← Chapters

တမာန်တော်၏အောင်မြင်မှု(တတိယပိုင်း)

Vol. 47 Ch. 661

တမာန်တော်၏အောင်မြင်မှု(တတိယပိုင်း)

Vol. 47 Ch. 661

ရိုးရှင်းသော စကားတစ်ခွန်း.....

ထိုစကားတစ်ခွန်းသည် နေ့နှင့်ညအား ပြောင်းလဲသွားစေသည်။

ထိုသည်မှာ မည်သို့သော အစွမ်းမျိုးနည်း။

ထိုအစွမ်းမှာ နယ်နယ်ရရ မဟုတ်ပေ။

နတ်ဘုရားလို သူမျိုးကသာ ထိုသို့လုပ်နိုင်ပေလိမ့်မည်။

တောင်ပံနက်မျိုးနွယ်စုများအားလုံး ထိတ်လန့်သွားရသည်။ ကြယ်စင်များ၏ စွမ်းအင် ပျောက်ကွယ်သွားသည်ကို ခံစားမိကြသောကြောင့် နေ့ဘက်ဖြစ်သွားခြင်းသည် အတုအယောင် မဟုတ်ကြောင်း ထင်ရှားနေသည်။

အချို့သော တောင်ပံနက်မျိုးနွယ်စု ကျင့်ကြံသူများမှာ အန်လင်းအား ဒူးထောက်လိုက်ကြသည်။

၎င်းတို့အားလုံးမှာ တမာန်တော် အန်လင်းအား မယုံကြည်ခဲ့ကြပေ။

ယခုတွင်မူ အားလုံးနီးပါးမှာ အန်လင်းအား လေးစားရိုသေနေကြပြီ ဖြစ်သည်။ နေ့နှင့်ညကိုပင် ပြောင်းလဲပစ်နိုင်သော အစွမ်းမျိုးသည် နတ်ဘုရားများတွင်သာ ရှိပေလိမ့်မည်။

"အခုရော မင်းဘာပြောဦးမလဲ။"

အန်လင်း အေးစက်စွာပြုံးကာ တောင်ပံနက်ဧကရာဇ်အား ငုံ့ကြည့်လိုက်သည်။

တောင်ပံနက်ဧကရာဇ်မှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီနေပြီး မာနတရားများလည်း ပျောက်ကွယ်သွားပြီပင်။

သူမြေပြင်ပေါ်မှ ခက်ခက်ခဲခဲ ထလာကာ အရိုအသေ ပေးလိုက်သည်။

"တောင်ပံနက်မျိုးနွယ်စုက အန်းလင်.....တမာန်တော်ကြီးကို ဂါရဝပြုပါတယ်။"

တောင်ပံနက်မျိုးနွယ်စုများအားလုံးမှာလည်း တပြိုင်နက်တည်း အရိုအသေ ပေးလိုက်ကြသည်။

"တမာန်တော်ကြီးကို ဂါရဝပြုပါတယ်။"

အန်လင်း စိတ်ကျေနပ်ကာ ခပ်တင်းတင်း အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ငါက နတ်ဘုရားမရဲ့ တစ်ဦးတည်းသော တမာန်တော်ဆိုတာ မြဲမြဲမှတ်ထား။ မင်းတို့တွေက လူသားမျိုးနွယ် အပါအဝင် တခြားမျိုးနွယ်စုတွေအားလုံးနဲ့ အဆင့်ချင်း တူတူပဲ။ နတ်ဘုရားမရဲ့ အမိန့်တော်အရ နှိမ့်နှိမ့်ချချ နေတတ်ဖို့နဲ့ အားလုံးကို လက်ခံတတ်ဖို့ သင်ယူကြရမယ်။"

တောင်ပံနက်မျိုးနွယ်စု တစ်ခုလုံး ခေါင်းညိတ်လက်ခံလိုက်ကြသည်။

အန်လင်း ကောင်းကင်အား လက်ညှိုးထိုးကာ စကားဆိုလိုက်သည်။

"အမှောင်ထုကြီး ပြန်လည်သက်ဆင်းလာပါစေ။"

ထိုစကားနှင့်အတူ နေ့အလင်းရောင်သည်လည်း တမုဟုတ်ချင်း ပျောက်ကွယ်သွားသည်။

ညဉ့်ကောင်းကင်ယံသည် တဖန်ပြန်လည် ရောက်ရှိလာပြီး ကြယ်စင်များ၏ စွမ်းအင်နှင့်အတူ တလက်လက် တောက်ပနေသော ကြယ်ပွင့်များလည်း ပေါ်ထွက်လာသည်။

နေ့နှင့်ညအား လိုအပ်သလို ပြောင်းလဲပစ်နိုင်သော အန်လင်းကို တောင်ပံနက်မျိုးနွယ်စုများ အမှန်တကယ် လေးစားမိလာကြသည်။

သူက ကောင်းကင်နဲ့မြေပြင်နဲ့ အနီးစပ်ဆုံး တမာန်တော်ပဲ.....တမာန်တော်နဲ့သာ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ရင်ကောင်းမယ်.....

တောင်ပံနက်မျိုးနွယ်စုများသည် ကောင်းကင်ဘုံနှင့် နီးစပ်လိုကြပြီး အန်လင်းအား တွေ့လိုက်ရသောအခါ ထိုတောင့်တမှုများအတွက် အဖြေရသလို ဖြစ်သွားသည်။

တောင်ပံနက်ဧကရာဇ်သည်ပင် အမူအရာ ပြောင်းလဲနေလေပြီ။ သူသည် အန်လင်းအား အနည်းငယ်ပင် ဒေါသမထွက်တော့ပဲ လေးစားရိုသေစွာ ကြည့်ရှုနေသည်။

ထို့နောက် အန်လင်းအပေါ် လေးစားရိုသေမှု ပြသလိုက်သည်။

"ဒီနေ့ကစပြီး တောင်ပံနက်မျိုးနွယ်စု တစ်ခုလုံးက တမာန်တော် အန်လင်းအပေါ် အသက်ပေးပြီး သစ္စာရှိသွားမှာပါ။"

တောင်ပံနက်မျိုးနွယ်စုများအားလုံး ထိုစကားအား ထောက်ခံလိုက်ကြသည်။

"တမာန်တော် အန်လင်းအတွက်ဆိုရင် ကျေကျေနပ်နပ်ကြီး အသက်ပေးရဲပါတယ်။"

အန်လင်းမှာ အပြောင်းအလဲ မြန်လှသော တောင်ပံနက်မျိုးနွယ်စုကြောင့် အံ့အားသင့်သွားရသည်။

သူတည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"မဆိုးပါဘူး။ ဒီနေ့ ငါလာခဲ့တာက အမှန်တရားကို ပြသဖို့ပဲ။ နောက်မှပြန်လာခဲ့တယ်။"

ထိုစကားနှင့်အတူ အန်လင်းသည်လည်း မြူခိုးများအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်။

တောင်ပံနက်မျိုးနွယ်စု တစ်ခုလုံးမှာ လေးလေးစားစားဖြင့် အရိုအသေပေးကာ နှုတ်ဆက်လိုက်ကြသည်။

အန်လင်း၏ ခန္ဓာကိုယ်မှာ ကျွန်းမျောကြီးနှင့် ကီလိုမီတာ များစွာအကွာပင် ပြန်လည်ထွက်ပေါ်လာသည်။

စိတ်ရှိသလို ကြွားဝါနိုင်ခဲ့သောကြောင့် အန်လင်းမှာ သွေးကြောများထဲထိတိုင် ပျော်ရွှင်မှု အငွေ့အသက်များ စီးဆင်းနေသလို ခံစားနေရလေသည်။

"နာလေး....မင်းပါပူးပေါင်းပေးတာ သိပ်ကောင်းတာပဲ။ ရှယ်ကြွားလိုက်ရတာကို အမှတ်ပြည့် ပေးချင်တယ်။"

အန်လင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဟီးဟီး....နင်ပျော်လို့ တော်သေးတာပေါ့။ ဒါက ငါ့အတွက်တော့ အသေးအမွှားလေးပါ။"

တီနာသည်လည်း သဘောကျနေပုံရသည်။

"နောက်ထပ်ဘယ်သွားကြမလဲ။"

"အင်း.....နဂါးမျိုးနွယ်စုဆီ သွားကြတာပေါ့။"

.......

ကြီးကျယ်ခမ်းနားသော နဂါးနန်းတော်၌

အန်လင်းသည် မိုးကြိုးလျှပ်စီးများအား နဂါးမျိုးနွယ်စုများရှေ့တွင် ခြယ်လှယ်ပြကာ ၎င်းတို့၏ ယုံကြည်မှုအား သိမ်းပိုက်နိုင်ခဲ့သည်။

..........

ကြီးမားလှသော ကျွန်းကြီးတစ်ခုပေါ်၌

အန်လင်းသည် သမုဒ္ဒရာအား ချုပ်ကိုင်ကာ ရေသူမများရှေ့တွင် နေ့နှင့်ညကိုပါ ပြောင်းလဲပြခဲ့သောကြောင့် မြင့်မြတ်သောနတ်ဆရာဟူသော အမည်ကိုပါ ရရှိခဲ့သည်။

.............

မျက်စိတဆုံး ကျယ်ပြောသော တောင်တန်းတလျှောက်၌

အန်လင်းသည် မြေပြင်အား ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သည်နှင့် ကမ္ဘာမြေမှ ရွှေရောင်စွမ်းအင်များ နေရောင်ခြည်သဖွယ် ဖြာထွက်လာကာ သူ၏အရှိန်အဝါအား အနှိုင်းမဲ့ မြှင့်တင်ပေးလိုက်သည်။

ကျောက်တုံးမျိုးနွယ်စုမှာ လက်မများထောင်ကာ အန်လင်းအား ချီးကျူးလိုက်ကြသည်။

.........

တော်ဝင်သိုင်းကလန်၌

တော်ဝင်သိုင်းကလန် ကျင့်ကြံသူများသည် အန်လင်းအား တစ်ဦးပြီးတစ်ဦး စိန်ခေါ်ကြပါသော်လည်း အားလုံးမှာ မရှုမလှ ရှုံးနိမ့်သွားခဲ့ပြီးနောက် မျိုးနွယ်စု တစ်ခုလုံး တမာန်တော်အား ရိုသေသွားကြသည်။

....

နယ်စပ်တစ်ခု၌

အန်လင်းသည် စစ်မှန်မိစ္ဆာမျိုးနွယ်စုအတွက် အကြော်ဒယ်အိုးနှင့် ချက်ပြုတ်ကျွေးမွေးခဲ့သည်။

ဗိုလ်ချုပ်ဟုန်းကန်နှင့် အခြားသော စစ်မှန်မိစ္ဆာများမှာ ဝမ်းသာမျက်ရည်များပင် ကျဆင်းလာပြီး ကောင်းကင်ဘုံတွင်သာ ထိုသို့သော အစားအသောက်မျိုး ရှိနိုင်ကြောင်းဆိုကာ အန်လင်းအား တမာန်တော်အဖြစ် လက်ခံလိုက်ကြသည်။

...........

ကြည်လင်အေးချမ်းသော ဝိဉာဉ်မြစ်ဘေး၌

အန်လင်းသည် သက်ရှိသတ္တဝါများနှင့် သဘာဝလောကကြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သင့်ကြောင်းများကို မြွေဝိဉာဉ်ကလန်အား ရှင်းပြခဲ့ပြီးနောက် ၎င်းတို့မှာ ဘဝတာအိုအား ဉာဏ်အလင်းပွင့်သွားကြသည်။ ထို့နောက် အန်လင်းမှာ မြွေဝိဉာဉ်များအတွက် ဝိဉာဉ်နယ်မြေတစ်ခုအား ဖန်ဆင်းပေးလိုက်သောကြောင့် အားလုံးမှာ အလွန်လေးစားသွားကြသည်။

..............

ဗာမီလီယမ်ငှက်မျိုးနွယ်စုသည် အခြားမျိုးနွယ်စုများနှင့် အနည်းငယ် ကွဲပြားသည်။ ၎င်းတို့သည် မာနကြီးကြပြီး ကောင်းကင်ကိုရော၊ ကမ္ဘာမြေကိုပါ ရိုသေကိုးကွယ်ခြင်း မရှိကြပေ။ ထို့အပြင် ၎င်းတို့သည် လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင်ကြပြီး အိမ်များပင် မပြုလုပ်ပဲ တစ်နှစ်ပတ်လုံး ခရီးသွားနေကြခြင်း ဖြစ်သည်။ အတိတ်ကာလများ၌ အန်လင်းနှင့် တီနာသည် မျိုးဆက်ပြတ်သွားမည်ကိုပင် စိုးရိမ်သောကြောင့် ဗာမီလီယမ်ငှက်များ အားလုံးကို ဖမ်းစီးကာ အတင်းအကြပ် မိတ်လိုက်ခိုင်းခဲ့ရဖူးသည်။

ယခုတွင်လည်း တီနာသည် သူမ၏အစွမ်းအားသုံးကာ ဗာမီလီယမ်ငှက်များအားလုံးကို စုစည်းပေးလိုက်ရသည်။ ထိုသို့မဟုတ်ပါက အန်လင်းသည် ၎င်းတို့အား တစ်ကောင်ချင်းစီ လိုက်ဖမ်းရင်း မောသေနေပေလိမ့်မည်။

ထိုသို့ဖြင့် ကြောင်တောင်တောင် ဖြစ်နေသော ဗာမီလီယမ်ငှက်များကြားတွင် အန်လင်းမှာ ဖွတ်ခနဲ ပေါ်ထွက်လာသည်။

သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် မြင့်မြတ်သော ဗာမီလီယမ်မီးလျှံများ ဖြာထွက်နေပြီး လက်နှစ်ဖက်အား ကျောဘက်တွင် ယှက်သန်းထားလျက် နတ်ဘုရားတစ်ပါးအလား သြဇာအာဏာရှိစွာ စကားဆိုလိုက်သည်။

"ငါ့နာမည်က အန်လင်း.....ငါက ဘုရားသခင်ရဲ့ တမာန်တော်ပဲ။ မင်းတို့ကို ဒီနေရာကို ခေါ်လိုက်တာငါပဲ။ မင်းတို့အားလုံး ငါ့ကိုမှတ်ထားကြ။"

ဗာမီလီယမ်ငှက်များအားလုံး: "....."

မြင့်မြတ်သော ဗာမီလီယမ်မီးလျှံများမှာ ယခုကဲ့သို့ အခြေအနေမျိုးတွင် အသုံးဝင်လှသည်။ ဗာမီလီယမ်ငှက်များအားလုံးသည် မီးလျှံများ၏ မြင့်မြတ်သော အရှိန်အဝါကြောင့် ကြောက်ရွံ့ရိုသေကာ အန်လင်းအား ဂါရဝပြုလိုက်ကြရသည်။

အန်လင်းမှာ ဗာမီလီယမ်ငှက် မျိုးနွယ်စု၏ အသိအမှတ်ပြုခြင်းကိုလည်း ရရှိလိုက်လေပြီ။

..........

အန်လင်းမှာ မျိုးနွယ်စုကိုးခုလုံးထံ သွားရောက်ကာ ရှယ်ပလန်နှင့် ကြွားဝါပစ်ခဲ့သည်။

အချိန်မှာ ဖြည်းညင်းစွာ စီးဆင်းနေလျက် ရှိသည်။

တီနာသည် အချိန်စီးဆင်းမှုအား အဆတစ်ထောင်မျှသာ မြန်ထားပြီး အန်လင်းသည် မျိုးနွယ်စု ကိုးခုထံ လှည့်လည်သွားလာကာ မယုံကြည်သူများအား သံသယများ ပျောက်ကွယ်စေခဲ့သည်။

သုံးနှစ်ခန့်ကြာပြီးနောက် တီနာ ဖန်ဆင်းထားသော မြင့်မြတ်သောကုန်းမြေတွင် မိုးကြိုးလျှပ်စီးများ ပေါက်ကွဲကာ သက်ရှိစွမ်းအင်များအား မျက်စိနှင့်ပင် မြင်နေရသည်။

"ဘီလူးအန်လင်း မြင့်မြတ်တဲ့ကုန်းမြေကို သွားရအောင်။ ကောင်းကင်နဲ့မြေပြင်က ဖြစ်လာတဲ့ ရတနာတစ်ခု အဲ့မှာပေါ်လာတယ်။"

အာဒမ်၊ ဧဝတို့နှင့်အတူ လက်ဖက်ရည်သောက်နေသော အန်လင်းမှာ တီနာ၏ စကားသံကြောင့် စိတ်လှုပ်ရှားသွားတော့သည်။

(မင်္ဂလာပါ။ အန်လင်းက စာရေးသူဆီမှာ စာစဥ်၅၁ ထိ ရနေပါပြီရှင့်။ စိတ်ဝင်စားလို့ အားပေးချင်တယ်ဆိုရင် telegramမှာ 'ယွီရှင်း' လို့ရိုက်ရှာပြီး ပေါ်လာတဲ့ channelမှာ လာရောက်အားပေးနိုင်ပါတယ်။)

All Chapters