တမာန်တော်၏အောင်မြင်မှု(ဒုတိယပိုင်း)
Vol. 47 Ch. 660
အန်လင်းသည် ကိုယ့်နားကိုယ်ပင် မယုံကြည်နိုင် ဖြစ်သွားရသည်။
သူသည် တောင်ပံနက်မျိုးနွယ်စုအား ရန်လာစခြင်းဖြစ်ပြီး ယခုကဲ့သို့ မထီမဲ့မြင် တုံ့ပြန်မှုမျိုး ရရှိလာမည်ဟု ထင်မထားခဲ့ပေ။
ယီးထဲမှ.....ဒင်းတို့က မောက်မာလှချည်လား.....
"ကောင်းပြီလေ။ ငါဝင်လာခဲ့မယ်။"
အန်လင်းသည် တောင်ပံနက်မျိုးနွယ်စုအား နားမလည်နိုင်တော့သဖြင့် ကြယ်စင်အသင်္ချေနန်းတော်အား သောင်းကြမ်းပစ်ရန် ဆုံးဖြတ်လိုက်သည်။
ကြယ်စင်အသင်္ချေနန်းတော်ထံမှ မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပေ။
အန်လင်းသည်လည်း အချိန်ဖြုန်းမနေတော့ပဲ နန်းတော်ဂိတ်တံခါးဝထံ သွားလိုက်သည်။
ရှေးဟောင်းကြေးတံခါးကြီးမှာ တင်းကြပ်စွာ ပိတ်ထားလေသည်။
အန်လင်းမှာ တံခါးပင် မဖွင့်တော့ပဲ လက်သီးတစ်ချက်ဖြင့် ဂိတ်အားဖျက်စီးလိုက်သည်။
တောင်ပံနက်မျိုးနွယ်စုအား ဖိနှိပ်ရန် လာရောက်ခဲ့ခြင်း ဖြစ်သောကြောင့် ယဉ်ကျေးနေစရာ အကြောင်းမရှိပေ။
ကြယ်စင်အသင်္ချေနန်းတော်ထဲ ရောက်ရှိသွားသည်နှင့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိသော တောင်ပံနက်မျိုးနွယ်စု ကျင့်ကြံသူလေးဦးအား တွေ့လိုက်ရသည်။
ဝုန်း.....
အားကောင်းလှသော မန္တာန်ဝင်္ကပါတစ်ခုမှာ ကြယ်စင်အသင်္ချေနန်းတော် တစ်ခုလုံးအား လွှမ်းခြုံသွားလေသည်။
အကန့်အသတ်မဲ့သော ကြယ်စင်စွမ်းအင်များသည်လည်း အန်လင်းပေါ် ရောက်ရှိလာသည်။
"ဒီထဲကိုတောင် ဝင်လာရဲတဲ့ ငတုံးမျိုးလည်း ရှိသေးတာပဲ။"
ဗလတောင့်တောင့်နှင့် အမျိုးသားတစ်ဦးမှ လှောင်ပြုံးပြုံးလိုက်သည်။
"ဟားဟား.....နိမ့်ကျတဲ့ လူသားပါလား။ အဲ့လိုအဆင့်နိမ့် မျိုးနွယ်စုမှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေတောင် ရှိမယ်မထင်ထားဘူး။"
မဟူရာဆံနွယ်များကို ပိုင်ဆိုင်ထားသော ချောမောခန့်ညားသည့် အမျိုးသားတစ်ဦး စကားဆိုလိုက်သည်။
"ဒီကိုရောက်လာပြီဆိုမှတော့ ဒီမှာပဲ နေလိုက်ပါတော့လား။"
လှပသော အမျိုးသမီးတစ်ဦးမှ ညုတုတု စကားဆိုလာသည်။
သူမသည် တောင်ပံနက်မျိုးနွယ်စုတွင် မည်သူမှ ရှိမနေကြောင်း ပြောခဲ့သော အမျိုးသမီး ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် အရှိန်အဝါ အပြင်းထန်ဆုံးသော အမျိုးသားမှာ ပုလ္လင်ပေါ်မှထကာ အန်လင်းအား အေးစက်ခက်ထန်စွာ စူးစိုက်ကြည့်ရှုလိုက်သည်။
"တောင်ပံနက်မျိုးနွယ်စုကို စော်ကားတယ်ဆိုတာ ကောင်းကင်ဘုံကို စော်ကားသလိုပဲ။ မင်းအပြစ်တွေအတွက် ငရဲဘုံမှာ ပြန်ပေးဆပ်ရလိမ့်မယ်။"
အန်လင်း ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"မင်းတို့ကို စော်ကားတာက ကောင်းကင်ဘုံကို စော်ကားသလိုပဲပေါ့လေ။ ဟားဟား.....မင်းတို့လို ငှက်လူသားတွေက ကောင်းကင်ဘုံကို ကိုယ်စားပြုလိုက်မယ်။ စိတ်မကောင်းပေမယ့် အမှန်တရားတစ်ခုကို ပြောပြလိုက်မယ်။ ငါကမှ ကောင်းကင်ဘုံပဲ။ ငါက ဘုရားသခင်ရဲ့ တစ်ဦးတည်းသော ကိုယ်ရံတော်ပဲ။"
"အဓိပ္ပါယ်မရှိတာ။"
"မလောက်လေး၊ မလောက်စားကောင်ကများ။"
"အဆင့်နိမ့် လူသားတစ်ယောက်ကများ ငါတို့ကို စော်ကားရဲတယ်။"
တောင်ပံနက်မျိုးနွယ်စု ကျင့်ကြံသူများမှာ ဒေါသထွက်သွားရပြီး ပုလ္လင်ပေါ်တွင် ရှိနေသူမှာ ဝင်္ကပါအား အသက်သွင်းလိုက်သည်နှင့် အားကောင်းလှသော ကြယ်ဖြူကြီးများမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများနှင့် အန်လင်းပေါ် ကျဆင်းလာသည်။
"ဟမ့်.....ဝင်္ကပါကအစ သောက်စုတ်ကြီး။"
အန်လင်း၏ မျက်ဝန်းများမှာ နှင်းကဲ့သို့ ဖြူဖွေးသွားပြီးနောက် တစ်နေရာအား လက်ညှိုးထိုးလိုက်သည်။
ဝုန်း.....
ကြယ်စင်အသင်္ချေနန်းတော် တစ်ခုလုံးအား လွှမ်းခြုံထားသော မန္တာန်ဝင်္ကပါမှာ တမုဟုတ်ချင်း ပျက်စီးသွားရလေသည်။
"ဘာ...."
တောင်ပံနက်မျိုးနွယ်စု ကျင့်ကြံသူ လေးဦးမှာ အသက်ရှူသံများပင် မြန်လာရသည်။
ထိုသည်မှာ ၎င်းတို့၏ အကောင်းဆုံး ဝင်္ကပါ ဖြစ်ပါသော်လည်း အန်လင်းမှာ လက်ညှိုးတစ်ချက်ဖြင့် ဖျက်စီးပစ်လိုက်သည်။
"သေလိုက်တော့။"
ဗလတောင့်တောင့်နှင့် အမျိုးသားမှာ အန်လင်းထံ ပြေးဝင်လာသည်။ ၎င်း၏ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ် ဝံပုလွေနက်များ ပေါ်ထွက်လာကာ လမ်းတလျှောက်ကိုပင် လောင်ကျွမ်းသွားစေသည်။ ထိုသည်မှာ ဝံပုလွေနက်နယ်ပယ်ပင်။
အန်လင်းမှာ ကျည်ဆံတစ်ခုအလား လျင်မြန်စွာ ရှေ့သို့တိုးသွားသည်။
"ဘာ...."
အန်လင်း၏ ခန္ဓာကိုယ် သက်သက်နှင့်ပင် သူ၏နယ်ပယ်မှာ ပျက်စီးသွားရသောကြောင့် ဗလကြီးမှာလည်း မျက်စိပျက်၊ မျက်နှာပျက် ဖြစ်နေလေပြီ။
အန်လင်းမှာ ထိုသူအား လက်သီးတစ်လုံး ကျွေးလိုက်ပြီး ဗလကြီးလည်း ဒေါသထွက်ကာ အားကျမခံ လက်သီးပြန်ကျွေးတော့သည်။
လက်သီးနှစ်လုံး ထိပ်တိုက်တွေ့ဆုံကာ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်များကြောင့် ကြယ်စင်အသင်္ချေနန်းတော်သည်ပင် ပြင်းထန်စွာ တုန်ခါသွားရသည်။
ဗလကြီးသည်လည်း နာကျင်စွာ အော်ဟစ်လိုက်ရင်း သူ၏ညာဘက်လက်မှာ လောင်ကျွမ်းပြာကျသွားပြီးနောက် သွေးပွက်ပွက်အန်ကာ အဝေးသို့ လွင့်ထွက်သွားတော့သည်။
ထိုအချိန်တွင် ချောမောခန့်ညားသော အမျိုးသားမှာ တောက်ပသော အပြာရောင်လခြမ်းအား ထွက်ပေါ်စေလျက် အန်လင်း တိုက်ခိုက်လိုက်သည်။
ပြာလဲ့သောလနတ်ဘုရား၏ခုတ်ချက်.....
အန်လင်းမှာ လခြမ်းအားကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်ပြီးနောက် တောင်ခွင်းလက်သီးအား ထုတ်ဖော်လိုက်သည်။
ဝုန်း.....
ရွှေရောင်လက်သီးပုံရိပ်ကြီးမှာ အပြာရောင်လခြမ်းအား လောင်ကျွမ်းဖျက်စီးလိုက်ပြီးနောက် ကိုယ်လူချောကြီးကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်သွားစေသည်။
ထို့နောက် အန်လင်းမှာ ညှို့အားပြင်းသော အမျိုးသမီးကို ကြည့်ရှုလိုက်သည်။
အမျိုးသမီးမှာ မျက်နှာတစ်ခုလုံး ဖြူရော်လာကာ အနောက်သို့ ဆုတ်ခွာသွားသည်။
"ကျွန်မ မတိုက်ခိုက်ချင်ဘူး။ ငြိမ်းချမ်းရေးကို ကျွန်မယုံကြည်တယ်။"
အန်လင်း: "......"
ရုတ်ချည်းဆိုသလို အရာအားလုံး မည်းမှောင်လာကာ မရေမတွက်နိုင်သော အနက်ရောင်အရိပ်များ မြေပြင်ထဲမှ ပေါ်ထွက်လာပြီးနောက် အန်လင်းထံ အရှိန်အဟုန်ပြင်းစွာ ဦးတည်ပြေးဝင်လာသည်။
တောင်ပံနက်မျိုးနွယ်စု၏ အင်အားအကြီးဆုံး ကျင့်ကြံသူမှာ လှုပ်ရှားတိုက်ခိုက်လာပြီဖြစ်ပြီး အကောင်းဆုံး တိုက်ကွက်အား ချက်ချင်းထုတ်သုံးလိုက်ခြင်းပင်။
အန်လင်း၏ မျက်ဝန်းများ အေးစက်သွားရပြီးနောက် ပတ်ပတ်လည်တွင် မီးတောက်များ လောင်ကျွမ်းသွားသည်။
"ကြီးမြတ်သန့်စင်မီးတောက်....."
အကန့်အသတ်မဲ့သော အဖြူရောင်မီးတောက်များမှာ အမှောင်ထုအား ဖြိုခွင်းကာ မီတာပေါင်းရာနှင့်ချီ လင်းထိန်သွားစေသည်။
ဝုန်း....
မီးတောက်များ၏ ပေါက်ကွဲမှုသည် ကြယ်စင်အသင်္ချေနန်းတော်သာမက လွင့်မျောနေသော ကျွန်းတစ်ခုလုံးကိုပါ တုန်ခါသွားစေလေသည်။
တောင်ပံနက်မျိုးနွယ်စုများသည် ၎င်းတို့၏ မြင့်မြတ်သော နန်းတော်ကြီး မီးလောင်နေသည်ကိုကြည့်ကာ ထိတ်လန့်ကုန်ကြရသည်။
ကြယ်စင်အသင်္ချေနန်းတော်သို့ အန်လင်း ကျူးကျော်လာချိန်မှစ၍ စောင့်ကြည့်နေသူများစွာ ရှိခဲ့သည်။
ထို့ကြောင့် နန်းတော်မီးလောင်သောအချိန်တွင် ပတ်ဝန်းကျင်၌ လူပေါင်းထောင်နှင့်ချီ ရှိနေလေပြီ။
မီးတောက်မီးလျှံများကြားတွင် ၎င်းတို့ထင်မှတ်မထားသော အရာတစ်ခုအား တွေ့လိုက်ကြရသည်။
တောင်ပံနက်မျိုးနွယ်စု ဧကရာဇ်အား လူသားတစ်ဦးမှ ဖိနှိပ်ထားပြီး အခြားသော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ သုံးဦးမှာလည်း ဆိုးဆိုးရွားရွား ထိခိုက်ထားသောကြောင့် အားလုံးမှာ အလန့်တကြား ဖြစ်သွားသည်။
"ကောင်းကင်ဘုံရဲ့ တမာန်တော်....အမြင့်မြတ်ဆုံး မျိုးနွယ်စု ဟုတ်လား။"
အန်လင်း အေးစက်စွာ ရယ်မောရင်း တောင်ပံနက်ဧကရာဇ်၏ ရင်ဘတ်အား တက်နင်းလိုက်သည်။
“ကောင်းကင်က မင်းကိုဘာအခွင့်အရေးမှ မပေးထားဘူး။"
"သေချာနားထောင်... နတ်ဘုရားမဆီမှာ တမာန်တော် တစ်ပါးပဲရှိတယ်။ အဲ့ဒါငါပဲ။"
အန်လင်း၏စကားသံမှာ သြဇာအာဏာ ရှိလွန်းလှပြီး တောင်ပံနက်မျိုးနွယ်စုများအားလုံး၏ စိတ်နှလုံးအား တုန်ခါသွားစေသည်။
"ဘာလဲ....မင်းတို့ကငါ့ကို မယုံဘူးလား။"
အန်လင်းမှာ တရှူးရှူးတရှဲရှဲ ဒေါသထွက်နေသော တောင်ပံနက်ဧကရာဇ်အား အေးစက်စွာ ငုံ့ကြည့်လိုက်သည်။
"မင်းတို့က ဘုရားသခင်ကိုယ်တိုင် ရွေးချယ်ချီးမြှောက်ထားတဲ့ မျိုးနွယ်စုလို့ ပြောတယ်နော်။ အခု မင်းဒုက္ခရောက်နေပြီလေ။ ဘာလို့ ကောင်းကင်ဆီကနေ အကူအညီ မတောင်းတာလဲ။"
တောင်ပံနက်ဧကရာဇ် အားယူကာ ပြုံးလိုက်ရသည်။
"ဟားဟား....ငါသေရင်တောင် အညံ့မခံနိုင်ဘူး။ မင်းက ဘုရားသခင်ရဲ့ တမာန်တော်ဆိုရင် ငါတို့ကို သက်သေပြလေ။ ငါ့ထက်ပိုပြီး အစွမ်းထက်နေတာနဲ့ပဲ ယုံပေးလိုက်ရမှာလား။"
တောင်ပံနက်မျိုးနွယ်စုများလည်း သဘောတူလိုက်ကြသည်။ အင်အားကြီးသော ရန်သူရှေ့မှောက်တွင်ပင် ၎င်းတို့၏ မာနတရားအား စွန့်လွှတ်မည် မဟုတ်ပေ။
"မင်းတို့က သက်သေလိုချင်တာလား။"
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
"အဲ့ဒါက လွယ်ပါတယ်။"
လွယ်တယ်တဲ့လား.....
တောင်ပံနက်ဧကရာဇ် မျက်လုံးပြူးသွားရသည်။
သူကဘယ်လို သက်သေပြမှာလဲ....တမာန်တော်ဖြစ်ကြောင်း ထောက်ခံချက်လက်မှတ်လား.....
အန်လင်းမှာ ဝံ့ကြွားစွာဖြင့် ညကောင်းကင်ယံအား ကြည့်ရှုကာ လက်ညှိုးထိုးလိုက်သည်။
"ဘုရားသခင်ရဲ့ အမည်နာမတော်ကြောင့် ဒီကမ္ဘာကြီး လင်းလက်ပါစေ။"
ဝုန်း.....
ချက်ချင်းပင် နေ့တာတစ်ခုအလား တောက်ပသွားလေသည်။
နေရောင်ခြည်များမှာ နေ့သစ်တစ်ခုကို အစပျိုးနေသလို နွေးထွေးလို့နေသည်။
တောင်ပံနက်မျိုးနွယ်စုများမှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။