လမ်းမဆိုင်
Vol. 25 Ch. 348
အခန်း (၃၄၈) - လမ်းမဆိုင်
ကျိုးရှောင်မိန်သည် သူမ၏ သမီးလေးနှစ်ယောက်ကို အောက်ထပ်တွင် ကစားခိုင်းပြီး ကျိုးရှောင်မိန်က အပေါ်ထပ်သို့ တက်ကာ သူ့စတုတ္ထယောင်းမကို ရှာလိုက်သည်။
"ဘာကိစ္စရှိလို့လဲ၊ စားပြီးပြီလား။" ဟု လင်းချင်းဟယ်က သူမကိုမြင်သောအခါ ပြောလိုက်သည်။
"နောက်မှ နင်နဲ့အတူတူ စားမယ်လေ။" ကျိုးရှောင်မိန်က သူစိမ်းတစ်ယောက်လို မပြုမူပါ။
လင်းချင်းဟယ်က ခေါင်းငြိမ့်ကာ ပြုံးလိုက်ပြီး မေးလိုက်သည်။ "လုပ်ငန်းက ဘယ်လိုနေလဲ။"
စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့က အလွန်အလုပ်ကြိုးစားသည်။ ပေါက်စီဆိုင်က မနက်အစောကြီးမှစဖွင့်ပြီး ညစာစားပြီးချိန် နောက်ပိုင်းမှ ပိတ်ကြသည်။ တစ်နေကုန်နီးပါး ဖွင့်ကြခြင်းဖြစ်၏။
"တော်တော်လေး အဆင်ပြေပါတယ်။" သူမလုပ်ငန်းအကြောင်း ပြောနေစဥ် ကျိုးရှောင်မိန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
အောက်တိုဘာလကုန်ပိုင်းသို့ ရောက်နေပြီဖြစ်ပြီး သူတို့မြို့တော်သို့ရောက်လာတာ နှစ်လနီးပါးလောက်ရှိပြီဖြစ်သည်။ ပထမလတုန်းက သူတို့ ယွမ် ၁၀၀ ကျော်ရခဲ့ပြီး သူမနှင့် တာ့လင်းတို့အတွက် စိတ်ငြိမ်ဆေးတစ်လုံးလို ဖြစ်ခဲ့သည်။
ဒီလ ဝင်ငွေက ထိုဘန်းမုန့်ဆိုင်မှာ ဘယ်လောက် အမြတ်အစွန်းကောင်းသလဲ ကျိုးရှောင်မိန်အား သက်သေပြလိုက်သလိုပင်။
စုတာ့လင်းကလည်း လုံ့လဝီရိယရှိသော လူတစ်ယောက်ဖြစ်သည်။ သူသည် ဒီလမှာ သုံးဘီးဆိုင်ကယ်တစ်စီး ဝယ်ခဲ့သည်။ မနက်ပိုင်းတွင် ဆိုင်ကို ကျိုးရှောင်မိန်နှင့် အပ်ခဲ့သည်။ သူ့ယောက္ခမ အမေကျိုးကလည်း မကြာမကြာ ဆိုင်ကို လာကူညီလေ့ရှိသည်။
သူကတော့ သုံးဘီးဆိုင်ကယ်တစ်စီးဖြင့် ဘန်းမုန့်ထွက်ရောင်းသည်။
သူက သန့်ရှင်းသော အဝတ်စအလွှာနှစ်ခုပါသည့် ဖော့ပုံးတစ်ပုံးကို အသုံးပြုသည်။ ထို့နောက် ဘန်းမုန့်များကို ဆီစိမ် စက္ကူများဖြင့် ပတ်ပြီး လုပ်ငန်းစနိုင်ပြီဖြစ်သည်။
လုပ်ငန်းက အတော်လေး အဆင်ပြေသည်။
ဆိုင်နှင့် ပေါင်းလိုက်သောအခါ လမကုန်သေးသော ဒီလအတွက် သူတို့ ယွမ် ၂၀၀ ကျော်ပင် ရသွားကြပြီဖြစ်သည်။
ကျိုးရှောင်မိန် ဘယ်လိုလုပ် ဝမ်းမသာဘဲ နေနိုင်မည်နည်း။
"ဒီလိုပဲ ဆက်ကြိုးစားမယ်ဆိုရင် အနာဂတ်ကျ ဘာမှဆိုးရွားတာ ဖြစ်မှာ မဟုတ်ပါဘူး။" ဟု လင်းချင်းဟယ်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"စတုတ္ထယောင်းမ၊ မနေ့က ရှန့်မိန် အိမ်မှာ တီဗီလာကြည့်ရင်း နင် နောက်ထပ် ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လို့ ပြောတယ်။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။
"ငါ ဒီအတိုင်း လျှောက်လုပ်ကြည့်နေတာပါ။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။
"ဘာကို လျှောက်လုပ်နေတယ် ဖြစ်ရမှာလဲ။ စတုတ္ထယောင်းမ၊ နင် ဘာဖြစ်လို့ အရမ်းတော်ရတာလဲ။" ဟု ကျိုးရှောင်မိန်က မနာလိုစွာ ပြောလိုက်သည်။ "ငါသာ စတုတ္ထယောင်းမလောက် တော်ရင် သိပ်ကောင်းမှာပဲ။”
သူမ၏ စတုတ္ထယောင်းမက တကယ်ပဲ ခေတ်သစ်၏ ပြိုင်စံရှား အမျိုးသမီးတစ်ဦးပင်။ သူမ မလုပ်နိုင်သောအရာ ဘာမှ မရှိပေ။ သူမက ယောက်ျားများထက်ပင် ပိုတော်နေသေးသည်။
သူမ၏ စတုတ္ထယောင်းမက ဖက်ထုပ်ဆိုင်တစ်ဆိုင် ဖွင့်ထားသည်။ ဖက်ထုပ်ဆိုင် ရောင်းအား ဘယ်လောက်ရှိလဲ သူမ မသိသော်လည်း ဘန်းမုန့်ဆိုင်နှင့် နှိုင်းယှဥ်နိုင်မည်ဟု ထင်သည်။
အများဆုံး ယွမ် ၂၀၀ ကျော်နိုင်သည်။ ထိုဝင်ငွေပမာဏက အများကြီးဖြစ်သော်လည်း အထည်ဆိုင်နှင့်တော့ မယှဥ်နိုင်ပါ။
ကျိုးအာ့နီကလည်း ဘာမှမပြောပေ။ သို့သော်လည်း အလုပ်များနေချိန်တွင် ရှုရှန့်မိန်က ပြောခဲ့ဖူးသည်။ အထည်ဆိုင်က တစ်လကို ယွမ် ၂၀၀၀ - ၃၀၀၀ နီးပါး ရသည်။
အမှန်ပင် ကုန်ကျစရိတ်များကိုလည်း ထည့်တွက်ရဦးမည်ဖြစ်သော်လည်း အမြတ်ငွေကတော့ သေချာပေါက် မနည်းပါးပါ။
မဟုတ်လျှင် သူမ၏ စတုတ္ထယောင်းမက ဒီနှစ်ကုန် ဆိုင်တစ်ဆိုင်၊ နောက်နှစ်ကုန် နောက်ထပ်ဆိုင်တစ်ဆိုင် ဖွင့်နိုင်မည် မဟုတ်ပေ။
ကျိုးရှောင်မိန်၏ အတွေးတွေက မှန်ကန်ပေသည်။ အထည်ဆိုင်၏ အမြတ်ငွေက အလွန်များပြားသည်။ ထို့ကြောင့် မာချန်းမင်တစ်ယောက် အလုပ်ပြုတ်သွားသည်ဟု လင်းချင်းဟယ် ကြားသောအခါ သူ့ကို ခေါ်ခဲ့ခြင်းဖြစ်၏။
အမျိုးသမီးအထည်ဆိုင် အမြတ်ငွေမှာ အလုပ်ရုံငယ် တစ်ခုလည်း ရှိလာပြီး ကြားလူလည်း မရှိတော့သဖြင့် အမြတ်ငွေအများကြီး တိုးသွားရသည်။
အများဆုံး အထည်ဆိုင်၏ အမြတ်ငွေက ယွမ် ၃၀၀၀ နီးပါးရှိသည်။
ထို့ကြောင့် အမျိုးသားအထည်ဆိုင် တစ်ခု ထပ်တိုးဖွင့်ခြင်းက ပြဿနာမရှိခဲ့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဆိုင်တစ်ဆိုင်ဖြစ်ဖြစ် နှစ်ဆိုင်ဖြစ်ဖြစ် ဖွင့်တာက ဖွင့်တာပဲ မဟုတ်လား။
"စတုတ္ထယောင်းမ၊ ငါ နင့်ရဲ့အထည် စက်ရုံငယ်လေးက အထည်နည်းနည်းလောက်ယူပြီး ညနေခင်း စျေးရုံထဲမှာ လမ်းမဆိုင်တစ်ဆိုင်လောက် ဖွင့်ရောင်းမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။
လင်းချင်းဟယ်က ပြောလိုက်သည်။ "ဘယ်က အထည်စက်ရုံငယ်လို့ ဆိုရမှာလဲ။ အဲ့တာက ဒီအတိုင်း အလုပ်ရုံငယ်လေးပါ။" ထို့နောက် လင်းချင်းဟယ်က ဆက်ပြောသည်။ "ရတာပေါ့။ နင်ယူလို့ရပါတယ်။ ဒါပေမယ့် နင် ဒီလောက် အများကြီး ကိုင်တွယ်နိုင်ပါ့မလား။"
စုတာ့လင်းက မနက်ပိုင်း အစောကြီးထရသည်။ သူက နေ့လည်ပိုင်းတွင် နားနိုင်သော်လည်း ပင်ပန်းတုန်းပင်။ ညနေခင်းတွင် စောစော နားသည်က အကောင်းဆုံးဖြစ်၏။
"သေချာပေါက် လုပ်နိုင်တာပေါ့။ တစ်ထည်ကို ငွေဘယ်လောက်ရနိုင်လဲ။" ဟု ကျိုးရှောင်မိန်က မေးလိုက်သည်။
"ငါ နင့်ကို တစ်ထည်ကို ဆင့် ၃၀ နဲ့ တစ်ရက်ကို ငါးထည် ပေးလို့ရတယ်။" ဟု လင်းချင်းဟယ်က သူမ တကယ်စိတ်ဝင်စားမှန်း တွေ့လိုက်ရသောအခါ ပြောလိုက်သည်။
တစ်ထည်ကို ဆင့် ၃၀ ဆိုသည်က မများပါ။ သို့သော် နည်းလည်းမနည်းပါ။ ရောင်းစရာကလည်း ငါးထည်ရှိသည်။ တစ်ညကို ၂ ထည် ၃ ထည်ရောင်းနိုင်ပါက သာမန်လူတစ်ယောက်၏ လစာနှင့် အတူတူလောက်ရှိသည်။
"ဟုတ်ပြီ" အခြေအနေကို ကျိုးရှောင်မိန်က သဘောမကျခြင်း မရှိသဖြင့် လက်ခံလိုက်သည်။
နေ့ရက်များကို ရေတွက်ကြည့်သောအခါ သူမ အလုပ်လုပ်ပြီး ငွေမရှာတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲမသိပါ။
သူမတွင် အလုပ်ရှိခဲ့စဥ်က တစ်လကို ယွမ် ၂၀ မျှသာ ရသည်။ အများကြီးမဟုတ်ပါ။ စုတာ့လင်းလစာ၏ တစ်ဝက်လောက်သာ ရှိသည်။
သို့သော်လည်း ယွမ် ၂၀ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် သူမကိုယ်တိုင် ရှာထားသောငွေဖြစ်သဖြင့် စိတ်ပိုင်းဆိုင်ရာအရ ကျေနပ်မှုရှိသည်။
အိမ်တွင် အိမ်ရှင်မ လုပ်လျှင်လည်း ဘာမှမဖြစ်ပါ။ သို့သော် ငွေရှာနေကျ ဖြစ်သော ကျိုးရှောင်မိန်ကိုယ်တိုင်က သူမကိုယ်ပိုင် အလုပ်လုပ်ချင်နေသောကြောင့် ဖြစ်သည်။
ထိုနေ့က သူတို့နှင့်အတူ ဖက်ထုပ်ဆိုင်တွင် ကျိုးရှောင်မိန်က စားသောက်ခဲ့သည်။ စားသောက်ပြီးသွားသောအခါ အထည်ငါးထည်ယူကာ ပြန်လာခဲ့သည်။ ကလေးများကိုတော့ အဖေကျိုးနှင့် အမေကျိုးတို့ကို ကြည့်ခိုင်းထားလိုက်သည်။ ကျိုးရှောင်မိန်က စုတာ့လင်းကို ဆွဲခေါ်ကာ လမ်းမဆိုင်တစ်ဆိုင် လုပ်ခိုင်းလိုက်သည်။
အထည်ငါးထည်နှင့် သူမ စတင်ရောင်းချနိုင်ပြီဖြစ်သည်။
စုတာ့လင်းကလည်း ဘာမှ မကန့်ကွက်ပါ။ ဘန်းမုန့်ဆိုင်အလုပ်က အလွန်တည်ငြိမ်နေပြီး ဘာပြဿနာမှ မရှိသော်လည်း သူ့မိန်းမက ငွေရှာချင်သည် ဆိုတော့လည်း ရှာခိုင်းလိုက်ပါသည်။
အထည်ငါးထည်သာရှိသည်။ ထိုခေတ်က လမ်းမဆိုင် စီးပွားရေးမှာ အလွန်ရေပန်းစားသည်။
ကျိုးရှောင်မိန်က လူအများကြီးရှိသော နေရာတစ်ခုကို ရှာပြီး အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။ "အထည်သစ်တွေနော်။ ထုတ်လုပ်သူဆီကနေ တိုက်ရိုက် တင်သွင်းထားတာပါ။ လျှော့စျေးနဲ့ ရောင်းချပေးနေပါတယ်။ စိတ်ဝင်စားတဲ့လူတိုင်း လာကြည့်နိုင်ပါတယ်။"
အထည်ငါးထည်က မတူညီသော စတိုင်ငါးမျိုးနှင့် အရောင်ငါးမျိုးဖြစ်သည်။ အရည်အသွေးကော စတိုင်ပါ အဆင့်မြင့်ကြသည်။
မကြာမီ လူများ လာကြည့်ကြသည်။ အထည်များကို စတွေ့တွေ့ချင်းတော့ သူတို့မဝယ်ကြပေ။ သို့သော် နောက်ဆုံးတော့ အထည်ငါးထည်စလုံး ရောင်းထွက်သွားသည်။
အထည်ငါးထည်မှ ၁ ယွမ်ခွဲ ရသဖြင့် ကျိးရှောင်မိန် အလွန်ကျေနပ်သွားသည်။
တစ်နာရီပင် မကြာလိုက်ပါ။
"တာ့လင်း မြို့တော်မှာ ငွေက ရှာရ အရမ်းလွယ်တာပဲ။” ကျိုးရှောင်မိန်က ပျော်ရွှင် မြူးထူးနေသည်။
စုတာ့လင်းက ပြုံးသာပြုံးနေလိုက်သည်။
နောက်ဆုံးတော့ သူ့နှလုံးသားက ယခင်က မရရှိဖူးသော ငြိမ်းချမ်းမှုကို ရရှိခဲ့ပြီဖြစ်သည်။
သူတို့ရောက်လာခါစတုန်းက သူ အနည်းငယ် စိတ်မသက်သာခဲ့ပေ။ သို့သော်လည်း မြို့တော်တွင် နှစ်လလောက် နေပြီးသွားချိန်တွင်တော့ သူ လေးလေးနက်နက် နားလည်သွားသည်။ သူ မပျင်းရိသ၍ ငွေရှာနိုင်ပြီး မိသားစုကို ထောက်ပံ့နိုင်သည်။
"ကျွန်မ အထည်ထပ်ရဦးမလားလို့ စတုတ္ထယောင်းမကို သွားမေးလိုက်ဦးမယ်။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။
နောက်တစ်နေ့တွင် စတုတ္ထယောင်းမကို သူမ သွားရှာသည်။
သူမရဲ့ အထည်တွေ အကုန်ရောင်းထွက်သွားမှန်း ကျိုးရှောင်မိန်၏ အပြုအမူကို ကြည့်ရင်း လင်းချင်းဟယ်တစ်ယောက် နားလည်သွားသည်။
"စတုတ္ထယောင်းမ နင့်အလုပ်ရုံငယ်က အထည်တွေ ထပ်ပေးလို့ရမလား။ ငါထပ်ယူချင်သေးတယ်။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။
"ငါ့ဘက်ကတော့ ပေးလို့မရဘူး။ ဆိုင်က နှစ်ဆိုင်ဖြစ်နေပြီ။" ဟု လင်းချင်းဟယ်က ရှင်းပြသည်။ "ဒါပေမယ့် ငါအထည်စက်ရုံက ရထားတဲ့ အထည်တွေကို လိုချင်တယ်ဆိုရင် ငါများများ ပေးလို့ရတယ်။ ဒါပေမယ့် အမြတ်ကတော့ ဆင့် ၂၀ ပဲ ရလိမ့်မယ်။"
သူမသည် အထည်စက်ရုံမှ ပစ္စည်းများကို ယူရသဖြင့် စျေးသည် သဘာဝအတိုင်း မြင့်မားခဲ့သည်။ လင်းချင်းဟယ်က ထိုစျေးအတိုင်း ကျိုးရှောင်မိန်ကို ပေးဖို့ အစီအစဥ်မရှိပါ။
အကြောင်းမှာ သူမလည်း ငွေရှာရဦးမည်။ အကြိမ်တိုင်း ဝမ်ယွမ်ကို စာချုပ်ကိစ္စ ပြောရသည်မှာ သူမနှင့် ကျိုးချင်းပိုင်တို့သာ ဖြစ်သည်။ သူမနှင့် ကျိုးချင်းပိုင်တို့ စက်ရုံများစွာ ပြောင်းရွှေ့ပြီးခါမှ ဝမ်ယွမ်၏ စက်ရုံကို တွေ့ခဲ့ခြင်းဖြစ်သည်။
ယခင်တုန်းက စက်ရုံတွေက ကောင်းတဲ့ စက်ရုံတွေ မဟုတ်ဘူး။
အရေးအကြီးဆုံးကတော့ ထိုအထည်များကို ကျိုးရှောင်မိန်အား လက်ကားမရောင်းရလျှင်ပင် သူမဆိုင်တွင် ရောင်းလို့ရနေသည်။ ကျိုးရှောင်မိန်ကို လက်ကားရောင်းပေးခဲ့သည့် အကြောင်းအရင်းက သူမတို့နှစ်ယောက်က ရင်းနှီးသောကြောင့်ဖြစ်သည်။
အခြားတစ်ယောက်သာဆိုလျှင် ထိုကဲ့သို့ လက်ကားစျေးနှင့် အမြတ်ငွေများကို ပေးပြစ်ပါ့မလား။
ထို့ကြောင့် သူမကို နှလုံးသားမဲ့သည်ဟု မဆိုနိုင်ပါ။ စီးပွားရေးလုပ်နေခြင်း ဖြစ်သည့်အပြင် နှစ်ဦးနှစ်ဖက် အကျိုးရှိသော စီးပွားရေးလည်းဖြစ်သည်။ သူမက အမြတ်တွေအများကြီး ပေးလိုက်သဖြင့် စိတ်ကြီးဝင်မည်မဟုတ်ပါ။ ကျိုးရှောင်မိန်က ထိုငွေကို သူမ၏ အားစိုက်ထုတ်မှုကြောင့် ရလာခြင်းဖြစ်သည်။ နှစ်ဦးနှစ်ဖက် အရှုံးမရှိပါချေ။