ဆရာ့တိုက်ပွဲ
Vol. 47 Ch. 653
လေဒင်မှာ မထင်မှတ်ထားသော အပြောင်းအလဲကြောင့် ကြောင်တောင်တောင် ဖြစ်သွားရသည်။
ငါ့ရဲ့အကောင်းဆုံးတိုက်ကွက် သွေးကြယ်စင်ဓားကို မှန်တစ်ချပ်က စုပ်ယူပြီး တန်ပြန်လုပ်လိုက်တာလား.....
ငါ့ရဲ့တိုက်ကွက် တန်ပြန်ဖြစ်သွားတာပေါ့လေ....
ချိပ်ပိတ်စွမ်းအင်များ ပါဝင်နေသောဓားမှာ လျင်မြန်လှသော အရှိန်ဖြင့် ပျံဝဲလာသည်။
လေဒင်မှာ အံ့အားသင့်နေပါသော်လည်း ကပ်သီးလေး ရှောင်လိုက်နိုင်သည်။
သို့သော် အပြည့်အဝ မလွတ်မြောက်နိုင်ပဲ သွေးနီရောင်ဓားသည် သူ၏လက်မောင်းအား ဖြတ်ပစ်လိုက်ပြီးနောက်တွင်မှ သေးငယ်လွန်းသော အလင်းအစက်အပြောက်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်။
"မင်းကဘယ်သူလဲ။"
လေဒင်မှာ ရှောင်ဇယ်၏ ရှေ့တွင်ရှိနေသော လူငယ်လေးအား လွန်စွာဒေါသထွက်နေသည်။
ထိုသည်မှာ တီနာ၏ ပို့ဆောင်ပေးမှုနှင့်အတူ ရှောင်ဇယ်ရှေ့ ရောက်ရှိလာသော အန်လင်း ဖြစ်သည်။
"ငါဘယ်သူလဲဟုတ်လား။"
အန်လင်းမှာ လေဒင်အားကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။
"ငါကမင်းအဖေပဲ။"
အားလုံး တိတ်ဆိတ်သွားလေသည်။
ရှောင်ဇယ်မှာ မျက်လုံးပြူးသွားသလို ဓားအင်မော်တယ်လင်းရှောင်သည်လည်း မျက်စိမျက်နှာပျက်ကာ ကျောင်းသားများမှာလည်း အသက်ရှူသံများပင် မြန်ကုန်ကြရသည်။ ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်တစ်ဦးအား ထိုသို့ပြောရဲသည်မှာ သတ္တိကောင်းလွန်းသောကြောင့်သာ ဖြစ်ပေလိမ့်မည်။
လေဒင်မှာ ဒေါသထွက်လွန်းသောကြောင့် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ပဲရှိတဲ့ မလောက်လေး မလောက်စား ကောင်ကများ ရတနာလေးတစ်ခု ရှိရုံနဲ့ ငါ့ကိုယီးလှန်ပြချင်နေတာလား။ မင်းကိုသေတာထက်ဆိုးအောင် လုပ်ပစ်မယ်။ မင်းရဲ့စိတ်ဝိဉာဉ်ကို တသက်လုံး နှိပ်စက်ပစ်မယ်ကွ။"
ရှောင်ဇယ်လည်း အသိစိတ် ပြန်ဝင်လာကာ ထိတ်လန့်စွာ ပြောလိုက်သည်။
"ဆရာ ဘာလာလုပ်တာလဲ။ ဒီမှာ အရမ်းအန္တရာယ်များတယ်။ ကျွန်တော့်ရဲ့ ခုခံကာကွယ်ရေးက ကောင်းပါတယ်။ ကောင်းကင်ဘုံခုံရုံးက စစ်ကူတွေ လာတဲ့အချိန်ထိ ထိန်းထားနိုင်လောက်မှာပါ။"
သူသည် အရူးတစ်ယောက် မဟုတ်ပေ။ အန်လင်းနှင့် အချိန်ကြာမြင့်စွာ နေထိုင်လာပြီးနောက် ဆရာဖြစ်သူသည် အမှန်တကယ်ပင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သာ ရှိသေးကြောင်း သိရှိခဲ့ရသည်။
ကြီးကျယ်ခမ်းနားလှသော ဆရာသည် အဘယ့်ကြောင့် ထိုသို့ဖြစ်နေရသည်ကို မသိရပါသော်လည်း ဆရာဖြစ်သူအား စွန့်စားခိုင်းရန် မဖြစ်နိုင်ပေ။
အန်လင်း ခေါင်းခါပြကာ ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။
"ငါကမင်းဆရာလေ။ ဘယ်ဆရာကများ ကိုယ့်တပည့် နှိပ်စက်ခံနေရတာကို ထိုင်ကြည့်ကြလို့လဲ။"
ထိုစကားကြောင့် ရှောင်ဇယ်မှာ မျက်ရည်များပင် ဝိုင်းလာရသည်။
သူ၏ရှေ့တွင် ရှိနေသော ဝတ်စုံအဖြူရောင်နှင့် လူငယ်လေးအားကြည့်ကာ ကာကွယ်ပေးခံရမှုနှင့် ဂရုစိုက်ခံရမှုတို့ကြောင့် ဖြစ်ပေါ်လာသော စိတ်လုံခြုံမှုနှင့်အတူ နှလုံးသားများ နွေးထွေးသွားရသည်။
မြို့နံရံပေါ်တမြို့နံရံပေါ်ရှိ ကျောင်းသားများနှင့် စစ်သည်တော်များသည်ပင် ရင်ထဲထိကုန်ကြသည်။
"ဝေး....နင်ဟိတ်ကြီးဟန်ကြီးတွေ မလုပ်ခင် ငါ့ကိုလုံခြုံတဲ့နေရာ ပို့ပေးထားပါလား။ နောက်ထပ်တိုက်ခိုက်မှုတွေကို ငါတန်ပြန်မလုပ်ပေးနိုင်တော့ဘူး။ နင်ငါ့ကိုကိုင်ပြီး အရူးလို ဟိုရမ်းဒီရမ်း လုပ်နေရင် ငါစိစိညက်ညက် ကြေသွားလိမ့်မယ်။"
စူးရှရှ စကားသံတစ်ခု ထွက်ပေါ်လာသည်။
အန်လင်း: "....."
ဒီငှက်စုတ်မှန်က အခြေအနေကောင်းလေးကို ဖျက်စီးလိုက်တာပဲ....အော်စကာ ရလောက်မယ့် မြင်ကွင်းလေး ဖြစ်နေတာကို အခုတော့ သွားပါပြီ.....
အန်လင်း တိတ်ဆိတ်စွာပင် ကြေးမုံအား သိမ်းဆည်းလိုက်ပြီးနောက် မိစ္ဆာရှင်းဓားအား ထုတ်ယူလိုက်သည်နှင့် ဓားအင်မော်တယ်တစ်ဦး၏ အရှိန်အဝါများ ဖြာထွက်လာသည်။
လေဒင် မထီမဲ့မြင် ပြုံးလိုက်သည်။
"ဘဝင်လေဟပ်နေတဲ့ သောက်ရူးပဲ။ မင်းကငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာတဲ့လား။"
"အဲ့ဒါဆို မင်းလက်မောင်းက ဘာဖြစ်သွားတာလဲ။ နူနာဝဲစွဲသွားတာလား။"
အန်လင်း ပြုံးကာမေးလိုက်သည်။
လေဒင်မှာ သွေးအန်တော့မလို ဖြစ်သွားရသည်။
"ဟမ့်...."
လေဒင်၏ အေးစက်စက် ခနဲ့သံနှင့်အတူ လက်မောင်းအသစ်တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာသည်။
"ငါ့လက်က ဘာမှမဖြစ်ပါဘူး။ ခဏလောက် ပျောက်သွားရုံလေးပဲ။"
အန်လင်း: "...."
စောင့်ကြည့်နေသူများ : "....."
မင်းကအင်အားကြီးနေတော့လည်း မင်းပြောသမျှ အမှန်ပဲပေါ့....
လေဒင်မှာ မည်သည့်စကားမှ မဆိုတော့ပဲ အန်လင်းအား လက်ဝါးဖြင့် ရိုက်လိုက်သည်။
ထိုလက်ဝါးတွင် ပါဝင်နေသော အဖျက်စွမ်းအင်သည် ကောင်းကင်တစ်ခုလုံးကိုပင် ဖြိုချနိုင်မည်ဟု ထင်မှတ်ရသည်။
အန်လင်းမှာ ရှောင်ချိန်ပင် မရလိုက်ပဲ လက်ဝါးချက်ကြောင့် အဝေးသို့ လွင့်ထွက်သွားရလေသည်။
"ဆရာ...."
ရှောင်ဇယ် ဒေါသထွက်ကာ လေဒင်ထံ ပြေးဝင်သွားသည်။
လေဒင်မှာ ရှောင်ဇယ်ထက် လျင်မြန်နေသောကြောင့် နောက်လက်ဝါးတစ်ဖက်ဖြင့် ရှောင်ဇယ်အား ရိုက်ချလိုက်သည်။
"ဟမ်....ငါ့လက်ဝါးက ဟင်းလင်းပြင်သို့အပြန် အဆင့်တွေကိုတောင် ကောင်းကောင်းသမနိုင်ပါတယ်။ ဘယ်လိုဖြစ်တာလဲ။"
လေဒင် အန်လင်းအားကြည့်ကာ မယုံကြည်နိုင် ဖြစ်သွားရသည်။
အန်လင်း၏ နှုတ်ခမ်းထက်မှ သွေးစများ ယိုစီးကျနေပါသော်လည်း စစ်နတ်ဘုရား ခန္ဓာကြောင့် လက်ဝါးချက်အား ခံနိုင်ရည် ရှိခဲ့သည်။
လေဒင်သည် ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့် ဖြစ်သည့်အပြင် လက်ဝါးချက်တွင် အံ့ဖွယ်တာအို၏ စွမ်းအင်များပါ ပါဝင်နေသောကြောင့် မည်မျှပြင်းထန်ကြောင်း ခန့်မှန်းကြည့်နိုင်သည်။
အန်လင်းသည် အလွန်အင်အားကြီးသော ရန်သူအား ရင်ဆိုင်နေရပါသော်လည်း ရှောင်ဇယ်အတွက် စိုးရိမ်နေသောကြောင့် နောက်မဆုတ်လိုက်နိုင်ပေ။
သူသည် နှုတ်ခမ်းထောင့်စွန်းမှသွေးအား မိစ္ဆာရှင်းဓားပေါ်သုတ်ကာ လေတောင်ပံများ ထွက်ပေါ်စေလျက် အရှိန်ကို မြှင့်တင်လိုက်သည်။
မြင့်မြတ်သွေးစက်ပင်ဖြစ်စေ၊ အဆိပ်သွေးစက်ပင်ဖြစ်စေ ထိုသည်မှာ သူ၏နောက်ဆုံးမျှော်လင့်ချက်ပင်။
"ဒီလောက်ခေါင်းမာတဲ့ သောက်ရူးက ဘယ်ဥကပေါက်တာလဲ။"
လေဒင် မျက်မှောင်ကျုံ့ကာ လက်နှစ်ချောင်းဖြင့် အန်လင်းအား ချိန်ရွယ်လိုက်သည်နှင့် မျက်စိကျိန်းလောက်အောင် ထက်ရှလွန်းသော သွေးနီရောင် ဓားတစ်လက် ဖြစ်ပေါ်လာသည်။
သွေးကြယ်စင်ဓား.....
ထိုတိုက်ကွက်သည် ဟင်းလင်းပြင်သို့အပြန် အဆင့်များကိုပင် သတ်ဖြတ်ပစ်နိုင်သည်။
သူသည် ထိုတိုက်ကွက်ဖြင့် ရှောင်ဇယ်အားသတ်ရန် ရည်ရွယ်ထားပါသော်လည်း ယခုအခါ အန်လင်းပေါ်တွင်သာ သုံးရတော့မည်ပင်။
သူ၏လက်မောင်းအား ဖြတ်ပစ်ခဲ့သော အန်လင်းကို သူ့အနေဖြင့် ခွင့်မလွှတ်နိုင်ပေ။
ပြင်းထန်လှသော အဖျက်စွမ်းအင်များကြောင့် အန်လင်းမှာ နှလုံးခုန်သံများပင် မြန်လာရသည်။ ထိုဓားဖြင့်သာ တိုက်ခိုက်ခံရပါက သေမင်းအား ဂါရဝပြုရတော့မည်ဖြစ်ကြောင်း ခံစားနေမိသည်။
လေဒင်နားကပ်ဖို့ အချိန်မရှိတော့ဘူး.....
ဒီကောင်က ယီးဖြစ်လို့ အသေတိုက်နေရတာလား.....
ဗန်ပိုင်းယားပီပီ ငါ့ကိုခုန်အုပ်ပြီး သွေးစုပ်ပါတော့လား....
ငါ့သွေးကိုသောက်အောင် ဘာလုပ်ရပါ့မလဲ.....
အန်လင်းမှာ ဦးနှောက်ခြောက်အောင် စဉ်းစားလိုက်ပြီးနောက် လေဒင်အားကြည့်ကာ နည်းလမ်းတစ်ခု တွေးမိသွားသည်။
ဆန်းကြယ်သော စွမ်းအင်လှိုင်းများမှာ လေထုအား ဖြတ်သန်းလျက် လေဒင်ပေါ် ကျရောက်လာသည်။
ရုတ်ချည်းဆိုသလို ဗိုက်အောင့်လာသောကြောင့် လေဒင် မျက်နှာပျက်သွားရသည်။
ဘာဖြစ်သွားတာလဲ.... ဒီခံစားချက်ကြီးက.....
မကြာမီမှာပင် ထိုခံစားချက်အား လေဒင် သိရှိသွားသည်။
ယီးထဲမှ......ချီးပါချချင်နေတာဟ....
အန်လင်းသည် လေဒင်အပေါ် အီးဗုံးကြဲစေမန္တာန်အား အသုံးပြုလိုက်ခြင်းပင်
"မင်းငါ့ကို ဘာလုပ်လိုက်တာလဲ။"
လေဒင်ထံမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ ထွက်ပေါ်လာပါသော်လည်း မတိုက်ခိုက်ခင်မှာပင် သူ၏သွေးနီရောင်ဓားမှာ စတင်တုန်ခါလာသည်။
မြို့နံရံပေါ်ရှိ လူများအားလုံးမှာ စိတ်တင်းကြပ်စွာဖြင့် အန်လင်းတို့၏ တိုက်ပွဲအား ကြည့်ရှုနေပါသော်လည်း ရုတ်ချည်းဆန်စွာ လေဒင်၏ အနီရောင်ဝတ်စုံ အနောက်ဘက်တွင် အညိုရောင် အစွန်းအထင်းများ ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
အားလုံးမှာ မယုံကြည်နိုင်မှုများနှင့် တိတ်ဆိတ်သွားလေသည်။