ငြင်းဆိုချေပ
Vol. 39 Ch. 554
အခန်း (၅၅၄) ငြင်းဆိုချေပ
မီးတောက်မိစ္ဆာများနှင့် အဆုံးသတ်တိုက်ပွဲဆင်နွှဲရန်အတွက် လူသားသိုင်းသမားများစွာ အရှေ့ပင်လယ်တွင် စုဝေးခဲ့ကြသည်။
ထိုတိုက်ပွဲတွင် ဝါဒတောင်မှ ရန်တိ ၊ ပန်းချီဆရာသူတော်စင် အဘိုးအို’မော့’ ၊ နေသူတော်စင်ဂိုဏ်းမှ ဟွမ်ကွမ်လီနှင့် ကျောက်စိမ်းပင်လယ်မြို့တော်သခင် ‘စုန့်ဝူလျန်’ တို့ အတူတကွလက်တွဲပြီး ထိုက်ယီချိုးဖျက်အစီအရင်ကို အသုံးပြုကာ အောင်မြင်မှု ရယူနိုင်ခဲ့သည်။ မီးတောက်မိစ္ဆာကမ္ဘာနှင့် ချိတ်ဆက်ထားသော ကမ္ဘာဖြတ်လမ်းကြောင်းကို အတိုင်းအတာတစ်ခုအထိ ချိတ်ပိတ်ထားနိုင်ခဲ့၏။
တိုက်ပွဲတွင် အနိုင်ရခဲ့သဖြင့် လူသားသိုင်းသမားများ ပျော်ရွှင်ခဲ့ကြရသည်။ ထိုတိုက်ပွဲတွင် မီးတောက်မိစ္ဆာများစွာကို သတ်ဖြတ်ပစ်နိုင်ခဲ့ပြီး ကမ္ဘာဖြတ်လမ်းကြောင်းကိုလည်း ချိတ်ပိတ်နိုင်ခဲ့သည်။ မီးတောက်မိစ္ဆာများအနေဖြင့် အချိန်အတန်ကြာသည်အထိ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
ပြောရလျှင် မီးတောက်မိစ္ဆာများ၏ပြဿနာ အတော်လေးသက်သာသွားသည်ဟု ဆိုနိုင်သည်။
မီးတောက်မိစ္ဆာကမ္ဘာနှင့် ချိတ်ဆက်ထားသော ကမ္ဘာဖြတ်လမ်းကြောင်းကို တံဆိပ်ခတ်နိုင်ခဲ့သော ထိုက်ယီချိုးဖျက်အစီအရင်သည် ဝါဒတောင်မှဆင်းသက်လာခြင်းဖြစ်လေရာ ဝါဒတောင်၏နာမည်ဂုဏ်သတင်း အကြီးအကျယ် မြင့်တက်သွားခဲ့သည်။
သို့ပေသိ ထိုတိုက်ပွဲတွင် လူသားသိုင်းသမားများစွာသည်လည်း ကြီးမားသောတန်ဖိုး ပေးဆောင်ခဲ့ကြရသည်။
ထိုအထဲတွင် အထင်ရှားဆုံးမှာ အစွန်းရောက်ရှစ်ပါးကမ္ဘာမှ နံပါတ် (၁) ပါရမီရှင် နဂါးစီးနှင်သိုင်းသူရဲကောင်း ‘ထိုက်စန့်လုန်ချန်’ ရန်ကျောက်ကဲပင် ဖြစ်၏။
ထိုက်ယီချိုးဖျက်အစီအရင်ဖြင့် မီးတောက်မိစ္ဆာကမ္ဘာလမ်းကြောင်းကို ချိတ်ပိတ်စဉ် စည်းတံဆိပ်ကို သိပ်သည်းစေလိုက်သည့်အခါ ထိုနေရာ၏ အတွင်းရော အပြင်မှာပါ ကြီးမားသောအဖျက်စွမ်းအားများ ထွက်ပေါ်လာသည်။
သိုင်းသူတော်စင်အဆင့်အောက် မည်သည့်ကျင့်ကြံသူမဆို အသက်ရှင်ရန် ခက်ခဲလှ၏။
ထိုအချိန်က ရန်ကျောက်ကဲသည် အစီအရင်ထဲတွင် ရှိနေခဲ့သည်။ သို့သော် စည်းတံဆိပ်ချိတ်ပိတ်ပြီးသွားသည့်တိုင် ရန်ကျောက်ကဲ အစီအရင်အတွင်းမှ ထွက်မလာနိုင်ခဲ့ပေ။ သူ့ကို ဝိုင်းဝန်းရှာဖွေကြသော်လည်း မည်သည့်နေရာတွင်မှ မတွေ့ရသဖြင့် ဝါဒတောင်မှလူတိုင်း စိတ်ထဲလေးလံစွာ ခံစားကြရသည်။
ယုတ္တိကျကျဆိုရသော် အစီအရင်မှထွက်ပေါ်လာသော အဖျက်စွမ်းအားများကြားတွင် ရန်ကျောက်ကဲ သေဆုံးသွားဟန် ရှိသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ဝါဒတောင်မှသိုင်းသမားများအားလုံး အလွန်တရာ စိတ်ပျက်ဝမ်းနည်းခံစားကြရသော်လည်း ရန်ကျောက်ကဲကို လက်မလျှော့တမ်း ရှာဖွေနေကြဆဲ ဖြစ်သည်။
သို့ပေသိ အချိန်ကြာလာသည်နှင့်အမျှ ရန်ကျောက်ကဲ၏သတင်းမှာလည်း စုပ်စမြုပ်ပျောက်ကွယ္သွားလေရာ သူတို့အတွက် မျှော်လင့်ချက်များ ပိုမိုမှေးမှိန်လာသည် ဆိုရမည်။
ရန်ကျောက်ကဲအပြင် ဝါဒတောင်မှ ထိပ်တန်းအကြီးအကဲ ‘ဖူအန်းစု’ သည်လည်း ထို စည်းတံဆိပ်ကြောင့် ပုံပျက်နေသည့် ဗလာနယ်အနီးတစ်ဝိုက်တွင် အသက်ဆုံးခဲ့ရသည်။
ဖူအန်းစု သေဆုံးရသည့်အကြောင်းရင်းကြောင့် အရှေ့ပင်လယ်တွင် ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်း တိုက်ပွဲဖြစ်ပွားခဲ့ကြသေးသည်။
အရှေ့ပင်လယ်တွင် မီးတောက်မိစ္ဆာကမ္ဘာဖြတ်လမ်းကြောင်းကို စည်းတံဆိပ်ခတ် ချိတ်ပိတ်စဉ် နေသူတော်စင်ဂိုဏ်းမှ ထိပ်တန်းအကြီးအကဲတစ်ယောက် ရောက်ရှိလာပြီး ဖူအန်းစုကို ရုတ်ရက် တိုက်ခိုက်ခဲ့သည်ဟု ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားတို့က တောင်ပေါ်သို့ သတင်းပို့ခဲ့ကြသည်။ ထို့ကြောင့်ပင် စည်းတံဆိပ်ခတ်ခြင်းအနီးပတ်ဝန်းကျင် အဖျက်စွမ်းအားများကြားတွင် ဖူအန်းစု သေဆုံးခဲ့ရသည်။
ထိုသတင်းကြောင့် ဝါဒတောင်က မကျေမနပ်ဖြစ်ကာ နေသူတော်စင်ဂိုဏ်းနှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။
ထိုအချိန် ကြီးမားသည့်အဖြစ်အပျက်တစ်ခု မထင်မှတ်ဘဲ ဖြစ်ပျက်သွားခဲ့၏။
မီးတောက်မိစ္ဆာများနှင့်တိုက်ပွဲတွင် အဆုံးမဲ့တောင်တန်းဂိုဏ်းချုပ် ‘ချူးယွင်’ ဒဏ်ရာအပြင်းအထန်ရသဖြင့် သူ့ကို တောင်ပေါ်သို့ ပြန်ပို့လိုက်ရသည်။ ထို့ကြောင့် ချူးယွင်က အထွတ်ထိပ်မှော်ဝင်လက်နက်ဖြစ်သော မိုးဖြိုပုဆိန်ကို အဆုံးမဲ့တောင်တန်း၏ ဘိုးဘေးအကြီးအကဲ ‘လီကျင်းတု’ လက်ထဲအပ်နှင်းခဲ့သည်။
မိုးဖြိုပုဆိန်မှာ အတော်လေးပျက်ဆီးနေသော်လည်း မီးတောက်မိစ္ဆာများကို တိုက်ခိုက်နိုင်သေးသဖြင့် လီကျင်းတုနှင့်အတူ အရှေ့ပင်လယ်တွင် ဆက်လက်တိုက်ပွဲဝင်နေခဲ့သည်။
စည်းတံဆိပ်ချိတ်ပိတ်ပြီးသည့်နောက် အခြေအနေများက ခဏတာ ပရမ်းပတာ ဖြစ်သွားခဲ့သည်။
အခြေအနေ တဖြည်းဖြည်း ငြိမ်သက်သွားချိန်တွင် အကြီးအကဲ ‘လီကျင်းတု’ အသတ်ခံခဲ့ရကြောင်း အဆုံးမဲ့တောင်တန်းမှ သိုင်းသမားများ အံ့သြတုန်လှုပ်စွာ သိရှိခဲ့ရသည်။
ထိုအချိန် အထွတ်ထိပ်မှော်ဝင်လက်နက်ဖြစ်သော ‘မိုးဖြိုပုဆိန်’ သည် နေသူတော်စင်ဂိုဏ်းလက်ထဲ ရောက်ရှိနေပြီ ဖြစ်၏။
ထိုသတင်းက အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
မိုးဖြိုပုဆိန်နှင့် ထူးကဲယင်သရဖူကို ပိုင်ဆိုင်လိုက်သည်နှင့် အင်အားနည်းပါးနေသော နေသူတော်စင်ဂိုဏ်း၏စွမ်းအားက တဟုန်ထိုး မြင့်မားလာခဲ့သည်။
ရန်တိ ၊ အဘိုးအို’မော့’ နှင့် စုန့်ဝူလျန်တို့က အရှေ့ပင်လယ်စည်းတံဆိပ်ထဲတွင် ပိတ်မိနေဆဲအချိန်တွင် ဝါဒတောင် ၊ ကျောက်စိမ်းပင်လယ်မြို့တော်နှင့် အဆုံးမဲ့တောင်တန်းတို့အတွက် ပိုမိုဆိုးရွားစေသည့်အချက်မှာ ကောင်းကင်မိုးကြိုးခန်းမ၏ အရှင်သခင် ‘ချန်လီ ‘ပေါ်လာပြီး နေသူတော်စင်ဂိုဏ်းနှင့် ပူးပေါင်းခဲ့ခြင်းပင်။
သူတို့နှစ်ဂိုဏ်း ပူးပေါင်းသွားသဖြင့် လှိုင်းနက်ဂေဟာမှ ဂေဟာသခင်မ အန်းချင်လင်သည်ပင် အတော်လေး သတိကြီးစွာ ထားခဲ့ရသည်။
ဝါဒတောင်က မြေကမ္ဘာနယ်မြေမှ ငရဲကိုးထပ်ကျူးကျော်မှုကို နှိမ်နင်းနိုင်ခဲ့သော်လည်း ဘိုးဘေးအကြီးအကဲ ကောင်းကင်ခြေရာတိုင်းသူ သိုင်းသူတော်စင် ‘ယွမ်ကျန်းဖုန်း’ က ပရမ်းပတာ ဗလာနယ်ထဲတွင် ပျောက်ဆုံးသွားခဲ့သည်။ ထိုသို့ဖြစ်ရသည်မှာ ကောင်းကင်မိုးကြိုးခန်မသခင် ‘ချန်လီ’ က သွေးပျက်ပြီး တိုက်ပွဲအတွင်းမှ ထွက်ပြေးသောကြောင့် ဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ဝါဒတောင်က “အန္တရယ်ကြုံတွေ့ချိန်တွင် ထွက်ပြေးသူအဖြစ်” လူသိရှင်ကြား ထုတ်ဖော်စွဲချက်တင်သော်လည်း ချန်လီက ငြင်းဆိုခဲ့သည်။ ငြင်းဆိုရုံသာမက ငရဲကိုးထပ်အန္တရယ်ကိုတားဆီးရာတွင် ဝါဒတောင်မှ ရန်ကျောက်ကဲက ရှားပါးရတနာပစ္စည်းတစ်ခုကို လောဘကြီးစွာဖြင့် ရယူလိုသည့်အတွက် စည်းတံဆိပ်ပျက်ဆီးလုနီးပါးဖြစ်ခဲ့ပြီး နတ်ဆိုးများ အောင်ပွဲရလုနီးပါးဖြစ်ခဲ့သည်ဟု ပြန်လည်ချေပခဲ့၏။
အဆုံးသတ်မှာတော့ ငရဲတံခါးအက်ကွဲကြောင်းကို အောင်မြင်စွာ စည်းတံဆိပ်ခတ်ခဲ့ပြီး နတ်ဆိုးများဝင်ရောက်မလာအောင် တားဆီးခဲ့သူမှာ ‘ချန်လီ’ ဆိုသော သူကိုယ်တိုင်ပင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ဝါဒတောင်က အတော်လေး မကျေမနပ် ဖြစ်ခဲ့သော်လည်း မြေကမ္ဘာနယ်မြေတွင် တိုက်ပွဲဝင်ခဲ့ကြသော သိုင်းသမားများအားလုံးက တိုက်ပွဲတွင် ကျဆုံးသွားခဲ့သဖြင့် သက်သေလုပ်ပေးနိုင်သူ မရှိတော့ပေ။
လွတ်မြောက်လာသူများထဲတွင် ဖန်ကျွင်းက သတိလစ်မေ့မျောနေပြီး ရန်ကျောက်ကဲက သဲလွန်စမရှိ ပျောက်ကွယ်နေခဲ့သည်။ ထို့ကြောင့် ထိုအချိန်က အဖြစ်အပျက်များကို တရားဝင်ပြောပြနိုင်သည့်သက်သေမှာ ချန်လီတစ်ယောက်သာလျှင် ရှိသည်။
ထို့ကြောင့် ဝါဒတောင်အနေဖြင့် သူ့ကို ပြန်လည်ချေပရန် အားနည်းသွားခဲ့ပြီး တစ်ဖက်နှင့်တစ်ဖက် ငြင်းခုံမှုများတွင် အမှားအမှန် ခွဲခြားမရ ဖြစ်လာသည်။
မီးတောက်မိစ္ဆာများနှင့် ငရဲကိုးထပ်တို့ကို တစ်ပြိုင်နက်တည်း နှိမ်နင်းနိုင်ခဲ့သဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာသည် ပြင်ပအင်အားစုများ၏ အန္တရယ်ပြု ခြိမ်းခြောက်မှုမှ ကင်းစင်သွားသည်။ သို့သော် ကမ္ဘာအခြေအနေကတော့ မငြိမ်သက်ခဲ့ပေ။ ထိပ်သီးသိုင်းဂိုဏ်းကြီးများကြားတွင် တိုက်ပွဲရနံ့များ လွှမ်းခြုံနေသည်မှာ ထင်ရှားသည်။
မီးတောက်မိစ္ဆာများနှင့် ငရဲကိုးထပ်ကို တစ်ပြိုင်တည်းတိုက်ခိုက်ရင်း ကြီးမားသောတိုက်ပွဲကြီးများ ရင်ဆိုင်ရသဖြင့် ဆုံးရှုံးမှုများ များပြားခဲ့သည်။
နေသူတော်စင်ဂိုဏ်းမှ ရရှိသွားသော မိုးဖြိုပုဆိန်မှာလည်း ပျက်ဆီးလျှက်ရှိပြီး ထူးကဲယင်သရဖူကိုကိုင်ဆောင်သော မန်ဝမ်မှာလည်း မီးတောက်မိစ္ဆာများနှင့် တိုက်ခိုက်စဉ်က ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့၏။
အချင်းချင်း တိုက်ခိုက်ရင်းဖြင့်ပင် ထိပ်သီးသိုင်းဂိုဏ်းအသီးသီးသည် သူတို့ရရှိခဲ့သော ပျက်ဆီးမှုများ ပြန်လည်ကောင်းမွန်လာစေရန် အင်အားအသစ်တစ်ဖန် စုစည်းခဲ့ကြသည်။
***
“တူမလေး’ဖန်း’ ၊ မင်းရဲ့ဒဏ်ရာတွေက သက်သာနေပါပြီ ၊ မင်းခန္ဓာကိုယ်မှာ အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ မကျန်တော့ပါဘူး”
ဝါဒတောင်မှ အကြီးအကဲ’ဖုန်းချီ’ က ဖန်းယွင်ရှန်းကို ကြည့်ရင်းဆိုသည်။
“ဒီဒဏ်ရာတွေက မင်းရဲ့ကျင့်ကြံခြင်းကိုလည်း မထိခိုက်နိုင်ပါဘူး”
ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...
“ဂိုဏ်းတူညီမလေး ‘ယင်လျိုဟွား’ ရော ဘယ်လိုနေသေးလဲ”
ဖုန်းချီက...
“သူလည်း ဘာမှမဖြစ်ပါဘူး ၊ မင်းတို့နှစ်ယောက်လုံး အပေါ်ယံဒဏ်ရာတွေပဲ ရခဲ့ကြတာပါ”
ဖန်းယွင်ရှန်းက ဖုန်းချီကို ဦးညွှတ်ဂါရဝပြုရင်း...
“ကျေးဇူးတင်ပါတယ် ဆရာဦးလေး’ဖုန်းချီ”
ဖုန်းချီ၏သား ဖုန်းမော့ယန်က သေးငယ်ပြီး အနုစိတ်လက်ရာလေးများခြယ်သထားသည့် လှပသော ကြွေပုလင်းလေးတစ်လုံးကို ဖန်းယွင်ရှန်းကို ပေးလိုက်သည်။
“ဒီထဲက ဆေးလုံးကို တစ်နေ့တစ်လုံးနဲ့ (၃)ရက် သောက်ပါ”
ဖန်းယွင်ရှန်းက ကြွေပုလင်းလေးကိုယူရင်း...
“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို’ဖုန်း’”
ဖုန်းမော့ယန်က...
“ကျောက်ကဲနဲ့ ဆရာဒေါ်လေး’ဖူ’ တို့ ဘာမှ မဖြစ်လောက်ပါဘူး ၊ ကံကြမ္မာမျက်နှာသာပေးလို့ သူတို့အားလုံး အန္တရယ်ကင်းကြမှာပါ ၊ ဒါကြောင့် မင်း သူတို့အတွက် စိုးရိမ်နေနဲ့ ၊ ပြီးတော့ မင်းနဲ့ ဂိုဏ်းတူညီမလေး’ယင်လျိုဟွား’ တို့ အန္တရယ်ကင်းတာသိရင် သူတို့လည်း အရမ်းဝမ်းသာကြမှာပါ”
ဖန်းယွင်ရှန်းက မည်သည့်စကားမှမဆိုဘဲ ခေါင်းညိတ်လိုက်သည်။
ဖုန်းမော့ယန်က ဖန်းယွင်ရှန်းကို ကြည့်ရင်း...
“ဂိုဏ်းတူညီမလေး’ဖန်း’ ၊ သတ္တမအကြိမ် ထူးကဲယင်ပြိုင်ပွဲမှာ အားလုံးကိုအနိုင်ယူပြီး ကံကောင်းခြင်းတွေနဲ့အတူ ထူးကဲယင်သရဖူကို ရယူနိုင်ပါစေလို့ ကြိုတင်ပြီး ဆုတောင်းပေးပါတယ်ဗျာ...”
ထိုစကားကိုကြားတော့ ဖန်းယွင်ရှန်းမျက်ဝန်းများ တလဲ့လဲ့တောက်ပသွားသည်။
သူမက “အစွမ်းကုန်ကြိုးစားပါ့မယ်” ဟု မပြောဘဲ လေးနက်စွာခေါင်းညိတ်ရင်း...
“ကျွန်မ သေချာပေါက် အနိုင်ရမှာပါ”
သူမစကားသံက မောက်မာခြင်းလည်း မရှိသလို ဝင့်ကြွားခြင်းလည်းမရှိပေ။ ထို့အတူ ကြောက်ရွံ့ခြင်းလည်းမရှိဘဲ ကမ္ဘာမြေထုပမာ တည်ငြိမ်ပြီး ကျောက်သားပမာ ခိုင်မာသည်။
ဖုန်းချီက...
“ကလေးမ... မင်းက တာဝန်ကို ကြောက်တတ်တဲ့သူမျိုး မဟုတ်ဘူး ၊ ဒါကြောင့် ဒီအဘိုးကြီးက မင်းကို ဖိအားပေးမှာ မဟုတ်ဘူး ၊ အားလုံးက မင်းအပေါ်ပဲ မူတည်ပါတယ်”
“ဆရာဦးလေးပြောတဲ့စကားအတိုင်းပါပဲ”
ထို့နောက် ဖန်းယွင်ရှန်းတစ်ယောက် ဖုန်းချီတို့သားအဖထံမှ ပြန်လာခဲ့သည်။
အပြင်ဘက်တွင် စစ်ခုန်ချင်းနှင့် ယင်လုန်ထူတို့က သူမကို စောင့်နေလေသည်။ ဖန်းယွင်ရှန်းက သူမ အခြေအနေကောင်းမွန်ကြောင်း သူတို့ဆီသို့ ခေါင်းညိတ်ပြလိုက်၏။
အပြန်လမ်း သူတို့ (၃)ယောက် အတူတူ လမ်းလျှောက်လာစဉ် စစ်ခုန်ချင်းက မေးမြန်းသည်။
“နေသူတော်စင်ဂိုဏ်းက ထူးကဲယင်သရဖူကို ဆုပ်ကိုင်ထားချင်တဲ့အတွက် ထူးကဲယင်ပြိုင်ပွဲကို ဖျက်သိမ်းလိုက်နိုင်မလား”
ဖန်းယွင်ရှန်းက...
“ဟင့်အင်း... သူတို့ အဲဒီလို မလုပ်လောက်ဘူး ၊ အဲဒီလိုလုပ်လိုက်ရင် လှိုင်းနက်ဂေဟာကို ငါတို့ဘက် တွန်းပို့သလို ဖြစ်သွားလိမ့်မယ် ၊ ပြီးတော့ ကောင်းကင်မိုးကြိုးခန်းမကလည်း သဘောတူမှာမဟုတ်ဘူး ၊ နေသူတော်စင်ဂိုဏ်းက မိုးဖြိုပုဆိန်ကိုရယူထားပေမယ့် သူတို့လုပ်ချင်သလိုလုပ်လို့တော့ မရသေးပါဘူး”
စစ်ခုန်ချင်း ခေါင်းညိတ်လိုက်သည်။
သူမ၏ ကြည်လင်သောမျက်ဝန်းများတွင် အေးစက်သောအလင်းတန်းတစ်ခု တောက်ပသွားပြီး...
“အဲဒါဆိုရင်တော့ ကောင်းတာပေါ့”
ဖန်းယွင်ရှန်းက ပင့်သက်တစ်ချက်ရှိုက်ရင်း...
“အင်း... အဲဒီလိုဆိုရင်တော့ ကောင်းတာအမှန်ပါပဲ”
တိတ်ဆိတ်စွာ လမ်းလျှောက်လာရင်း ဖန်းယွင်ရှန်းမျက်ဝန်းများ တစ်ချက် တုန်ခါသွားသည်။ သူမစိတ်အာရုံတွင် ပုံရိပ်များ တစ်ခုပြီးတစ်ခု ထင်ဟပ်လာသည်။
သူမ၏ ဆရာဖြစ်သူ ‘ဖူအန်းစု’ ၊ ဆရာဘိုးဘိုး ‘ယွမ်ကျန်းဖုန်း’။
ပြီးတော့...
ပြုံးရယ်နေသည့် ‘ရန်ကျောက်ကဲ’ ၏ ခပ်ချောချောမျက်နှာ...။
ထိုသူက ကြည်လင်သန့်စင်ပြည့်း ရည်မွန်သိမ်မွေ့သည်ထင်မှတ်ရသော်လည်း တကယ်တမ်းမှာတော့ အတော်လေး ဝင့်ဝင့်ကြွားကြွားရှိလေသည်။