← Chapters

သူဌေးလေး

Vol. 25 Ch. 347

သူဌေးလေး

Vol. 25 Ch. 347

အခန်း(၃၄၇) - သူဌေးလေး

"နောက်ထပ်ဆိုင်တစ်ဆိုင် ဖွင့်ဦးမှာလား ဆိုတာာ ဘာကို ပြောတာတုန်း။ ငါ့မှာ ဆိုင်နှစ်ဆိုင်ပဲ ရှိတာကို။" ဟု လင်းချင်းဟယ်က ရယ်မောကာ ပြောလိုက်သည်။

"သုံးဆိုင်ပါ၊ ဦးလေးရဲ့ ဖက်ထုပ်ဆိုင်လည်း ပါသေးတယ်လေ။" ဟု ဟူကျစ်က ထောက်ပြသည်။

"နင့်ဦးလေးရဲ့ ဖက်ထုပ်ဆိုင်က ငါနဲ့မဆိုင်ဘူးလေ။ သူ့ဆိုင်က သူ့ဆိုင်၊ ငါ့ဆိုင်က ငါ့ဆိုင်ပဲ။" ဟု လင်းချင်းဟယ်က ပြန်ပြောလိုက်ပြီး လုပ်လက်စ အလုပ်ကို ပြန်လုပ်လိုက်သည်။ "ဒီဆိုင်ကို အခုကစပြီး နင်နဲ့ နင့်ဦးလေးချန်းမင်တို့ တာဝန်ယူရမယ်။ ဒီဆိုင်ကို အလှဆင်ဖို့ ဘာညာလည်း နင်နဲ့ နင့်ဦးလေးချန်းမင်တို့ လုပ်ရမယ်။”

"ဟုတ်ကဲ့၊ ဒါက ပြဿနာမရှိပါဘူး။" ဟု ဟူကျစ်က ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။

ဟူကျစ်သည် မာချန်းမင်ကို သိပါသည်။ ဟူကျစ်က တိုက်ခန်းတွင်နေပြီး မာရှောင်းတန့်က ညတိုင်း တီဗီလာကြည့်လေ့ရှိသည် မဟုတ်ပါလား။

ဒီလိုနှင့် လင်းချင်းဟယ်၏ ဒုတိယအထည်ဆိုင်ကို မာချန်းမင်နှင့် ဟူကျစ်တို့ လက်ထဲ လွှဲပြောင်းပေးလိုက်သည်။ အလှဆင်ခြင်း ဘာညာလည်း သူတို့ကိုယ်တိုင် လုပ်နိုင်မည်ဖြစ်သည်။ သူတို့မလုပ်နိုင်သည့် အရာများကိုတော့ လုပ်နိုင်သည့်လူကို ရှာခိုင်းနိုင်ပါသည်။

တစ်ချိန်တည်းမှာပင် လင်းချင်းဟယ်သည် ယောက်ျားလေးဝတ် အထည်များ အော်ဒါတင်ရန် ထွက်သွားသည်။

ချည်ထည်များက အအေးဒဏ် ခံနိုင်သည်။ အော်ဒါများကို ကျိုးချင်းပိုင်နှင့်သိသော လုပ်ငန်းအမြင်ရှိပြီး ချမ်းသာသော ဒုတိယမျိုးဆက်၏ စက်ရုံတွင် အပ်ခဲ့သည်။

တစ်ယောက်တည်း စွန့်စားကာ စီးပွားရေးစခဲ့သော ထိုချမ်းသာသည့် ဒုတိယမျိုးဆက်လေးကို ဝမ်ယွမ်ဟု ခေါ်သည်။ ထိုချမ်းသာသော ဒုတိယမျိုးဆက်လေးမှာ ဆက်ဆံရေး ကောင်းမွန်ပါသည်။

"ဆရာမလင်း၊ အမျိုးသားဝတ် အထည်ဆိုင် ဖွင့်ဖို့ ကြံနေတာလား။" ချည်သား အထည်ဒီဇိုင်းများကို မြင်သောအခါ ဝမ်ယွမ်က ပြုံးကာပြောလိုက်သည်။

လင်းချင်းဟယ်က ပေကျင်းတက္ကသိုလ်တွင် နိုင်ငံခြား ဘာသာစကားများ သင်ကြားသည်ကို သူ သိသည်။ သူမကို လေးစားသည်ဟု ဆိုနိုင်သည်။

ထို့အပြင် သူမ၏ ဒီဇိုင်းပုံကြမ်းများကလည်း အလွန်ဆန်းသစ်လှသည်။ အမျိုးသမီးဝတ် အထည်များ မှာခဲ့တုန်းကလည်း သူသည် အထည်တစ်ချို့ကို သူ့မိသားစုသို့ ပေးခဲ့သည်။ သူ မိသားစုဝင်အားလုံးကလည်း သဘောကျကြသည်။

အမျိုးသားဝတ်အထည် မရှိခဲ့ခြင်းသာ ခက်နေသည်။ သူလည်း အထည်တစ်ချို့ လိုချင်မိသည်။

"ဆိုင်ငယ်လေးတစ်ဆိုင်ပဲ ဖွင့်တာပါ၊ ရှင့်ရဲ့ စက်ရုံကြီးကိုတော့ ဘယ်ယှဥ်နိုင်ပါ့မလဲ။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။

ဝမ်ယွမ်က ဆက်ပြော၏။ "အခု ဘာဖြစ်လို့ အမျိုးသမီးဝတ် အထည်အော်ဒါတွေ နည်းသွားတာလဲ။"

"လုပ်ငန်း သိပ်အဆင်မပြေလို့ပါ။" ဟု လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။

သူမ၏ အလုပ်ရုံငယ်လေးအကြောင်း သူ မသိသေးပါ။

ဝမ်ယွမ်က ရယ်မောလိုက်သည်။ "ဘာဖြစ်လို့ လုပ်ငန်းက သိပ်အဆင်မပြေရတာလဲ။ အရမ်းရောင်းကောင်းနေတာပဲကို၊ ခင်ဗျားရဲ့ အမျိုးသားဝတ် အထည်ဆိုင်လည်း ဖွင့်တာနဲ့ သေချာပေါက် နောက်ကျကျန်ခဲ့မှာ မဟုတ်ပါဘူး။"

"ဒီအထည်တစ်သုတ်က ဘယ်တော့လောက် ရမလဲ။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။

"လဝက်လောက်နေရင် ရပါပြီ။" ဟု ဝမ်ယွမ်က ပြန်ဖြေလိုက်သည်။

လင်းချင်းဟယ်က ခေါင်းငြိမ့်ကာ သူနဲ့ သဘောတူ စာချုပ်ချုပ်လိုက်၏။ ဝမ်ယွမ်က စာချုပ်ချုပ်ဆိုပြီးနောက် အလွန်လေးစားသွားမိသည်။ စာချုပ်မှာ အလွန်ကောင်းမွန်စွာ ရေးသားထားသည်။

"ဆရာမလင်း၊ ကျွန်တော့် စက်ရုံမှာ အလုပ်လာလုပ်ပါလားဗျာ။ ကျွန်တော် အနာဂတ်ကျရင် နိုင်ငံတကာနဲ့ချီပြီး ချဲ့ထွင်ဖို့ရှိနိုင်တယ်။ အဲ့ဒီအခါကျရင် ခင်ဗျားလို ပါရမီရှင်တွေ လိုအပ်တယ်ဗျ။ ကျွန်တော့်စက်ရုံမှာ လာလုပ်မယ်ဆိုရင် တစ်လကို ၅ ရက်ပဲလာဗျာ။ လစာကို ယွမ် ၂၀၀ ပေးပါ့မယ်၊ ဘယ်လိုသဘောရလဲ။" ဝမ်ယွမ်က လင်းချင်းဟယ်ကို ကြည့်ကာ မေးလိုက်သည်။

ဒါက သူ လင်းချင်းဟယ်ကို စည်းရုံးဖို့ ကြိုးစားတာ ပထမဆုံးအကြိမ် မဟုတ်ပါ။ လင်းချင်းဟယ်ကလည်း ငြင်းဆန်နေတုန်းဖြစ်ပြီး ပြုံးကာ ပြောလိုက်သည်။ "သူဌေးဝမ်က ဖော်ရွေလိုက်တာရှင်။ ရှင်ကမ်းလှမ်းတဲ့လစာမျိုးနဲ့ဆို အနာဂတ်မှာ စကားပြန်တွေ လိုအပ်နေပါဦးမလား။"

"ဒါဆို ဘာလို့ ကျွန်တော့်ဆီမှာ အလုပ်မလုပ်တာလဲ။" ဟု ဝမ်ယွမ်က မေးလိုက်သည်။

သူက အသက် ၂၃ နှစ်သာ ရှိသေးသည်။ ဒီနှစ်က သူ့လမ်းသူလျှောက်ခဲ့သော ပထမဆုံး နှစ်ဖြစ်ပြီး အထည် စက်ရုံက အဆင်ပြေနေသဖြင့် ဉာဏ်ရည်ထက်မြက်ပြီး ကိစ္စများကို စီမံနိုင်မှန်း သိသာသည်။

ထို့အပြင် သူ့အိပ်မက်ကလည်း မြင့်မားလှသည်။ သူက နိုင်ငံတကာကိုပါ ချဲ့ထွင်ဖို့ တွေးထားသည်။

လင်းချင်းဟယ်က သူမကို အလွန်ဖိတ်ခေါ်ချင်နေမှန်း သိသဖြင့် သူမ ပြောလိုက်သည်။ "ကျွန်မ မလုပ်ချင်လို့ပါ၊ ကျွန်မ ပေကျင်းတက္ကသိုလ်က ဘဝကိုပဲ ပိုအားသာတယ်။ ကျွန်မလက်အောက်က ကျောင်းသားတွေ အနာဂတ်မှာ အဲ့လို လုပ်ချင်တဲ့ ဆန္ဒရှိရင် ကျွန်မ ရှင်နဲ့ မိတ်ဆက်ပေးပါ့မယ်။"

"ကောင်းပါပြီ။" ဝမ်ယွမ်က ထိုစကားကို ကြားသောအခါ စိတ်အေးသွားပြီး ပြုံးလိုက်ကာ "အချိန်ကျရင် ကျွန်တော့်ကို တော်တဲ့လူတစ်ယောက် ရှာပေးရမယ်နော်။ ခင်ဗျားလောက် မတော်ရင်တောင် အရမ်းညံ့လို့တော့ မဖြစ်ဘူး။"

သူ့တွင် နိုင်ငံခြား၌ ပညာသင်နေသော ဝမ်းကွဲတစ်ယောက်ရှိသည်။ သူ့နိုင်ငံ အခြေအနေက ယခုအခါ ပိုကောင်းလာသည်ကို တွေ့သဖြင့် ဒီနှစ် သူပြန်ရောက်လာခဲ့သည်။

အရင်လတုန်းက သူ့ဝမ်းကွဲ ဒီကိုလာလည်ပြီး လင်းချင်းဟယ်နှင့် ဆုံမိသည်။ ထိုနိုင်ငံခြားသား အတုအယောင်က လင်းချင်းဟယ်၏ အရှိန်အဝါကို သဘောကျသွားလေသည်။

သူက စကားဝိုင်း အစပြုရန်အတွက် အင်္ဂလိပ်စကားဖြင့် စပြောသည်။ သူက နိုင်ငံခြားတွင် ပရောပရည်လုပ်ရသည်ကို ကျွမ်းကျင်နေပြီ ဖြစ်သဖြင့် ချောချောမွေ့မွေ့ ပြောနိုင်လေသည်။

ပြီးကာမှ တရုတ်စကား ပြန်ပြောဖို့ စဥ်းစားထားသော်လည်း လင်းချင်းဟယ်က သူ့ကို အင်္ဂလိပ်လို ပြန်ပြောလိုက်သည်ကို ကြားလိုက်ရ၏။ ထိုအဖြစ်အပျက်ဖြစ်ပြီး သူတို့စကားပြောနေရင်း ထိုအကြောင်း ပြောသောအခါ ဝမ်ယွမ် ထိတ်လန့်သွားရသည်။

နောက်ပိုင်း သူ့ဝမ်းကွဲက ပေကျင်းတက္ကသိုလ် နိုင်ငံခြားဘာသာ ဆရာမက အလွန်တော်သည်ဟု ပြောပြသည်။ သူမ၏ စကားလုံးအသံထွက်များက အလွန်ပြီးပြည့်စုံသည်ဟု ဆိုသည်။

ဝမ်ယွမ်၏ ဝမ်းကွဲက လင်းချင်းဟယ်၏ သားသုံးယောက်နှင့် အကြီးဆုံးသားက ကောလိပ်မှ ဘွဲ့ရပြီး ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူ့ခံစားချက်များ ဘယ်လောက် ရှုပ်ထွေးသွားမှန်း ရှင်းမပြနိုင်တော့ပါ။

သူသည် အချစ်စစ်နှင့် ဆုံရပြီဟု တွေးလိုက်မိသော်လည်း သူ့အချစ်စစ်က ကလေးအမေဖြစ်နေပြီး သူ့သားက ဒီလောက်တောင် ကြီးနေသည်ဟု မထင်ခဲ့ပါ။

သို့သော်လည်း ထိုအဖြစ်အပျက်က လင်းချင်းဟယ်အား ဝမ်ယွမ် အသိအမှတ်ပြုခြင်းအပေါ် သက်ရောက်မှု မရှိစေပါ။ သူမကို သူ့၏ အကောင်းဆုံး အခြေအနေရပ်များအား ကမ်းလှမ်းခဲ့သည်။ ကျိုးချင်းပိုင်က ပစ္စည်းများ လာယူသောအခါ သူက ကျိုးချင်းပိုင်ကိုလည်း ထိုအကြောင်းအား ပြောပြသေးသည်။

လင်းချင်းဟယ်က ဝမ်ယွမ်ကို အလားအလာ ရှိသည်ဟု မြင်သည်။

ဒီသူဌေးလေးတွင် ကောင်းမွန်သော လူမှုဆက်ဆံရေးစွမ်းရည်းများ ရှိနေသည်။ သူက မတွန့်တိုတတ်သည့်အပြင် အရေးကြီးဆုံးကတော့ သူ့တွင် ရေရှည်ကို မြင်တတ်ပြီး ပညာကို လေ့လာသင်ယူလိုစိတ် ရှိနေခြင်းပင်။

သူမက ထိုကဲ့သို့လူမျိုးနှင့် အတူတူ ပူးပေါင်းချင်စိတ် ရှိနေပါသေးသည်။

ထို့ကြောင့် သူမ၏ အလုပ်ရုံငယ်က မပြီးနိုင်သော ချည်သား အမျိုးသားဝတ်အထည်များကိုပို့ကာ သူ့စက်ရုံကို အလုပ်ပေးထားလိုက်သည်။

လင်းချင်းဟယ်သည် နောက်ထပ် အထည်ဆိုင် ဖွင့်လိုက်သည် ဟူသော သတင်းက မိသားစု တစ်စုလုံးတွင် အလျင်အမြန် ပျံ့နှံ့သွားသည်။

"စတုတ္ထဒေါ်လေးက အရမ်းအံ့သြဖို့ ကောင်းတာပဲ။" ကျိုးအာ့နီက လေးစားသွားသည်။

"အရမ်း အံ့သြဖို့ကောင်းတယ်။" ရှုရှန့်မိန်ကလည်း သဘောတူစွာ ခေါင်းငြိမ့်လိုက်သည်။

ကျိုးအာ့နီနှင့် ဟူကျစ်တို့ နှစ်ဦးစလုံး ယခု ညနေပိုင်း အတန်းများကို တက်ရောက်နေကြပြီ ဖြစ်သည်။ အဘိုးအဘွားများအိမ်တွင် တီဗီသွားကြည့်ရင်း ရှုရှန့်မိန်က ထိုအကြောင်း ပြောပြလိုက်၏။

အမေကျိုးက အံ့အားသင့်သွားရသည်။ "နင့်စတုတ္ထဒေါ်လေးက နောက်တစ်ဆိုင် ဖွင့်ပြန်ပြီလား။"

အဖေကျိုးလည်း အံ့သြသွား၏။ သို့သော် ဘာမှတော့ မပြောပေ။

"ဒေါ်လေးက အမျိုးသားဝတ် အထည်ရောင်းဖို့လို့ပြောတယ်။" ဟု ရှုရှန့်မိန်က ခေါင်းငြိမ့်လိုက်သည်။

"အရမ်း အလုပ်မများဘူးလား။" ဟု အမေကျိုးက ရေရွတ်၏။

"ဒေါ်လေးက ဟူကျစ်နဲ့ အခြား အိမ်နီးချင်းတစ်ယောက်ကို ဆိုင်ကြည့်ခိုင်းမှာလေ။" ဟု ရှုရှန့်မိန်က ပြောလိုက်သည်။ ရှုရှန့်မိန်က အနည်းငယ် တုန့်ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ "အဘွား သမီးအစ်ကိုက ဒီနှစ် စာသင်ရမှာမဟုတ်ဘူး။ ဒါကြောင့် သူ ဒီမှာ ကူညီလုပ်ကိုင်ပေးဖို့ လာလို့ရမလားမသိဘူးနော်။"

အမေကျိုးက ထိုစကားကြားသောအခါ နားလည်သွားပြီး "နင့်ဒေါ်လေးကို မေးကြည့်လိုက်ပေါ့" ဟု ပြောလိုက်သည်။

စတုတ္ထချွေးမကိုယ်စား သူမ ဘယ်လိုလုပ်ပြီး ဆုံးဖြတ်နိုင်ပါ့မည်နည်း။ ရိုးရိုးသားသား ပြောရလျှင် သူမ အနည်းငယ်ပင် လိပ်ပြာမလုံ ဖြစ်မိပါသည်။

သူတို့ ဒီကို လာခဲ့တုန်းက စတုတ္ထချွေးမက ပစ္စည်းကောင်းတွေ အများကြီး ဝယ်ပေးခဲ့သည်။ တီဗီ၊ တိပ်ခွေဖွင့်စက်၊ လျှပ်စစ်ပန်ကာ စသည်တို့ဖြစ်သည်။ ထိုဇိမ်ခံပစ္စည်းများထဲမှ ဘယ်ပစ္စည်းကို သူမနှင့် သူမ၏ ယောက်ျားကို မပေးတာမျိုး ရှိသနည်း။

မြို့တော်က ဟိုဘက်အိမ် ဒီဘက်အိမ် အိမ်နီးချင်းများကလည်း ထိုအကြောင်းကို ကြားသောအခါ ချီးကျူးကြသည်။

သို့သော် သူမ(အမေကျိုး)ကတော့ ဘယ်နေရာမှာမှ ကူညီမပေးခဲ့ရပါ။ သူ့အငယ်ဆုံး သားမက်ဘက်တွင် ဘန်းမုန့်တွေ ကူရောင်းပေးပြီး ပိုက်ဆံသိမ်းပေးရသည်။ သူ့သားဘက်တွင်တော့ သူမ၏ အကူအညီကို မလိုအပ်ပါ။

ထို့ကြောင့် ဘယ်လိုလုပ်ပြီး သူမက ဦးစီးဦးဆောင်လုပ်ပြီး တစ်ယောက်ယောက်ကို ခေါ်ပေးနိုင်မည်နည်း။

ရှုရှန့်မိန်က ထိုအကြောင်းကို သူမဒေါ်လေးအား မပြောရဲပါ။ သူမဒေါ်လေးက အလွန်လွယ်ကူသူ မဟုတ်ကြောင်းကို သူမ ကောင်းကောင်းသိနေသည်။

လျို့နီရောက်လာတုန်းက ဘာဖြစ်သွားသလဲ ဆိုတာကိုပဲ ကြည့်ပါဦး။ သူမကိုယ်တိုင် ချက်ချင်း ပြန်လွှတ်ခဲ့သည် မဟုတ်ပါလား။

စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့ ရှားရှားပါးပါး တစ်ရက်လောက် ဆိုင်ကို စောစောပိတ်ကာ မိသားစု ခြောက်ယောက် ရုပ်ရှင်သွားကြည့်ကြသည်။

သူတို့ ညနေခင်း ရှစ်နာရီကျော်သောအခါမှ ပြန်လာကြသည်။

ထိုအခါမှ ကျိုးရှောင်မိန်တစ်ယောက် သူ့စတုတ္ထယောင်းမသည် တတိယဆိုင်တစ်ဆိုင် ဖွင့်တော့မည်မှန်း သိလိုက်ရသည်။

နောက်တစ်ရက် ညနေခင်းတွင် စုတာ့လင်းက ဆိုင်ကို တစ်ယောက်တည်း စောင့်ပြီး ကျိုးရှောင်မိန်က စုယနှင့် စုထျန်တို့ကို ခေါ်ပြီး အိမ်လည်လာသည်။

လင်းချင်းဟယ်က ဖက်ထုပ်ဆိုင်၏ ဒုတိယထပ်တွင် စာတမ်းတစ်ခု ရေးနေသည်။ ကျိုးအာ့နီအတွက် သူမ စာရေးစားပွဲတစ်ခုံ စီစဥ်ပေးထားသည်။ သူမသည် မကြာခဏဆိုသလို ထိုနေရာသို့လာကာ စာရွက်စာတမ်းများ ရေးသားကာ မှတ်တမ်းများ ပြုစုလေ့ရှိသည်။

All Chapters