ရှင်သန်ခြင်း
Vol. 25 Ch. 344
အခန်း(၃၄၄) - ရှင်သန်ခြင်း
ဖုန်းတစ်ကောသာ ဖြစ်သော်လည်း၊ ကျိုးခိုင်တစ်ယောက် လူကိုယ်တိုင် ပြန်မလာရသေးရင်တောင် လင်းချင်းဟယ် စိတ်အေးသွားမိပါသေးသည်။
အတန်းပြီး၍ အိမ်ပြန်ရောက်သောအခါ သူမရဲ့ သားကြီးအတွက် အစပ်အရသာငါးခြောက်ကို စတင်ပြုလုပ်ခဲ့သည်။
အစပ်အရသာငါးခြောက်တင် မကသေးဘဲ ကံကောင်းစွာဖြင့် လမ်းတွင် အမဲသားရောင်းသူ တစ်ဦးနှင့်တွေ့ကာ အရသာငါးမျိုး အမဲသားခြောက်ကိုလည်း ပြုလုပ်ခဲ့သည်။
ထို့အပြင် ဖိနပ်များနှင့် အဝတ်အစားများလည်း ပါသေးသည်။
သူမရဲ့ သားကြီးက ထိုအဝတ်အစားများကို မဝတ်ရဘဲ ကျောင်းယူနီဖောင်းကိုသာ ဝတ်ရလောက်သည်ဟု သိသော်လည်း လင်းချင်းဟယ်က အသစ်စက်စက် ပေါ့ပေါ့ပါးပါး ဝတ်စုံနှစ်ခုကို ပြင်ဆင်ပေးခဲ့ပါသေးသည်။
ထိုပစ္စည်းများကို မပို့ခင် တစ်ပတ်လောက် ကြိုလုပ်ထားခဲ့သည်။
ကျိုးချင်းပိုင်က သူ့မိန်းမကို ခဏခဏ ချောင်းကြည့်မိသည်။
လင်းချင်းဟယ်က ပြန်မေးလိုက်၏။ "ဘာဖြစ်လို့လဲ"
"မင်း ကိုယ့်အတွက် အရင်က ဒါမျိုးလုပ်ပေးတာ မတွေ့ဖူးပါဘူး။" ဟု ကျိုးချင်းပိုင်က သူမကို ကြည့်ကာ ပြန်ဖြေလိုက်သည်။
လင်းချင်းဟယ်တစ်ယောက် ခဏလောက် ပြောစရာ စကားပျောက်ရှသွား၏။ ထို့နောက် သူ့သားကို မနာလိုဖြစ်နေသော ကျိုးချင်းပိုင်ရဲ့ အကြည့်တွေကို မြင်ကာ တစ်ခစ်ခစ် ရယ်မောလိုက်မိသည်။ ကျိုးချင်းပိုင်တစ်ယောက် အကြည့်လွှဲသွား၏။
"ကျွန်မ ဒါကို လုပ်ဖို့ ရုတ်တရတ်ကြီး အမှတ်ရသွားလို့ပါ၊ ရှင်ကလည်း သေချာကြည့်ပါဦး၊ ကျွန်မတို့မိသားစုစားဖို့ အများကြီး ကျန်ပါသေးတယ်။ ဒါတွေအားလုံးက ကျွန်မ ရှင့်အတွက် ချန်ထားပေးတာ။ ဦးလေးဝမ်တို့၊ အဖေတို့၊ တာ့လင်းတို့နဲ့ ညနေကျ သောက်ရင်းစားရင်း ရှင်တို့ အမြည်းလုပ်လို့ ရတာပေါ့။" ဟု လင်းချင်းဟယ်က ချက်ချင်းပြောလိုက်သည်။
"ဒါတွေက ကိုယ့်အတွက်လား။" ဟု ကျိုးချင်းပိုင်က သူမဘက်သို့လှည့်ကာ မေးလိုက်သည်။
"ဒါပေါ့၊ ကျွန်မ ရှင့်အတွက် ချန်ထားပေးတာ မဟုတ်ရင် ဘယ်သူ့အတွက် ချန်ထားရမှာလဲ။ ကျွန်မ တခြား ဘယ်သူ့ကိုမှ ဂရုမှမစိုက်တာ။" ဟု လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။
ထိုအခါမှ ကျိုးချင်းပိုင်တစ်ယောက် ကျေနပ်သွားပြီး သူ့ဇနီးသည်နှင့် အိမ်ပြန်သွားတော့သည်။
ဤကာလတုန်းက ချောပို့ခြင်းက အလွန်နှေးကွေးသည်။
ထို့ကြောင့် လင်းချင်းဟယ်က စားစရာများကို အခြောက်အခြမ်းများကိုသာ ပြုလုပ်ပေးခဲ့တာပဲ ဖြစ်သည်။ သိုလှောင်မှုနှင့် အရသာပြောင်းသွားမည်ကို ကြောက်စရာ မလိုတော့ချေ။
ကျိုးခိုင်၏ ကျောင်းသို့ ရောက်လာသောအခါ ရှစ်ရက်လောက် ကြာသွားပြီ ဖြစ်သည်။ ဒါကိုပင် အတော်လေး မြန်သည်ဟု ဆိုနိုင်သည်။
ပစ္စည်းများ ရောက်လာသောအခါ ကျိုးခိုင်က အတန်းဖော်နှစ်ယောက်နှင့် ညစာစားပြီးချိန်ဖြစ်ပြီး အထုပ်အပိုးကို သွားယူလိုက်ရသည်။
သူ အိပ်ဆောင်သို့ ပြန်ယူသွားတော့ အစပ်အရသာငါးခြောက်နှင့် အမဲခြောက်များကို မြင်လိုက်ရသည်။ သူ့အဆောင်ဖော်များပင် သူ့ကိုမနာလိုဖြစ်မိသည်။
"မင်းအမေက အရမ်းသဘောကောင်းတာပဲ။ မင်းအမေက မင်းဆီကို အစားအသောက်တွေ အများကြီး ပို့ပေးတယ်။"
"အဝတ်အစား ၂ စုံနဲ့ ဖိနပ် ၂ ရံလည်း ပါတယ်ဟ။"
"အမဲခြောက်က တကယ် အရသာရှိတယ်ဟ၊ အရသာငါးမျိုးတောင် ပါတယ်။"
"ဒီငါးခြောက်လေးတွေ ပိုလို့တောင် မွှေးပြီး အရသာပိုကောင်းတယ်။"
ကျိုးခိုင်က သူတို့ကို စားခွင့်ပေးလိုက်သည်။ ကျိုးခိုင်သည် အဝတ်အစားတွေကို သူ့ကိုယ်နှင့် တိုင်းကြည့်လိုက်ပြီး သူ့အမေ ပို့ပေးလိုက်သော အဝတ်အစားများမှာ ဆိုဒ်အတော်ပဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သို့သော်လည်း လင်းချင်းဟယ်သာ သူ့သားကို ယခုမြင်လျှင် သေချာပေါက် အံ့သြသွားလောက်သည်။
မီးသွေးလို အသားမည်းလာရုံသာ မကသေးဘဲ အရှိန်အဝါကလည်း အလွန်ပြောင်းလဲသွားသည်။ ယခုဆို ကျားသစ်နက်တစ်ကောင်လို သွက်လက်နေလေပြီ။
ခဏလောက်တော့ အဝတ်အစားများကို ဝတ်လို့ရဦးမည် မဟုတ်သဖြင့် ကျိုးခိုင် ၎င်းတို့ကို သိမ်းထားလိုက်သည်။ ဖိနပ် ၂ စုံကိုလည်း ဝတ်လို့မရသေးပါ။ သို့သော် သူ့အမေ၏ ဆန္ဒဖြစ်သဖြင့် အားလုံးကို ဗီဒိုထဲ ထည့်သိမ်းထားလိုက်သည်။
ထို့နောက် ငါးခြောက်များနှင့် အမဲခြောက်များကို လာစားလိုက်သည်။
"ငါ့အမေရဲ့ အမဲခြောက်နဲ့ ငါးခြောက်တွေက အရသာရှိတယ်မလား။" ဟု ကျိုးခိုင်က ငါးခြောက်နှင့် အမဲခြောက်များကို ယူကာ မျက်ခုံးပင့်လျက် မေးလိုက်သည်။
"အရသာရှိပါတယ်ကွာ။" ဟု သူ့အဆောင်ဖော်များက ချီးကျူးသည်။
ထိုအခါမှ ကျိုးခိုင်က သူတို့ကို ဆက်စားခွင့်ပေးလိုက်ပြီး မေးလိုက်သည်။ "ငါတို့ အားလပ်ရက် ဘယ်တော့ရမလဲ။”
"ဒီတစ်ခေါက်တော့ အားလပ်ရက် ရဦးမှာမဟုတ်ဘူး ဒါပေမယ့် နှစ်ကုန်ကျရင် ဆယ်ရက်လောက် နားရမယ် ထင်တယ်။" ဟု သူ့အဆောင်ဖော်က ဖြေသည်။
ကျိုးခိုင်က နှစ်သစ်ကူးကို စောင့်မျှော်မိသည်။ သူ့မိသားစုကိုလည်း သတိရနေပါသည်။
သူ စစ်တက္ကသိုလ်တွင် ဘယ်လောက်ပဲ ချောချောမွေ့မွေ့ နေထိုင်နိုင်သည်ပဲပြောပြော၊ ဘယ်လောက်ပဲ လေ့ကျင့်ရေးများကို ပြီးပြည့်စုံစွာ အောင်မြင်ခဲ့သည်ပဲပြောပြော အိမ်ကိုတော့ အနည်းငယ် လွမ်းမိပါသည်။
လင်းချင်းဟယ်တို့ ဘက်တွင်တော့ လင်းချင်းဟယ်က ဆောင်းဦးရာသီဝတ် အင်္ကျီလက်ရှည်များကို စတင်ထုတ်လုပ်နေပြီဖြစ်သည်။
အလုပ်ရုံငယ်လေးက တကယ်ပဲ သေးငယ်ပါသည်။ အပ်ချုပ်စက် ၁၀ လုံးသာရှိသော်လည်း ဖွင့်လှစ်ပြီးနောက် လင်းချင်းဟယ်သည် နှစ်ဆိုင်းစနစ်ကို အသုံးပြုခဲ့သည်။
ပထမတစ်ဆိုင်းက ဒေါ်လေးရှုနှင့် အခြားသူများဖြစ်ပြီး မနက်ပိုင်း အလုပ်ဆင်းကြရသည်။ နောက်တစ်ချိန်ကတော့ ညဆိုင်းဖြစ်သည်။
ဒေါ်လေးရှုနဲ့ တခြားသူတွေ အလုပ်ဆင်းသောအခါ ညဆိုင်းစတင်ပြီး ညသန်းခေါင်မတိုင်ခင်အထိ အလုပ်လုပ်ကြသည်။ ထို့အပြင် ညဆိုင်းအဖွဲ့အတွက် အလုပ်မရှိသည့် လူငယ်များအားလုံးကို အကူအညီတောင်းခဲ့သည်။
ဒေါ်လေးရှု၏ အကြီးဆုံး ချွေးမ လီချွေ့ဖန်က ညဆိုင်းမန်နေဂျာဖြစ်သည်။
လစာကတော့ အတူတူဖြစ်သည်။ သို့သော်လည်း ညဆိုင်းဖြစ်သဖြင့် ဖက်ထုပ်ဆိုင် ကိုးနာရီတွင် ပိတ်ခါနီးသောအခါ ကျိုးချင်းပိုင်က ဖက်ထုပ်များကို ပို့ပေးလေ့ရှိသည်။
ညဆိုင်း၏ အခွင့်ထူးဟု ဆိုနိုင်၏။
ထိုသို့ နှစ်ဆိုင်းစနစ်ဖြင့် အပ်ချုပ်စက် အနည်းငယ်သာရှိလျှင်တောင် အလုပ်အများကြီး ပြီးပါသည်။
အားလုံး ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ကြသဖြင့် အလုပ်ဘယ်လောက် ချောချောမွေ့မွေ့ဖြစ်ခဲ့သလဲ ဆိုတာ ပြောစရာပင် မလိုပေ။
ဒေါ်လေးရှုဆိုရင်တောင် သူမအိမ်တွင် ဘာသေးသေးမွှားမွှား ပြဿနာမှ မဖြစ်သဖြင့် အလွန်မြန်ဆန်ပါသည်။
နောက်ဆုံးတော့ ဒီဇိုင်းများက အသင့်ရှိနေပြီး အလုပ်ချိန်မမှီသည့် ပြဿနာမျိုးလည်း မရှိပေ။
လင်းချင်းဟယ်ကလည်း ကပ်စေးမနှဲပေ။ ရာသီဥတု ပူပြင်းပါက မကြာခဏဆိုသလို အားလုံးအတွက် သရေစာအဖြစ် ဖရဲသီးတစ်လုံး ယူလာပေးတတ်သည်။ မကြာခဏဆိုသလို ကျိုးချင်းပိုင်အား မတ်ပဲစွပ်ပြုတ် တစ်အိုးချက်ခိုင်းပြီး ကျိုးကွေ့လိုင်ကို လာပို့ခိုင်းလေ့ရှိသည်။
အလုပ်ရှုပ်သည်ဟု ပြောနိုင်သော်လည်း ဆက်ဆံရေးက အလွန်ကောင်းမွန်လှပါသည်။ လင်းချင်းဟယ်က အရာရာကို တွေးတောနိုင်သဖြင့် နွေးထွေးစရာလည်း ကောင်းပါသည်။
မကြာခဏဆိုသလို သကြားလုံးထုပ်များ ဝယ်ကာ မျှဝေတတ်သေးသည်။
အလုပ်သမားများက လောဘတက်သည် ဟူ၍ မဟုတ်သော်လည်း ထိုကဲ့သို့ အပြုအမူများက လူတစ်ယောက်ကို စိတ်အေးသွားစေပါသည်။
အလုပ်လုပ်သည့် နေရာကလည်း ကောင်းမွန်သည်။
ကြီးမားသော ဂိုဒေါင်ကြီးထဲတွင် အပ်ချုပ်စက် ၁၀ လုံးရှိနေသည်။ အလွန်ကျယ်ပြန့်ပြီး အခြားနေရာများက အထည်များနှင့် အသင့်ထုတ်ပြီးသား အထည်များဖြင့် ပြည့်နှက်နေသည်။
လူ ၁၀ ယောက်ကလည်း စရိုက်ကောင်းသော လုပ်ဖော်ကိုင်ဖက်ဟောင်းများ ဖြစ်ကြသည်။ ဆိုးရွာသည့်အရာ လုံးဝမရှိကြပါ။
အထည်များချုပ်နေစဥ် စကားပြောနိုင်ကြသည်။ အချိန်ကျသည်နှင့် အလုပ်ဆင်းကာ ညစာချက်ဖို့ အချိန်လုံလောက်ကြသည်။
လစာကတော့ တစ်လတာ၏ နောက်ဆုံးနေ့တွင် ရှင်းပေးသည်။ အချိန်တိကျမှန်ကန်မှုလည်း ရှိသည်။
လင်းချင်းဟယ်က ဒီနေ့ လက်ထဲတွင် ခရမ်းချဥ်သီး တစ်အိတ်နှင့် ရောက်လာခဲ့သည်။
တစ်ယောက်ချဥ်းစီကို အနည်းငယ်စီ ကမ်းပေးလိုက်၏။ ချိုချိုချဥ်ချဥ်လေးဖြစ်ပြီး အရသာ အလွန်ကောင်းပါသည်။
"ဒီနှစ် အလုပ်ကြိုးစားကြရအောင်၊ နောက်နှစ်ကျရင် ကျွန်မ လူတိုင်းကို လစာတိုးပေးပါ့မယ်။" ဟု လင်းချင်းဟယ်က ပြုံးကာ ကြေညာပေးလိုက်သည်။
"လစာတိုးမယ်ဟုတ်လား၊ မလိုပါဘူးကွယ်။" ဟု ဒေါ်လေးရှုက တုံ့ပြန်လိုက်သည်။
အလုပ်တစ်ခု ရပြီးကတည်းက ဒေါ်လေးရှုလည်း ဖက်ထုပ်ဆိုင်က ဒေါ်လေးမာလို ဖြစ်လာသည်။ သူမသည် ပြန်လည်နုပျိုလာပြီး နေ့စဥ် တက်ကြွနေသလို ခံစားရ၏။
"တိုးပေးရမှာပေါ့။ အားလုံးရဲ့ အလုပ်လုပ်ပုံကို ကျွန်မသဘောကျပါတယ်။ လစာတိုးကို တိုးပေးရမှာပေါ့။” ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
သူမ ကတိပေးလိုက်သည်။ ဒီနှစ်တော့ ဒီအတိုင်းသာဖြစ်ပြီး နောက်နှစ်ရောက်သည်နှင့် တစ်လကို ၄၀ ယွမ်ပေးမည်ဖြစ်သည်။
တိုးသွားသည်က ၁၀ ယွမ်ဖြစ်သည်။ အားလုံး ပျော်ရွှင်သွားကြ၏။
လင်းချင်းဟယ်၏ လက်ရှိ အလုပ်ရုံကို ဘယ်ဘယ်ညာညာရှိ အိမ်နီးချင်းများက သိကြသည်။ တိုက်တွင် နေကြသူများလည်း မသိသူ မရှိပါ။
ဆရာမလင်းက ကိုယ်ပိုင်အလုပ်ရုံငယ်လေး တစ်ခုဖွင့်ထားပြီး သူ့လက်အောက်တွင် အလုပ်သမား ၂၀ ကျော်ရှိသည်ကို အားလုံးသိကြသည်။
ထို့ကြောင့် ဟိုဘက်အိမ်က ကျန်းမိသားစုမှ အမျိုးသမီးကျန်းက မျက်နှာပြောင်တိုက်ကာ လင်းချင်းဟယ်ကို စကားလာပြောခဲ့သည်။ သူမသည် ထိုအလုပ်ရုံတွင် အလုပ်လုပ်ချင်ကြောင်း ပြောခဲ့၏။
သို့သော်လည်း လင်းချင်းဟယ်က ငြင်းပယ်ခဲ့၏။ ထိုဘက်တွင် ဒေါ်လေးရှုက တာဝန်ရှိသူဖြစ်ပြီး သူမ ဝင်မရှုပ်ချင်ကြောင်း၊ နေရာများလည်း ပြည့်နေပြီဖြစ်ကြောင်း ပြောခဲ့သည်။
ထို့အပြင် လင်းချင်းဟယ်က ကျန်းမိသားစုဟောင်းကို ယဥ်ကျေးစွာ မဆက်ဆံချင်ပါ။ လူလိုပါက ခေါ်မည်ဟူသော ယဥ်ကျေးသည့် မျှော်လင့်ချက်ပင် မပေးပါ။
သူ့ယောက်ျားနှင့် သားကို ကြံနေသော ထိုလူများကို ဘာကြောင့် ယဥ်ကျေးပြနေရဦးမည်နည်း။
အမျိုးသမီးကျန်းတင် မဟုတ်ဘဲ ကျန်းမေ့ဟယ်လည်းပါသည်။
ထိုမိန်းမ အိမ်ကနေ ထွက်သွားပြီးကတည်းက အညှီအဟောက်လုပ်ငန်းများ လုပ်ကိုင်နေခဲ့သည်။ ထိုသတင်းက တိုက်တစ်တိုက်လုံး ပြန်နှံ့သွားခဲ့ပြီး မကြာခဏဆိုသလို အခန်းတံခါးပိတ်ပြီး ရန်ဖြစ်ကြတဲ့ စုံတွဲတွေတောင် ရှိသည်။
အကြောင်းပြချက်ကတော့ ယောက်ျားဖြစ်သူက စိတ်အပန်းဖြေဖို့အတွက် ငွေယူကာ ကျန်းမေ့ဟယ်ထံသို့ သွားခဲ့သည်ကို မိသွားခြင်းကြောင့်ပင်။