အခြေအနေပြောင်းလဲခြင်း
Vol. 47 Ch. 654
"လေဒင် အီးပေါက်လိုက်တာလား။"
"အီးပေါက်လိုက်တာ မဟုတ်ဘူး။ ပါချလိုက်တာဟ။"
"မဖြစ်နိုင်တာ.....တကယ်ကြီး ပါချလိုက်တာဟ။"
"ဝါး.....ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတွေလည်း ဝမ်းသွားတာပဲလား။ ကျင့်ကြံရေး အဆင့်မြင့်သွားရင် အဲ့ဒါတွေလုပ်ဖို့ မလိုတော့ဘူး ထင်နေတာ။"
ရွှမ်းယွမ်ချန် မျက်ဆံလှန်ကာ ရှင်းပြလိုက်သည်။
"စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ရောက်သွားရင် ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ အစားအသောက်တွေရဲ့ အဆီအနှစ်တွေ အားလုံးကို စုပ်ယူနိုင်သွားပြီး အညစ်အကြေးတွေကိုလည်း စွမ်းအင်ပုံစံတစ်မျိုးနဲ့ပဲ ပြန်ထုတ်တော့တယ်။ အဲ့ဒါကြောင့် လေဒင်က ချီးပါချလိုက်တာတော့ မဟုတ်ဘူး။"
ဓားအင်မော်တယ်လင်းရှောင်လည်း လေးစားနေသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဟင်းလင်းပြင်သို့အပြန် အဆင့်ကိုတောင် ချီးပါချအောင် လုပ်နိုင်တယ်။ ကျောင်းသားအန်လင်းက တကယ်ပါရမီ ရှိတာပဲ။"
စုရှောင်လန်မှာ မျက်မှောင်ကျုံ့နေမိသည်။
အဲ့လောက်ရွံစရာကောင်းတဲ့ မန္တာန်ကို ဒင်းဘယ်ကရလာတာလဲ....
မြို့နံရံပေါ်ရှိ လူများအားလုံးမှာ ထိုကိစ္စနှင့်ပက်သတ်၍ စိတ်ဝင်တစား ဆွေးနွေးနေသလို လေဒင်၏ ဒေါသမှာလည်း အထွဋ်အထိပ်သို့ ရောက်ရှိနေလေပြီ။
သူသည် သေလောက်အောင် ဗိုက်နာနေပါသော်လည်း အစွမ်းကိုသုံးကာ ဖင်ပိတ်ထားရသည်။ ယခုကဲ့သို့ အရှက်ကွဲရသည်မှာ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်းထက်ပင် အဆတစ်ထောင်မက ဆိုးရွားသည်။
လူပေါင်းများစွာရှေ့တွင် ချီးပါချမိပြီးနောက် အရှက်မကွဲသောသူ မရှိလောက်ပေ။
လေဒင် စိတ်ဆုံးဖြတ်လိုက်သည်။
ဒီကိစ္စကို မြင်တဲ့သူ မှန်သမျှ သေကိုသေရမယ်......
"ငါမင်းကိုသတ်ပစ်မယ်။"
လေဒင် အံကြိတ်ကာ သွေးကြယ်စင်ဓားဖြင့် အန်လင်းအား တိုက်ခိုက်လိုက်သည်။
ထိုအချိန်တွင် အန်လင်း၏ သိုလှောင်လက်စွပ်မှာ တောက်ပလာပြီးနောက် အနက်ရောင် အုတ်ခဲတစ်ခု ထွက်ပေါ်လာလေသည်။
သွေးကြယ်စင်ဓားမှာ ညဉ့်ကောင်းကင်ယံကိုပင် ပိုင်းဖြတ်ပစ်တော့မလို ထင်မှတ်ရသည်။
ထိုမျှကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုသည် ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူများကိုပင် သတ်ဖြတ်ပစ်နိုင်လောက်သည်။
စောင့်ကြည့်နေသူများ အားလုံးမှာလည်း သွေးကြယ်စင်ဓားကိုကြည့်ကာ အသက်ပင် မရှူရဲကြတော့ပေ။
အန်လင်းသည် ၎င်းတို့၏ နှလုံးသားထဲတွင် အလွန်သန်မာပါသော်လည်း ပြိုင်ဘက်ကင်းဟု မဆိုနိုင်ပေ။ ထိုမျှအားကောင်းသော ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းအထိ ဖြစ်နိုင်သည်။ ယခုတိုက်ပွဲတွင် အန်လင်း အသက်ရှင်လိမ့်မည်ဟု အာမခံရဲသူ မရှိပေ။
သို့သော် သွေးကြယ်စင်ဓားသည် အနက်ရောင် အုတ်ခဲအား ခြစ်ရာလေးပင် မထင်စေနိုင်ခဲ့သောကြောင့် စောင့်ကြည့်နေသူများလည်း အော်ဟစ်အောင်ပွဲခံလိုက်ကြသည်။
ဖရိုဖရဲ သတ္ထုအုတ်ခဲအကြောင်း သိရှိနေသော စုရှောင်လန်တို့မှာလည်း ယခုမှသာ သက်ပြင်းချနိုင်ကြတော့သည်။
အန်လင်းသည် အုတ်ခဲပေါ်မှ ကျော်ကြည့်ကာ လေဒင်အား မဲ့ပြုံးပြုံးပြလိုက်သည်။
ထိုအပြုံးသည် လေဒင်အား အရှက်ခွဲနေသလိုပင်။
သူသည် ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်သို့ ရောက်ရှိနေသူ ဖြစ်ပါသော်လည်း စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သာရှိသော သူတောင်းစားလေး၏ လှောင်ပြောင်ခြင်းကို ခံနေရသောကြောင့် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။
"ငါမင်းကိုသတ်ပစ်မယ်။"
လေဒင်၏ မျက်ဝန်းများမှာ ဒေါသကြောင့် မီးဟုန်းဟုန်းတောက်နေသည်။
ထိုအချိန်မှာပင် လေဒင်သည် ရုတ်ချည်းဆိုသလို ချစ်ရသူ သေဆုံးခြင်းအား အမှတ်ရလာမိသည်။ သူငယ်ရွယ်စဉ်ကလည်း ရာထူးအာဏာ ကြီးမြင့်သူအချို့၏ အနိုင်ကျင့် နှိပ်စက်ခြင်းအား ခံခဲ့ရဖူးသေးသည်။ သူ၏အမေမှာလည်း နဂါးကြီးတစ်ကောင်၏ ဝါးမြိုခြင်းအား ခံခဲ့ရသည်။ သူသည် မြေပြင်သို့ ကြွေကျကာ မေ့လျော့ပျောက်ကွယ်သွားတော့မည့် နွေဦးရွက်ကြွေများအပေါ် စာနာလာမိသည်။
နှလုံးသားအတွင်း တိုးဝင်လာသော အကန့်အသတ်မဲ့ ဝမ်းနည်းမှုများကြောင့် လေဒင် စိတ်မထိန်းနိုင်ပဲ ငိုချမိတော့သည်။
"ဝါး....."
လေဒင်၏ ပါးပြင်ပေါ် မျက်ရည်များ ယိုစီးကျလာသည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။
မြို့နံရံပေါ်ရှိ ကျောင်းသားများနှင့် စစ်သည်တော်များမှာလည်း ကြောင်တောင်တောင် ဖြစ်ကုန်ကြရသည်။
"လေ.....လေဒင်က ငိုနေတာလား။"
"နတ်ဘုရားအန်ဆီကနေ လက်ဖြတ်ခံရတယ်။ ချီးလည်းပါချမိတယ်။ ပြီးတော့ နတ်ဘုရားအန်ကိုလည်း ပြန်မတိုက်နိုင်ဘူး။ အဲ့ဒါတွေက တော်တော်ရင်ခံဖို့ ကောင်းပေမယ့် အခုလို အရှက်မရှိ အော်ငိုလိမ့်မယ်လို့ ထင်မထားဘူး။ သူက သွေးမျိုးနွယ်စုက မြင့်မြတ်တဲ့ သခင်လေး မဟုတ်ဘူးလား။"
"မင်းပြောမှပဲ ငါတောင် လေဒင်ကို သနားလာပြီ။"
"သွေးမျိုးနွယ်စုရဲ့ ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူက နတ်ဘုရားအန်ကြောင့် ငိုသွားရတယ်ပေါ့လေ။ တကယ်အံ့သြစရာပဲ။"
"သူက အသေငိုနေပြီဆိုတော့ နတ်ဘုရားအန် အနိုင်ရဖို့ နီးစပ်နေပြီထင်တယ်။"
.....
ကျောင်းသားအများစုသည် အန်လင်း အသာစီးရနေသည်ဟု ထင်မှတ်သွားကြသည်။
စင်စစ်တွင်မူ အန်လင်းမှာ ဝှက်ဖဲများ အသုံးပြုနေခြင်းသာ ဖြစ်သည်။
သူသည် အနှောင့်အယှက် ပေးနိုင်သော မန္တာန်များအား အသုံးပြုပြီးသွားသဖြင့် လေဒင်အား တိုက်ရိုက်ရင်ဆိုင်ရန်သာ ကျန်တော့သည်။
သူ၏တိုက်ခိုက်မှုများသည် လေဒင်အပေါ် သက်ရောက်နိုင်မည်လော။
ထိုသည်မှာ အန်လင်းအား စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးမှ လာရောက်တိုက်ခိုက်သည်နှင့် ဆင်တူသည်။ သူ၏ရန်သူသည် အနိုင်ရရန် အခွင့်အရေး ရှိမည်မဟုတ်ပေ။
သူသည် အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်အား သုံးနိုင်ပါသော်လည်း လေဒင်နှင့် မီတာတစ်ရာအတွင်း ရှိနေမှဖြစ်မည်။
လက်ရှိ အန်လင်းနှင့် လေဒင်ကြားတွင် တစ်ကီလိုမီတာကျော် ကွာဝေးနေလေသည်။
လေဒင်သည် စိတ်စွမ်းအင်ဖြင့် မျက်ရည်များအား ချုပ်တည်းကာ အန်လင်းအား တိုက်ခိုက်ရန် ပြင်လိုက်သည်။
"ဝေါင်း...."
ရှောင်ဇယ် ဟစ်ကြွေးကာ လေဒင်ထံ ပြေးဝင်လာသည်။
"ယီးလား....."
လေဒင် မီးလက်ဝါးဖြင့် ရှောင်ဇယ်အား ရိုက်ထုတ်လိုက်သည်။
ရှောင်ဇယ်မှာလည်း မြေပြင်ပေါ် ခွေးကျကျသွားရသည်။
အန်လင်းမှာ စိတ်ပင်ပန်းသလို ခံစားလာရသည်။ သူသည် လေဒင်နှင့် မတိုက်ခိုက်ပဲ ကောင်းကင်ဘုံခုံရုံးမှ စစ်ကူများအတွက် အချိန်ဆွဲပေးနေခြင်းသာ ဖြစ်သည်။ ယခု အချိန်ဆယ်မိနစ် ကျော်သွားပါသော်လည်း ကောင်းကင်ဘုံခုံရုံး၏ စစ်ကူများမှာ တစ်ဦးတလေမှ ပေါ်မလာသေးပေ။
လေဒင်သည် အဆိပ်သခင်အား သတ်လိုက်သူမှာ ရှောင်ဇယ်ဟု အထင်မှားနေသောကြောင့် ရှောင်ဇယ်ကိုသာ သတ်ပစ်ချင်ခဲ့သည်။
ယခုတွင်မူ သူ့အား အကြိမ်ကြိမ်အခါခါ အရှက်ခွဲနေသော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကိုသာ နုတ်နုတ်စင်းချင်တော့သည်။
လေဒင်သည် အန်လင်းအားကြည့်ကာ လက်သီးဆုပ်လိုက်သည်နှင့် ငါးကီလိုမီတာပတ်လည်ရှိ မော်လီကျူးများသည်ပင် လှုပ်ရှားမရအောင် လေထုသိပ်သည်းသွားသည်။
ထို့နောက် သူသည်လည်း သွေးနီရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အန်လင်းထံ ပျံဝဲသွားလိုက်သည်။
အန်လင်း၏ ခန္ဓာကိုယ်သည် အနည်းငယ်ပင် မလှုပ်နိုင်တော့ပါသော်လည်း ကြိုတင်ပြင်ဆင်ထားသော နယ်မြေထိုးဖောက်လက်သည်းမှာ အသင့်ဖြစ်နေလေပြီ။
သို့သော် နယ်မြေထိုးဖောက်လက်သည်းသည်ပင် လေဟာနယ် ချိပ်စည်းအား မချိုးဖျက်နိုင်ခဲ့ပေ။
အန်လင်းမှာ ယခုကဲ့သို့ အခြေအနေမျိုး မကြုံတွေ့ဖူးသောကြောင့် ထိတ်လန့်လာမိသည်။
လေဒင်မှာ အစွမ်းထက်လွန်းလှသဖြင့် သူသည်လည်း ဘာမှမတတ်နိုင်တော့ပေ။
အန်လင်းမှာ မျှော်လင့်ချက်မဲ့နေသော မျက်ဝန်းများဖြင့် သွေးနီရောင် အလင်းတန်းအား ကြည့်ရှုနေမိသည်။
မြို့နံရံပေါ်ရှိ စောင့်ကြည့်နေသူများမှာလည်း အန်လင်းအတွက် ဆုတောင်းနေရလေပြီ။
"သူ့ကိုလွှတ်ပေးလိုက်။"
ထိုအချိန်မှာပင် ကျယ်လောင်လှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်ဘုံခုံရုံး၏ စစ်ကူများ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အန်လင်း၊ ရှောင်ဇယ်နှင့် မြို့နံရံပေါ်ရှိ လူများအားလုံးမှာ စိတ်သက်သာရာ ရသွားကြသည်။
နူးညံ့သောသွင်ပြင်ရှိသည့် အမျိုးသားတစ်ဦးမှာ ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်ဖော်ကာ လေဒင်ထံ ပျံဝဲလာသည်။
"လစ်စမ်းပါ။"
လေဒင်မှာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
သွေးနီရောင် လက်ဝါးကြီးမှာ ထိုအမျိုးသားပေါ် ဆင်းသက်လာလေသည်။
ဝုန်း....
နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။
"အား....."
နာကျင်နေသော အော်ဟစ်ငိုကြွေးသံနှင့်အတူ ထိုအမျိုးသားမှာ လွင့်ထွက်သွားတော့သည်။
အန်လင်း : "......."
မြို့နံရံပေါ်မှလူများ: "....."