← Chapters

အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ပြန်ရန်လမ်းကြောင်း

Vol. 39 Ch. 553

အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ပြန်ရန်လမ်းကြောင်း

Vol. 39 Ch. 553

အခန်း (၅၅၃) အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ပြန်ရန်လမ်းကြောင်း

နဂါးသင်္ချိုင်းတံခါးပွင့်သွားသည့်တိုင် အတွင်းသို့မဝင်နိုင်သဖြင့် ရန်ကျောက်ကဲမှာ ငိုရမလား ရယ်ရမလား မသိဖြစ်ရသည်။

“တကယ်လို့ လင်ချန်းချန်သာ ဒီလိုဖြစ်လာမှာကို ကြိုသိခဲ့ရင် နဂါးသင်္ချိုင်းတံခါးကိုဖွင့်ဖို့ ကြိုးစားမှာ မဟုတ်ဘူး”

အလွန်အားစိုက်ထုတ်လျှက် “နဂါးကိုးကောင် ကောင်းကင်မျိုချ” ယာဇ်ပူဇော်ခြင်းနည်းစနစ်ကို အသုံးပြုပြီး နဂါးသင်္ချိုင်းတံခါးကို ကြိုးစားပမ်းစားဖွင့်ခဲ့သော်လည်း ထိုနဂါးသင်္ချိုင်းတံခါး တည်ငြိမ်သည့်အချိန်ကို စောင့်ဆိုင်းရသဖြင့် အခြားသူများထက် လက်ဦးမှုရယူနိုင်မည် မဟုတ်တော့ပေ။

အခြားသူများသည်လည်း သတင်းရရှိပြီး နဂါးသင်္ချိုင်းတံခါးအတွင်းဝင်ရောက်ရန် တိုက်ပွဲပြင်ကြပေလိမ့်မည်။

ဒီလိုဆိုတော့ နဂါးသင်္ချိုင်းတံခါးဖွင့်ခဲ့ခြင်းက ဘာများကောင်းပါသနည်း။

လင်ချန်းချန်သာ ဤအကြောင်းများကို သိရှိခဲ့ပါ “နဂါးကိုးကောင် ကောင်းကင်မျိုချ” နည်းပညာကို အသုံးပြုကာ ငရဲတံခါးကို ကြိုးကြိုးစားစား ဖွင့်လှစ်ခဲ့မည် မဟုတ်ပေ။

ဤနေရာတွင် လေ့ဟွမ်ဂိုဏ်း ရှိနေသည်ဆိုသောအချက်ကိုအသာထား ၊ အစီအစဉ်အတိုင်းဖြစ်လာဦးတော့ လင်ချန်းချန်ကိုယ်တိုင်ပင် အန္တရယ်များစွာ ကြုံရမည် ဖြစ်သည်။

ရန်ကျောက်ကဲက အောက်ဘက်မှ ချိုင့်ဝှမ်းကြီးကို ထူးဆန်းသော မျက်နှာအမူအရာဖြင့်ကြည့်ရင်း...

“အင်း... သူ့အတွက်သူ တူးလိုက်တဲ့ တွင်းနက်ကြီးပဲ...”

အခြားသောဂိုဏ်းများမှ ကျင့်ကြံသူများနှင့် ရန်ကျောက်ကဲနှင့်အတူ ဝင်္ကပါပင်လယ်သို့ လိုက်ပါလာကြသူများသည်လည်း ဤနေရာသို့ တဖြည်းဖြည်း စုရုံးရောက်ရှိလာကြသည်။

ရန်ကျောက်ကဲ ရှင်းပြသည်ကို နားထောင်ပြီးနောက် သူတို့အားလုံး အချိန်အတန်ကြာ စကားမဆိုနိုင်ဘဲ ဆွံ့အနေကြသည်။

လင်ချန်းချန်က တစ်ယောက်ယောက်ကို မျှားခေါ်ရန် စောင့်ဆိုင်းရင် ဝင်္ကပါပင်လယ်တွင် ထောင်ချောက်ဆင်ထားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ သို့သော် အဆုံးသတ်မှာတော့ ရန်ကျောက်ကဲလက်ချက်ဖြင့် သူ့ပင့်ကူအိမ်တွင် သူပြန်ပိတ်မိသွားခဲ့သည်။

သမုဒ္ဒရာကမ္ဘာရှိ သိုင်းသူတော်စင် (၃)ယောက်အနက် တစ်ယောက်ဖြစ်သော လင်ချန်းချန်သည် ဝင်္ကပါပင်လယ် နက်ရှိုင်းရာနေရာတွင် အသံမထွက်ဘဲ သေဆုံးသွားခဲ့ပြီး နဂါးသင်္ချိုင်းတံခါးကို ဖွင့်လှစ်သည့် သော့တစ်ခု ဖြစ်သွားခဲ့သည်။

“ပင်လယ်ထဲသို့ဝင်လာသော နဂါးများစွာ၏ သင်္ချိုင်းမြေ” ဆိုသည့်တသင်းက လူတိုင်း၏နှလုံးခုန်နှုန်းကို မြန်ဆန်လာစေသည်။ ချိုင်ဝှမ်းအောက်ခြေမှ နဂါးသင်္ချိုင်းတံခါးကို စူးစိုက်ကြည့်ရင်း လူတိုင်း၏စိတ်အာရုံတွင် အတွေးပေါင်းများစွာဖြင့် ပြည့်နက်သွား၏။

ရန်ကျောက်ကဲပြောသည်ကို မယုံဘူးဆိုကြဦးတော့ သူတို့ရှေ့မှ ဒဏ္ဍာရီဆန်သော နဂါးသင်္ချိုင်းတံခါးကြီးက မည်မျှ ကြောက်စရာကောင်းကြောင်း သက်သေပြနေပြီ ဖြစ်သည်။

မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းမှ လေ့ဟွမ်ဂိုဏ်းကတော့ တစ်ခဏအတွင်း ပျက်ဆီးပြိုကွဲသွားပေပြီ။ ဤမျှကြီးမားသော အောင်မြင်မှုကြီးကို သမုဒ္ဒရာကမ္ဘာတွင် မည်သူမှ ပြုလုပ်နိုင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲက အားလုံးကို တစ်ချက်ဝေ့ကြည့်ကာ ပြုံးလိုက်ရင်း...

“ဒီနဂါးသင်္ချုင်းတံခါးက တစ်ရက်နှစ်ရက်လောက်နဲ့ တည်ငြိမ်သွားမှာမဟုတ်ဘူး ၊ ဒီ ‘ရန်’ မျိုးနွယ်ကတော့ ချန်လီတောင်ကို ပြန်နှင့်တော့မယ်”

ရွှီဖေးနှင့် ရှီကျွင်းတို့ကတော့ ရန်ကျောက်ကဲစကားကို ယုံကြည်လက်ခံကြသည်။

ချန်လီတောင်မှ သိုင်းသမားများက အကြည့်ချင်းဖလှယ်လိုက်ကြပြီး နောက်ဆုံးမှာတော့ နဂါးသင်္ချိုင်းတံခါးကိုစောင့်ကြည့်ရန် လူတစ်ယောက်ချန်ထားခဲ့ကာ ရန်ကျောက်ကဲနှင့်အတူ လိုက်ပါသွားကြ၏။

ဒါကိုမြင်တော့ အခြားသိုင်းဂိုဏ်းကြီးများသည်လည်း ချီတုံချတုံ ဖြစ်သွားကြသည်။

နဂါးသင်္ချိုင်းတံခါးအတွင်းမှ အန္တရယ်အငွေ့အသက်များကို အာရုံခံမိကြသဖြင့် အတွင်းသို့ဝင်ရောက်ရန် မည်သို့မှ မတတ်နိုင် ရှိရသည်။

ထိုစဉ် ရန်ကျောက်ကဲပြောသည်ကို မယုံကြည်သော သိုင်းသမားတစ်ယောက်က တံခါးအတွင်း စွတ်ဝင်သွားလေရာ ကြောက်မက်ဖွယ်ရာ နဂါးရောင်ဝါများကြောင့် အရိုးအသားများပင်မကျန်ဘဲ သုတ်သင်ခံလိုက်ရ၏။

ထိုမြင်ကွင်းကြောင့် လူတိုင်း ကျောရိုးထဲစိမ့်သွားမတတ် ထိတ်လန့်သွားကြသည်။

“လော‌လောဆယ် နဂါးသင်္ချိုင်းတံခါးအတွင်း မဝင်ရောက်နိုင်” ဆိုသောအချက်ကို လက်ခံကြရမည်ပင်။

ထိုသို့ဖြင့် သိုင်းဂိုဏ်းအသီးသီးမှ လူများက နဂါးသင်္ချိုင်းတံခါးပတ်ဝန်းကျင်တွင် စောင့်ကြပ်ရန် လူအချို့ ချန်ထားခဲ့ကြပြီး သက်ဆိုင်ရာ သိုင်းဂိုဏ်းများသို့ ပြန်လည်ထွက်ခွာသွားကြတော့၏။

ရန်ကျောက်ကဲ ချန်လီတောင်သို့ ပြန်သွားပြီးနောက် သွေးနီနဂါးဂိုဏ်းကြောင့် ဖြစ်ပေါ်ခဲ့သော ကပ်ဆိုးကြီးသည်လည်း အဆုံးသတ်သွားခဲ့၏။

လေ့ဟွမ်ဂိုဏ်း မတော်တဆမှုဖြစ်ပွားပြီးနောက် တစ္ဆေဝိညာဉ်ဂိုဏ်းနှင့် ကျန်လုန်ဂိုဏ်းတို့သည်လည်း ရေသလင်းနန်းတော် ၊ ဓားအသင်္ချေရေကန်တို့ကို ဆက်လက်တိုက်ခိုက်ခြင်းမပြုဘဲ ချက်ချင်း ရပ်တန့်လိုက်ကြသည်။ ထို့သို့ဖြင့် ရေသလင်းနန်းတော်နှင့် ဓားအသင်္ချေရေကန်တို့၏ပြဿနာသည်လည်း ပြီးဆုံးသွားခဲ့သည်။

နှစ်ဖက်လုံးက ဝင်္ကပါပင်လယ်နှင့် လေ့ဟွမ်ဂိုဏ်း၏ အပြောင်းအလဲများကို အာရုံစိုက်မိကြပြီး အဖြစ်အပျက်များကို သိရှိပြီးနောက် တိုက်ပွဲကို ရပ်တန့်လိုက်ကြခြင်း ဖြစ်၏။ သမုဒ္ဒရာကမ္ဘာတစ်ခွင် ဖြတ်ကျော်လောင်ကျွမ်းခဲ့သော စစ်ပွဲမီးတောက်သည် ယခုအခါ ငြိမ်းသတ်သွားခဲ့ပြီး လျှင်မြန်စွာပင် မူလအတိုင်း ပြန်လည်ငြိမ်သက်သွားသည်။

သို့သော် လေထုကတော့ တင်းမာနေဆဲဖြစ်ပြီး လူတိုင်းက တစ်စုံတစ်ခုကို စောင့်မျှော်နေကြဟန်ရှိသည်။ မည်သို့ပင်ဖြစ်စေ ဤတိုက်ပွဲကြီးတွင် နှစ်ဖက်စလုံး ကြေကွဲဖွယ်ရာ ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။

လမ်းမှန်သိုင်းဂိုဏ်းများထဲတွင် သွေးနီနဂါးဂိုဏ်းက လုံးဝ ပျက်ဆီးလုနီးပါးဖြစ်သွားခဲ့သည်။ ကြံ့ဝိညာဉ်ကျွန်းမှ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် ထိပ်တန်းသိုင်းကျင့်ကြံသူ (၂)ယောက်လုံး ကျဆုံးသွားခဲ့ပြီး ရေသလင်းနန်းတော်သည်လည်း ရန်သူများဝိုင်းဝန်းတိုက်ခိုက်ခံရသဖြင့် အပျက်အဆီး အဆုံးအရှုံးများခဲ့သည်။

မိစ္ဆာဘက်ခြမ်းတွင်တော့ မိစ္ဆာသူတော်စင်’လင်ချန်းချန်’ နှင့် ရှားလော်ဂိုဏ်းချုပ် ‘ဖုန်းကျင်းရှန်’ သေဆုံးသွားခဲ့ပြီး လေ့ဟွမ်ဂိုဏ်းတစ်ခုလုံးကတော့ ပြားပြားတပ်သွားခဲ့၏။

လမ်းမှန်ဂိုဏ်းများရော မိစ္ဆာဂိုဏ်းများပါ နှစ်ဖက်လုံး အထိနာခဲ့ကြသည်။

တိုက်ပွဲကြီးအပြီးတွင် ရန်ကျောက်ကဲ၏ နာမည်ဂုဏ်သတင်းကတော့ ကောင်းကင်ထက်မှ နေမင်းကြီးပမာ အဆင့်တစ်ခုသို့ ထွန်းလင်းကျော်ကြော်ကြားသွားခဲ့သည်။

သမုဒ္ဒရာကမ္ဘာတွင် ရန်ကျောက်ကဲ၏ စွမ်းအားက ကျန်လုန်ဂိုဏ်းချုပ် ‌’ကျောက်ကျုန်း’ နှင့် ရေသလင်းနန်းတော်သခင်’လင်ရှီး’ တို့ထက်ပင် သာလွန်သွားပြီး လွှမ်းမိုးနိုင်စွမ်း အလွန်မြင့်မားသည်မှာ အငြင်းပွားနိုင်သောအရာ မဟုတ်ပေ။

အထူးသဖြင့် လမ်းမှန်ဂိုဏ်းများကိုရော မိစ္ဆာဂိုဏ်းများကိုပါ အာရုံစိုက််စေသည့်အချက်မှာ သွေးနီနဂါးဂိုဏ်းမှ နဂါးကိုးကောင်လက်ချောင်းက ရန်ကျောက်ကဲလက်အတွင်း ကျရောက်နေခြင်း ဖြစ်၏။

ရန်ကျောက်ကဲသာ ထိုနဂါးကိုးကောင်လက်ချောင်းကို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကဲ့သို့ သန့်စင်နိုင်မည်ဆိုပါက သမုဒ္ဒရာကမ္ဘာတွင် လောကပထမဖြစ်လာမည်မှာ အငြင်းပွားဖွယ် မရှိပေ။

သိုင်းသူတော်စင်များသာမက အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ စုပေါင်းလိုက်လျှင်ပင် ရန်ကျောက်ကဲကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။

သမုဒ္ဒရာကမ္ဘာတွင် အသက် (၂၀)ကျော်သာရှိသေးသော ထိုလူငယ်ကို နာမည်တိုက်ရိုက်ခေါ်ဆိုခြင်း တဖြည်းဖြည်း ရပ်တန့်သွားကြသည်။

ပထမတော့ “လျှပ်စီးဂဠုန်” ဟု ခေါ်ကြ၏။

သို့သော် ထိုနာမည်က မြောက်ပိုင်းသမုဒ္ဒရာသိုင်းသူတော်စင် ‘ကျွမ်ခွန်း’ ၏ ရုပ်အလောင်းကို သန့်စင်နိုင်ခဲ့သဖြင့် ခေါ်ဆိုခြင်းဖြစ်လေရာ ရန်ကျောက်ကဲအမည်နှင့်မသက်ဆိုင်ဘဲ “မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား” ကြောင့် အစွမ်းထက်ရသည့်ပမာ လှောင်ပြောင်းနေသည်နှင့် ဆင်တူသဖြင့် အခေါ်အဝေါ် ပြောင်းလိုက်ကြသည်။

ယခုအခါ သူ့ကို လူအများက “ခြေရာမဲ့နဂါးဘုရင်” သို့မဟုတ် “ခြေရာမဲ့တိမ်တိုက်’ရန်’” ဟု ခေါ်ဆိုကြသည်။

တိမ်တိုက်များကြားတွင် သဲလွန်စမရှိ ပုန်းကွယ်နေသောနတ်နဂါးကြီး၏ ဦးခေါင်းနှင့်အမြီးကိုပင် မမြင်နိုင်သလို သမုဒ္ဒရာကမ္ဘာတွင် ရုတ်တရက်ပေါ်လာပြီး ဇာစ်မြစ်ထင်ရှားမသိရဘဲ မိုးမြေတစ်ခွင်ကို တုန်လှုပ်စေသည့် ဤလူငယ်အား လူတိုင်းက ကြောက်ရွံ့ထိတ်လန့် ကိုးကွယ်ကြ၏။

ဤလူငယ်သည် လမ်းမှန်တာအိုနှင့် မိစ္ဆာတာအို လမ်းစဉ် (၂)ခုလုံးတွင် အထွတ်ထိပ်ဖြစ်သည်။

ထိပ်သီးသိုင်းဂိုဏ်းကြီးများသာမက ၎င်းတို့အောက်မှ အလယ်ဆင့်စွမ်းအားစုများ ၊ အဆင့်နိမ့်စွမ်းအားစုများ ၊ တစ်ကိုယ်တော်သိုင်းကျင့်ကြံသူများ အားလုံးအတွက် ရန်ကျောက်ကဲသည် တုနှိုင်းမရသော လေးစားလောက်စရာ သိုင်းသူရဲကောင်းတစ်ယောက် ဖြစ်သည်။

ဤလူငယ်က လူအများ တစ်ဘဝလုံးကျင့်ကြံသည့်တိုင် မရရှိနိုင်သည်များကို ပြီးမြောက်အောင်မြင်ခဲ့ပြီး ထင်ရှားကျော်ကြားမှု အရှိန်အဟုန်က မကြုံစဖူးမငြ့်မားလှလေရာ သမုဒ္ဒရာကမ္ဘာတစ်ခွင် သက်ရှိဒဏ္ဍာရီတစ်ခုပမာ ဖြစ်နေပေပြီ။

ရန်ကျောက်ကဲအပေါ် ရန်ငြိုးထားသူ အနည်းငယ်သာလျှင် သူ့ကို မကောင်းသတင်းပြောကြသော်လည်း နောက်ကွယ်တွင်သာ ပြောဆိုဝံ့ကြသည်။

သူ ယာယီနေထိုင်သည့် ချန်လီတောင်တွင်ဆိုလျှင် ရန်ကျောက်ကဲက အထူးခြားဆုံး ၊ အလေးထားရဆုံး ဧည့်သည်တော်တစ်ယောက် ဖြစ်နေပေပြီ။

“နဂါးသင်္ချိုင်းတံခါးထဲကိုမဝင်ခင် အချိန်တစ်ခုတော့ စောင့်ရလိမ့်မယ် ၊ ဘယ်သူမဆို စိတ်ရှည်ရှည်နဲ့ စောင့်ကြရမှာပဲ ၊ အချိန်ကျရင်တော့ အရေးကြီးကိစ္စတစ်ခု ဖြစ်လာမှာ အသေအချာပဲ ၊ တခြားဂိုဏ်းကလူတွေလည်း အဲဒီထဲကိုဝင်ဖို့ အခုကတည်းက ပြင်ဆင်နေကြလိမ့်မယ်”

ရန်ကျောက်ကဲက သူ့အရှေ့မှ ချန်လီတောင်သိုင်းသမားများကို တစ်ချက်ဝေ့ကြည့်ရင်း စကားဆိုသည်။

ချန်လီတောင်ဂိုဏ်းချုပ် ‘ကောင်းထျန်းကျုန်းက ခေါင်းတစ်ချက်ညိတ်ရင်း...

“အမှန်ပါပဲ ၊ အချိန်ကျလာရင် ‘ရန်’ သခင်လေး တတ်နိုင်သလောက် ကူညီပေးဖို့ မျှော်လင့်ပါတယ်”

ရန်ကျောက်ကဲကပြုံးရင်း...

“’ကောင်း’ ဂိုဏ်းချုပ်က အားနာနေပြန်ပါပြီ”

***

ချန်လီတောင်မှ ထွက်ခွာလာပြီးနောက် ရန်ကျောက်ကဲ ၊ ရွှီဖေးနှင့် ရှီကျွင်းတို့ ပင်လယ်လောင်မြိုက်စမ်းချောင်းလေးရှိရာသို့ ရောက်လာကြသည်။

အတူလမ်းလျှောက်လာစဉ် ရွှီဖေးက...

“အဲဒီ နဂါးသင်္ချိုင်းတံခါးက မင်းနဲ့ ဆရာဒေါ်လေး’ဖူ’ အစွန်းရောက်ရှစ်ပါးကမ္ဘာကိုပြန်ဖို့ သက်ရောက်မှု ရှိနိုင်သလား”

ရန်ကျောက်ကဲက နှုတ်ခမ်းကို ပွတ်သပ်ရင်း...

“သေချာတော့ မပြောနိုင်သေးဘူး ၊ ဒါပေမဲ့ နဂါးသင်္ချိုင်းတံခါးပွင့်သွားတာက သမုဒ္ဒရာကမ္ဘာရဲ့ ဝိညာဉ်စွမ်းအားကွန်ယက်နဲ့ စီးကြောင်းတွေသာမက အချိန်နဲ့ အာကာသနေရာ နယ်နိမိတ်တွေကို အများကြီး သက်ရောက်မှုရှိတယ်”

ပြောရင်း သူက စန့်ချုန်ကြေးမုံမှန်ကို ထုတ်ယူလိုက်သည်။

ကြေးမုံမှန်မှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်သော်လည်း အလင်းရောင်များလင်းလက်တောက်ပနေခြင်း မရှိသေးပေ။  ရန်ကျောက်ကဲ စိတ်တစ်ချက်ညွှတ်လိုက်တော့မှ ခပ်မှိန်မှိန်အလင်းတန်းများထွက်ပေါ်လာပြီး အဝေးတစ်နေရာထိတိုင် ရောက်ရှိသွားသည်။

အလင်းတန်းဦးတည်ရာကိုကြည့်ရင်း ရွှီဖေးနှင့် ရှီကျွင်းတို့နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။

“ဒါက...”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“အမှန်ပဲ... လေ့ဟွမ်ဂိုဏ်းတည်နေရာ ကျားမောက်တောင်တန်းကို ဦးတည်နေတာပဲ ၊ အဲဒီအနီးအနားပတ်တန်းကျင်မှာ ကမ္ဘာဖြတ်လမ်းကြောင်းရှိနိုင်သလို နဂါးသင်္ချိုင်းတံခါးကိုယ်တိုင်လည်း ဖြစ်နိုင်တယ် ၊ အဲဒီလိုဆိုရင်တော့ နဂါးသင်္ချိုင်းတံခါးထဲဝင်လိုက်တာနဲ့ အစွန်းရောက်ရှစ်ပါးကမ္ဘာကို တန်းရောက်သွားနိုင်တယ်”

“စန့်ချုန်ကြေးမုံက အခုချိန်ထိ ပြန်ကောင်းမလာသေးဘူး ၊ သူ အပြည့်အဝ ပြန်ကောင်းလာမှ နေရာအတိအကျကို ဆုံးဖြတ်နိုင်မှာပဲ ၊ တကယ်လို့ ကမ္ဘာဖြတ်လမ်းကြောင်းက နဂါးသင်္ချိုင်းတံခါးထဲမှာဆိုရင်တော့ ငါတို့အတွက် အိမ်အပြန်လမ်း သေချာပြီပေါ့”

ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...

“တကယ်တော့ နဂိုကတည်းက အဲဒီလို ဖြစ်နိုင်တယ်လို့ ခံစားနေရတာ”

အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် သမုဒ္ဒရာကမ္ဘာနှစ်ခုလုံးတွင် “နဂါးများစွာ၏သင်္ချိုင်းမြေ”  နှင့်ပတ်သက်သော ဒဏ္ဍာရီများ ရှိသည်ဖြစ်ရာ ထိုနေရာတွင် ကမ္ဘာဖြတ်လမ်းကြောင်းတည်ရှိရန် ဖြစ်နိုင်ခြေ အလွန်များသည်။

ရန်ကျောက်ကဲနှင့် ဖူအန်းစုတို့ သမုဒ္ဒရာကမ္ဘာသို့ ရောက်လာစဉ်က နဂါးသင်္ချိုင်းတံခါး မဖွင့်ရသေးပေ။ ယခု နဂါးသင်္ချိုင်းတံခါးပွင့်လာပြီဖြစ်ရာ သမုဒ္ဒရာကမ္ဘာ၏ အချိန်နှင့် အာကာသနေရာများ ပြောင်းလဲသွားပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် လမ်းကြောင်းပွင့်သွားနိုင်သည်။ ထိုလမ်းကြောင်းနေရာက နဂါးသင်္ချိုင်း ဖြစ်နိုင်၏။

“အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ဘာတွေဖြစ်နေပြီလဲ ငါ သိချင်လိုက်တာ...”

ရန်ကျောက်ကဲ ရေရွတ်လိုက်လေသည်။

All Chapters