← Chapters

ကိုယ့်စရိတ်နဲ့ကိုယ်သွားပေတော့

Vol. 39 Ch. 551

ကိုယ့်စရိတ်နဲ့ကိုယ်သွားပေတော့

Vol. 39 Ch. 551

အခန်း (၅၅၁) ကိုယ့်စရိတ်နဲ့ကိုယ်သွားပေတော့

ရန်ကျောက်ကဲ၏ ထိန်းချုပ်ထားမှုအောင်တွင် လင်ချန်းချန်မှာ သူ၏အသက်ဓာတ်စွမ်းအားများကို ထိန်းမထားနိုင်တော့ဘဲ အနက်ရောင်နဂါးကိုးကောင်၏ အဆက်မပြတ်စုပ်ယူခြင်းကို ခံနေရသည်။ ရန်ကျောက်ကဲကိုကြည့်လိုက်တော့ စောစောက သူ့ခန္ဓာကိုယ်မှ စီးထွက်သွားသော အသက်ဓာတ်စွမ်းအားများ ပြန်လည်ပြည့်ဝနေပြီ ဖြစ်သည်။

ထိုလူငယ်က အခြေအနေကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ဟန်ပင်။

နဂါးကိုးကောင် ကောင်းကင်မျိုချအခမ်းအနားက ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး နဂါးသင်္ချိုင်းတံခါးက ပွင့်ဟတော့မည့်အလား ဖြည်းညင်းစွာလှုပ်ခါလာသည်။ သို့သော် အဓိကပစ်မှတ်အဖြစ် ယာဇ်ပူဇော်ခံရသူကတော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမဟုတော့ဘဲ လင်ချန်းချန်ကိုယ်တိုင် ဖြစ်နေခဲ့သည်။

ဤယာဇ်ပူဇော်ခြင်းနည်းလမ်း နောက်ဆုံးရလဒ်မှာ သူကတော့ အသက်ဓာတ်စွမ်းအားများအားလုံး ကုန်ဆုံးသွားပြီး ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ အကျိုးကျေးဇူးများစွာ ခံစားရပေမည်။ လင်ချန်းချန်မျက်လုံးများက ဒေါသဖြင့် တောက်ပလာပြီး ပုံရိပ်ယောင်မိစ္ဆာသိုင်းပညာမှ ရှိသမျှစွမ်းအားမျာကို စုစည်းကာ ရန်ကျောက်ကဲကို ပစ်မှတ်ထားတိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။

မိစ္ဆာသူတော်စင်က သူသေကိုယ်သေတိုက်ခိုက်ရန် အသင့်ဖြစ်နေကြောင်း တွေ့ရသည့်အခါ ရန်ကျောက်ကဲကလည်း အလျင်စလိုမရှိဘဲ ထိုပုဂ္ဂိုလ်နှင့် နည်းနည်းပါးပါး ကစားပေးရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့ဖြင့်...

လင်ချန်းချန်ကတိုက် ၊ ရန်ကျောက်ကဲက ပြန်ဆုတ် ၊ ရန်ကျောက်ကဲက ပြန်ဆုတ်ရာမှ ရှေ့ပြန်တက်ဖြင့် မိစ္ဆာသူတော်စင် ဒေါသထွက်လာအောင် စွပေးနေတော့၏။

ရန်ကျောက်ကဲက လင်ချန်းချန်ကို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအကူအညီဖြင့် သတ်ဖြတ်ရန် ဆန္ဒမရှိပေ။

လင်ချန်းချန်သည် နဂါးသင်္ချိုင်းတံခါးကိုဖွင့်လှစ်ရန် ‘နဂါးကိုးကောင် ကောင်းကင်မျိုချ’ ယာဇ်ပူဇော်ခြင်းအစီအရင်ကို ပြုလုပ်ခဲ့ပြီး ထိုအစီအရင်တွင် သူကိုယ်တိုင် စတေးခံလိုက်ရခြင်းအတွက် ရန်ကျောက်ကဲ အတော်လေး ပျော်ရွှင်မိသည်။

ဟုတ်ပေ၏။

သူက လင်ချင်းချန်အတွက် ခြေနင်းတုံးဖြစ်လာရန် စိတ်မဝင်စားပေ။ သို့သော် လင်ချန်းချန်က သူ့အတွက် ခြေနင်းတုံး ဖြစ်လာလျှင်တော့ ဝမ်းသာအားရ သဘောတူမည် ဖြစ်သည်။ ဤကိစ္စကြီးပြီးမြောက်စေရန် ဝမ်းပန်းတသာဖြင့် လင်ချန်းချန်ကို လက်ကမ်းကူညီပေးလိုက်ပေမည်။

စောစောကပင် စွမ်းအားအပြည့်ဖြင့် လွှမ်းမိုးနိုင်စွမ်းရှိနေသောရန်ကျောက်ကဲက ရုတ်တရက် ပျော့ပြောင်းပြီး အထိန်းအကွပ်မဲ့သွားကြောင်း တွေ့ရသည့်အခါ ၊ ဤသည်က ရယ်စရာဟု မခံစားရဘဲ လင်ချန်းချန်စိတ်ထဲ အေးစိမ့်သွားသည်။

အချိန်ကြာလာသည်နှင့်အမျှ အနက်ရောင်နဂါးကိုးကောင်က လင်ချန်းချန်၏ အသက်ဓာတ်စွမ်းအားများကို အဆက်မပြတ် ဝါးမျိုနေသည်။

ရန်ကျောက်ကဲက လင်ချန်းချန်ကိုကြည့်ရင်း သိမ်မွေ့စွာဖြင့်...

“လောကမှာ အရမ်းဉာဏ်ကောင်းတဲ့သူတွေရှိတယ် လင်ချန်းချန် ၊ မင်းလိုမျိုးပေါ့... ငါ့လက်ချက်နဲ့မသေဘဲ ကိုယ့်အကြံနဲ့ကိုယ်သေတာမျိုးလေ”

အဆုံးသတ်မှာတော့ နဂါးကိုးကောင်၏ဆွဲငင်မှုနှင့်တူ လင်ချန်းချန်၏အသက်ဓာတ်စွမ်းအားများက ငရဲတံခါးကို ဖွင့်ပေးလိုက်ပြီး မိစ္ဆာသူတော်စင်ထံမှ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

သမုဒ္ဒရာကမ္ဘာရှိ အထွတ်ထိပ်အဆင့် သိုင်းသူတော်စင် (၃)ယောက်အနက် တစ်ယောက်ဖြစ်သော မိစ္ဆာသူတော်စင် ‘လင်ချန်းချန်’ ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ဆွေးမြေ့ပျက်ဆီးသွားကာ ဝင်္ကပါပင်လယ်၏ နက်ရှိုင်းရာ ချောက်နက်အတွင်း နစ်မြုပ်သွားသည်။

ဤချောက်နက်ကြီးအတွင်းမှ ထူးခြားသောပတ်ဝန်းကျင်အကူအညီဖြင့် ရန်ကျောက်ကဲက သိုင်းသူတော်စင်တစ်ယောက်ကို အတင်းအကျပ် သတ်ဖြတ်ပစ်နိုင်ခဲ့သည်။

မိစ္ဆာသူတော်စင်မှာ အလွန်အသုံးမကျသောပုံစံဖြင့် ကြေကွဲဖွယ်ရာ အသက်ဆုံးသွားခဲ့သည်။

ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနားသို့ရောက်သွားချိန် မျက်လုံးတစ်ဖက် အနက်ရောင်နဂါးကြီးများက အဆက်မပြတ် ကြုံးဝါးသံများပြုလုပ်ပြီး သူတို့ခန္ဓာကိုယ်များက ရစ်ခွေနေခြင်း မရှိတော့ဘဲ ချောက်နက်ကြီးထဲမှ အပေါ်ဘက်သို့ ဆန့်ထွက်လွတ်မြောက်သွားကြသည်။

အောက်ဘက်တွင်ရှိနေသော နဂါးသင်္ချိုင်းတံခါး အနည်းငယ်ပွင့်ဟလာပြီး အတွင်းမှ အဆုံးမရှိသော အလင်းတန်းများ ထွက်ပေါ်လာ၏။

“အိုး... ဒီလိုပြောင်းလဲမှုတွေ ဖြစ်လာတာလား”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရန်ကျောက်ကဲကို ဘေးသို့ အလျှင်အမြန် ခေါ်ဆောင်သွားချိန် ရန်ကျောက်ကဲစိတ်ထဲ တင်းကျပ်မှုကို ခံစားလိုက်ရ၏။

မျက်လုံးတစ်လုံးတည်းရှိသော အနက်ရောင်နဂါး (၉)ကောင်သည် အမြီးများကို မုခ်ဦးတံခါးတွင် ချည်နှောင်ထားရင်း အလင်းတန်းများနှင့်အတူ အထက်သို့တက်သွားပြီး ပင်လယ်ရေမျက်နှာပြင်ကို ဖြတ်ကျော်ကာ မိုးကုတ်စက်ဝိုင်းသို့ ပျံသန်းသွားသည်။

မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲ အတော်လေး ထိတ်လန့်တုန်လှုပ်သွားသည်။

ချောက်နက်ကြီးက အဆက်မပြတ် ပြိုကျနေပြီး နဂါးသင်္ချိုင်းတံခါးက အဆက်မပြတ်တုန်ခါနေသည်။ ထို့နောက် ထိုတံခါးက နောက်တစ်ကြိမ်ပြန်ပိတ်သွားပြီး နဂါးကိုးကောင်အမြီးနှင့်အတူ လေထဲသို့ လွင့်ပျံတက်သွားတော့၏။

အနက်ရောင်နဂါးကြီး (၉)ကောင်က နဂါးဦးခေါင်းနှင့်ဆင်တူပြီး သူတို့ဆွဲယူလာသော နဂါးသင်္ချိုင်းတံခါးက နဂါးအမြီးနှင့် ဆင်တူသည်။ နဂါးကိုးကောင်နှင့် နဂါးသင်္ချိုင်းတံခါးကြားမှ ရှည်လျားသောအလင်းတန်းများက နဂါးခန္ဓာကိုယ်ကြီးအလား ဖြစ်၏။

ကြီးမားသော ဧရာမနဂါးကြီးတစ်ကောင်သည် ဝင်္ကပါပင်လယ်အတွင်းမှ မိုးမြေတစ်ခွင်သို့ ပျံသန်းထွက်ပေါ်လာသည်။ထိုနဂါးကြီး၏ပုံစံက လူတို့စဉ်းစားနိုင်သည်ထက်ပင် ကျော်လွန်ပြီး သူ၏ခန္ဓာကိုယ်က မြစ်တစ်စင်းပမာ ၊ ဦးခေါင်းကြီးက တောင်တစ်တောင်ပမာ ထင်မှတ်ရသည်။

အလင်းနဂါးကြီးက ကောင်းကင်ထက်တွင် တစ်ကြိမ်မျှလှည့်ပတ်ပြီးနောက် မိုးကုတ်စက်ဝိုင်းကိုဖြတ်ကျော်ကာ အဝေးသို့ ပျံသန်းသွားသည်။

ရန်ကျောက်ကဲသည်လည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်အတူ ပင်လယ်ရေနက်ထဲမှ ထါက်ပေါ်လာပြီး အလင်းနါးကြီးကို ခေါင်းမော့ကြည့်လိုက်သည်။

အလင်းနဂါးကြီး၏အမြီးက ဝင်္ကပါပင်လယ်ဒေသတွင် ရှိနေသေးသည့်တိုင် နဂါးဦးခေါင်းကတော့ အခြားဒေသတစ်ခုဆီသို့ ဦးတည်နေ၏။

ဝင်္ကပါပင်လယ် အရှေ့မြောက်ဘက်တွင် တိုက်ကြီးတစ်တိုက် ရှိလေသည်။

သမုဒ္ဒရာကမ္ဘာက ပင်လယ်ဒေသများဖြင့် အဓိကဖွဲ့စည်းထားသော်လည်း အချို့နေရာများတွင် ကြီးမားသော တိုက်ကြီးများတည်ရှိပြီး ထိုနေရာများတွင် သိုင်းဂိုဏ်းအချို့ အခြေချတည်ဆောက်ထားကြသည်။

ဝင်္ကပါပင်လယ် အရှေ့မြောက်ဘက်ဒေသသည် မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းမှ လေ့ဟွမ်ဂိုဏ်း တည်ရှိရာနယ်မြေ ဖြစ်သည်။

လေ့ဟွမ်ဂိုဏ်းတည်ရှိရာ ကျားမောက်တောင်တန်း ၊ မိုးကြိုးမီးလျှံတောင်ထွတ်တွင် လေ့ဟွမ်ဂိုဏ်း အကြီးအကဲများ အစည်းအဝေးတစ်ခု ပြုလုပ်နေကြသည်။

လေ့ဟွမ်ဂိုဏ်းချုပ် ‘သွေးနီမိုးကြိုးဘုရင်’ “ကန်းဟွေ”သည် ကြယ်စင်လှည့်ပြောင်းပင်လယ်တွင် ရန်ကျောက်ကဲကို သတ်ဖြတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ဒဏ်ရာအပြင်းအထန်ရလာပြီး ပျောက်ကင်းအောင်ကုသရန် တံခါးပိတ်ကျင့်ကြံနေရသည်။

ထိုအဖြစ်အပျက်ကြောင့် လေ့ဟွမ်ဂိုဏ်းမှလူများ အလွန်တရာ အံ့အားသင့်ခဲ့ကြရ၏။

ရန်ကျောက်ကဲကို ဝိုင်းဝန်းသတ်ဖြတ်ရန် ကြိုးစားသော်လည်း မအောင်မြင်သဖြင့် လေ့ဟွမ်ဂိုဏ်းအနေဖြင့် ရန်ကျောက်ကဲနှင့် ရန်ငြိုးဖွဲ့သလို ဖြစ်သွားသည်။ ကန်းဟွေသည်လည်း ဒဏ်ရာရသွားသည်ဖြစ်ရာ ရန်ကျောက်ကဲသာ မိုးကြိုးမီးလျှံတောင်သို့လာရောက်တိုက်ခိုက်ပါက တန်ပြန်တိုက်ခိုက်နိုင်ရန် အစီအစဉ်များ ပြုလုပ်ရန် လိုအပ်သည်။

အကြီးအကဲတစ်ယောက်က...

“ငါတို့ဂိုဏ်းကို သေသေချာချာ ကာကွယ်ထားနိုင်မယ်ဆိုရင်တော့ အဲဒီ ‘ရန်’ မျိုးနွယ်ကောင်လေးမှာ သိုင်းသူတော်စင်ကိုယ်ပွားရှိနေရင်တောင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး”

နောက်ထပ်အကြီးအကဲတစ်ယော်က...

“ငါတို့ဌာနချုပ်ဖြစ်တဲ့ မိုးကြိုးမီးလျှံတောင်ထိပ်ကို တိုက်လို့မရရင် တခြားနေရာတွေမှာ သောင်းကြမ်းမှာလည်း စိုးရိမ်ရတယ် ၊ အဲဒါဆို ပျက်ဆီးဆုံးရှုံးမှုတွေ ပိုများနိုင်တယ်”

“တခြား မိစ္ဆာဂိုဏ်းတွေနဲ့ဆက်သွယ်ရမယ် ၊ ငါတို့အားလုံး အတူလက်တွဲလိုက်မယ်ဆိုရင် ရန်ကျောက်ကဲ ဂလဲ့စားချေဖို့ ရောက်လာတာနဲ့ ထောင်ချောက်တစ်ခု ဆင်နိုင်လိမ့်မယ်”

“မိစ္ဆာသူတော်စင်ဂိုဏ်း ၊ ကျန်လုန်ဂိုဏ်းနဲ့ တစ္ဆေဝိညာဉ်ဂိုဏ်းတို့က သွေးနီနဂါးဂိုဏ်းကို နှိမ်နင်းပြီး ရေသလင်းနန်းတော်ကို ဆက်ပြီးတိုက်ခိုက်နေတယ် ၊ သူတို့ အချိန်မီ ပြန်လာနိုင်မှာ မဟုတ်သေးဘူး”

သူတို့အားလုံး ထင်မြင်ယူဆချက်များ ထုတ်ဖော်ပြောဆိုကြပြီးနောက် ဦးဆောင်အကြီးအကဲက လက်ဝှေ့ယမ်းရင်း...

“ဂိုဏ်းချုပ် ဒဏ်ရာတွေကုသပြီး တံခါးပိတ်ကျင့်ကြံရာကထွက်လာမယ့်အချိန်ကို စောင့်ကြရအောင် ၊ အခုလောလောဆယ်တော့ သတိနဲ့နေကြတာပေါ့ ၊ ရန်ကျောက်ကဲ ရောက်လာမှာ စိတ်ပူရင်တော့ အပြင်ရောက်နေတဲ့ ငါတို့ဂိုဏ်းကတပည့်တွေကို တောင်ပေါ်ပြန်လာဖို့ အကြောင်းကြားလိုက်ပါ”

သို့သော်...

သူ့စကားဆုံးသွားသည်နှင့် မျက်နှာအမူအရာလည်း သိသိသာသာ ပျက်ယွင်းသွားသည်။

တံခါးပိတ်ကျင့်ကြံရာနေရာတွင် ကျယ်လောင်သောပေါက်ကွဲသံကြီး ‘ဝုန်း’ ခနဲ ထွက်ပေါ်လာပြီး ကန်းဟွေ လွင့်ထွက်လာသည်။

လေ့ဟွမ်ဂိုဏ်းမှ အဆင့်နိမ့်ကျင့်ကြံသူများမှာ သတိလစ်မေ့မျောကုန်ကြပြီး အလယ်အလတ်နှင့် အဆင့်မြင့်ကျင့်ကြံသူများကတော့ အဖြစ်အပျက်ကို မှင်တက်လျှက် နားမလည်နိုင်ကြသည့်တိုင်  တောင်အပြင်ဘက်သို့ တစ်ယောက်ပြီးတစ်ယောက် လျှင်မြန်စွာ ထွက်ပြေးကြတော့၏။

ကြောက်စရာကောင်းသော အလင်းနဂါးကြီးက မိုးကြိုးမီးလျှံတောင်ထွတ်သို့ ရိုက်ခတ်ကျဆင်းလာလေရာ သူတို့အတွက် ပြေးရန်ပင်အချိန် မကျန်ရှိတော့ပေ။

တစ်ခဏအတွင်းမှာပင် ကျားမောက်တောင်တန်းကြီးတစ်ခုလုံး ပြိုကျသွားပြီး မိုးကြိုးမီးလျှံတောင်မှာလည်း ကြောက်မက်ဖွယ်ရာစွမ်းအားကြီးကြောင့် မြေပြင်အောက်သို့ ချိုင့်ဝှမ်းကြီးတစ်ခုပမာ ပြိုကျနိမ့်ဆင်းသွားသည်။

ရှည်လျားသောတောင်တန်းကြီး လုံးဝပြိုကျသွားသည်ဖြစ်ရာ မြေပြင်ထက်တွင် လီပေါင်းသောင်းနှင့်ချီကျယ်ဝန်းသော ချောက်နက်ကြီးဖြစ်ပေါ်လာသည်။

တိုက်ကြီးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲကြေလုမတတ် ပြင်းထန်စွာ တုန်လှုပ်သွား၏။

အခြားသောနေရာများတွင် ရှိနေသော ဓားအသင်္ချေရေကန်အပါအဝင် အခြားသော သိုင်းဂိုဏ်းများမှ သိုင်းသမားများမှာလည်း ဘာဖြစ်မှန်းမသိ မှင်တက်လျှက် ရုတ်တရက် ဘေးအန္တရယ်ကပ်ဆိုးကြီးကျရောက်သည့်အလား ထင်မှတ်မိကြသည်။

အလင်းနဂါးကြီးမှာ မကြာမီပင် အလင်းရောင်များ ပျောက်ကွယ်သွားပြီး မြေကြီးအတွင်း ဝင်ရောက်သွားသည်။ နဂါးအမြီးပိုင်းဖြစ်သော ကြီးမားလှသော နဂါးသင်္ချိုင်းတံခါးကြီးက မြေပြင်ပေါ်သို့ ထိုးကျသွားပြီး ချိုင်ဝှမ်းအောက်ခြေသို့ ဆင်းသက်လာ၏။

နေရာအနှံ ဖုံမှုန့်များပျံ့ကျဲလျှက် ကျောက်တုံးကျောက်သားများလည်း အက်ကွဲကုန်သည်။

အရာအားလုံး ငြိမ်သက်သွားချိန်တွင် အခင်းဖြစ်ပွားရာနေရာ၌ ကြီးမားသော ချိုင့်ဝှမ်းကြီးသာ ကျန်ရစ်တော့သည်။ ထိုချိုင့်ဝှမ်းကြီးအလယ်ဗဟိုတွင် အဖြူရောင်အရိုးများဖြင့် တည်ဆောက်ထားသော မုခ်ဦးတံခါးကြီးတစ်ခု ရှိနေသည်။

ကန်းဟွေမှာ မြင်ကွင်းကို မှင်တက်စွာကြည့်နေရင်း သတိဝင်လာပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ သူတို့ လေ့ဟွမ်ဂိုဏ်းအခြေအနေကို လေ့လာလိုက်တော့ ထိပ်တန်းအဆင့် သိုင်းဆရာသခင် အနည်းမျှသာ အသက်ရှင် ကျန်ရစ်တော့သည်။

လေ့ဟွမ်ဂိုဏ်းနှင့်အတူ ဂိုဏ်းသားများအားလုံး ဖျက်ဆီးခံခဲ့ရသည်။

သမုဒ္ဒရာကမ္ဘာရှိ မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းတွင် တစ်ဂိုဏ်းအပါအဝင်ဖြစ်ပြီး အထွတ်ထိပ်အဆင့်ရှိသော လေ့ဟွမ်ဂိုဏ်းသည် မည်သည့်နေရာက ထွက်ပေါ်လာမှန်းမသိသော ဘေးဆိုးကြီးကြောင့် ပျက်ဆီးလုနီးပါး ဖြစ်သွားခဲ့ပေပြီ။

ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့ ပင်လယ်ရေထဲမှထွက်လာပြီး အလင်းရောင်နဂါးထွက်ခွာသွားသော အရှေ့မြောက်ဘက်သို့ အလျှင်အမြန် လိုက်သွားကြသည်။

အလင်းနဂါးကြီး မြေပြင်ကိုဝင်တိုက်လိုက်ကြောင်းတွေ့ရတော့ ရန်ကျောက်ကဲ အတော်လေး မှင်တက်သွားသည်။

“ဒီ နည်းလမ်းက တကယ့်ကို အန္တရယ်များတာပဲ ၊ လင်ချန်းချန်က နဂါးသင်္ချိုင်းတံခါးကိုဖွင့်ရင် ဒီလိုတွေဖြစ်မယ်ဆိုတာ မသိခဲ့တာဖြစ်မယ်”

“ဒီ အလင်းနဂါးကြီး ဖြတ်သွားတဲ့လမ်းကြောင်းက သမုဒ္ဒရာကမ္ဘာက မြေပြင်သွေးကြောလည်ပတ်မှုတွေနဲ့ ဆက်စပ်နေတဲ့ပုံပဲ ၊ ဘယ်သူတွေအပေါ် ကံဆိုးပြီး ကျသွားပြီလဲ မသိဘူး”

ဝင်္ကပါပင်လယ်ဒေသမှထွက်ခွာလာပြီး အလင်းနဂါးကြီးဦးတည်ရာကို တွက်ချက်ကြည့်ရင်း ရန်ကျောက်ကဲ မျက်နှာအမူအရာ အနည်းငယ် ထူးဆန်းသွားသည်။

“လေ့ဟွမ်ဂိုဏ်း နယ်မြေထဲကျသွားတာဖြစ်နိုင်တယ်”

All Chapters