← Chapters

အတည်ပေါက်

Vol. 25 Ch. 350

အတည်ပေါက်

Vol. 25 Ch. 350

အခန်း(၃၅၀) - အတည်ပေါက်

နောက်တစ်နေ့တွင် လင်းချင်းဟယ်၏ အသားအရည်များက လှပလို့နေပါသည်။

ကျိုးချင်းပိုင်၏ မျက်ခုံးများကြားတွင် ငြိမ်းချမ်းမှုနှင့် နူးညံ့မှုကို အာရုံခံနိုင်သည်။ အမြင်ရှိသောလူများကတော့ ကြည့်လိုက်ရုံနှင့် ဒီလူ့တွင် ပျော်ရွှင်ရသော မိသားစုရှိသည်ဟု ပြောနိုင်သည်။

ကျိုးချင်းပိုင်က ယခုအချိန်ထိ အိပ်ရာစောစောထဆဲပင်ဖြစ်သည်။

ယခုအခါ ရာသီဥတု အေးနေပြီဖြစ်သော်လည်း သူက မနက်ခြောက်နာရီတွင် ဖက်ထုပ်ဆိုင်သို့ သွားဆဲဖြစ်သည်။ ဒုတိယထပ်တွင် အိပ်နေသော ရှုရှန့်မိန်နှင့် ကျိုးအာ့နီတို့အတွက် အနှောင့်အယှက်ဖြစ်မည်ကတော့ သေချာသည်။

ထို့ကြောင့် ရှုရှန့်မိန်သည် သူမအဘိုးအဘွားများ၏ အိမ်ကို ပိုသဘောကျခြင်း ဖြစ်သည်။

ကျိုးအာ့နီအတွက်တော့ ပြဿနာမရှိပါ။ သူမက စောစောစီးစီး အိပ်ယာဝင်ခဲ့သည်။ ညနေပိုင်းအတန်းမှ ပြန်လာသောအခါ ညပိုင်းတွင် ဟူကျစ်နှင့်အတူ တစ်ခါတစ်ရံ တိုက်ခန်းသို့သွားကာ တီဗီခဏကြည့်တတ်ကြသည်။ သို့သော်လည်း အချိန်အတော်များများ ဟူကျစ်အား ဖက်ထုပ်ဆိုင်သို့ ပြန်လိုက်ပို့ခိုင်းပြီး စောစောနားလေ့ရှိသည်။

ကျိုးချင်းပိုင်က တံခါးဖွင့်ပြီး ဖက်ထုပ်များပြုလုပ်ရန် လုပ်ငန်းစသောအခါ ကျိုးအာ့နီလည်း ထပြီး အိပ်ယာသိမ်းသည်။ ထို့နောက် အောက်သို့ဆင်းကာ စတုတ္ထဦးလေးကို ကူညီ၏။

သူမ အလုပ်ပြီးသောအခါ မနက်စာစားသည်။ ထို့နောက်တွင် ဒုတိယထပ်သို့တက်ကာ စာကြည့်သည်။ အလုပ်ချိန်ရောက်ပြီဆိုတာနှင့် အထည်ဆိုင်သို့သွားကာ ဆိုင်ဖွင့်လိုက်တော့သည်။

ဘဝကတော့ ပုံသေလုပ်ငန်းများနှင့် ပြည့်နှက်လို့နေသည်။

သို့သော်လည်း ပြောရမည်ဆိုလျှင် ဒီနှစ်ရောက်လာသောအခါ ကျိုးအာ့နီ၏ အရှိန်အဝါက အများကြီး ပြောင်းလဲသွားသည်။

ကျိုးကွေ့လိုင်၏ ပြောစကားအရ ကျိုးအာ့နီက သူ့အမေနှင့် တူလာသည်ဟု ဆိုသည်။

တကယ်တော့ ကျိုးအာ့နီက သူမ၏စတုတ္ထဒေါ်လေး လင်းချင်းဟယ်ကို ပုံစံတုပနေခြင်း မဟုတ်ပါ။ လင်းချင်းဟယ်ကသာ သူ့တူမကို တမင်တကာ အလေးပေးပြီး အများကြီး သင်ကြားထားခြင်းဖြစ်၏။

သို့သော်လည်း လင်းချင်းဟယ်က ဦးစားပေးမှုကို ထုတ်မပြပါ။ ရှုရှန့်မိန်နှင့် ဟူကျစ်ကိုလည်း သူမက လမ်းပြပေးသည်။

ကျိုးအာ့နီက ၈၀% ဟူကျစ်က ၆၀% ဖြစ်ပြီး ရှုရှန့်မိန်ကတော့ ၂၀% ပင်မရှိပါ။

ရှုရှန့်မိန်၏ အနှစ်သက်ဆုံး အလုပ်က တီဗီကြည့်ဖို့ပင်။ သူမအလုပ်ကိုတော့ ပြီးမြောက်အောင် လုပ်သဖြင့် လင်းချင်းဟယ် ဘာမှမပြောပါ။ လူတစ်ယောက်ချင်းစီ၏ ပန်းတိုင်က မတူညီပါဟုပင် ပြောနိုင်တော့သည်။

ကျိုးအာ့နီ ဒီကို ရောက်လာပြီးကတည်းက သူမ၏ အရှိန်အဝါ အများကြီး ပြောင်းလဲသွားရုံတင် မဟုတ်ဘဲ အရပ်လည်း ရှည်လာသည်။ သူမ ၁.၆ မီတာ(၅ပေ ၂လက်မ) ခန့် အရပ်ရှည်လာသည်။

သူမ၏ အသားအရည်လည်း ဖြူလာ၏။

သူမ ရွာကိုသာ ပြန်သွားလျှင် လူတွေ သေချာပေါက် အံ့သြသွားကြပေဦးမည်။

"စားပြီးရင် စာသွားလုပ်တော့။" ဟု ကျိုးချင်းပိုင်က သူမကို ဖက်ထုပ်တစ်ပန်းကန်ပေးကာ ပြောလိုက်သည်။

"ဟုတ်ကဲ့" ကျိုးအာ့နီက ခေါင်းငြိမ့်သည်။ အသားနှင့်ဂေါ်ဖီဖက်ထုပ်များကို စားပြီးသွားသောအခါ သူမသည် ဒုတိယထပ်သို့ ပြန်တက်ပြီး စာလေ့လာခဲ့သည်။

ကျိုးချင်းပိုင်က အားလုံးကို တစ်ယောက်တည်း ကိုင်တွယ်နိုင်ပါသည်။ သူက အသားကျနေပြီဖြစ်ပြီး စနစ်တကျ လုပ်ကိုင်တတ်သည်။

ဖက်ထုပ်ဆိုင်လုပ်ငန်းက ယခုဆိုလျှင် အတော်လေး တည်ငြိမ်နေပြီဖြစ်သည်။ တစ်လကို အမြတ်ငွေ ၃၀၀ ယွမ်ကျော် ရရှိနေပြီဖြစ်သည်။

ကျိုးချင်းပိုင်က သူ့မိန်းမနှင့် ပြန်လည်ရောင်းချခြင်းများ လုပ်ခဲ့သော်လည်း ဤဝင်ငွေကို သူ ဘယ်တော့မှ အထင်မသေးပါ။

ဆန့်ကျင်ဘက်အားဖြင့် သူက ဖက်ထုပ်ဆိုင်၏ ဝင်ငွေကို အလွန်ကျေနပ်မိပါသည်။ တစ်ရက်ကို ၁၀ ယွမ်လောက် ရှိမည်။

ရှု့ရှန့်မိန်က သူမအဘိုးအဘွားများအိမ်တွင် စားသောက်ပြီးနောက် ရောက်လာခဲ့သည်။

သူမရောက်လာပြီး ဦးလေးဖြစ်သူ ဆိုင်ထဲတွင် အလုပ်ရှုပ်နေသည်ကို မြင်သွားသည်။ ဖက်ထုပ်များကို စားသုံးသူများအား ချပေးဖို့ သူမ ကူညီပေးခဲ့၏။ သူမသည် အနည်းငယ် တွန့်ဆုတ်သလို ဖြစ်နေခဲ့သည်။

ကျိုးချင်းပိုင်က ဘာမှမမေးပါ။ တူမများတွင် ပြဿနာရှိပါက အဒေါ်ဖြစ်သူကို မေးနိုင်သည်။ သူက ဦးလေးဖြစ်နေသဖြင့် ဝင်မရှုပ်လိုပါ။

"ဦးလေး သမီး...သမီးပြောစရာရှိလို့" သူမဦးလေးဖြစ်သူက အကျိုးအကြောင်း မမေးသည်ကို မြင်သောအခါ ရှုရှန့်မိန်က လေးလေးပင်ပင် ပြောလိုက်သည်။

"နင့်ဒေါ်လေးကို ပြောလေ။" ဟု ကျိုးချင်းပိုင်က ခေါင်းလှည့်မကြည့်ဘဲ အလုပ်ဆက်လုပ်နေသည်။ ဖက်ထုပ်များ လုပ်နေခြင်းဖြစ်သည်။

ဒီဆိုင်က ဖက်ထုပ်များက အဆာပလာများသဖြင့် ဤနယ်မြေတစ်ဝိုက်တွင် နာမည်ကြီးကြသည်။ တစ်ယောက်ယောက် ဖက်ထုပ်စားချင်သည် ဆိုတာနှင့် သူတို့သည် ဒီနေရာကိုပဲ တွေးမိလေ့ရှိကြပါသည်။

တစ်ချို့က ဆိုင်ကို လာမစားပေ။ သူတို့က ဖက်ထုပ်အစိမ်းများ ဝယ်သွားကြပြီး အိမ်တွင် မိမိဖာသာ ချက်စားကြပါသည်။ နေ့တိုင်း ကျိုးချင်းပိုင်က အများကြီး လုပ်ရသည်။

ဒေါ်လေးမာသာ ရှိလျှင် ပန်းကန်ဆေးစရာမရှိတာနဲ့ လက်ဆေးပြီး ဖက်ထုပ်ထုပ်ခြင်းကို ကူညီပေးသည်။

ဖက်ထုပ်တစ်ပန်းကန်၏ အမြတ်အစွန်းက နည်းပါးလွန်းလှသည်။ တစ်လကို ယွမ် ၃၀၀ ကျော် အမြတ်ရသည်ဆိုတာကလည်း ဖက်ထုပ် အစိမ်းများကြောင့် ပါသည်။

ရှုရှန့်မိန်က သူမ ဘာမှ မပြောရသေးခင် ဦးလေးဖြစ်သူက တားမြစ်လာလိမ့်မည်ဟု ထင်မထားပါ။

"ဦးလေး သမီးဒေါ်လေးကို မပြောရဲလို့။" ဟု ရှုရှန့်မိန်က နှုတ်ခမ်းစူကာ ပြောလိုက်သည်။

ထိုအခါမှ ကျိုးချင်းပိုင်က သူမကို ကြည့်ကာ "နင့်ဒေါ်လေးကို မပြောရဲရင် ငါ့ကိုပြောလည်း ဘာမှမထူးဘူးလေ။ နင့်ဒေါ်လေးကပဲ မိသားစုကိစ္စကို စီမံတာ။" ဟု ပြောလိုက်သည်။

ရှုရှန့်မိန်က ဒီနေ့ ဤစကားဝိုင်းကို ဆက်၍မရတော့ဟု ခံစားလိုက်ရသည်။

ဦးလေးနည်းနည်းလောက် သတ္တိပိုမရှိနိုင်ဘူးလား။ အရာရာ ဒေါ်လေးကိုပဲ နားထောင်နေတော့မှာလား။

"ဦးလေး ဒီမှာ လူလိုနေလားမသိဘူး။ သမီးအစ်ကိုကို ဒီကို ခေါ်လို့ရမလားဟင်။" ဟု ရှုရှန့်မိန်က တဲ့တိုးပြောလိုက်သည်။

ကျိုးချင်းပိုင်က ပြန်ပြော၏။ "နင့်ဒေါ်လေးကို သွားမေး"

ထို့နောက် ဖက်ထုပ်များ ဆက်လုပ်နေလိုက်သည်။ ဘာမှထပ်မပြောပေ။

သူက ရှုရှန့်မိန်ကို ဘာမှမတုံ့ပြန်ခဲ့သော်လည်း ကျိုးချင်းပိုင်က သူ့ဇနီးသည်နှင့် တွေ့သောအခါ ထိုအကြောင်း ပြောခဲ့ပါသည်။

လင်းချင်းဟယ်က "ဒီမှာ လူမလိုပါဘူး" ဟု ပြောလိုက်၏။

"အင်း" ကျိုးချင်းပိုင်က ခေါင်းငြိမ့်ကာ ဘာမှ ထပ်မပြောတော့ပေ။

လင်းချင်းဟယ်က သူ့ကိုကြည့်လိုက်ပြီး "ဘာလဲ၊ ရှင် ဘာမှမပြောတော့ဘူးလား။" ဟု မေးလိုက်သည်။

"ကိုယ်က မင်းသဘောပဲလေ။" ဟု ကျိုးချင်းပိုင်က အတည်ပေါက် ပြောလိုက်သည်။

လင်းချင်းဟယ်က ရယ်မောလိုက်ပြီး သူ့ယောက်ျားကို ပြောလိုက်သည်။ "သိုးသားလေး ဘာလေး ရှိမလား ဂရုစိုက်ပြီး ကြည့်လိုက်ဦး။ ရှင့်ကိုယ်ရှင် အားဖြည့်ဖို့ နည်းနည်းလောက် ဝယ်ပါလား။"

"ကိုယ် မပင်ပန်းပါဘူး။ ဒီနေ့ည ထပ်လိုချင်သေးတယ်။" ဟု ကျိုးချင်းပိုင်က သူမကို ကြည့်ကာ ပြောလိုက်သည်။

လင်းချင်းဟယ်က သူ့ကို အသာလေး ပါးပုတ်လိုက်ပြီး "ရှင် တည်တည်တံ့တံ့ နေစမ်းပါ။" ဟု ပြောလိုက်၏။

သို့သော်လည်း သူမ၏ ချင်းပိုင်က သူမတစ်ယောက်တည်းကို အချစ်ကြူးတတ်သည်ကို သဘောကျပါသည်။

နှင်းတွေလည်းကျနေချိန်ဖြစ်သဖြင့် သိုးသားက အလွန်စားကောင်းသည်။ အလွန်အာဟာရ ရှိပါသည်။

လင်းချင်းဟယ်က သိုးသား စားချင်သဖြင့် ကျိုးချင်းပိုင်က မျက်စိရှင်ရှင်ထားနေရသည်။ သူ စျေးထဲသို့ သွားသွားနေရခြင်းမှာ သိုးသားဝယ်ရန် ဖြစ်သည်။ ရက်အနည်းငယ် စောင့်ရမယ်လို့ ဆိုပါသည်။

ကျိုးချင်းပိုင်က နောက်ထပ်ဆိုင်တစ်ဆိုင်တွေ့ကာ ထိုဆိုင်ကလည်း ကောင်းမွန်လှသည်။

ရှေးဆိုရိုးစကားအတိုင်း ဝက်ရှေ့၊ ခွေးနောက်၊ သိုးလယ် ဟူသည့်အတိုင်းပင်။

သိုးသား၏ အကောင်းဆုံးအပိုင်းက ရင်အုပ်သား ဖြစ်သည်။ ကျိုးချင်းပိုင်းသည် စားသောက်ခြင်းမှ ထိုဗဟုသုတကို ရရှိခဲ့ခြင်းဖြစ်သည်။ သူသည် သိုးသားကို ၁၀ ကျင်း ဝယ်ယူခဲ့သည်။ အားလုံး ရင်အုပ်သားများ ဖြစ်ကြသည်။

သိုးငယ်သားလည်း ဝယ်ခဲ့သည်။ ဖက်ထုပ်ဆိုင် မီနူးထဲသို့ သိုးငယ်သားဖက်ထုပ် ထည့်ဖို့ အစီအစဥ်ရှိသည်။

လင်းချင်းဟယ်သည် ထိုနေ့က မွှေးကြိုင်နေသော သိုးငယ်သားနှင့်မုန်လာဥစွပ်ပြုတ်ကို စားခဲ့ရသည်။ အသားကင်နှင့် တွဲစားလျှင် အတော်လေး အရသာရှိလှပါသည်။

"ချင်းပိုင်..."

"ချင်းပိုင် ရှင်က အရမ်းတော်တာပဲ။ ကျွန်မ သိုးသား စားချင်တာနဲ့ ကျွန်မဖို့ ရအောင် ရှာလာခဲ့တယ်။" ဟု လင်းချင်းဟယ်တစ်ယောက် စကားလုံးများ ထွက်မလာခင် ကောင်စုတ်လေး ကျိုးကွေ့လိုင်က သူမပုံစံတုပပြီး ပြောလိုက်သည်။

လင်းချင်းဟယ်က သူ့ကိုကြည့်ကာ ကြက်သီးထသွားပြီး "နင်စားမှာလား မစားဘူးလား မစားရင် ပန်းကန်ချပြီး နင့်အဘိုးအဘွားတွေကို ခြေထောက်သွားဆေးပေးလိုက်။” ဟု ပြောလိုက်သည်။

ကျိုးချင်းပိုင်က သူ့သားကို ပြုံးဖြီးဖြီး ကြည့်လိုက်သည်။

ကျိုးကွေ့လိုင်က ချက်ချင်း ပါးစပ်ပိတ်ထားပါ့မည် ဟူသော ပုံစံလုပ်ပြကာ သူ့ပန်းကန်ကို ကိုင်ကာ ဆက်စားနေလိုက်သည်။

လင်းချင်းဟယ်က လည်ချောင်းရှင်းလိုက်ပြီး ကျိုးချင်းပိုင်ကို ပြောလိုက်၏။ "စားပြီးရင် အပြင်မှာ လမ်းလျှောက်ကြမလား"

"အိုကေ" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူ့သားလတ်နှင့် သားငယ်တို့ကို မှာလိုက်သည်။ "ရှစ်နာရီကျရင် ဆိုင်ပိတ်လိုက်နော်။"

"ဟုတ်ကဲ့" ကောလိပ်ကျောင်းသား အသစ်စက်စက် ကျိုးရွှမ်က ခေါင်းငြိမ့်လိုက်သည်။ ကျိုးကွေ့လိုင်ကတော့ ဒီလိုပြောလိုက်သည်။ "အမေတို့ ရုပ်ရှင်သွားကြည့်မလို့လား။ သားကိုလည်း ခေါ်သွားပါလား။"

"နင်သွားချင် ကိုယ့်ဟာကိုယ်သွားပါလား။" ဟု လင်းချင်းဟယ်က လက်ခါပြလိုက်သည်။

သိုးနံရိုးသားနှင့် သိုးငယ်သားစွပ်ပြုပ်ကို စားသောက်ပြီးသွားသောအခါ အသားကင်များ စားခဲ့ကြသည်။ ထိုအခါမှ လင်းချင်းဟယ် ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားသည်။ ကျိုးချင်းပိုင်လည်း စားသောက်ပြီးသွားပြီ ဖြစ်သည်။ လင်မယားနှစ်ယောက် သားတွေကို လျစ်လျူရှုကာ လမ်းလျှောက်ထွက်သွားကြသည်။

"ဒီလောက် နှင်းကျပြီး အေးတဲ့နေ့ကိုကွာ အပြင်ထွက်လျှောက်လည်နေသေးတယ်၊ အမေတို့ကို အားကျလိုက်တာ။" ဟု ကျိုးကွေ့လိုင်က စိတ်ပျက်လက်ပျက် မျက်နှာဖြင့် ခေါင်းခါလိုက်မိတော့သည်။

All Chapters