်းနေပေမယ့် ထိုကောင်စုတ်လေးကို သူမ တကယ် သတိရပါသည်။ ဒီလိုမျိုး ခွဲခွာရမှုကို အသားမကျသေး၍ ဖြစ်လောက်သည်။

"သားတို့ အားလပ်ရက်မရသေးဘူး။ ဒီနေ့ နေ့တစ်ဝက် နားခွင့်ပေးတယ်။ အဲ့တာကြောင့် အမေ့ကို ဖုန်းခေါ်ဖို့ အချိန်ရတာ။" ဟု ကျိုးခိုင်က ပြောလိုက်သည်။

"လေ့ကျင့်ရေးတွေက အရမ်းတင်းကျပ်လား။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။

"အဆင်ပြေပါတယ်၊ အရမ်းမကြမ်းတမ်းပါဘူး၊ သားတောင့်ခံနိုင်ပါတယ်။" ဟု ကျိုးခိုင်က ဖြေလိုက်သည်။

"နင်တို့ဘက်က စာပို့တာကို လက်ခံပေးလား။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။

"ဟုတ်" ကျိုးခိုင်က ခေါင်းငြိမ့်လိုက်သည်။

လင်းချင်းဟယ်က ပြောလိုက်သည်။ "ဒါဆို နောက်ရက်အနည်းငယ်အတွင်း ငါ တစ်ခုခု ပို့ပေးလိုက်မယ်။ လက်မှတ်ထိုးပြီး ယူဖို့ မမေ့နဲ့ဦး။"

ထို့နောက် သူမ ဖုန်းမချခင် အခြားအကြောင်းအရာများ အများကြီး ပြောခဲ့သည်။

သူမရဲ့ ဘေးနားက အသက်ကြီးကြီး ဆရာမက ကျိုးခိုင်ကို သိနေပါသည်။ ကျိုးခိုင်က ကျောင်းတော်တွင် လင်းချင်းဟယ်က သူ့အမေဟု အကြီးအကျယ် ကြေညာခဲ့သဖြင့် သူ့ကို သိရဖို့ မခက်ခဲလှပါ။

သူမက ပြုံးလိုက်ပြီး မေးလိုက်သည်။

"သူ့ကို သတိရနေတာလား။"

"သူ ကျွန်မဘေးမှာ ရှိနေတုန်းက သတိမထားမိဘူး။ ဒီတစ်ခေါက် သူ လအနည်းငယ်လောက် စစ်တက္ကသိုလ်ကို သွားတက်တာ၊ ဘေးကင်းကင်း ရောက်တယ်ဆိုတဲ့ အကြောင်းပြန်မှုက လွဲလို့ ဒီနေ့မှပဲ သူ့ဆီက သတင်းကြားရတော့တယ်။" ဟု လင်းချင်းဟယ်က စိတ်မကောင်းစွာ ပြောလိုက်သည်။

"ဒီကလေးက အလားအလာ အရမ်းရှိတယ်၊ သူ့ကို စိတ်ပူစရာမလိုပါဘူး။" ဆရာမကြီးကလည်း အမေတစ်ယောက်ဖြစ်သည်။ သူမ၏ ကလေးက ဒီကျောင်းတွင် မလျှောက်ဘဲ ဝေးလံသော နေရာတစ်ခုတွင် ပညာသင်နေသည်။ သူမလည်း ထိုနည်းလည်းကောင်းပဲ ခံစားရသဖြင့် နှစ်သိမ့်ပေးလိုက်သည်။

All Chapters