အလုပ်လက်မဲ့
Vol. 25 Ch. 345
အခန်း(၃၄၅) - အလုပ်လက်မဲ့
လူတစ်ယောက်တည်းက ရပ်ကွက်ထဲတွင် အခြေအနေများဆိုးရွားအောင် လုပ်ခဲ့သည်ဟု ဆိုနိုင်သည်။
ထိုကဲ့သို့သော အခြေအနေမျိုးနှင့်ပင် ကျန်းမေ့ဟယ်က ဒေါ်လေးရှု၏ အကြီးဆုံးချွေးမ လီကွေ့ဖန်ကို သွားတွေ့ခဲ့သေးသည်။
သူမက ညဆိုင်း ဆင်းချင်နေသည်။ သို့သော် လီကွေ့ဖန်က ငြင်းဆန်ခဲ့သည်။ သူမ ဘယ်လိုလုပ်ပြီး ဒီလိုလူမျိုးကို လက်ခံနိုင်ပါမည်နည်း။
ညဆိုင်းတွင် ငယ်ရွယ်သော ကောင်လေးများလည်း ရှိနေသည်။
ထိုကောင်လေးများအား သူမ ထိခိုက်အောင် မလုပ်နိုင်ဘူးဟု မည်သူ ပြောနိုင်မည်နည်း။
ထို့ကြောင့် ဘာမှ ဆွေးနွေးစရာ မလိုတော့ပါ။
လင်ချင်းဟယ်က လူများကို ပြောင်းလဲပေးချင်သော သူတော်စင်လည်း မဟုတ်ပါ။ ကျန်းမေ့ဟယ်က ဒီလိုမျိုးဆိုလျှင် သူမဘယ်တော့မှ ကြင်နာမည်မဟုတ်ပါ။ ထို့ကြောင့် လီကွေ့ဖန် ပြောပြသောအခါ သူမဘာမှ မကန့်ကွက်ခဲ့ပါ။
သူ့သားအကြီးဆုံးကို ချိန်ရွယ်နေသော ကျန်းမေ့လျန်လည်း ရှိသေးသည်။ သူမက အခြား ရပ်ကွက်တွင် နေထိုင်၏။ သူမမှာ အလုပ်ရှိသည်။ ထောက်ပံ့ပို့ဆောင်းရေးအပိုင်းတွင် လုပ်ကိုင်သည်ဟု ကြားမိသည်။ သူမသည် ချစ်သူရည်းစား နှစ်ယောက်လောက်အထိ ပြောင်းခဲ့သည်ဟုလည်း ကြားမိသည်။
နှစ်ယောက်စလုံးကို ညဘက်တွင် သူမအဆောင်သို့ ခေါ်သွားပြီး နောက်တစ်နေ့ကျမှ ပြန်သည်။
သတင်းအချက်အလက်နည်းပညာ စီစစ်ခြင်း ဖွံ့ဖြိုးမှုနည်းပါးသော ဒီခေတ်တွင် ကမ္ဘာကြီးအား ဖုံးကွယ်ထားဖို့ ရတယ်လို့ မထင်လိုက်ပါနဲ့။
အခြားသူများကို မသိစေချင်လျှင် ဘာမှ မလှုပ်ရှားသင့်ပါ။
မဟုတ်လျှင် ရပ်ကွက်ချင်း အတော်ကွာဝေးသော်လည်း လူများက အောက်ခြေထိရောက်အောင် စုံစမ်းတတ်ကြသည်။
တကယ်တော့ လင်းချင်းဟယ်က ထိုအကြောင်းအရာများကို စိတ်မဝင်စားပါ။ အခြားသူများ၏ သတင်းအကြောင်းအရာများကို မသိချင်ပါ။
သို့သော်လည်း မတတ်နိုင်ပါ။ ကျန်းမေ့လျန်က သတိနည်းသည်။
လူတွေက သူမအကြောင်းကို မသိဘူးလို့ ထင်ခဲ့ပြီး ရံဖန်ရံခါ သူမကို တွေ့တဲ့အခါ ချစ်စဖွယ် ပြုံးပြခဲ့သည်။
သူမရှေ့တွင် ဘာကြောင့် ဒီလို မျက်နှာမျိုး လုပ်နေရသနည်း။ သူ့သားအကြီးဆုံးကို လက်မလျှော့ဘဲ ချိန်ရွယ်နေခြင်းကြောင့်သာ မဟုတ်ဘူးလား။
ထို့ကြောင့် လင်းချင်းဟယ်က သူမကို သိပ်သဘောမကျခြင်းဖြစ်သည်။ သူမမှာ ရည်းစား ရှိရှိမရှိရှိ ဘယ်သူ့ပြဿနာမှမဟုတ်ပါ။ ဘယ်သူ့ကိုပဲချစ်ချစ် သူမရဲ့ လွတ်လပ်ခွင့် ဖြစ်သည်။
သို့သော် သူမကို အထင်အမြင်သေးခဲ့ပြီး ယခုမှ သူမက အနိုင်ကျင့်ခံနေရသလိုမျိုးနှင့် မျက်နှာပြောင်လာတိုက်ခြင်းကတော့ လွန်လွန်းလှသည်။
ထို့ကြောင့် ကျန်းမေ့လျန်ကို သူမ တွေ့သည့်အချိန်တိုင်း သူမ ဥပေက္ခာပြုခဲ့ပါသည်။
ထိုနေ့ လင်းချင်းဟယ် ဖက်ထုပ်ဆိုင်သို့ လာခဲ့သည်။ ဒေါ်လေးမာက မျက်စိပျက်မျက်နှာပျက်နှင့် ပန်းကန်ဆေးနေသည်ကို သူမ တွေ့လိုက်ရသည်။
"ဒေါ်လေးမာ ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။
"မဟုတ်ပါဘူး၊ နေကောင်းပါတယ်။" ဟု ဒေါ်လေးမာက ပြုံးကာ ပြန်ဖြေလိုက်သည်။
လင်းချင်းဟယ်က ပြောလိုက်၏။ "ဒေါ်လေး နေထိုင်မကောင်းရင်လည်း ချင်းပိုင်ကို ပြောပြီး တစ်ရက်လောက် ခွင့်ယူလိုက်လေ။"
ဒေါ်လေးမာက ပြုံးကာ ခေါင်းငြိမ့်လိုက်ပြီး ပန်းကန်ဆက်ဆေးနေသည်။
လင်းချင်းဟယ်က ကျိုးချင်းပိုင်ဘက်သို့ လှည့်လိုက်၏။ ကျိုးချင်ပိုင်က သိပ်ပြီးအရေးမစိုက်ဘဲ ပြောလိုက်သည်။ "စာပို့သမားက မင်းအတွက် စာအသစ်တစ်စောင် လာပို့သွားတယ်။"
လင်းချင်းဟယ်က ထိုစကားကို ကြားသောအခါ သတိရသွားပြီး စာထံသို့ အမြန်သွားကာ "လီလီ မွေးပြီထင်တယ်" ဟု ပြောလိုက်သည်။
အမှန်ပင် ဝမ်လီ ကလေးမွေးပြီဖြစ်သည်။ သမီးမိန်းကလေး ဖြစ်၏။
အရှေ့ကတစ်ယောက်က ယောက်ျားလေးဖြစ်ပြီး ယခု သမီးမိန်းကလေးဖြစ်သည်။
လင်းချင်းဟယ်တစ်ယောက် စာကို ဖတ်ရှုပြီးသွားသောအခါ သူမက ကျိုးချင်းပိုင်ကို ပြုံးပြကာ ပြောလိုက်သည်။ "ဒီတစ်ခါ ရှင်တော့ ခေါင်းကိုင်သမီးရပြီ။"
ကျိုးချင်းပိုင်က ထိုစကားကြားသောအခါ ရယ်မောလိုက်ပြီး "ကိုယ်တို့ ဘာလက်ဆောင် ပို့ပေးကြမလဲ" ဟု မေးလိုက်သည်။
"ကျန်တာမလိုပါဘူး၊ အထည်သေးသေးလေးတွေ နည်းနည်းလောက်ပဲ ပို့ပေးလိုက်မယ်လေ။" ဟု လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။
ထို့နောက် ဒေါ်လေးရှုကို ဆောင်းတွင်းမှာ အအေးဒဏ်ကို ခံနိုင်ရည်ရှိအောင် အဝတ်အထည်လေးတွေ တစ်ချို့ လုပ်ရန် အကူအညီတောင်းလိုက်သည်။ မကြာမီ ရာသီဥတု အေးလာတော့မည် ဖြစ်သည်။ အတွင်းဝတ်အဝတ်အစားတစ်ချို့နှင့် ချည်ထည်တစ်ချို့လည်း ပါသည်။ အားလုံးပေါင်းလိုက်လျှင် တစ်ဒါဇင်နီးပါးလောက် ရှိသည်။
ထိုအထည်အကုန်လုံးကို ဝမ်လီ့ထံသို့ ပို့ပေးလိုက်သည်။
ဝမ်လီ့ယောက်ျား လီဘိုချွမ်းသည် ထိုအထည်များကို လက်ခံရရှိသောအခါ ပြုံးလိုက်ပြီး ဝမ်လီကို ပြလိုက်သည်။
ဝမ်လီတစ်ယောက် ရယ်ရမလား ငိုရမလား မသိတော့ပါ။ "ချင်းဟယ်ကတော့ တကယ်ပါပဲ၊ ဒီလောက် အများကြီး ပို့စရာမလိုပါဘူးဟယ်။ ကလေးတွေက အကြီးမြန်တယ်လေ။"
သူမသည် ထိုကဲ့သို့ ပြောလိုက်သော်လည်း ရင်ထဲတွင်တော့ ကျေးဇူးတင်စိတ်များနှင့် ပြည့်နှက်နေခဲ့ပါသည်။
ထိုအချိန်တုန်းက သူမရဲ့ သမီးလေးကို ဖျက်ချဖို့ အတွေးများဝင်နေခဲ့သည်။ သို့သော် ချင်းဟယ်က ဖြောင်းဖြခဲ့သဖြင့် ယခုတော့ သူမ သမီးမိန်းကလေးကို မွေးဖွားနိုင်ခဲ့ပြီး အလွန်ဝမ်းသာနေရပါသည်။
သားတစ်ယောက်နှင့် သမီးတစ်ယောက်။ လုံးဝပြည့်စုံလှသည်။
"ဒီသမီးလေးက အချိန်ကိုက် မွေးတာပဲ၊ မိသားစု စီမံကိန်းက နောက်နှစ်စတော့မယ်လို့ ငါကြားတယ်။" ဟု လင်းချင်းဟယ်က စာထဲတွင် ဆိုထားသည်။
မိသားစုစီမံကိန်းကို မြို့တော်ထဲတွင် ကျင့်သုံးကြရသည်ဖြစ်သော်လည်း ခိုင်မြဲမှု သိပ်မရှိပါ။
ခိုင်မြဲပြီး စည်းကမ်းတင်းကြပ်လာသည်က ၁၉၈၂ ခုနှစ်တွင်ဖြစ်သည်။
ထိုအကြောင်းကို သိသော်လည်း ဝမ်လီက သိပ်ပြီး ဂရုမစိုက်ခဲ့ပါ။ ကလေးမွေးပြီးသွားသောအခါ သူမယောက်ျားကို သားကြောဖြတ်ခိုင်းခဲ့သည်။ အနာဂတ်တွင် နောက်ထပ် မတော်တဆ မဖြစ်နိုင်တော့ပါ။
လင်ချင်းဟယ်တို့ဘက်တွင်တော့ ဒေါ်လေးမာ ပြဿနာအကြောင်း ဒေါ်လေးရှုထံမှ သူမ ရက်အနည်းငယ်ကြာမှ ကြားခဲ့ရသည်။
သူမ နေ့စဥ်အလုပ်စောစောသွား နောက်ကျမှပြန်ကာ မကြာခဏဆိုသလို သူမရဲ့ ခင်ပွန်းသည် ချင်းပိုင်နှင့် ရုပ်ရှင်သွားကြည့်ခြင်း သို့မဟုတ် ဝယ်ယူနိုင်သည့် ရှေးဟောင်းပစ္စည်းများ ကြည့်ရှုရန်အတွက် အခြားနေရာများသို့ သွားတတ်သည်။
ထို့ကြောင့် ဒေါ်လေးမာတစ်ယောက် ဘာဖြစ်နေမှန်း သူမ တကယ်မသိခဲ့ပါ။
ဦးလေးမာ၏ သား မာချန်းမင်သည် ယခုအခါ အလုပ်လက်မဲ့ ဖြစ်သွားလေပြီ။
ထိုအလုပ်မှာ ယခင်က ဦးလေးမာ၏ အလုပ်ဖြစ်သည်။ သူ့အလုပ်ကို သူ့သားသို့ ပေးလိုက်သောကြောင့် သုံးဘီးဖြင့် ပစ္စည်းများလိုက်ပို့ကာ ငွေရှာနေရသည်။
မကြာခဏ လုပ်ရသော အလုပ်မဟုတ်သော်လည်း မိသားစု စားဝတ်နေရေးအတွက်တော့ လုံလောက်ပါသည်။
မာချန်းမင်၏ လစာက တစ်လကို ယွမ် ၄၀ ဖြစ်ပြီး ဒေါ်လေးမာ၏ လစာက တစ်လကို ယွမ် ၃၀ ဖြစ်သည်။ ဦးလေးမာအလုပ်က တစ်လကို ၁၀ ယွမ်နီးပါးရပြီး မိသားစုကို ထောက်ပံ့နိုင်သည်။
မိသားစုအားလုံး၏ ဝင်ငွေများကို ပေါင်းလိုက်ပါက မနည်းပါ။
သို့သော်လည်း မာချန်းမင်၏ စက်ရုံက အလုပ်သမားများ လျှော့ချခဲ့ပြီး သူကလည်း ကံမကောင်းစွာဖြင့် လျှော့ချသည့်အထဲ ပါသွားခဲ့သည်။
ယခုတော့ သူက အလုပ်လက်မဲ့ အခြေအနေသို့ ရောက်နေပြီဟု သတ်မှတ်နိုင်သည်။
ထို့ကြောင့် ဒီရက်ပိုင်း ဒေါ်လေးမာတစ်ယောက် အနည်းငယ် စိတ်ပူနေရခြင်းဖြစ်သည်။
သူမ မြေးလေးလည်း မကြာခင် မူကြိုကျောင်း သွားရတော့မည်ဖြစ်ပြီး ကုန်ကျစရိတ် များပြားဦးမည်။
ထိုနေ့ည လင်းချင်းဟယ်သည် အိပ်ရာဝင်သောအခါ ထိုအကြောင်းကို ကျိုးချင်းပိုင်နှင့် တိုင်ပင်ခဲ့သည်။
"မာချန်းမင်က အထက်တန်းကျောင်းအောင်ထားတာ၊ သူ့ပညာအရည်အချင်းက မနိမ့်ဘူး၊ သူ့အရေးအသားကိုလည်း မြင်ဖူးတယ်၊ တော်တော်လေး ကောင်းတယ်၊ ကျွန်မ သူ့ကို ဂိုဒေါင်မှာ အလုပ်ခန့်လိုက်ရင် ကောင်းမလား။” ဟု လင်းချင်းဟယ်က မေးလိုက်သည်။
ဂိုဒေါင်ကို လက်ရှိတွင် ဒေါ်လေးရှုနှင့် သူမရဲ့ အကြီးဆုံးချွေးမတို့ စီမံနေသည်။ သို့သော် သူတို့က အတန်းပညာ သိပ်မတက်သဖြင့် လင်းချင်းဟယ်က စာရင်းစာအုပ်တွေ အကုန်လုံးကို ကိုင်တွယ်ရသည်။
ထို့အပြင် ဂိုဒေါင်တွင်လည်း ပရော်ဖက်ရှင်နယ်ကျသော စီမံမှုရှိရမည် ဖြစ်သည်။
"သူ့ကို စီမံခိုင်းမယ့်အကြံက မဆိုးဘူး။" ဟု ကျိုးချင်းပိုင်က ခေါင်းငြိမ့်သည်။
မာချန်းမင်၏ စရိုက်ကလည်း ကောင်းမွန်သည်။ ကျိုးချင်းပိုင်က သူနဲ့အနည်းငယ် ရင်းနှီးသည်။ ဒေါ်လေးမာ သူ့ထံတွင် အလုပ်လုပ်ကတည်းက သူ့ဆိုင်သို့ မာချန်းမင် မကြာခဏ လာဖူးသည်။
"ဒီအတိုင်း ဂိုဒေါင်ကို စီမံရုံပဲဆိုရင် အလုပ်နည်းတာပေါ့။ ကျွန်မ နောက်ထပ် ဆိုင်တစ်ဆိုင်လောက် ဖွင့်လိုက်ရင်ကော။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။
ကျိုးချင်းပိုင်က မျက်ခုံးပင့်လိုက်ပြီး သူ့မိန်းမကို ကြည့်ကာ ပြောလိုက်သည်။ "မင်း ပင်ပန်းမှာ မကြောက်ဘူးလား။"
"ဘာကြောက်စရာလိုလို့လဲ။" လင်းချင်းဟယ်က စိတ်မပူဘဲ ပြောလိုက်သည်။ "ကျွန်မက အလုပ်လုပ်ဖို့ လူတွေငှားထားတယ်လေ၊ အဲ့တော့ ပင်ပန်းတာ ကျွန်မမှ မဟုတ်တာ။"
ထို့နောက် ထိုကိစ္စ၏ ဖြစ်နိုင်ချေကို စတင်တွက်ချက်သည်။
မာချန်းမင်ကို သိုလှောင်ခန်းအား စီမံခိုင်းမည်ဖြစ်ပြီး စာရင်းစာအုပ်များကိုတော့ သူမပဲ ဆက်လက် စီမံမည်ဖြစ်သည်။ အခြားသူများကို အမြတ်ငွေအကြောင်း သူမ မသိစေလိုပါ။ ထို့ကြောင့် မာချန်းမင်ကိုတော့ အဓိကအားဖြင့် ထွက်ငွေစာရင်းကိုပဲ ကိုင်ခိုင်းမည်။
ထို့နောက် သူ့ကို ဆိုင်တစ်ဆိုင်အား ညွှန်ကြားခိုင်းမည်။ အထည်ဆိုင်ကတော့ တည်ငြိမ်နေသည်။ ကျိုးအာ့နီနှင့် ရှုရှန့်မိန်တို့က ထို့အတွက် တာဝန်ယူထားပြီး နှစ်ယောက်စလုံးကလည်း ကျွမ်းကျင်နေပြီဖြစ်သည်။
နောက်နှစ်တွင် ဟူကျစ်အား လမ်းမဆိုင်တစ်ဆိုင် ဖွင့်ခိုင်းဖို့ စီစဥ်နေသည်။
သို့သော်လည်း ယခုတော့ အစီအစဥ်ပြောင်းသွားပြီဖြစ်သည်။ ဟူကျစ်က မာချန်းမင်နှင့်အတူတူ ယောက်ျားဝတ် အထည်ဆိုင် တစ်ခုကို စီမံနိုင်လောက်သည်။
လင်းချင်းဟယ်ကပဲ ထိုအကြံများကို ချက်ချင်း အကောင်အထည်ဖော်ခဲ့သည်။ နောက်တစ်နေ့ သူမ အတန်းချိန်ပြီးသွားသောအခါ အိမ်ရာစီမံရေးဌာနသို့ သွားခဲ့၏။