အတွင်းစည်းဂိုဏ်းလေ့ကျင့်ရေး
Vol. 3 Ch. 29
ရင်ထျန်းလုံသည် မျက်နှာကိုအောက်ငုံ့ကာ သူရှေ့ရှိကျောက်စိမ်းပြားတွင် ထွင်းထုထားသော နံပါတ်(၈) ဟူသော အက္ခရာကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် လက်များကို နောက်သို့ပစ်ထားလိုက်ရင်း လေပေါ်လမ်းလျှောက်ပညာကို အသုံးပြုပျံဝဲကာ စင်မြင့်ပေါ်သို့တက်သွားလေသည်။
စင်မြင့်ကို ခြေထောက်နှင့်ထိလိုက်သည်ဆိုလျှင်ပဲ ဝန်တမ်ဖေးက သူ၏ခြေထောက်များကို ‘မ’ လိုက်သည်။ ရုတ်တရက် စင်မြင့်ကြီးတစ်ခုလုံးက “တဒုန်းဒုန်း’မြည်သံများနှင့် အတူယိမ်းထိုးလှုပ်ယမ်းလာလေတော့သည့်။ စင်မြင့်၏ထောင့်လေးခုရှိ လေထုအဟုန်များသည် တစ်နေရာထဲတွင်စုလာပြီး စွမ်းအားကြီးတစ်ခုဖြစ်လာ၏။ ဝမ်တန်ဖေးကား နေရာကပင်မရွေ့။ သို့သော် အလွန်အင်အားကြီးမားသော မမြင်ရသည့် စွမ်းအားအစိုင်အခဲကြီးတစ်ခုကို ရင်ထျန်းလုံထံသို့ပစ်လွတ်လိုက်လေသည်။
၎င်းကိုမြင်လိုက်ရသော ရင်ထျန်းလုံမျက်နှာ ‘ကွက်ခနဲ’ပျက်သွားသည်။ ဝမ်တန်ဖေးမှာ တုတ်တုတ်မျှပင်မလှုပ်သည့်တိုင် ရင်ထျန်းလုံထံသို့ တည့်တည့်ကြီးတိုး၍ဝင်လာသော အလွန် ပမာဏကြီးမားသည့် တွန်းအားကြီးတစ်ခုမှာ သူအဖို့ရာ သူ၏ကျင့်ကြံမှုအတွင်းအားကို ထုတ်သုံးရန်ပင် ခက်ခဲလွန်းလှသည်။
“ငါအရှုံးပေးပါတယ်..”
သူ တုံ့ဆိုင်းမနေဘဲပြောလိုက်သည်။ သူ၏ဆုံးဖြတ်ချက်နှင့်ပက်သက်၍ မည်သည့်ဝေဖန်သံကိုမျှမကြားရ။ သူသည် လက်နှစ်ဖက်ကိုယှက်၍ ဂါရဝပြုလိုက်ကာ စင်မြင့်ပေါ်ကဆင်းပြီး လေ့ကျင့်ကွင်းက ထွက်သွားလေသည်။
ဆရာကြီးအိုးရန်က မည်သို့မျှပင် အံ့ဩမှုမပြဘဲ နောက်တစ်ကြိမ်ထပ်မံ၍ အေးဆေးစွာပြောလိုက်သည်။
“ဝမ်တန်ဖေးနိုင်တယ်၊ ဒုတိယအသုတ် နံပါတ်(၂) နဲ့ (၇)”
ဆရာဘိုးဘိုး၏ ပါးစပ်မှ ကြေညာလိုက်ပြီးပြီးချင်းမှာပင် ဖက်တီးသည် နံပါတ်(၂)ဟုရေးထိုးထားသော သူ၏ကျောက်စိမ်းပြားကို ကြည့်ရင်း တုန်တုန်ယင်ယင်ဖြစ်လာလေ၏။ တစ်ချိန်တည်းမှာပင် ချီဓာတ်အတွင်းအား အဆင့်(၅)ရှိသည့် အမာရွတ်မျက်နှာနှင့်လူမှာ သူ့ကို စိန်းစိန်းဝါးဝါးကြည့်ရင်း စင်မြင့်ပေါ်သို့တက်သွားလေသည်။
“တက်သွားလိုက်၊ ပြီးရင်အရှုံးပေးလိုက်”
မန်ဟိုက သူ့ကိုခပ်တိုးတိုးပြောလိုက်ပြီး၊ အရှေ့သို့တွန်းထုတ်လိုက်သည်။ ဖက်တီး၏ခန္ဓာကိုယ်သည် လေထဲသို့မြောက်သွားကာ စင်ပေါ်သို့ရောက်သွား၏။
သူသည် စင်မြင့်ပေါ်သို့ ရောက်သွားသွားခြင်းမှာပင် ချက်ချင်းအော်လိုက်သည်။
“ အရှုံးပေးပါတယ်”
သူသည် စကားလုံး သုံးလုံးပင် မပြောနိုင်တော့ဘဲ နှစ်လုံးမျှသာအော်ပြောလိုက်ခြင်း ဖြစ်သည်။ အမာရွတ်မျက်နှာ နှင့် လူသည် အစိမ်းဝါးစားတော့မည့်သကဲ့သို့ ကြည့်နေသည်။ ဖက်တီး၏စကားမဆုံးမီမှာပင် သူ၏လက်ကိုမြှောက်လိုက်ပြီး ဖက်တီးဆီသို့ ဓားပျံတစ်ချောင်းကိုပစ်လွှတ်လိုက်သည်။ ဖက်တီးက “အရှုံးပေး…” ဟုပင်ပြောရသေးသည့် အချိန်မှာပင် ဓားသည် သူ၏လည်မျိုမှ နှစ်မီတာအကွာလောက်တွင်ရောက်နေပြီဖြစ်သည်။
ဘာဆက်ဖြစ်မည် သိသာထင်ရှားလွန်းနေပါသော်လည်း နောက်ကျသွားခဲ့ပြီ။ မန်ဟိုသည် မျက်နှာပျက်သွားပြီး သူ၏ခြေထောက်ကို လှမ်း၍ပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဆရာကြီးအိုးရန်သည် သူ၏လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး အရာဝတ္ထုတစ်ခုကိုပစ်လွတ်လိုက်လေသည်။
ဓားပျံသည် ဖက်တီး၏လည်ပင်းသို့မထိုးဖောက်ခင်မှာပင် အသံတစ်ခုကြားလိုက်ရပြီး အဝေးသို့လွင့်ပျံထွက်သွားသည်။ ဖက်တီး၏လည်ပင်း တွင် ဓားဒဏ်ရာရှပ်၍ထိသွားလေသည်။
ဖက်တီးသည် သွေးဆုတ်ဖြူလျော့နေသောမျက်နှာဖြင့် နောက်သို့ခြေလမ်းများပြန်ဆုတ်လိုက်၏။
ထို့နောက် မန်ဟိုထံသို့ခုန်ဆင်းလိုက်တော့သည်။ သူသည် အလွန်အမင်းကြောက်ရွံနေပြီး ဒူးများတဆတ်ဆတ်တုန်နေလေ၏။ သူသည် ဤမတိုင်ခင်က ယခုကဲ့သို့ သေမင်းနှင့် နဖူးတွေ့ဒူးတွေ့မတွေ့ဖူးချေ။
မန်ဟိုက ဖက်တီး၏လည်ပင်းရှိ ဓားရှရာကိုကြည့်လိုက်ပြီး သူ၏မျက်လုံးထဲတွင် လူသတ်လိုသော အရိပ်အယောင်များဖြစ်ပေါ်လာလေသည်။ သူ၏ပြိုင်ဖက်က သေလိုစိတ်ဖြင့် အလွန်ရက်ရက်စက်စက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မန်ဟိုအနေဖြင့်ထိုသူကို ယှဉ်ပြိုင်ရန်မခက်သော်လည်း ဖက်တီး၏ကျင့်ကြံမှုအဆင့်မှာ အလွန်နိမ့်နေသေးသည်မဟုတ်လား။ ဖက်တီးအားယခုကဲ့သို့ တိုက်ခိုက်သည်မှာ ရက်စက်ရာကျလွန်းသည်။
၎င်းပတ်လည်ကို မန်ဟိုတစ်ချက်ကြည့်လိုက်သောအခါ ရှန့်ကွမ်းရှိုးသည် အဝေးတစ်နေရာ၌မတ်တတ်ရပ်သည်ကို တွေ့လိုက်ရသည်။ သူ၏ခက်ထန်နေသော မျက်နှာ၌ သတ်ဖြတ်လိုသည့်အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ မန်ဟို၏ စိတ်နှလုံးထဲ၌ ဒေါသမီးတောက်များ တောက်လောင်လာသည်။ သူသည် ဆရာဦးလေး ရှန့်ကွမ်းရှိုးကို မည်သည့်အခါကမှအပြစ်ပြုစော်ကားခဲ့ ခြင်းမရှိပါပဲလျက် သူက အဘယ်အကြောင်းကြောင့် ကျူးကျော်စော်ကား၍ သေစေချင်နေပါအံ့နည်း။
မန်ဟိုသည် မှီခိုရာဂိုဏ်းတွင်ရှိနေခဲ့သမျှ ဒီဘက်နှစ်တစ်လျောက်လုံး ယခုကဲ့သို့ သတ်ဖြတ်လိုသောစိတ်များ မပေါ်ပေါက်ခဲ့ဖူးပေ။ သို့သော် ယခုအခါတွင်သူ၏မျက်လုံးများသည် သတ်ဖြတ်လိုသော စိတ်များနှင့်ပြည့်နှက်နေသည်။
ဘေးကဝန်းရံကြည့်ရှုနေသူ ကျင့်ကြံသူများပင်လျင် ပြောနိုင်လောက်အောင် မသင်္ကာဖွယ်ရာအမှု လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါပြီ။ သူတို့အားလုံး၏မျက်လုံးများ မန်ဟိုပေါ်သို့ကျရောက်လာပြီး ဆွေးနွေးသံများ ကျွက်ကျွက်ညံလာသည်။
“နောက်အလှည့်၊ နံပါတ်သုံး နဲ့ ခြောက်” ဆရာကြီးအိုးရန်က မျက်မှောင်ကြုတ်၍ပြောလိုက်သည်။
ဟန်ကျုံးက မတ်တပ်ထားရပ်လိုက်ပြီး သူ၏လက်ထဲတွင် နံပါတ်သုံးကျောက်စိမ်းပြားကို ကိုင်ထားသည်။ သူသည် မန်ဟို၏ ဘေးမှဖြတ်လျောက်လာရင်း ခပ်လှမ်းတိုးတိုး ပြောလိုက်သည်။
“မင်း ဆရာဦးလေး ရှန့်ကွမ်းရှိုးကိုအပြစ်ပြုမိခဲ့တယ်၊ ဒီနေ့ မင်းကော၊ မင်းသူငယ်ချင်းကော သေရမယ်”
ဆရာကြီးအိုးရန်မှအပ ဂိုဏ်းတွင် ဩဇာအညောင်းဆုံးနှင့် ဂိုဏးသားများအပေါ် လွမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်မှာ ရှန့်ကွမ်းရှိုးပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မှီခိုရာဂိုဏ်းတော်မှေးမှိန်ကျဆင်းလာသည်နှင့်အမျှ ပင်မဂိုဏ်းသားအရေအတွက်မှာလျော့နည်းလာသည်။ ဂိုဏ်း၏စည်းကမ်းများ ဖရိုဖရဲဖြစ်လာပြီး အပြင်ဂိုဏ်းသားအချင်းချင်း အပြန်အလှန် အမဲဖျက်ကြသည်။ ထို့ကြောင့် မှီခိုရာဂိုဏ်း၏ နောက်ဆုံးနေ့ရက်များသို့ ရောက်ရှိခဲ့ပြီ။
ဆေးလုံးများမှာလည်း ပို၍နည်းပါးလာခဲ့သည့်အတွက် အညီအမျှခွဲဝေပေးနိုင်ခြင်မရှိတော့။ ဝိညာဉ်အားတိုးဆေးလုံးများသည်လည်း များများစားစားမရှိတော့သည်ဖြစ်ရာ ထိုအရာကိုရယူစားသုံးနိုင်ဖို့ရာ ဂိုဏ်းသားအချင်းချင်း အလုအယက်ယှဉ်ပြိုင်သတ်ဖြတ်လာြကသည်။
ထို့သို့ ဖရိုဖရဲပရမ်းဗတာများ ဖြစ်နေသည့်အတွက် လူတိုင်းက မိမိကိုယ်ကျိုးအတွက်သာ ကြည့်လာကြသည်။ ချီအခြေတည်အဆင့်မှ အဆင့်ငါးအတွင်း ဂိုဏ်းသားတပည့်များသည် ဖရိုဖရဲစည်းမျဉ်းများကြောင့် သေဆုံးကုန်ကြရသည်။ တရားမျှတမှုဆိုသည်မှာ ဤနေရာ၌မရှိ။ သေခြင်း၊ ရှင်ခြင်းမှာ ကံတရား၏ဆုံးဖြတ်ချက်အတိုင်းသာဖြစ်သည်။ တရားဓမ္မဆိုတာလည်းမရှိသလို မည်သို့ကျင့်ကြံရမည်ဆိုတာကိုလည်း တစ်စုံတစ်ယောက်ကမှ သင်ကြားပေးလိမ့်မည်မဟုတ်။ စဦးချီဖွဲ့စည်းမှုကျင့်စဉ်ကျမ်းစာအုပ်တစ်အုပ်တည်းသာရှိသည်။ တီကောင်ဖြစ်မလား၊ နဂါးဖြစ်မလားကတော့ ကိုယ်၏ကံကောင်းမှုအပေါ် မှီတည်သည်။ အောင်နိုင်လျင် အသက်ရှင်မည်၊ ရှုံးနိမ့်လျင် သေမည်။ ခံနိုင်ရည်ရှိလျှင် အသက်ရှင်ကျန်ရစ်မည်၊ အားနည်းလျှင်သေမည်။
မိမိလမ်းကြောင်း၏ ပန်းတိုင်အဆုံးကိုရောက်နိုင်ဖို့ရာအတွက်သတ်ဖြတ်နိုင်သည်။ သို့မှသာ အတွင်းစည်းတပည့်ဖြစ်လာပြီး မှီခိုရာဂိုဏ်း၏ တပည့်အစစ်အမှန်ဖြစ်လာမည်။ ဆရာကြီးအိုးရန်၏ အန္တေဝါသိက တပည့်ရင်းဖြစ်လာမည်။
အတိတ်ကာလများအခါက ဂိုဏ်းချုပ် ဟယ်လောဟွာသည် အာရုံစိုက်ပြီး ဂိုဏ်း၏အရှိန်အဝါကို ထွန်းတောက်အောင်လုပ်ခဲ့သည်။ သို့သော်လက်တွေ့တွင်ဖိအားများကြောင့် ပင်ပန်းနွမ်းနယ်လာပြီး လူသူဝေးရာတွင် အချိန်အကြာကြီး ပုန်းကွယ်နေခဲ့သည်။ ဆရာကြီးအိုးရန်မှာ သဘောသက္ကာရ ကောင်းသူဖြစ်သော်လည်း သူအတွက် လက်ကျန်အချိန်ကား သိပ်မကျန်ရှိတော့။ ထို့ကြောင့် သူ၏ ကာယ၊ညဏစွမ်းအားများကို ဂိုဏ်းအတွက် အချိန်များစွာမပေးနိုင်ချေ။
အတွင်းစည်းတပည့်များဖြစ်သည့် အမရှုမှာလည်း သူ၏အေးစက်သောပင်ကိုယ်စရိုက်အရ ဂူပိတ်၍ တရားကျင့်ကြံနေသည်ကများသည်။ ဂိုဏ်း၏ကိစ္စဝစ္စများအပေါ် အာရုံမစိုက်ချေ။
အစ်ကိုချန်းမှာလည်း တာအိုတွင်သာ အာရုံစိုက်ထားသောကြောင့် ဂိုဏ်း၏ကိစ္စများတွင်ဝင်ရောက်စွက်ဖက်ခြင်းမပြု။
ထိုသို့သောအခြေအနေမျိုးတွင် ရှန့်ကွမ်းရှိုးသာ ကျန်ရှိတော့သည်။
သူ၏ စဦးချီဖွဲ့စည်းခြင်းမှာ အဆင့်၉ ဖြစ်ပြီး အသက်အရွယ်မှာ ကိုးဆယ်ကျော်ပြီဖြစ်သည်။ သူသည် ဂိုဏ်း၌ကောင်းမွန်စွာအမှုထမ်းခဲ့သည်။ ထို့ကြောင့် အကူအညီမဖြစ်သော်လည်း ဂိုဏ်းသားများအတွက် အလိုလို ဆရာဦးလေးဖြစ်လာခဲ့သည်။ သို့သော်ဂိုဏ်း၏အရှိန်အဝါမှာကျဆင်းလာခဲ့သည်။ အခြားဂိုဏ်းတော်များတွင်မူ ၎င်း၏ချီဓာတ်အတွင်းအား အဆင့်ကိုစဉ်းစားကြည့်လျှင် ဆရာဦးလေးဟုမည်သည့်အခါမျှ အခေါ်ခံရမည်မဟုတ်ပေ။
မန်ဟိုသည် စင်မြင့်ပေါ်သို့ ‘ဖျတ်ခနဲ’တက်သွားသော ဟန်ကျုုံးကိုကြည့်လိုက်သည်။သူ၏ပြိုင်ဖက်မှာ ကျိုးခိုင်ဖြစ်သည်။ သူတို့သည် အသေအကြေတိုက်ခိုက်ကြမည်ပုံမပေါ်ပေ။ ကျိုးခိုင်ကချက်ချင်းလက်ငင်းပင် အရှုံးပေးလိုက်သည်။
ပထမအသုတ်၏ နောက်ဆုံးပွဲကိုရောက်လာခဲ့သည်။ မန်ဟိုသည်ထ၍ မတ်တပ်ရပ်လိုက်ပြီး စင်မြင့်ဆီသို့ပျံသန်းသွားလိုက်သည်။ သူ၏ ပြိုင်ဘက်မှာ အရပ်ရှည်ရှည်၊ သန်သန်မာမာဖြစ်ပြီး ချီဓာတ်အတွင်းအား အဆင့်ငါးဖြစ်သည်။ သူထံမှ လူသတ်လိုသောအရိပ်အယောင်များ ထုတ်လွှတ်နေသည်။ သူကလှမ်းကြည့်လိုက်သည်။ တိုက်ပွဲအတွေ့အကြုံအလွန်ရှိပုံပေါ်သည်။
သူသည် မန်ဟိုကိုတစ်ချက်ကြည့်လိုက်ပြီး မာန်ဖီလိုက်သည်။ ၎င်းသည် သူ့ထံသို့ တည့်တည့်ကြီးပြေးလာနေရင်း သူ၏ခန္ဓာကိုယ်ကြီးမှာကြီးထွားလာသည်။ ထိုသူသညိ လက်ကိုမြှောက်လိုက်သည်ဆိုလျှင်ပဲ တစ်မုဟုတ်ချင်း တောက်ပနေသော ပုဆိန်ကြီးပေါ်ထွက်လာလေသည်။
ထိုပစ္စည်းမှာ သာမန်ကာလျှံကာမဟုတ်ကြောင်း သိသာသွားပါပြီ။
သူ၏မျက်နှာမှာ သုန်မှုန်နေသည်။ မန်ဟိုသည် သူ၏သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ လျှင်မြန်၍ ထက်ရှသော ဓားပျံများပေါ်ထွက်လာပြီး အရှေ့သို့ပစ်လွှတ်လိုက်လေသည်။ သို့သော် လူသန်ကြီး၏ နှစ်မီတာအကွာခန့်လောက်တွင် နူးညံ့သော အကာအကွယ်တစ်ခုပေါ်ပေါက်လာပြီး ဓားပျံများကိုကာကွယ်လိုက်လေသည်။
“မင်း ဒီနေ့သေရမယ်” ဟု လူသန်ကြီးက ကြောက်မက်ဖွယ်ရာအပြုံးနှင့် ပြောလိုက်သည်။ လေ့ကျင့်ရေးသို့မလာခင်အချိန်တွင် ရှန့်ကွမ်းရှိုးက သူကိုမှော်ပစ္စည်းတစ်ခုပေးခဲ့ချင်းဖြစ်သည်။ မန်ဟိုသည် သူ့ထက် ချီဓာတ်အတွင်းအား မြင့်မားနေသည်ကိုပင် သူ့ကလုံးဝစိုးရိမ်ခြင်းမရှိ။
“သွားစမ်း....”
မန်ဟိုကအေးဆေးစွာပြောလိုက်သည်။ သူ၏မျက်နှာအမူအရာကပုံမှန်အတိုင်းပင်။
“ဘန်း...ဘန်း..ဘန်း”
မြည်သံများနှင့်အတူ ဓားပျံများပေါက်ကွဲသွားသည်။ လူသန်ကြီးသည် အနောက်သို့ပျံသွားလိုက်သည်။ သူရှေ့ရှိအကာအကွယ်မှာလည်း ပါးလွှာသွားပြီဖြစ်သည်။
သူသည်ရယ်မောလိုက်ပြီး နောက်တစ်ကြိမ်အားယူလိုက်သည်။ သို့သော် မန်ဟိုသည်ပို၍လျှင်မြန်လာချေပြီ။ သူသည်ရှေ့ကို တဟုန်ထိုးပြေးသွားလိုက်ပြီး သိုလှောင်အိတ်ကိုပုတ်လိုက်သည်။ ဓားပျံနှစ်ချောင်းပေါ်ထွက်လာကာ ရှေ့သို့ပစ်လွှတ်လိုက်ပြီးပေါက်ကွဲသွားသည်။ လေထုအဟုန်သည် တုန်ဟည်းသွားပြီး အကာအကွယ်သည်ကွေးညွတ်သွားခဲ့သည်။ လူသန်ကြီးသည် မျက်နှာပျက်သွား၏။ ဓားပျံလေးချောင်းကိုရှေ့သို့ ထပ်မံပစ်လွှတ်လိုက်၏။ အလွန်ပြင်းထန်စွာပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး အကာကွယ်သည်လည်း ပျက်ပြယ်သွားခဲ့သည်။ တိုက်ခိုက်မှုများသည် လူသန်ကြီး၏ရင်ဘတ်သို့ တိုက်ရိုက်ကျရောက်သွားသည်။ သူသည် အော်ဟစ်ငိုကြွေးလိုက်ပြီး ပါးစပ်မှာသွေးများအန်ထုတ်လိုက်သည်။
သူ၏ခန္ဓာကိုယ် မြေပေါ်သို့လဲမကျမီမှာပင် မန်ဟိုသည် နောက်ထပ်ဓားပျံလေးချောင်းကို ပစ်လွှတ်လိုက်၏။ လူသန်ကြီး၏လည်ပင်းကို ထိုးစိုက်သွားခဲ့ချေပြီ။ ၎င်းသည်သွေးသည် သွေးအိုင်ထဲ၌ တဆန့်ငင်ငင်လှုပ်ရှားနရင်း သေဆုံးသွားခဲ့သည်။
မန်ဟိုသည် မှီခိုရာဂိုဏ်းသို့စတင်ဝင်ရောက်ချိန်ကတည်းက လူများစွာမသတ်ဘူးချေ။ သို့သော် ယခုတစ်ကြိမ်တွင်တော့ ရက်ရက်စက်စက်သတ်မိလိုက်ခြင်းဖြစ်သည်။ သူသည် စင်အောက်သို့ပျံဝဲသွားလိုက်ပြီး ဟန်ကျုံးကို အေးစက်စက်ဖြင့်ကြည့်လိုက်သည်။
“နောက်တစ်ခါမင်းအလှည့်ပဲ” သူက ပြော၍ တပျဉ်ခွေထိုင်ချလိုက်ပြီး မျက်လုံးကိုမှိတ်ထားလိုက်သည်။
ဟန်ကျုံး၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားကာ သတ်ဖြတ်လိုစိတ်များပိုမိုကြီးထွားလာခဲ့သည်။
အဆိုပါမြင်ကွင်းကြောင့် ဝန်းရံကြည့်ရှုနေကြသော ကျင့်ကြံသူများထံမှ ဆွေးနွေးဝေဖန်သံများ တစီစီထွက်ပေါ်လာခဲ့သည်။ သူတို့တုန်လှုပ်ချောက်ချားကုန်ကြ၏။
“မန်ဟိုနိုင်တယ်။ ပွဲစဉ်နှစ်ရဲ့ ပထမအသုတ် ဝမ်တန်ဖေး နဲ့ ရှုဂီ” ဆရာကြီးအိုးရန်က လေထဲရှိ သွေးညှီနံများကို သတိမထားသည့်အလား အေးဆေးစွာပြောလိုက်သည်။
ရှုဂီဆိုသည်မှာ ဖက်တီးကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည့် ကျင့်ကြံသူ ဖြစ်သည်။ သူသည် စင်မြင့်ထက်သို့ ခြေချလိုက်စဉ်မှာပင် အရှုံးပေးလိုက်သည်။ ဝမ်တန်ဖေးကို ဂါရဝပြုပြီးနောက် လေ့ကျင့်ကွင်းကအမြန်ဆုံးထွက်ခွာသွားလေသည်။
ယင်းအချက်ကိုကြည့်ချင်းအားဖြင့် ဟန်ကျုံးအပါအဝင် အဆင့်ငါးရှိသော ကျင့်ကြံသူလေးယောက်၏ ရည်ရွယ်ချက်မှာ အဆင့်တိုးအရွေးချယ်ခံရန်အတွက်မဟုတ်ဘဲ မန်ဟိုကို သတ်ဖြတ်ရန်ဖြစ်ကြောင်းအားလုံးက သိလိုက်ကြသည်။
“ဒုတိယအသုတ် မန်ဟိုနဲ့ဟန်ကျုံး”ဟု ဆရာကြီးအိုးရန်က မန်ဟိုကိုကြည့်ရင်းပြောလိုက်သည်။ သူကြေညာလိုက်ပြီးချိန်တွင် အရာအားလုံးက အပ်ကျသံပင်မကြားရလောက်အောင်တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်းက မန်ဟိုနှင့်ဟန်ကျုံးကိုစိုက်ကြည့်လိုက်ကြသည်။
မန်ဟိုသည် သုန်မှုန်စွာဖြင့် စင်မြင့်ပေါ်သို့တက်သွားလေ၏။ တစ်ချိန်တည်းမှာပင် ဟန်ကျုံးရောက်ရှိလာသည်။ မိတ်ဆက်မနေဘဲ ၂ဦးလုံးက ပြိုင်တူတိုက်ခိုက်လိုက်ကြသည်။
မိုးချုန်းသံနှင့်အတူ ဓားပျံ၃ချောင်းပေါ်ထွက်လာပြီး မန်ဟိုကိုစက်ဝိုင်းပုံစံ ဝိုင်းပတ်လိုက်သည်။ ဟန်ကျုံး၏ပတ်လည်တွင် အကာအကွယ်တစ်ခုပေါ်ပေါက်လာပြီး သူ၏ရှေ့တွင် အရောင် ၅ခုနှင့်တောက်ပနေသော အောင်လံတော်တစ်ခု ပေါ်ပေါက်လာလေသည်။ ထို့နောက် ချက်ချင်းပဲမန်ဟိုဆီသို့ ပစ်လွှတ်လိုက်လေသည်။
မန်ဟိုသည် မည်သို့မျှပြောမနေဘဲ ၅ရောင်ခြယ်အလံတော် သူ့ထံ ရောက်ရှိလာသော်လည်း နောက်သို့ဆုတ်သွားခြင်းမရှိပေ။ သူ၏ဘယ်ဘက်လက်ကို မြှောက်လိုက်သည်ဆိုလျှင်ပဲ မီတာငါးဆယ်ခန့်ရှည်လျားသော မြွေနဂါးမီးတောက်ကြီး ချက်ချင်းဆိုသလို ပေါ်ပေါက်လာလေသည်။ မြွေနဂါးမီးတောက်ကြီးသည် သာမန်မြွေနှင့်မတူဘဲ စပါးကြီးမြွေကြီးနှင့် အလားတူ၏။ အဆိုပါမီးတောက်မှ အပူချိန်များသည်အလျှံတညီးညီး ထွက်ပေါ်နေလေသည်။
တစ်ချိန်တည်းမှာပင် မန်ဟို၏ညာလက်သည် သိုလှောင်အိတ်ကိုပုတ်လိုက်လျှင်ပင်ပဲ ဓားပျံခြောက်ချောင်း ပေါ်ထွက်လာပြီး အရှေ့သို့ပစ်လွှတ်လိုက်လေသည်။
ဟန်ကျုံးသည်အေးစက်စွာရယ်မောလိုက်ပြီး သူ၏မျက်လုံးများက စူးရှတောက်ပကာ သားရဲမာန်ရဲစီးနေသည်။ သူသည်ရှေ့သို့ ခြေလမ်းအနည်းငယ်လှမ်းလိုက်ပြီး သူ၏ဘယ်လက်ကို မြေပြင်ပေါ်သို့ ပုတ်လိုက်သည်။ သူမတ်တတ်ရပ်လိုက်ချိန်တွင် မိုးခြိမ်းသံကြီးကိုကြားလိုက်ရပြီး စင်မြင်ကြီးတစ်ခုလုံး တသိမ့်သိမ့်တုန်သွားလေသည်။ ရုတ်ချည်းဆိုသလို သူ၏ရှေ့တွင် ကျောက်ဘီလူးကြီးပေါ်ပေါက်လာလေသည်။
ထိုသုံးမီတာခန့်မြင့်မားသည်။ ကျောက်ဘီလူးကြီးသည် အော်ဟစ်သံကြီးနှင့်အတူ မယုံနိုင်လောက်သောအရှိန်နှုန်းဖြင့် သူထံသို့ ပြေး၍လာလေသည်။ ထိုသတ္တဝါကြီးသည် မြွေနဂါးမီးတောက်ကြီးကို ဂျိုင်းခနဲမြည်အောင်နင်းချလိုက်သောအခါတွင် စင်မြင့်ပေါ်၌ အလွန်ပြင်းထန်သော ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာလေသည်။
အော်ဟစ်မာန်ဖီသံများအကြားတွင် ၅ရောင်ခြယ်အလံတော် သည် မန်ဟို၏ ဓားပျံများ အရှေ့သို့ရောက်ရှိလာလေသည်။ ဟန်ကျုံး၏မျက်လုံးများ အရောင်တောက်ပသွားသည်။
“ရောင်သွယ်ငါးမျိုးအတတ်”
ဟန်ကျုံး၏နှုူတ်မှ စကားလုံးများထွက်လာလာပြီးချင်းမှာပင် ၅ရောင်ခြယ်အလံတော်သည် လှုပ်ခါယမ်းလာပြီး တောက်ပသောအလင်းရောင်များသည် အရပ်မျက်နှာအားလုံးသို့ပျံ့နှံ့သွားခဲ့သည်။
၎င်းမှ အရောင် ၂မျိုးရှိသော အခိုးအငွေ့များထွက်လာပြီး ဝိညာဉ်သတ္တဝါနှစ်ကောင် အဖြစ်ပြောင်းလဲသွားလေသည်။ ၎င်းတို့သည် စူးစူးဝါးဝါးအော်သံများနှင့်အတူ မန်ဟိုဆီသို့ပြေးဝင်လာလေ၏။
ဒုတိယဝိညာဉ်အခိုးအငွေ့ကို တစ်စိတ်တစ်ဒေသာမြင်ရခြင်းမှာ ဟန်ကျုံး၏ကျင့်ကြံမှုချီဓာတ် အားနည်းခြင်းကြောင့် ဤအတတ်ကိုသုံးစွဲရန် အကန့်အသတ်ဖြစ်နေခြင်းပင်။
မြူခိုးဝိညာဉ် ၂ကောင်ပေါ်ထွက်လာချိန်တွင် ဝန်းရံကြည့်နေကြသောာ အခြားကျင့်ကြံသူများသည် အလွန်အံ့အားသင့်စွာအော်ဟစ်လိုက်ကြသည်။
“ဒါ ဆရာဦးလေး ရှန့်ကွမ်းရှိုးရဲ့ ရောင်သွယ်ငါးမျိုးအတတ်ပဲ။ ဒါက အောက်ခြေအဆင့် ဂိုဏ်းသားများအကြားမှာ အစွမ်းအထက်ဆုံးအတတ်ပဲ၊ အစ်ကို ဟန်ကျုံးတောင် ဝိညာဉ် ၂ကောင်ဆင့်ခေါ်နိုင်နေမှပဲ”
“ဟန်ကျုံးက ဒီအတတ်ကိုအသုံးပြုနိုင်တယ်ဟလား။ ဟုတ်တယ် အဲ့အောင်လံတော်ကြောင့်ပေါ့။ ဆရာဦးလေး ရှန့်ကွမ်းရှိုး ကဒီမှော်ပစ္စည်းတွေကိုပေးခဲ့တာနေမှာပေါ့”။
တစ်ယောက်တစ်ပေါက် ကျွက်ကျွက်စီလာသော အသံများကနားထဲသို့ထိုးဖောက်ဝင်ရောက်လာသည်။
အရောင် ၂ မျိုးရှိသော မြူခိုးဝိညာဉ်များသည် မန်ဟိုထံသို့ ပြေးဝင်လာကြသည်။ သူ၏ဓားပျံများက ၎င်းတို့အား ထိလိုက်သောအခါတွင် ဓားကိုအပိုင်းပိုင်းအစစ ဖြစ်အောင် ဖျက်စီးပစ်လိုက်လေတော့သည်။
***