← Chapters

အတူတူရှိချိန်

Vol. 25 Ch. 349

အတူတူရှိချိန်

Vol. 25 Ch. 349

အခန်း(၃၄၉) - အတူတူရှိချိန်

ကျိုးရှောင်မိန်သည် လမ်းဘေးစျေးရောင်းသူအဖြစ် လုပ်ငန်းစခဲ့သည်။

သူမက ရတာနှင့် ကျေနပ်တတ်သည်။ သူမ၏ အထည်အားလုံး နေ့တိုင်း ရောင်းထွက်မည် မဟုတ်ပါ။ တစ်ခါတစ်ရံ အများကြီး ရောင်းရပြီး တစ်ခါတစ်လေတော့ အနည်းငယ်သာ ရောင်းရသည်။ သူမ ငွေပြား အနည်းငယ် သို့မဟုတ် ယွမ် ၁ ယွမ်လောက် ရလျှင်ပင် သူမ နက်နက်ရှိုင်းရှိုင်း ကျေနပ်မိသည်။

ဟူကျစ်နှင့် ကျိုးအာ့နီတို့က ညတိုင်း ညနေအတန်းကို စာသွားသင်လေ့ရှိသည်။

နှိုင်းယှဥ်ကြည့်ရလျှင် ရှုရှန့်မိန်က အလွန်အားနေပါသည်။ နေ့တိုင်း သူမ၏ အဘိုးအဘွားများ၏ အိမ်သို့လာကာ တီဗီကြည့်လေ့ရှိသည်။

"အဘွား လမ်းပေါ်မှာ အဲ့ဒီအထည်တွေကို ရောင်းရင် ဒေါ်လေး(ရှောင်မိန်)က ပိုက်ဆံ ဘယ်လောက်ရလဲဟင်။" ဟု ရှုရှန့်မိန်က မေးလိုက်သည်။

"၁ ယွမ်လောက်ပါပဲ။" သူမ သမီးလေး နေ့တိုင်း ပြောသည်ကို ကြားဖူးသဖြင့် အမေကျိုးက သိနေသည်။

စတုတ္ထချွေးမက ယောင်းမဖြစ်သူရှောင်မိန်ကို ဘယ်လို ဂရုစိုက်ရမလဲသိသည်ဟု သူမ ခံစားမိနေတုန်းပင်။ ဒီဝင်ငွေက အရမ်းလည်းမများ အရမ်းလည်းမနည်းပေ။ တစ်ရက်ကို ၁ ယွမ်ရလျှင်တောင် တစ်လဆိုလျှင် ယွမ် ၃၀ ရနေလေပြီ။

ဒါလည်း ဝင်ငွေပဲလေ။

"အဘွား တကယ်ပဲ သမီးအစ်ကိုကို လာခွင့်ပေးလို့ မရဘူးလား။ သူက ဆိုင်မှာ အလုပ်မလုပ်ရရင်တောင် ဒေါ်လေး(ရှောင်မိန်)လို အထည်တွေ ရောင်းရရင် အဆင်ပြေပါတယ်။" ဟု ရှုရှန့်မိန်က ပြောလိုက်သည်။

အမေကျိုးက ပြောလိုက်သည်။ "မကောင်းတဲ့ အစီအစဥ်တော့မဟုတ်ပါဘူး၊ ဒါပေမယ့် နင့်အစ်ကို လာလို့ရမရကို အဘွားကို မမေးနဲ့လေ၊ အဘွား ဘာမှပြောလို့မရဘူး။ နင့်ဒေါ်လေးကို သွားမေးချေ။" ထို့နောက် ဆက်ပြောသည်။ "ဟုတ်သားပဲ။ အာ့နီနဲ့ ဟူကျစ်တို့ နှစ်ယောက်စလုံး ညနေပိုင်းအတန်းတွေ ကိုယ်စီတက်နေကြတာကို နင်က ဘာဖြစ်လို့ မသွားတာလဲ ရှန့်မိန်"

"သမီး စာမဖတ်တတ်ဘူး။" ဟု ရှုရှန့်မိန်က ပြောလိုက်သည်။

"ဒါဆိုလည်း အာ့နီကိုမေးပေါ့။ သူ့ဆီက သင်လိုက်၊ နင့်ဒေါ်လေးက အရမ်း အလုပ်များတာ၊ နင့်ကို ဒါတွေသင်ပေးဖို့ အချိန်မရှိဘူးလေ။ နင်က အာ့နီနဲ့ ဟူကျစ်ဆီက ပြန်သင်ပြီး နင့်ဒေါ်လေးစကား နားထောင်လိုက်ပါ၊ စာသင်လို့ ဘာမှအရှုံးမရှိပါဘူး။" ဟု အမေကျိုးက ပြောလိုက်သည်။

"နင် စာကို ပိုလေ့လာရမယ်နော်။” အဖေကျိုးကလည်း ထောက်ခံကာ ပြောလိုက်သည်။

သူတို့နှစ်ယောက်စလုံးကို အဘိုးဝမ်က ပေကျင်းတက္ကသိုလ်ကို ခေါ်သွားဖူးသည်။

သူတို့နှစ်ယောက်လို မျိုးဆက်ဟောင်းက ကျေးလက်တောရွာ လူကြီးသူမနှစ်ယောက်သည် နိုင်ငံတော်၏ အကောင်းဆုံးတက္ကသိုလ်ကြီးတွင် လမ်းလျှောက်ရသောအခါ လေပေါ်လွင့်ပျံနေသလို ခံစားခဲ့ရသည်။

အဘိုးဝမ်၏ စကားများကတော့ "အသိပညာက ကံတရားကို ပြောင်းလဲနိုင်တယ်။ လေ့လာသင်ယူရန် လိုအပ်တယ်၊ တိုးတက်ရန် လိုအပ်တယ်၊ လူနေမှုဘဝတွေက ဖွံ့ဖြိုးနေတယ်၊ အခြားဟာတွေကို သင်မသိနိုင်ပေမယ့် ကိုယ် သင်ယူလိုက်တဲ့ပညာက ကိုယ့်အပိုင်ဖြစ်သွားပြီး တစ်သက်လုံး ဆုံးရှုံးသွားမှာ မဟုတ်တော့ဘူး။"

ပညာရေးအတန်းကို ရက်အနည်းငယ် တက်ရောက်ခဲ့သော အဖေကျိုးနှင့် အမေကျိုးတို့က လေးနက်စွာ ထောက်ခံကြသည်။

ကျန်တာတော့ သူတို့နားမလည်သော်လည်း သူတို့နားလည်သည့် စာကြောင်းက "ကိုယ်သင်ယူလိုက်တဲ့ ပညာက ကိုယ့်အပိုင်ဖြစ်သွားပြီး တစ်သက်လုံး ဆုံးရှုံးသွားမှာ မဟုတ်တော့ဘူး။" ဟူသည့်စကားပင်။

ထို့ကြောင့် စတုတ္ထချွေးမက သူတို့မြေးနှင့် မြေးမလေးတို့ကို ညနေပိုင်း အတန်းများ တက်ရောက်ဖို့ စီစဥ်ပေးမှန်း သိလိုက်ရသောအခါ အဖေကျိုးကော အမေကျိုးပါ စိတ်အေးသွားရသည်။

ရှုရှန့်မိန်က ပြန်ပြောလိုက်သည်။ "သမီးစာသင်ရမှာ သိပါတယ် ဒါပေမယ့် အမေက အချိန်ဆွဲထားခဲ့တာ၊ ဟူကျစ်နဲ့ အာ့နီတို့က အရင်ကတည်းက ကျောင်းနေဖူးကြတယ်၊ သမီး အခုတော့ ဘာမှနားမလည်တော့ဘူး။"

"အချိန်ယူပြီး သင်ယူကြည့်လိုက်ပါ၊ အဆင်ပြေသွားပါလိမ့်မယ်။" ဟု အမေကျိုးက ပြောလိုက်သည်။ "နင့်ရဲ့ဒေါ်လေးလည်း အရင်က ပညာရေးအတန်းတွေ တက်ဖူးတယ်။ အခုဆို သူ ဘယ်လောက်တောင် ဉာဏ်ကောင်းနေလဲ ကြည့်ပါဦး။ သူက ပေကျင်းတက္ကသိုလ်လို နေရာမျိုးမှာ ဆရာမတစ်ယောက် အနေနဲ့ အလုပ်တောင် ဝင်နိုင်နေပြီလေ။"

သူမနှင့် သူမယောက်ျားတို့ အဘိုးဝမ်နောက်သို့ လိုက်ပါကာ ပေကျင်းတက္ကသိုလ်ကို လာရောက်ခဲ့စဥ်က စာသင်ခန်းသို့သွားပြီး စတုတ္ထချွေးမကို သွားကြည့်ခဲ့ကြသည်။ သူမက စင်မြင့်ကြီးပေါ်တွင် ရပ်နေကာ နိုင်ငံခြား ဘာသာဖြင့် စကားပြောနေ၏။ မြင်ကွင်းမှာ အလွန်စိတ်ချမ်းသာဖို့ ကောင်းလှသည်။

အမေကျိုးက သူမဘဝတွင် ဒီလောက် ဂုဏ်ယူဝံ့ကြွားရခြင်းမျိုး တစ်ခါမှ မရှိဖူးဘူးဟု ခံစားလိုက်ရသည်။

"အဘွားက သမီးကို အထင်ကြီးနေတာပဲ။ ဒေါ်လေးလိုလူမျိုးကို ရှာတွေ့ဖို့ ဘယ်လောက် ခက်လိုက်သလဲ။" ရှုရှန့်မိန်က သူ့ဒေါ်လေးကို အနည်းငယ် ကြောက်သော်လည်း သူမ တွေ့ဖူးသမျှ မိန်းမများထဲတွင် သူမဒေါ်လေးက စွမ်းဆောင်ရည် အရှိဆုံးဆိုတာတော့ သူမ လက်ခံရပေမည်။

သူမက အထည် အလုပ်ရုံငယ်တစ်ခု ဖွင့်ကာ အလုပ်သမားများငှားပြီး အထည်စက်ရုံငယ်တစ်ခု ဖန်တီးခဲ့သည်။ ထို့အပြင် ပေကျင်းတက္ကသိုလ်တွင်လည်း စာသင်ပြနေဆဲ ဖြစ်သည်။ လူတစ်ယောက်က အလုပ်ဘယ်လောက်များများ လုပ်နိုင်မည်နည်း။

"နင့်ဦးလေးက ကံကောင်းတာပေါ့။" ဟု အမေကျိုးက ပြုံးကာ ပြောလိုက်သည်။

သူမသားအငယ်ဆုံးက တကယ်ပဲ ကောင်းချီးပေးခံထားရသူဖြစ်ပါသည်။ ထိုကဲ့သို့ မိန်းမမျိုးကို လက်ထပ်ထားသဖြင့် သူ့တွင် ဘာမှ စိတ်ပူစရာဟူ၍ မရှိပါ။

ရှုရှန့်မိန်က ထိုအကြောင်းကို မပြောချင်ပါ။ သူမ၏အစ်ကိုနှင့် သူမ၏ ညီမလေးများကိုတော့ ခေါ်လာချင်ဆဲပင်။

ဘာပဲဖြစ်ဖြစ် ဒီမှာက ကျေးလက်မှာထက် ဘဝနေထိုင်မှုက ကောင်းမွန်လှသည်။ ကျေးလက်တောရွာနှင့် ယှဥ်ပင်မယှဥ်နိုင်ပေ။

ထို့အပြင် သူမအမေကလည်း အထည်များကို ချုပ်တတ်သည်။ ထို့ကြောင့် ဒီကိုလာပါက အလုပ်ရုံငယ်တွင် သူမအမေလည်း ကူညီပေးနိုင်သည်။

သို့သော်လည်း ထိုစကားလုံးများကို သူမရင်ထဲတွင်သာ သိမ်းထားရသည်။ သူမ ထုတ်မပြောရဲပါ။

ကိုးနာရီမထိုးခင် ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့ နှစ်ယောက်စလုံး ပြန်လာကြသည်။

အမေကျိုးက မေးလိုက်သည်။ "ဒီမှာ အေးသထက် အေးလာပြီနော် လုပ်ငန်းက အဆင်မပြေ စဖြစ်လာပြီလား။"

"သမီးစတုတ္ထယောင်းမက အမျိုးသားဝတ် ချည်သား အထည်တွေ စီစဥ်ထားတယ်လို့ ပြောတယ်။ အဲ့တာဆိုရင်တော့ လုပ်ငန်းက မဆိုးရွားလောက်ပါဘူး။" ဟု ကျိုးရှောင်မိန်က ရွှင်မြူးစွာ ပြန်ဖြေလိုက်သည်။

သေချာပေါက် သူမစတုတ္ထယောင်းမ၏ နောက်ကို လိုက်ခဲ့ခြင်းက မှန်ကန်သွားသည်။

ဒီနေ့ည ပို၍ပင် ရောင်းကောင်းခဲ့သေးသည်။ သူမသည် ၁ ယွမ်ကျော် ရရှိခဲ့ပါသည်။

"တာ့လင်း၊ မနက်ဖြန်ကျ စျေးထွက်မရောင်းဘဲ ကျွန်မမိဘတွေကို ရေချိုးအိမ်မှာ ရေချိုးဖို့ ခေါ်သွားပေးပါလား။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။

"ကောင်းပြီ" စုတာ့လင်းက ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။

"ဒေါ်လေး သမီးကော မနက်ဖြန် အဘွားတို့ ဒေါ်လေးတို့နဲ့ လိုက်ခဲ့လို့ မရဘူးလား။" ဟု ရှုရှန့်မိန်က မေးလိုက်သည်။

"ရတာပေါ့၊ ဒီမှာ မနက်စာလာစားပြီး ခြောက်နာရီကျော်ရင် သွားကြမယ်လေ။ အဲ့ဒီ့ရောက်တုန်း စတုတ္ထယောင်းမကိုလည်း လိုက်ဦးမလား မေးလိုက်ပါဦး။" ဟု ကျိုးရှောင်မိန်က ပြန်ဖြေလိုက်သည်။

ရှုရှန့်မိန်က ခေါင်းငြိမ့်လိုက်သည်။

အချိန်အတော်များများတွင် ရှုရှန့်မိန်က ဒီအိမ်တွင် လာအိပ်တတ်သည်။ အခန်းအနည်းငယ်ရှိသဖြင့် သူမက စာကြည့်ခန်းထဲတွင် တစ်ယောက်တည်း အိပ်စက်အနားယူနိုင်သည်။

နောက်တစ်နေ့မနက် သူမ ပြန်လာခဲ့၏။

တစ်နည်းအားဖြင့် ဖက်ထုပ်ဆိုင်တွင် ကျိုးအာ့နီ တစ်ယောက်တည်း ကျန်ခဲ့သည်။ ကျိုးအာ့နီကလည်း မကြောက်ရွံ့ပါ။ ဘာမှလည်း ကြောက်စရာမလိုပေ။ တံခါးကို တင်းတင်းကြပ်ကြပ် ပိတ်ထားသည်။

စိတ်မကောင်းစရာ အမှန်တရားကို ပြောရလျှင် သူမ တစ်ယောက်တည်း အိပ်ရသည်က ပိုအေးချမ်းပါသည်။ ရှုရှန့်မိန်က ခြေထောက်ကို မကြာခဏ ဆေးကြောသန့်ရှင်းခြင်း မရှိသဖြင့် အနံ့အသက်ဆိုးများ ရှိနေတတ်ပြီး ညဘက် အိပ်ပျော်နေရင်းလည်း ယောင်ပြီး အော်တတ်၊ စကားပြောတတ်ပါသေးသည်။

လင်းချင်းဟယ်၏ အမျိုးသားအထည်ဆိုင်က သုံးရက်အတွင်းမှာပင် လုံးဝ သစ်လွင်သွားသည်။ ဝမ်ယွမ်က လဝက်အတွင်း အော်ဒါအသင့်ဖြစ်မည်ဟု သဘောတူထားသော်လည်း လင်းချင်းဟယ်တစ်ယောက် ကြိုသွားပြီး ဆိုင်ဖွင့်ဖို့အတွက် အထည်တစ်ချို့ ပြန်ယူလာပါသေးသည်။

ကျန်အထည်များကိုတော့ မကြာခင် ရရှိမည်ဖြစ်သည်။

အမျိုးသားဝတ်အထည်လုပ်ငန်းက အမျိုးသမီးဝတ်အထည်လုပ်ငန်းလောက် မကောင်းမွန်သော်လည်း အရမ်းလည်း မဆိုးရွားပါ။ ပထမဆုံး ဖွင့်သည့်နေ့တွင် ချည်သား အထည် ၁၃ ထည်ရောင်းထွက်ခဲ့သည်။ ဒုတိယနေ့တွင် အနည်းငယ် ပိုရောင်းနိုင်ခဲ့ပြီး အထည် ၂၀ နီးပါး ရောင်းထွက်ခဲ့၏။

ထိုအတိုင်းသာဆိုလျှင် ကောင်းမွန်ပါသည်။ သို့သော်လည်း အမျိုးသမီးဝတ်အထည်များ၏ လွန်လွန်ကျူးကျူး ရောင်းအားကိုတော့ မှီဖို့ အဝေးကြီးလိုနေပါသေးသည်။

ဒီတိုင်းသာ စီမံပါက အရင်းရှုံးမည် မဟုတ်ပါ။

ချည်ထည်များ ရောက်လာပြီကို ကျိုးရှောင်မိန် သိသဖြင့် လမ်းပေါ်တွင် ရောင်းရန် အနည်းငယ် လာယူလိုက်သည်။ စတုတ္ထယောင်းမက သူမကို ဆင့် ၅၀ အမြတ်စားခွင့်ပြုသည်။

နိုဝင်ဘာလအထိ ရောင်းချနိုင်ခဲ့ပြီး နှင်းတွေကျလာချိန်တွင်တော့ လမ်းမပေါ်တွင် ရောင်းချလို့မရတော့ပေ။

ထိုအချိန်ရောက်သောအခါ ကိုယ်ပိုင်လုပ်ငန်း၏ အကျိုးကျေးဇူးများကို သူမ တွေ့လိုက်ရသည်။

နှင်းကြောင့် လုပ်ငန်းများကို အနည်းငယ် သက်ရောက်မှုရှိစေခဲ့သည်။ ဆိုင်အနည်းငယ်၏ ရောင်းအား အနည်းငယ် ကျသွားသော်လည်း အဆင်ပြေနေပါသေးသည်။

လင်းချင်းဟယ်က ထိုနေ့ညနေခင်းတွင် အတန်းကို စောစောဆင်းဖို့ ရှားရှားပါးပါး အခွင့်အရေးတစ်ခု ရလာခဲ့သည်။ ထို့ကြောင့် သူမသည် ကျိုးခင်းပိုင်ထံသို့ လာပြီး ပြောလိုက်သည်။ "ရေချိုးအိမ် သွားကြမလား။"

ကျိုးချင်းပိုင်က သူ့မိန်းမကို လှည့်ကြည့်လိုက်သည်။ သူမ၏ လေးနက်သော အပြုံးကို မြင်သောအခါ သူလည်း နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်ပြီး "သားလတ် အတန်းဆင်းတာ စောင့်လိုက်ပါဦး" ဟု ပြောလိုက်သည်။

ကျိုးရွှမ် အတန်းပြီးကာ ပြန်လာသောအခါ ဆိုင်ကို သူ့သားထံ ကျိုးချင်းပိုင် လွှဲထားပေးခဲ့ပြီး ထိုနေ့ည သူတို့ဖာသာ အပြင်တွင် စားမည်ဟု ပြောခဲ့သည်။

ထို့နောက် သူ့မိန်းမနှင့် အိမ်ပြန်ကာ အဝတ်အစားယူပြီး ရေချိုးအိမ်သို့ သွားခဲ့၏။

ကိုယ်လက်သန့်စင်ပြီးသွားသောအခါ သူတို့နှစ်ယောက် စားသောက်ဆိုင်တွင် ဘဲကင်သွားစားပြီး အတူတူရှိနေချိန်လေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြသည်။

"ကျွန်မတို့ ဗိုက်ဖြည့်ပြီးပြီဆိုတော့ အိမ်ပြန်ကြရအောင်လေ။" ဟု လင်းချင်းဟယ်က သူမ၏ ကျိုးချင်းပိုင်ကို ကြည့်လိုက်သည်။

ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်၏။ သူ ငွေရှင်းလိုက်ပြီး သူ့မိန်းမနှင့် အိမ်ပြန်လာခဲ့သည်။ လင်မယားနှစ်ယောက် ထိုနေ့ည အိပ်ယာ စောစောဝင်ခဲ့ကြသည်။

ကျိုးခိုင်၊ ဟူကျစ်နှင့် အခြားသူများ ဆိုင်ပိတ်ကာ အိမ်ပြန်ပြီး ဆယ်နာရီအထိ တီဗီကြည့်ခဲ့ကြသည်။ ကျိုးချင်းပိုင်တစ်ယောက် အပြင်ထွက်လာပြီး ရေတစ်ခွက်ထည့်ကာ ပျားရည်နှင့် ရောပြီး အခန်းထဲပြန်ယူသွားသည်ကို သူတို့မြင်လိုက်ရသည်။

လူပျိုပေါက်သုံးယောက် အူကြောင်ကြောင် ဖြစ်သွားခဲ့ကြ၏။

All Chapters