တမာန်တော်၏အောင်မြင်မှု(ပထမပိုင်း)
Vol. 47 Ch. 659
အမ်မတ်မှာ အာဒမ်နှင့်ဧဝအားကြည့်ကာ အံ့သြသွားရသည်။
"အဖေနဲ့အမေက တမာန်တော်ကို သိနေတာလား။"
တမာန်တော်.....
အာဒမ်နှင့်ဧဝလည်း ပါးစပ်အဟောင်းသားဖြစ်ကာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။
"အော်.....မင်းတို့ကငါ့ကို မှတ်မိနေကြသေးတာလား။"
အန်လင်း ခပ်ဖွဖွပြုံးကာ ကြည့်လိုက်သည်။
"မှတ်မိတာပေါ့။"
အာဒမ် အန်လင်းအားကြည့်ကာ တုံ့ပြန်လိုက်သည်။
"ခင်ဗျားနဲ့ နောက်အမျိုးသမီးတစ်ယောက် ကျွန်တော်နဲ့ဧဝကို ချီထားခဲ့ကြတာမလား။"
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
အာဒမ်နှင့်ဧဝ ဆင်မြန်းထားသော ဝတ်စုံသည် တီနာကိုယ်တိုင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး စိတ်ဝိဉာဉ်အဆင့် ရတနာများထက် ခုခံကာကွယ်ရေး ပိုမိုကောင်းမွန်သည်။
"ဟုတ်သားပဲ။ မင်းနဲ့ငါ ဘယ်သူပိုချောတယ်ထင်လဲ။"
အန်လင်း ရုတ်တရက် မေးမြန်းလိုက်သည်။
အာဒမ်နှင့်ဧဝမှာ ထိုသို့မေးလာလိမ့်မည်ဟု ထင်မထားသောကြောင့် ကြောင်တောင်တောင် ဖြစ်သွားရသည်။
သို့သော် အာဒမ်သည် လွန်လေပြီးခဲ့သော အတိတ်နေ့ရက်တစ်ခုကို သတိရလိုက်မိသည်။ အန်လင်းနှင့် အခြားအမျိုးသမီးတို့သည် ၎င်းတို့၏ မိဘများ ဖြစ်နိုင်သည်ဟု ဧဝမှ ဆိုလာချိန်တွင် အာဒမ်သည် ရုပ်ကြည့်ရုံနှင့်ပင် မဖြစ်နိုင်မှန်း သိသာနေကြောင်း သူသည်အန်လင်းထက် အဆပေါင်းများစွာ ပိုမိုချောမောကြောင်း တုံ့ပြန်ခဲ့သည်။
အာဒမ် အံ့အားသင့်သွားရသည်။
ဒါတွေတောင် သိနေမှတော့ ဒီလူက တကယ်နတ်ဘုရားပဲ.....
"တမာန်တော်ကြီးက ပိုချောတာပေါ့။ ကျွန်တော် မြင်ဖူးသမျှထဲမှာ တမာန်တော်ကြီးက ရုပ်အချောဆုံးပဲ။"
အာဒမ် ပြုံးကာချီးကျူးလိုက်သည်။
"ဟမ့်.....မင်းမှာ အမြင်ရှိသားပဲ။ နောက်တစ်ခါဆို စကားမှားမပြောမိစေနဲ့...ကြားလား။"
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
ဧဝ : "......."
အမ်မတ်: "......"
ထို့နောက် အန်လင်းသည် အာဒမ်နှင့်ဧဝအား ကလေးကိုးယောက်ကိုခေါ်ကာ နန်းတော်ထဲသို့လာရန် အမိန့်ပေးလိုက်သည်။
အာဒမ်နှင့်ဧဝမှာ အန်လင်းအား တမာန်တော်အဖြစ် လက်ခံလိုက်ကြသောကြောင့် များများစားစား မေးမြန်းမနေတော့ပေ။
၎င်းတို့၏ ကလေးကိုးဦးသည်လည်း တမာန်တော်အား လေးစားကြသောကြောင့် အန်လင်းမှာ ကြာကြာမစောင့်လိုက်ရပေ။
အန်လင်းသည် တီနာကိုယ်တိုင် ဖန်ဆင်းပေးခဲ့သော ဥယျာဉ်တော်မှရသည့် သစ်သီးများကို စားသုံးနေသည်။ ဥယျာဉ်တော်မှာ တဖြည်းဖြည်းပို၍ တိုးတက်လာသောကြောင့် ယခုဆိုလျှင် သစ်သီးများမှာ အဆင့်နိမ့် စိတ်ဝိဉာဉ်သစ်သီးမျှ စွမ်းနေလေပြီ။
သူနှင့်တီနာသည် အင်မော်တယ်သစ်သီးများ စိုက်ပျိုးကြည့်ရန်လည်း အစီအစဉ် ရှိသည်။ ကုန်းမြေ၏ အလယ်ဗဟိုရှိ သက်ရှိစွမ်းအင်များ ပေါကြွယ်ဝကာ နေရောင်ခြည် အဆီအနှစ်များနှင့်အတူ ကြယ်စင်များ တောက်ပနေသော နေရာတစ်ခုတွင် အစပျိုးထားပြီ ဖြစ်သည်။ ထိုနေရာအား မြင့်မြတ်သောကုန်းမြေအဖြစ် ခေါ်ဆိုသတ်မှတ်နိုင်လိမ့်မည်။
တီနာသည် ကမ္ဘာကြီး၏ သဘာဝအတိုင်း တိုးတက်ပြောင်းလဲမှုဖြစ်စဉ်များအား နှောင့်ယှက်မိမည်ကို စိုးရိမ်သောကြောင့် ကြီးကြီးမားမား ပြုပြင်ဖန်တီးမှုများကို မပြုလုပ်ရဲပေ။
ထိုမြင့်မြတ်သောကုန်းမြေအကြောင်းကိုလည်း သူမနှင့် အန်လင်းသာ သိရှိထားသည်။ နှစ်တစ်ထောင်မျှကြာလျှင် ခူးယူရန် အသင့်ဖြစ်နေသော အင်မော်တယ်သစ်သီးများ ရှိလာလောက်ပြီပင်။
အန်လင်းမှာ သွေးနီရောင်နေမင်းသစ်သီးအားစားကာ မေးလိုက်သည်။
"မင်းဘယ်ကဖြစ်လာလဲ သိချင်လား။"
အာဒမ်နှင့်ဧဝမှာ ဘဝတလျှောက်လုံး မေးခွန်းထုတ်ခဲ့ရသည့် အရာဖြစ်သောကြောင့် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်သည်။
"ငါကမင်းအဖေပဲ။"
အန်လင်း ပြုံးကာပြောလိုက်သည်။
အာဒမ်နှင့်ဧဝမှာ မယုံကြည်နိုင်မှုများကြောင့် မျက်လုံးအပြူးသား ဖြစ်သွားရလေသည်။
"အဖေ....."
သားသမီး ကိုးဦးမှာလည်း ထိတ်လန့်သွားကြရသည်။
တမာန်တော်က ငါတို့အဖိုးလား.....
အန်လင်း လက်ခါပြကာ ပြုံးစိစိ စကားဆိုလိုက်သည်။
"ဟားဟား....ငါတို့ကြား ရင်းနှီးသွားအောင် စလိုက်တာပါ။"
အာဒမ်နှင့်ဧဝမှာ မကောင်းသော စိတ်ခံစားချက်များ ဖြစ်ပေါ်လာသည်။
သားသမီးကိုးဦးမှာလည်း ဒေါသအား ချိုးနှိမ်ထားလိုက်ရသည်။
အခြေအနေမှာ ပိုမိုအေးစက်သွားသောကြောင့် အန်လင်း ကသိကအောက်ဖြစ်စွာ ရယ်မောလိုက်သည်။
"အာဒမ်နဲ့ဧဝ မင်းတို့နှစ်ယောက်က ကောင်းကင်နဲ့မြေပြင်ကနေ မွေးဖွားလာတဲ့ ပထမဆုံး လူသားတွေပဲ။"
"မင်းတို့သိသင့်တာတွေ ပြောပြပေးဖို့ ဒီကိုလာခဲ့တာပဲ။"
ကိုးယောက်မြောက်သား ဆဒ်မှာ မျက်မှောင်ကျုံ့လိုက်သည်။
"မဖြစ်နိုင်တာ။ စာအုပ်တွေထဲမှာ တခြားလူသားတွေ အများကြီးအကြောင်း မှတ်တမ်းတင်ထားတယ်။ အင်မော်တယ်တွေရဲ့ သမိုင်းကြောင်းကိုရောပဲ။"
အန်လင်း ပြုံးကာခေါင်းညိတ်သည်။
"အဲ့လူတွေ အကုန်လုံးက သေသွားပြီလေ။ အဲ့ကမ္ဘာကလည်း မရှိတော့ဘူး။ ဒီကမ္ဘာက အသစ်တစ်ခုပဲ။ ပြီးတော့ ပျက်စီးသွားတဲ့ ကမ္ဘာရဲ့ ကြေးမုံတစ်ဖက်ခြမ်းလို့လည်း ပြောလို့ရတယ်။ အဲ့ဒါကြောင့် အာဒမ်နဲ့ဧဝက ပထမဆုံး လူသားတွေ ဖြစ်နေတာ။"
ထိုစကားကြောင့် အားလုံး တိတ်ဆိတ်သွားရသည်။
ဆဒ်မှာလည်း အတွေးများသွားလေသည်။ ချီလော့မြို့သည် စာအုပ်ထဲမှ အကြောင်းအရာများနှင့် ကွဲပြားနေရသည့် အဖြေအား သိရှိလိုက်ရပြီပင်။
အန်လင်းသည် ၎င်းတို့အား ဤကမ္ဘာနှင့်ပက်သတ်သည့် အကြောင်းအရာအချို့ကို ရှင်းပြကာ ၎င်းတို့၏ မေးခွန်းများကို ဖြေကြားပေးခဲ့သည်။
"နတ်ဘုရားမက လူသားတွေကို ကာကွယ်ပေးတော့မှာ မဟုတ်ဘူး။ အခုကစပြီး ကမ္ဘာကြီးရဲ့ ရက်စက်မှုတွေကို မင်းတို့ကိုယ်တိုင် ရင်ဆိုင်ရလိမ့်မယ်။ မင်းတို့အားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။ ငါကတော့ လုပ်စရာရှိသေးလို့ သွားလိုက်ဦးမယ်။"
အန်လင်းမှာ ထိုစကားနှင့်အတူ မြူချုးများအဖြစ် ပျောက်ကွယ်သွားတော့သည်။
"တမာန်တော်ကြီး ကျွန်တော့်မှာ မေးစရာ ရှိသေးတယ်။"
"ဝိဉာဉ်ဝါးမြိုသားရဲတွေကရော ဘယ်လိုဖြစ်လာတာလဲဆိုတာ...."
"နှုတ်ဆက်ပါတယ် တမာန်တော်ကြီး။"
အန်လင်း၏ ရုတ်တရက် ပျောက်ကွယ်သွားမှုကြောင့် အားလုံးမှာ ပါးစပ်အဟောင်းသားနှင့်သာ ကျန်ရစ်ခဲ့ကြရသည်။
အန်လင်းမှာ သူ့ကိုယ်သူ အတော်ပင် စိတ်ကျေနပ်နေမိသည်။
ဘုရားသခင်ရဲ့ တမာန်တော်ဆိုတာ အဲ့လိုမျိုး သောက်ရမ်းမိမိုက်နေသင့်တယ်....ဟိဟိ....
ထိုအချိန်တွင် တီနာ၏ စူးရှရှ စကားသံအား ကြားလိုက်ရသည်။
"ဘီလူးအန်လင်း အခုဘယ်ကိုသွားမှာလဲ။"
အန်လင်း ခေတ္တမျှတွေးကာ ဖြေကြားလိုက်သည်။
"တောင်ပံနက်မျိုးနွယ်စုဆီသွားပြီး ပညာပေးကြတာပေါ့။ သူတို့က တော်တော်ကို ဖင်လေဟပ်နေတာလေ။"
......
လွင့်မျောနေသော ကျွန်းနက်ကြီး တစ်ခုပေါ်၌
ကောင်းကင်ထက်တွင် ကြယ်ပေါင်းများစွာ လင်းလက်နေပြီး ကြယ်များ၏ အလင်းရောင်မှာ မြေပြင်ပေါ် ဖြာကျနေလျက် ရှိသည်။
အနက်ရောင်တောင်ပံများ ပိုင်ဆိုင်ထားသော လူသားအသွင် ရှိသူများမှာ လေထဲတွင် ပျံဝဲလျက် ကြယ်များ၏ အစွမ်းအား စုပ်ယူနေကြလေသည်။
ထိုအချိန်မှာပင် ကျူးကျော်သူတစ်ဦး ရောက်ရှိလာသည်။
ထိုသူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် အံ့ဖွယ်မီးတောက်များ ကျွမ်းလောင်နေကာ သူရိန်နေမင်းဟုပင် ထင်မှတ်ရစေသည်။
"ကျူးကျော်သူ.....ကျူးကျော်သူ ရောက်နေတယ်။"
တောင်ပံနက်မျိုးနွယ်စု စစ်သည်တော်များမှာ အော်ဟစ်အသိပေးလိုက်ကြသည်။
ပုံရိပ်များစွာ ပြေးဝင်လာပါသော်လည်း ကြောက်မက်ဖွယ် အပူရှိန်ကြောင့် မီးတောက်များနားသို့ပင် မကပ်နိုင်ကြပေ။
ထိုအမျိုးသားသည် အတားအဆီးများ အားလုံးကို ဖြတ်ကျော်ကာ နန်းတော်တံခါးဝသို့ ရောက်ရှိလာသည်။ မီးတောက်များကြောင့် တောင်ပံနက်မျိုးနွယ်စု စစ်သည်တော် ရာနှင့်ချီသည်လည်း ထိခိုက်နေကြလေပြီ။
"မင်းဘယ်သူလဲ။ ကြယ်စင်အသင်္ချေနန်းတော်ကို ဘာလာလုပ်တာလဲ။"
တောင်ပံနက်မျိုးနွယ်စု ဗိုလ်ချုပ်တစ်ဦးမှာ ဓားရှည်အားကိုင်ကာ အန်လင်းထံ ပြေးဝင်လာသည်။
အန်လင်း အနီးတဝိုက်ရှိ မီးတောက်များ ပျောက်ကွယ်သွားကာ မဲ့ပြုံးပြုံးနေသော ချောမောခန့်ညားသည့် မျက်နှာတစ်ခုအား မြင်တွေ့လိုက်ရသည်။
"မင်းက အဆင့်နိမ့်လွန်းတယ်။ ငါနဲ့စကားပြောဖို့ တခြားကောင်တစ်ယောက်ရှာခဲ့။"
"ရိုင်းစိုင်းလိုက်တာ။ ငါမင်းကို...."
ဖြန်း.....
တောင်ပံနက်မျိုးနွယ်စု ဗိုလ်ချုပ်မှာ စကားမဆုံးခင်မှာပင် အန်လင်း၏ ပါးရိုက်ခြင်းကို ခံလိုက်ရပြီးနောက် အဝေးသို့ ဝှီးခနဲ လွင့်သွားကာ နံရံများစွာကိုပါ ပျက်စီးသွားစေသည်။
"ဖူး....."
ဗိုလ်ချုပ်မှာ သွေးပွက်ပွက်အန်ကာ သတိလစ်သွားတော့သည်။
"ဟာ...."
စစ်သည်တော်များမှာ ထိတ်လန့်သွားရပြီးနောက် အန်လင်းအား တိုက်ခိုက်ရန် မတွေးရဲကြတော့ပေ။
ထိုဗိုလ်ချုပ်သည် တောင်ပံနက်မျိုးနွယ်စု၏ အထူးချွန်ဆုံး ဗိုလ်ချုပ်ဆယ်ဦးထဲမှ တစ်ဦးဖြစ်သည့်တိုင် အန်လင်း ပါးတစ်ချက်ရိုက်ရုံဖြင့် သတိလစ်သွားသောကြောင့် ၎င်းတို့သာဆိုပါက တစ်ခါတည်း ဘဝကူးသွားပေလိမ့်မည်။
"တောင်ပံနက်မျိုးနွယ်စုမှာ ဘယ်သူမှ မရှိတော့ဘူးလား။"
အန်လင်း စကားဆိုလိုက်သည်။
တောင်ပံနက်မျိုးနွယ်စု စစ်သည်တော်များမှာ အကြောက်တရားကြောင့် တုန်လှုပ်နေကြလေပြီ။
ကျူးကျော်သူသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နိုင်ပြီး ၎င်းတို့တိုက်ခိုက်နိုင်မည့်သူမျိုး မဟုတ်ပေ။
"ဟုတ်တယ်.....တောင်ပံနက်မျိုးနွယ်စုမှာ ဘယ်သူမှ မရှိတော့ဘူး။"
"နင့်ဟာနင် လုပ်ချင်ရာလုပ်။"
တိုးညင်းသော အမျိုးသမီးတစ်ဦး၏ စကားသံမှာ ကြယ်စင်အသင်္ချေနန်းတော်မှ ထွက်ပေါ်လာသည်။
အန်လင်း: "....."