← Chapters

အင်အားအကောင်းဆုံးစစ်ကူများ

Vol. 47 Ch. 655

အင်အားအကောင်းဆုံးစစ်ကူများ

Vol. 47 Ch. 655

အားလုံးမှာ လွင့်ထွက်သွားသော အဖြူရောင်ပုံရိပ်အားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြရသည်။

ကောင်းကင်ဘုံခုံရုံး၏ စစ်ကူမှာ တစ်ချက်တည်းဖြင့် လွင့်ထွက်သွားသောကြောင့် လူတိုင်းမှာ ပါးရိုက်ခံရသလို ခံစားလိုက်ကြရသည်။

အန်လင်း၏ နှလုံးသားမှာလည်း အစိပ်စိပ်အမြွှာမြွှာ ကွဲကြေသွားရလေပြီ။

ကောင်းကင်ဘုံခုံရုံးက ယီးမို့လို့ လူရွှင်တော်တွေ လွှတ်လိုက်တာလား.....

ငါတို့စောင့်နေရတဲ့စစ်ကူက ဒီလိုကောင်မျိုးတဲ့လား....

"သေလိုက်တော့။"

လေဒင်၏လက်မှ သွေးနီရောင် ကြယ်စင်များ ဖြာထွက်လာကာ လက်တစ်ဖက်ဖြင့် ဖရိုဖရဲ သတ္ထုအုတ်ခဲအားထိန်းကာ ကျန်တစ်ဖက်ဖြင့် အန်လင်းအား ဆုပ်ကိုင်ထားလိုက်သည်။

"သူ့ကိုလွှတ်ပေးလိုက်။"

အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြန်သည်။

ထိုသူသည် အနက်ရောင်ဝတ်စုံနှင့်ဖြစ်ပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်ဖော်ထားသည်။

၎င်းသည် စိန်လက်ပတ်နှစ်ခုအား လေဒင်ထံ ပစ်လွှတ်လိုက်သည်။ စိန်လက်ပတ်များထံမှ များပြားလှသော ရွှေရောင်သင်္ကေတများ ပေါ်ထွက်လာကာ အားကောင်းလှသော ချိပ်ပိတ်စွမ်းအင်တစ်ခု လေဒင်ထံ ရောက်ရှိလာသည်။

လေဒင်မှာ ရုတ်ချည်းဆိုသလို အာရုံများသွားသည့် အချိန်မှာပင် အန်လင်းမှာ အခွင့်အရေး အရယူကာ ဆုတ်ခွာလိုက်သည်။

"ငါမင်းကိုသတ်ပစ်မယ်။"

လေဒင် ဒေါသထွက်သွားကာ ထိုသူရှိနေသော နေရာအား လက်ဖြင့်ဖမ်းဆုပ်လိုက်သည်။

ကြီးမားလှသော သွေးနီရောင် ဓားမော့ပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ စိန်လက်ပတ်များ၏ ချိပ်ပိတ်စွမ်းရည်မှာ ချက်ချင်းပင် လောင်ကျွမ်းပျောက်ကွယ်သွားပြီး ပြင်းထန်လှသော စွမ်းအင်တစ်ခုမှာ ထိုအနက်ရောင်ဝတ်စုံနှင့် အမျိုးသားထံ ပျံဝဲသွားသည်။

ထိုအမျိုးသားမှာ အမူအရာ ပြောင်းလဲသွားပြီးနောက် ကိုယ့်ကိုယ်ကို ကာကွယ်ရန် စိန်လက်ပတ်များအား ပြန်လည်ဆင့်ခေါ်လိုက်သည်။

ဝုန်း.....

သွေးနီရောင် ဓားမော့နှင့် ရွှေရောင်ချိပ်ပိတ်စွမ်းအင်တို့ တွေ့ဆုံကာ ကျယ်လောင်လှသော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

အဆုံးတွင်မူ စိန်လက်ပတ်များမှာ ဓားမော့ပုံရိပ်အား ခံနိုင်ရည် မရှိတော့ပဲ အဝေးသို့ လွင့်ထွက်သွားရသည်။

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် ဆိုးဆိုးရွားရွား ထိခိုက်ကာ သွေးအန်လိုက်ရလေသည်။

"ဟမ့်....ကောင်းကင်ဘုံခုံရုံးက သုံးစားမရတဲ့ အစုတ်အပြတ်တွေကို စစ်ကူပို့ပေးလိုက်တယ်ပေါ့။ ဒီမှာတင်သေလိုက်တော့။"

အံ့ဖွယ်တာအိုနှင့်အတူ ကြောက်မက်ဖွယ် သွေးနီရောင် ကြယ်ကြီးတစ်လုံး ထွက်ပေါ်လာသည်။

"အိုး....တကယ်လား။ ဒီနေရာကို မင်းသင်္ချိုင်း လုပ်ပေးလိုက်ရင်ရော ဘယ်လိုလဲ။"

သိမ်မွေ့လေးနက်ကာ သြဇာအာဏာများ ပါဝင်သော စကားသံတစ်ခုကို ကြားလိုက်ရသည်။

လေဒင်မှာ အမူအရာ ပြောင်းလဲသွားပြီးနောက် ဆုတ်ခွာရန် ကြိုးစားတော့သည်။

"မင်းဘယ်မှသွားလို့ရမယ် မထင်နဲ့။"

ကီလိုမီတာ ငါးရာပတ်လည်ရှိ လေထုတစ်ခုလုံးမှာ သံမဏိအလား ကျစ်လစ်သိပ်သည်းသွားသည်။

လေဒင်၏ ခန္ဓာကိုယ်မှာ ပြင်းထန်လှသော ချိပ်ပိတ်စွမ်းအင်များကြောင့် လှုပ်ရှားမရတော့ပေ။

ကောင်းကင်ထက်တွင် အဖြူနှင့်အဝါ တာအိုဝတ်စုံအား ဆင်မြန်းထားသော အမျိုးသားတစ်ဦး ပေါ်ထွက်လာသည်။ ရွှေရောင်သရဖူတစ်ခုအား ဦးခေါင်းထက်တွင် တွေ့မြင်နိုင်ပြီး ကမ္ဘာပေါ်ရှိ လျှပ်စီးမိုးကြိုးများအားလုံး ၎င်း၏မျက်ဝန်းအတွင်း လှည့်လည်နေသလို ထင်မှတ်ရကာ ကောင်းကင်နှင့်မြေပြင်မှာလည်း ထိုသူရောက်ရှိလာသည်နှင့် မိုးခြိမ်းသံများ မြည်ဟီးသွားရသည်။

အန်လင်း ယခုမှသာ စိတ်သက်သာရာ ရသွားသည်။

ကောင်းကင်ဘုံခုံရုံးရဲ့ အစစ်အမှန် ကယ်တင်ရှင်ကြီး လာပြီပဲ.....

ထိုသူ၏ပုံအား စာအုပ်များထဲတွင်သာ တွေ့မြင်ခဲ့ဖူးသည်။ ၎င်းသည် ကောင်းကင်ဘုံခုံရုံး၏ ဧကရာဇ် ငါးပါးထဲမှ တစ်ပါးဖြစ်သော အနောက်ဘက်အား ကြီးစိုးသည့် ဧကရာဇ်ထျန်းဟောင် ဖြစ်သည်။

ဧကရာဇ်ထျန်းဟောင်အား လက်နက်နှင့်မိုးကြိုးတို့၏ ဘိုးဘေးကြီးအဖြစ် မှတ်ယူကြပြီး ကောင်းကင်ဘုံခုံရုံး၏ သတ်ဖြတ်သူနတ်ဘုရားအဖြစ် သတ်မှတ်ထားကြသည်။

လေဒင်သည်လည်း ဧကရာဇ်ထျန်းဟောင်အား သိရှိနေသောကြောင့် ထွက်ပြေးရန် ကြိုးစားခဲ့ခြင်းပင်။

"ဧကရာဇ်ထျန်းဟောင်....ကျုပ်က မဟူရာအဆိပ်သခင် အသတ်ခံလိုက်ရလို့ လက်စားချေဖို့ လာခဲ့တာ။ အခု ခင်ဗျားရောက်လာပြီဆိုတော့ အဲ့နဂါးကို လျော်ပေးလိုက်တော့မယ်။ ကျုပ်ပြန်ပြီ။"

လေဒင် ဆုတ်ခွာရန် ကြိုးစားလိုက်ပြန်သည်။

ဧကရာဇ်ထျန်းဟောင်မှာ လေဒင်အား လက်ညှိုးထိုးလိုက်လေသည်။

ဝုန်း.....

အကန့်အသတ်မဲ့သော မိုးကြိုးများ ပေါက်ကွဲကာ ကမ္ဘာတစ်ခုလုံး မီးလောင်တိုက်သွင်းပစ်နိုင်လောက်သည့် ပြင်းထန်လှသော အဖျက်စွမ်းအင်များ လေဒင်ထံ ရောက်ရှိလာသည်။

ဧကရာဇ်ထျန်းဟောင်၏ မိုးကြိုးသည် အန်လင်း မြင်ဖူးသမျှထဲတွင် အကြမ်းတမ်းဆုံးဖြစ်ပြီး ၎င်း၏အရှိန်အဝါတစ်ခုတည်းနှင့်ပင် ကြည့်ရှုနေသူများအား တုန်လှုပ်သွားစေသည်။

ထိုမိုးကြိုးမှာ လေဒင်၏ သွေးကြယ်စင်အား အလွယ်တကူ ဖျက်စီးပစ်လိုက်သည်။

"အား...."

လေဒင်မှာ ရှောင်ချိန်မရလိုက်ပဲ နာကျင်စွာ အော်ဟစ်လိုက်ရသည်။

"ဝါး....."

စောင့်ကြည့်နေသူများမှာလည်း ထိုမြင်ကွင်းကြောင့် အသက်ရှူများပင် မြန်ကုန်သည်။ သွေးမျိုးနွယ်စု၏ ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူမှာ ထိုကဲ့သို့ပင် ဖိနှိပ်ခံလိုက်ရလေပြီ။

မကြာမီမှာပင် ဧကရာဇ်ထျန်းဟောင် အမူအရာ ပြောင်းလဲသွားသည်။

"အိုး....စိတ်ဝင်စားစရာ အသက်ကယ်ရတနာ ရှိနေတာပဲ။ မင်းကိုယ်မင်း ဘယ်လောက်ထိ ကယ်နိုင်မလဲ ကြည့်ရသေးတာပေါ့။"

ထိုစကားနှင့်အတူ ဧကရာဇ်ထျန်းဟောင်၏ ခန္ဓာကိုယ်မှာ မိုးကြိုးလျှပ်စီးများအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်။

အားလုံးမှာ အခြေအနေအား ချက်ချင်းပင် နားလည်သဘောပေါက်သွားကြသည်။ လေဒင်ထံတွင် အင်မော်တယ် အသက်ကယ်ရတနာရှိနေပြီး ဧကရာဇ်ဟောင်ထျန်းသည် ၎င်းအားလိုက်သတ်နေခြင်း ဖြစ်သည်။

"နောက်ဆုံးတော့ ငါတို့အသက်ရှင်ပြီပေါ့။"

"မနက်ဖြန်ကို တွေ့ခွင့်ရပြီဟေ့။"

မြို့နံရံပေါ်ရှိ ကျောင်းသားများနှင့် စစ်သည်တော်များမှာ တင်းထားသော စိတ်များကို လွှတ်ချလိုက်ပြီးနောက် မြေပြင်ပေါ် လှဲချကာ အော်ဟစ်အောင်ပွဲခံလိုက်ကြသည်။ အချို့မှာလည်း တိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာ ပြုံးပျော်နေကြလေသည်။ မည်သူကမှ အဝေးတစ်နေရာတွင် ပျံဝဲနေသော အစိမ်းရောင်ခြင်အား မမြင်မိကြပေ။

ဝင်္ကပါအား အချိန်ကြာမြင့်စွာ အားဖြည့်ပေးနေရသောကြောင့် အားလုံးမှာ အလွန်အမင်း ပင်ပန်းနေကြလေပြီ။ ခြိမ်းခြောက်နေသော အန္တရာယ်ကိုလည်း ပူပန်စရာ မလိုတော့သည့်အတွက် လူတိုင်းမှာ ခြေပစ်လက်ပစ် အနားယူလိုက်ကြသည်။

တီနာသည်လည်း တောက်ပစွာပြုံးကာ မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။

နွေးထွေးသော လက်တစ်စုံမှာ သူမအား ပွေ့ချီထားလိုက်သည်။

"ကျေးဇူးပဲ ရှောင်လန်... ငါခဏလောက် အိပ်လိုက်ဦးမယ်။"

"ကိစ္စမရှိပါဘူး....ကျန်တာငါတို့ကို လွှဲထားလိုက်။"

စုရှောင်လန် ညင်သာစွာပြုံးကာ သန့်စင်သော မီးတောက်စွမ်းအင်ဖြင့် တီနာအား အနွေးဓာတ်ပေးလိုက်သည်။

ဝင်္ကပါ၏ ဗဟိုချက်အား ကာကွယ်ရသောကြောင့် တီနာမှာ အပင်ပန်းရဆုံးသူပင်။

အန်လင်း ရှောင်ဇယ်ထံသွားကာ စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

"အဆင်ပြေရဲ့လား။"

ရှောင်ဇယ်မှာ လူသားအသွင် ပြန်လည်ပြောင်းလဲထားပြီး အဝတ်အစားများ ဆုတ်ပြဲကာ ဒဏ်ရာများစွာ ရရှိထားသည်။

ရှောင်ဇယ် အားယူကာ ပြုံးလိုက်သည်။

"အဆင်ပြေပါတယ်။ ဒါက အပေါ်ယံဒဏ်ရာတွေပါပဲ။ ကျွန်တော့်ရဲ့ တာအိုအခြေခံက အကောင်းအတိုင်း ရှိနေသေးတယ်။ ဆရာ.....ကျွန်တော် ဒီတစ်ခေါက် ဘယ်လိုနေလဲ။"

အန်လင်း စိတ်သက်သာရာရကာ ရှောင်ဇယ်အား ခေါင်းပုတ်ပေးလိုက်သည်။

"မင်းလုပ်တာ အရမ်းတော်တယ်။ ငါတို့ပြန်သွားကြရအောင်။"

အန်လင်းမှာ ရှောင်ဇယ်နှင့်အတူ ဖရိုဖရဲ သတ္ထုအုတ်ခဲကိုစီးကာ ဟွမ်းချန်မြို့တော်ထံ ပြန်လာခဲ့သည်။

မြို့နံရံပေါ်ရှိ ကျောင်းသားများနှင့် စစ်သည်တော်များအားလုံးမှာ သူရဲကောင်းများ ကြိုဆိုသလို ဟစ်ကြွေးလိုက်ကြသည်။

ကြောက်မက်ဖွယ်ကောင်းသော ရန်သူရှေ့တွင် အန်လင်းနှင့် ရှောင်ဇယ်တို့မှာ အားလုံး၏ ရှေ့မှောက်၌ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြသည်။

အဖြူရောင်ဝတ်စုံနှင့် အမည်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူနှစ်ဦးလည်း မြို့နံရံပေါ် ရောက်ရှိလာသည်။

၎င်းတို့သည် လေဒင်၏ လက်ဝါးတစ်ချက်ကြောင့် လွင့်ထွက်သွားခဲ့သူများပင်။

ထိုသူများသည် အနက်ရောင်စိမ့်တောတွင်ရှိသော ကောင်းကင်ဘုံခုံရုံး၏ စီမံခန့်ခွဲရေးဌာနမှူးများဖြစ်ကြောင်း သိရှိလိုက်ရသည်။

အဖြူရောင်ဝတ်စုံနှင့် ချောမောခန့်ညားသော အမျိုးသားမှာ ဒုဌာနမှူးဖြစ်ပြီး ချန်ယွီဟု ခေါ်ဆိုသည်။

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် ဌာနမှူး ကျင်းဟု ဖြစ်သည်။

၎င်းတို့သည် အနက်ရောင်စိမ့်တော၏ ကောင်းကင်ဘုံခုံရုံး စီမံခန့်ခွဲရေးဌာနအား အုပ်စိုးနေသူများပင်။

အန်လင်းတို့မှာ ၎င်းတို့နှစ်ဦးအား လေးလေးစားစား နှုတ်ဆက်လိုက်ကြသည်။

သို့သော် ဝှီးခနဲနေအောင် လွင့်ထွက်သွားသော မြင်ကွင်းအား ပြန်လည်မြင်ယောင်နေသောကြောင့် စိတ်ထဲတွင် အမှန်တကယ် မလေးစားနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့ရောက်ရှိလာသောကြောင့်သာ သူလွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်သောကြောင့် အန်လင်းမှာ ထိုနှစ်ဦးအား အတော်ပင် ကျေးဇူးတင်မိနေတော့သည်။

All Chapters