ဘောတစ်လုံးနှင့်ကစားခြင်း
Vol. 47 Ch. 662
ကောင်းကင်နဲ့မြေပြင်ရဲ့ ရတနာ.....
ဤကမ္ဘာတွင် ရတနာတစ်ခု မွေးဖွားလာခြင်းမှာ ပထမဆုံး ဖြစ်သောကြောင့် အန်လင်း အတော်ပင် စိတ်လှုပ်ရှားသွားသည်။ ထို့အပြင် မြင့်မြတ်သောကုန်းမြေတွင် ဖြစ်နေပြီး သူမျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်သည်ဟု ဆိုနိုင်သည်။
"ငါ့ကိုခေါ်သွား။"
အန်လင်း ရုတ်ချည်းဆိုသလို မတ်တပ်ထရပ်လိုက်သည်။
အာဒမ်နှင့်ဧဝ၏ ရှေ့မှောက်တွင်ပင် အန်လင်းမှာ ရွှေရောင်အလင်းအစက်အပြောက်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်။
"ဘုရားသခင်ရဲ့ တမာန်တော်မို့လား မသိဘူး။ ထွက်သွားတဲ့ ပုံစံတွေက အမြဲဆန်းနေတာပဲ။"
ဧဝ၏ မျက်ဝန်းထဲတွင် လေးစားမှုများ ခိုအောင်းနေသည်။
အန်လင်းသည် ချီလောမြို့မှ အခြားတစ်နေရာသို့ ဖွတ်ခနဲ ရောက်ရှိသွားသည်။
ထိုနေရာသည် သီးသန့်နိယာမများရှိပြီး အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာတွင် ရှိနေပါသော်လည်း လောကကြီးနှင့် သီးခြားဖြစ်တည်နေသည်။
"သွားရအောင် ဘီလူးအန်လင်း...."
တီနာသည် အန်လင်း၏လက်အား ဆွဲကိုင်ကာ ပျော်ရွှင်စွာဖြင့် ဦးဆောင်ထွက်ခွာသွားသည်။
၎င်းတို့နှစ်ဦးသည် ပန်းခင်းကြီးထဲ လျှောက်လှမ်းလာကြပြီး လေပြေညှင်းများ သယ်ဆောင်လာသော ပန်းရနံ့များနှင့်အတူ ပတ်ဝန်းကျင်တွင် ပျံဝဲနေသည့် ရောင်စဉ်စုံလင်သော လိပ်ပြာလေးများအား ကြည့်ရှုမိကြသည်။ ခပ်လှမ်းလှမ်းတွင်ရှိသော အဖြူရောင်သားရဲများမှာလည်း တီနာနှင့် အန်လင်းတို့ကြောင့် ထိတ်လန့်ကုန်ကြပြီး နှာခေါင်းနှိုက်နေသော မီးခိုရောင် ဝက်ဝံလေးမှာမူ ချစ်စဖွယ် အမူအရာနှင့် ၎င်းတို့အား လှမ်းကြည့်နေသည်။
အန်လင်းနှင့်တီနာတို့မှာ အချိန်အနည်းငယ် ပြေးလွှားပြီးသည့်နောက် မြေပြင်ပေါ်တွင် ရောင်စဉ်ငါးသွယ် သလင်းကျောက်များ လွှမ်းခြုံနေသော နေရာတစ်ခုထံ ရောက်ရှိလာသည်။
"အလယ်က ကျောက်တုံးက မင်းပြောတဲ့ ရတနာလား။"
အန်လင်းမှာ ရောင်စဉ်ငါးသွယ် သလင်းကျောက်များ အလယ်တွင် ရှိနေသော သာမန်ကျောက်တုံးတစ်တုံးအား စိတ်လှုပ်ရှားစွာ ညွှန်ပြလိုက်သည်။ မျက်စိကျိန်းလောက်အောင် လှပသော သလင်းကျောက်များအကြားတွင် သာမန်ဆန်လွန်းလှသော ကျောက်တုံးတစ်တုံးအား သတိပြုမိရန် မခက်ခဲလှပေ။
"ဟုတ်တယ်။"
တီနာ လက်ချောင်းများကို လှုပ်ရှားလိုက်သည်နှင့် ထိုအဖြူနှင့်အမည်း ကျောက်တုံးမှာ သူမထံ ပျံဝဲလာသည်။
အန်လင်းသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ကျောက်တုံးအား ကိုင်တွယ်လိုက်သည်။ မျက်မှာပြင်မှာ ကြမ်းတမ်းနေသည့်အပြင် သာမန်ကျောက်တုံးများနှင့် ကွာခြားမှုမရှိပဲ မည်သည့်စွမ်းအင်စီးဆင်းမှုကိုမှ မခံစားရပေ။
"ဘာကြီးလဲ။ ဒါက ရတနာရော ဟုတ်လို့လား။"
အန်လင်း ခေါင်းရှုပ်သွားရသည်။
"စိတ်လျှော့ပါ။ ငါအလင်းမဖွင့်ရသေးဘူးလေ။"
တီနာ အေးအေးဆေးဆေးပင် တုံ့ပြန်လာသည်။
"အ.....အလင်းဖွင့်မယ်။"
အန်လင်း အံ့အားသင့်သွားသည်။
"မင်းတကယ်ကြီး ပြောနေတာလား။"
"ဒါပေါ့။"
တီနာ တည်ငြိမ်စွာ ဖြေကြားလိုက်ပြီးနောက် မြစိမ်းရောင် မျက်ဝန်းများ တောက်ပလာကာ ကျောက်တုံးကိုကိုင်ရင်း မန္တာန်တစ်ခု ရွတ်ဆိုလိုက်သည်။
အန်လင်း : "......."
မကြာမီမှာပင် ကောင်းကင်ထက်မှ ရွှေရောင်အလင်းတန်းများ ကျဆင်းလာလေသည်။
အဖြူနှင့်အမည်း ကျောက်တုံးမှာလည်း ရုတ်ချည်းဆိုသလို အက်ကွဲကာ အပြင်လွှာများ ကွာကျသွားပြီးနောက် ကြည်လင်ချောမွေ့နေသော အလုံးတစ်လုံးကို တွေ့လိုက်ရသည်။
အန်လင်း ဂရုတစိုက် ကြည့်ရှုလိုက်သောအခါ တလက်လက် တောက်ပကာ ဖောက်မြင်နေရသော အဖြူရောင် ဖြစ်ပါသော်လည်း အနီးကပ်ကြည့်ပါက အခြားသော ရောင်စဉ်များကိုလည်း တွေ့မြင်နိုင်ကြောင်း သိလိုက်ရသည်။ ကျောက်တုံးသည် အပြစ်ကင်းစင်ကာ မြင့်မြတ်သော အရှိန်အဝါများ ဖြာထွက်နေပြီး သိမ်မွေ့နူးညံ့နေသောကြောင့် ကြည့်ရှုသူများအား ညှို့ငင်နေသလိုပင်။
"ဘယ်လိုလဲ။ ငါအလင်းဖွင့်တာ အောင်မြင်တယ်မလား။"
တီနာ စိတ်ကျေနပ်စွာ ပြောလိုက်သည်။
အန်လင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
"သာမန်ဝက်တစ်ကောင်တောင် ဖန်ဆင်းရှင် နတ်ဘုရားရဲ့ အလင်းဖွင့်ပေးတာကို ခံယူရရင် ကျူးပါကျဲထက် ပိုကြမ်းသွားမယ်ထင်တယ်။"
တီနာသည် အန်လင်း၏ စကားအဓိပ္ပါယ်ကို သိလိုက်သောကြောင့် နှုတ်ခမ်းဆူသွားရသည်။
"နင်ဘာပြောချင်တာလဲ။ ဒီကျောက်တုံးက အစတည်းက ရတနာပဲ။ ငါက ရတနာအဖြစ် ပေါ်လာရမယ့် အချိန်ထက်စောအောင် အလင်းဖွင့်လိုက်ရုံပဲရှိတာ။"
အန်လင်း ပြုံးကာပြောလိုက်သည်။
"ဟုတ်ပါပြီ။ ဒါနဲ့ ဒီရတနာကဘာလဲ နာလေး။"
တီနာ၏ အမူအရာမှာ ချက်ချင်းပင် ပြုံးရွှင်သွားသည်။
သူမသည် ရတနာအား အန်လင်းထံပေးကာ လျှို့ဝှက်စွာ ပြုံးလိုက်သည်။
"နင်ကိုယ်တိုင် ကြည့်ကြည့်လေ။"
အန်လင်း၏မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
"ဘယ်လိုလုပ်ရမှာလဲ။"
"အဲ့မှာပဲရပ်နေ မလှုပ်နဲ့။ နင်နဲ့ငါနဲ့ကြားမှာ အကွာအဝေးတစ်ခု လုပ်မလို့။"
တီနာ အတောင်များကို ခတ်လိုက်သည်နှင့် မီတာတစ်ရာ အကွာအဝေးသို့ ရောက်ရှိသွားသည်။
အန်လင်းမှာ များများစားစား တွေးမနေပဲ ထိုနေရာတွင်သာ စိတ်ရှည်လက်ရှည် ရပ်နေသည်။
"ဘီလူးအန်လင်း ဒါကိုယူလိုက်။"
တီနာမှာ ရုတ်ချည်းဆိုသလို အဖြူရောင် အလုံးတစ်ခုအား အန်လင်းထံ အသိပေးလိုက်သည်။
ထိုအဖြူရောင်အလုံးမှာ မျက်စိတမှိတ်အတွင်း အန်လင်းရှေ့သို့ ရောက်ရှိလာသည်။
အန်လင်း မျက်မှောင်ကျုံ့ကာ ရှောင်ရန်ကြိုးစားလိုက်ပါသော်လည်း အဖြူရောင်အလုံး၏ အရှိန်မှာ လျင်မြန်လွန်းသောကြောင့် ခန္ဓာကိုယ်အား ဝင်တိုက်သွားသည်။
ထင်မှတ်ထားသလို ကြောက်မက်ဖွယ် ပေါက်ကွဲမှုမျိုး ဖြစ်မလာပဲ အဖြူရောင်အလုံးမှာ ရာဘာဘောလုံးအလား မြေပြင်ပေါ် လိမ့်ကျသွားလေသည်။
အန်လင်း: "......"
သူစကားဆိုတော့မည့် အချိန်မှာပင် တီနာမှာ ခပ်ဖွဖွ ပြုံးလိုက်သည်။
"ဘောလုံးထဲဝင်လိုက်။"
အန်လင်း: "......"
ဘောလုံးတွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာပြီးနောက် ရောင်စဉ်များစွာ ဖြာထွက်လာကာ အားကောင်းလှသော စုပ်ယူအားတစ်ခုမှာ အန်လင်းအား လွှမ်းခြုံသွားသည်။
အန်လင်းမှာ ခုခံနိုင်ခြင်း မရှိပဲ ဖြူဖွေးနေသော လေဟာပြင်တစ်ခုထဲ ရောက်ရှိသွားလေသည်။
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"ဒါက...."
"ဟုတ်တယ်။ နင်ဘောလုံးထဲ ပိတ်မိသွားပြီ။"
တီနာ၏ စူးရှရှ စကားသံလေး ထွက်ပေါ်လာသည်။
အန်လင်း: " ......."
သူသည် ထိုမြင်ကွင်းအား ရင်းနှီးနေသလို ခံစားမိသည်။
ဒါက ပိုကီမွန်မလား....ဟုတ်တယ်မလား....
အန်လင်းမှာ တီနာ၏ ပိုကီမွန်ဖြစ်လာသောကြောင့် မပျော်မရွှင် ဖြစ်သွားသည်။
"ပြီးတော့ရော ဒီဘောလုံးက ဘာလုပ်လို့ရသေးလဲ နာလေး။"
"ဒါပဲလေ။ ဒီရတနာက ရန်သူကို ဖမ်းချုပ်ထားနိုင်တဲ့ အဆင့်မြင့် ပစ္စည်းတစ်ခုပဲ။ ငါတို့ရန်သူတွေကို ဘောလုံးနဲ့ဖမ်းပြီး ဒီကမ္ဘာထဲထည့်ပြီးမှ အသေကြုံးလို့ရပြီ။"
တီနာ စိတ်လှုပ်ရှားနေသည်။
"ဒါကိုသုံးနိုင်ဖို့ ဘာတွေလိုသေးလဲ။"
အန်လင်း မေးမြန်းလိုက်သည်။
"အင်း...."
တီနာ လေးလေးနက်နက်တွေးကာ တုံ့ပြန်လာသည်။
"တစ်ခုတည်းသော လိုအပ်ချက်က ရန်သူထက် ကျင်ကြံရေးအဆင့် မြင့်နေဖို့ပဲ။"
အန်လင်း သွေးအန်တော့မလို ဖြစ်သွားရသည်။
ရန်သူထက် ကျင့်ကြံရေး အဆင့်မြင့်ရမယ်ပေါ့လေ....သောက်ကျိုးနည်း ဘယ်လိုဟာသလဲ.....ငါ့ထက် ကျင့်ကြံရေး မြင့်တဲ့ကောင်တွေကိုတောင် အပီသိပ်လာတာ ငါ့ထက်နိမ့်တဲ့ကောင်ကို ဘောထဲထည့်ပြီး ဘာလုပ်ရမှာလဲ....
ဘောထဲမထည့်ခင်တောင် နဖူးတောက်ပြီး သတ်လို့ရနေတာကို.....
သုံးစားမရတဲ့ ရတနာပဲ.....
သို့သော် တီနာအတွက် ကောင်းစွာအသုံးဝင်လောက်သည်။
အန်လင်းမှာ စိတ်ပျက်လက်ပျက်ဖြင့် တီနာအား ဘောထဲမှ ထုတ်ပေးရန် ပြောလိုက်သည်။
သူသည် ဘောလုံးအား မယူတော့ပဲ တီနာကိုသာ ပေးထားလိုက်သည်။
"ဘီလူးအန်လင်း....ဒီရတနာကို ဘယ်လိုခေါ်ကြမလဲ။"
တီနာမှာ ဘောလုံးအားကိုင်ကာ အလွန်ရွှင်မြူးနေသည်။
"ပိုကီဘောလို့ ခေါ်ကြတာပေါ့။"
အန်လင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"ပိုကီဘော....."
တီနာ၏ မျက်ဝန်းများ တောက်ပသွားသည်။
"ကောင်းလိုက်တဲ့နာမည်....ဘီလူးအန်လင်း နင်ကဉာဏ်ကြီးရှင်ပဲ။"
အန်လင်း အားယူကာ ပြုံးပြလိုက်သည်။
ထိုသို့ဖြင့် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာတွင် ပထမဆုံး စတင်ဖြစ်တည်လာသော ရတနာဖြစ်သည့် ပိုပီဘောအား တီနာမှ ရရှိသွားတော့သည်။