← Chapters

အမဲလိုက်ခံရခြင်း

Vol. 47 Ch. 656

အမဲလိုက်ခံရခြင်း

Vol. 47 Ch. 656

ဟွမ်းချန်မြို့တော်၏ ကီလိုမီတာထောင်ကျော်တွင် လေဒင်၏ ခန္ဓာကိုယ်မှာ စတင်ရုပ်လုံးပေါ်လာသည်။

သူ၏အမူအရာမှာ သွေးဆုတ်ဖြူရော်နေပြီး အသက်အား ခပ်ပြင်းပြင်း ရှူရှိုက်နေကာ ကျောက်စိမ်းတံဆိပ်ပြားတစ်ခုအား ချိုးဖျက်လိုက်ပြီးနောက် လေထဲသို့ တဟုန်ထိုး ပျံဝဲသွားသည်။

"ကျေးဇူးပြုပြီး မြန်မြန်လာပါတော့ အဖေရယ်.....ကျွန်တော် တောင့်မခံနိုင်တော့ဘူး။"

လေဒင်၏ လက်ထဲတွင် မဟူရာကြာပန်းနှင့်တူသော အရာတစ်ခု ရှိနေသည်။ ပုံမှန်အားဖြင့် ထိုကြာပန်းတွင် တောက်ပနေသော ပွင့်ချပ်သုံးခု ရှိပါသော်လည်း ယခုတွင်မူ ပွင့်ချပ်တစ်ခုမှာ ပျက်စီးသွားလေပြီ။

ထိုသည်မှာ အဆင့်မြင့် အင်မော်တယ်ရတနာ မြင့်မြတ်မိစ္ဆာကြာပန်း ဖြစ်သည်။

မြင့်မြတ်မိစ္ဆာကြာပန်းသည် အသက်အန္တရာယ်နှင့် ကြုံတွေ့ရပါက အသုံးပြုသူအား ကိုယ်ဖျောက်ကာ ကီလိုမီတာ ထောင်နှင့်ချီ အကွာအဝေးသို့ ပို့ဆောင်ပေးနိုင်သဖြင့် အလွန်ကောင်းမွန်သော အသက်ကယ်ရတနာတစ်ခုပင်။

လေဒင်မှာ လေဟာနယ် ခုန်ကူးတော့မည့် အချိန်မှာပင် ကောင်းကင်ထက်တွင် မိုးကြိုးလျှပ်စီးများ လွှမ်းမိုးလာသည်။

မိုးကြိုးလျှပ်စီးများသည် အဖြူရောင်နှင့် အမည်းရောင်ဖြစ်ပြီး ဆင်းသက်လာချိန်တွင် လေထုကိုပါ လောင်ကျွမ်းသွားစေသည်။

လေဒင်မှာ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားရပြီးနောက် အဝေးတစ်နေရာသို့ ရောက်ရှိသွားပြန်သည်။ သူသည် ဒေါသထွက်နေသော အမူအရာဖြင့် တစ်နေရာအား ကြည့်ကာပြောလိုက်သည်။

"ဧကရာဇ်ထျန်းဟောင် ခင်ဗျားသာ ကျုပ်ကိုသတ်ခဲ့ရင် ကျုပ်အဖေက..."

ဝုန်း....

မိုးကြိုးလျှပ်စီးများ ကျဆင်းလာပြန်သောကြောင့် လေဒင်မှာ စကားပင် မဆုံးပဲ ပေါက်ကွဲသွားရသည်။

ဧကရာဇ်ထျန်းဟောင်မှာ ထိုနေရာသို့ ရုတ်ချည်းဆိုသလို ရောက်ရှိလာသည်။ သူ၏မျက်ဝန်းများထဲတွင် တိုက်ပွဲစိတ်ဆန္ဒများကို တွေ့မြင်နေရသည်။

"ဒီကောင်က လွတ်သွားသေးတာပဲ။ သူ့ရဲ့အသက်ကယ်ရတနာက တော်တော်စွမ်းပုံရတယ်။ ဘယ်နကြိမ်လောက် ထပ်သေနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့။"

ထိုစကားနှင့်အတူ ဧကရာဇ်ထျန်းဟောင်မှာ မိုးကြိုးလျှပ်စီးများအဖြစ် ပြောင်းလဲပျောက်ကွယ်သွားတော့သည်။

လေဒင်၏ ခန္ဓာကိုယ်သည် ကီလိုမီတာ ထောင်နှင့်ချီ အကွာအဝေးတွင် ပြန်လည်ထွက်ပေါ်လာကာ မဆိုင်းမတွ အဝေးသို့ ထွက်ပြေးသွားသည်။

မည်သို့ပင်ဆိုစေကာမူ မိုးကြိုးလျှပ်စီးတစ်ခုမှာ အဝေးတစ်နေရာမှ လိုက်ပါလာနေဆဲ ဖြစ်သည်။

ထိုလျှပ်စီးကြောင်းမှာ လျင်မြန်လွန်းလှပြီး အဖျက်စွမ်းအင်လည်း ပြင်းထန်ပေသည်။

ထို့အပြင် သွေးမျိုးနွယ်စု ကျင့်ကြံသူများအား ထိခိုက်စေနိုင်သည့် သန့်စင်သော ယန်စွမ်းအင်များလည်း ပါဝင်နေသည်။ ဧကရာဇ်ထျန်းဟောင်သည် လက်နက်နှင့် မိုးကြိုးအား အစိုးရသူ ဖြစ်သောကြောင့် ဤကမ္ဘာပေါ်ရှိ မိုးကြိုးလျှပ်စီး အသုံးပြုသူများထဲတွင် ပြိုင်ဘက်ကင်းဟု ဆိုနိုင်သည်။

လေဒင်မှာ မျက်စိမျက်နှာ ပျက်နေရသည်။

တစ်ဖက်ရန်သူသည် ကောင်းကင်အရှင်သခင် ဖြစ်နေလျှင်ပင် ထိုမျှကြောက်ရွံ့ရမည် မဟုတ်ပေ။

ဝုန်း.....

ကောင်းကင်နှင့်မြေပြင်တခွင် မိုးခြိမ်းသံများသာ ပဲ့တင်ထပ်နေသည်။

လေဒင်မှာ လေဟာနယ် ခြယ်လှယ်ခြင်းနည်းဖြင့် ထွက်ပြေးနေပါသော်လည်း မိုးကြိုးလျှပ်စီးများ၏ ဖိအားကြောင့် ပြန်လည်ထွက်ပေါ်လာရသည်။

"ခဏလေး....ကျုပ်ပြောချင်တာရှိ... "

ဝုန်း....

ထုံးစံအတိုင်း စကားမဆုံးသေးခင်မှာပင် မိုးကြိုးလျှပ်စီးများကြောင့် ပေါက်ကွဲသွားရပြန်သည်။

ကီလိုမီတာ ထောင်နှင့်ချီ အကွာအဝေးသို့ ရောက်ရှိသွားသော လေဒင်သည် မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်နေပြီး မြင့်မြတ်မိစ္ဆာကြာပန်းမှာလည်း ပျက်စီးသွားပြီ ဖြစ်သည်။

လေဒင်မှာ ထိုကိစ္စနှင့်ပက်သတ်၍ တွေးပင်မတွေးနိုင်သေးပေ။ ယခုတိုက်ပွဲအတွင်း အမှန်တကယ် သေသွားနိုင်သောကြောင့် အင်မော်တယ် ရတနာအကြောင်းကိုလည်း မစဉ်းစားနိုင်ပေ။

ဧကရာဇ်ထျန်းဟောင်သည် သွေးမျိုးနွယ်စု ပိုင်နက်ထဲတွင်ပင် ကီလိုမီတာ သောင်းနှင့်ချီ သူ၏နောက်သို့ လိုက်နေခဲ့သောကြောင့် အမှန်တကယ် သတ်ဖြတ်ချင်နေသည်မှာ သိသာလှသည်။

လေဒင်၏ နှလုံးသားထဲတွင် နောင်တတရားများ ကြီးစိုးလာသည်။

ဟွမ်းချန်မြို့က အဲ့နဂါးကို သတ်ဖို့တွေးမိတာ မှားတာပဲ.....

အဲ့နဂါးကို မသတ်နိုင်ခဲ့တဲ့အပြင် အခုငါပါ သတ်ခံရတော့မယ်.....

အဖြူနှင့်အမည်း မိုးကြိုးလျှပ်စီးများအား မြင်လိုက်ရသည်နှင့်အတူ လေဒင်မှာ ထိတ်ထိတ်ပြာပြာ ဖြစ်သွားရသည်။

သူသည် သွေးကြယ်စင်တာအိုစွမ်းအင်အား အမြင့်ဆုံးထိ ထုတ်ဖော်ထားလိုက်သည်။

သွေးနီရောင် ကြယ်ကြီးတစ်လုံး ရုပ်လုံးပေါ်လာကာ သူ့အားကာကွယ်ပေးထားလေသည်။

ဝုန်း.....

ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များနှင့်အတူ ကီလိုမီတာ ငါးဆယ်အတွင်းရှိ သွေးမျိုးနွယ်စု မြို့တော်များသည်ပင် ပြာကျသွားရသည်။

ထိပ်တန်းကျင့်ကြံသူများ၏ တိုက်ပွဲဖြစ်သောကြောင့် ဘေးထွက်စွမ်းအင်လှိုင်းဂယက်များ၏ အဖျက်စွမ်းအင်သည်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းနေသည်။

မိုးကြိုးလျှပ်စီးများသည် သွေးနီရောင် ကြယ်ကြီးအား ဖျက်စီးပစ်လိုက်ပြီးနောက် လေဒင်၏ ရင်ဘတ်တွင် အပေါက်တစ်ခု ဖြစ်သွားစေသည်။

ကံကောင်းထောက်မစွာဖြင့် သွေးနီရောင်ကြယ်စင်ကြောင့် မိုးကြိုးလျှပ်စီး၏ စွမ်းအင်မှာ လျော့ကျနေပြီပင်။ ထိုသို့မဟုတ်ပါက လေဒင်မှာ နေရာတွင်ပင် တုန်းခနဲ လဲသေသွားပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ လေဒင်မှာ သေလုနီးပါး ဖြစ်နေလေပြီ။

လေဒင်မှာ ရင်ဘတ်အား ဖိထားကာ အဝေးမှ မိုးကြိုးအားကြည့်လိုက်ပြီးနောက် ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါလာရသည်။

ထိုမိုးကြိုးမှာ တာအိုဝတ်စုံနှင့် အမျိုးသားတစ်ဦးအသွင် ပြောင်းလဲသွားကာ လေဒင်ရှေ့ ရောက်ရှိလာသည်။

၎င်းသည် ကြောင်မှကြွက်ကို ဆော့ကစားနေသည့်အလား လေဒင်အားကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။

"ထပ်ပြီးထွက်မပြေးတော့ဘူးလား။ ကြည့်ရတာ မင်းအသက်တွေ ကုန်သွားပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် မင်းကသေတော့မှာဆိုတော့ နောက်ဆုံးအနေနဲ့ ငါ့ရဲ့ချောမောခန့်ညားတဲ့ မျက်နှာကို မြင်ခွင့်ရသင့်တယ်မလား။"

လေဒင်မှာ မျက်နှာပျက်ကာ သွေးပွက်ပွက် အန်လိုက်ရသည်။

ဧကရာဇ်ထျန်းဟောင်၏မျက်နှာ အေးစက်သွားသည်။

"ဘာလဲ......မင်းကငါ့ကို ချောတယ်မထင်ဘူးလား။"

"မဟုတ်ပါဘူး.....ဧကရာဇ်ထျန်းဟောင်က ရုပ်ရည်ရော၊ အရည်အချင်းရောနဲ့ အဆင့်အတန်းပါ ပြိုင်ဘက်ကင်းပါပဲဗျာ။"

လေဒင် အသည်းအသန် ရှင်းပြလိုက်သည်။

သူသည် ယခုမျှ ခိုကိုးရာမဲ့သော အခြေအနေမျိုးကို မရောက်ရှိခဲ့ဖူးပေ။

တာအိုပေါင်းစည်းခြင်း အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့ပါသော်လည်း ဧကရာဇ်ထျန်းဟောင်၏ရှေ့တွင် အလွန်သနားစရာ ကောင်းနေသည်။

"ဟမ့်....ထားလိုက်ပါတော့။ မင်းရဲ့စကားကို စိတ်ကျေနပ်လို့ နောက်ဘဝ ပို့ပေးတော့မယ်။"

ဧကရာဇ်ထျန်းဟောင်၏ လက်ချောင်းထိပ်တွင် ကြမ်းတမ်းခက်ထန်သော မိုးကြိုးလျှပ်စီးများ စုဝေးလာသည်။

လေဒင်မှာ ခြေထောက်များပင် မခိုင်တော့ပေ။

ဘာကိုစိတ်ကျေနပ်တာလဲ.....သူကချောတယ် ဆိုတာကိုလား.....အဲ့ဒါဆို ဘာလို့ဘဝကူးပေးချင်နေတာလဲ....ဒီအစစ်အမှန် နတ်ဘုရားက ဘာကြီးလဲ.....

ဧကရာဇ်ထျန်းဟောင် လက်ဖြောက်တီးလိုက်သည်နှင့် မိုးကြိုးလျှပ်စီးများမှာ လေဒင်ထံ ပျံဝဲသွားသည်။

လေဒင်မှာ ထိတ်လန့်စွာဖြင့်ပင် အကောင်းဆုံးသော မန္တာန်ကျင့်စဉ်များ ထုတ်ဖော်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ မိုးကြိုးလျှပ်စီးသည် ထိုအရာများအားလုံးကို ဖျက်စီးကာ သူ၏ဦးခေါင်းထံ ဆက်လက်ပျံဝဲလာသည်။

ထိုအချိန်တွင် အနက်ရောင်နံရံတစ်ခု ပေါ်ထွက်လာလေသည်။

ဝုန်း.....

မိုးကြိုးလျှပ်စီးများမှာ ထိုနံရံနှင့် ထိပ်တိုက်တွေ့ဆုံသွားပါပြီး အဆုံးတွင်မူ ခိုင်ခံ့လွန်းလှသော နံရံအား မဖျက်စီးနိုင်ခဲ့ပေ။

လေဒင်သည် ရင်းနှီးကျွမ်းဝင်နေသော နံရံအားကြည့်ကာ မျက်ရည်များပင် စီးကျလာရသည်။

"အဖေ...."

နံရံပေါ်တွင် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။

လေဒင်မှာ ထိုအမျိုးသားအားကြည့်ကာ ဒယိမ်းဒယိုင် ဖြစ်သွားရသည်။

ထိုအမျိုးသားသည် သွေးမျိုးနွယ်စုမှ အခြားသူများနှင့် မတူပဲ မျက်လုံးရော၊ ဆံပင်ပါ မည်းနက်နေသည်။

၎င်းထံမှ အကန့်အသတ်မဲ့သော အရှိန်အဝါများလည်း ဖြာထွက်နေလျက် ရှိသည်။

လေဒင်၏ "အဖေ"ဟုခေါ်ဆိုမှုကြောင့် ထိုအမျိုးသားမှာ ကသိကအောက်ဖြစ်စွာ ချောင်းဟန့်လိုက်သည်။

"အဟမ်း....မင်းအဖေက အခုအရေးတကြီး လုပ်စရာ ရှိနေလို့ ငါ့ကိုလွှတ်လိုက်တာ။"

လေဒင်: "....."

ဧကရာဇ်ထျန်းဟောင်မှာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောတော့သည်။

"ဟားဟားဟား.....ဘာမှမဖြစ်ပါဘူး။ မင်းကိုကယ်ဖို့လာမှတော့ မင်းအဖေပဲပေါ့။"

လေဒင်မှာ ဒေါသများကြောင့် သွေးထပ်အန်လိုက်ရပြီး လဲကျသွားတော့မလို ခံစားနေရသည်။

ဒီနေ့ အရှက်ခွဲခံရတာက တစ်ဘဝလုံးစာထက်တောင် ပိုသေးတယ်...

(မင်္ဂလာပါ။ အန်လင်းက စာရေးသူဆီမှာ စာစဥ်၅၁ထိ ရနေပါပြီရှင့်။ စိတ်ဝင်စားလို့ အားပေးချင်တယ်ဆိုရင် telegramမှာ 'ယွီရှင်း' လို့ရိုက်ရှာပြီး ပေါ်လာတဲ့ channelမှာ လာရောက်အားပေးနိုင်ပါတယ်။)

All Chapters