← Chapters

ဒီဓားကကော မင်းဟာလား

Vol. 3 Ch. 33

ဒီဓားကကော မင်းဟာလား

Vol. 3 Ch. 33

ဝမ်တန်ဖေးသည် မန်ဟိုကို အေးစက်သောမျက်လုံးများဖြင့် စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီး အရှေ့သို့ခြေလမ်းလှမ်းလိုက်သည်။ သူသည် သိုလှောင်အိတ်အား ပုတ်လိုက်သောအခါတွင် တဖိတ်ဖိတ်တောက်ပနေသော ရောင်စဉ်တန်းနှစ်ခု ပေါ်ထွက်လာ၏။ မှော်ရတနာပစ္စည်း နှစ်ခု ပေါ်ထွက်လာြခင်းဖြစ်သည်။ တစ်ခုမှာ ကျားရုပ်ကျောက်တုံးလေးဖြစ်ပြီး ကျန်တစ်ခုမှာ ရေနဂါးရုပ်ကျောက်တုံးလေးတစ်ခုဖြစ်သည်။

၎င်းတို့နှင့်အတူ လေ့ကျင့်ကွင်းကြီးတစ်ခုလုံးကိုအနှံ့ အသံနှစ်ခုက ဟိန်းထွက်လာလေသည်။ ယင်းအသံနှစ်ခုအနက် တစ်ခုက ကျားဟိန်းသံကြီးဖြစ်ပြီး၊ ကျန်တစ်ခုမှာ ရေနဂါးကြီး၏ အော်ဟစ်သံ ဖြစ်သည်။ မှော်ရတနာများက ရုတ်တရက် အသွင်ပြောင်းလဲသွားလေသည်။ ပထမတစ်ခုမှာ မီတာပေါင်းများစွာရှည်လျားသော ကျားဖြူကြီးတစ်ကောင်အသွင် ပြောင်းလဲသွားပြီး နောက်တစ်ခုမှာ ခံ့ညာတောက်ပသော ရေနဂါးကြီးအသွင်ပေါ်ပေါက်လာလေသည်။ ၎င်းတို့က ဝမ်တန်ဖေးကို စက်ဝိုင်းပုံစံရစ်ပတ်လိုက်ကြသည်။

“မင်းက ငြင်းခြင်သေးသလားကွ၊ ဘာတွေပဲပြောပြော ဒီဓားကငါ့ဟာပဲ” ဟု ဝမ်တန်ဖေးက ကြောက်မက်ဖွယ်ရာအသံကြီးနှင့်ပြောလိုက်သည်။ “မင်းဆီမှာ ဒီဓားရှိနေတာကို ငါကလက်ပိုက်ကြည့်နေမယ်များ ထင်သလား၊ အဲ့ဓားကိုယူပြီး ဒီကနေထွက်သွားနိုင်ဖို့ စိတ်တောင်မကူးလေနဲ့”။ သူ၏လက်ချောင်းများကို ဂါထာမန္တရားဆိုင်ရာ မုဒြာပုံစံများ ပြုလုပ်လိုက်လေသည်ဆိုလျှင်ပဲ ကျားဖြူကြီးသည် မန်ဟိုထံသို့ခုန်အုပ်လိုက်လေသည်။ ရေနဂါးပျံကြီးသည်လည်း ဟိန်းသံကြီးကို ပြု၍ အနောက်မှ လိုက်ပါလာလေသည်။ ၎င်း၏ခန္ဓာကိုယ်တွင် သက်တန့်ရောင်စုံ အစင်ကြားများ ဖြစ်ပေါ်လာလေသည်။

မန်ဟိုသည် အနောက်သို့ဆုတ်လိုက်ကာ သူ၏ ညာဘက်လက်ကိုဝှေ့ယမ်းလိုက်လျှင် သစ်သားဓားသည် အရှေ့သို့ ‘ဖျတ်ခနဲ’ ဦးတည်သွားလေတော့သည်။ သစ်သားဓား၏အနောက်တွင် လေဓား နှင့် မြွေနဂါးမီးတောက်ကြီးက အနောက်မှလိုက်ပါလာလေသည်။

“ဘန်း” ပေါက်ကွဲသံကြီးပေါ်ထွက်လာလေသည်။ မန်ဟိုသည် ပါးစပ်ထဲ၌ပြည့်လာသော သွေးများကို ထွေးထုတ်လိုက်သည်။ သူအနောက်ဖက်သို့ပြန်လှည့် လိုက်ချိန်တွင် ဝမ်တန်ဖေးသည် ပေါက်ကွဲမှုမှ ထွက်လာသည်ကို သူမြင်လိုက်ရသည်။ ဆီးနှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော သူ၏ဝတ်ရုံကြီးနှင့် ဆံနွယ်ရှည်များက လေထဲ၌လွင့်ပါးနေပြီး သူ၏လှပကြော့ရှင်းသော အသွင်အပြင်ပေါ်တွင် လူသတ်လိုသောအရိပ်ယောင်များက ထင်ရှားလှသည်။ သူ၏ မျက်လုံးများက လှောင်ပြောင်သရော်လိုမှုများနှင့် ပြည့်နှက်နေ၏။

“စိတ်ပျက်စရာ” မန်ဟိုကပြောလိုက်သည်။ "မင်းက ဒီဓားရဲ့ ထူးခြားတဲ့အစွမ်းကို မြင်သွားတော့ “အတွင်းစည်းဂိုဏ်းလေ့ကျင့်ရေးပွဲ” ကို အသုံးချပြီး ဒီဟာကို ငါ့စီက လုယက်ဖို့ကြံနေတာမလား”

“မင်း သောက်စကားများနေလဲအပိုပဲ၊ ဒီနေ့ မင်းကိုငါသတ်ပစ်မှာ၊ ငါဆိုတဲ့ ဝမ်တန်ဖေး ပိုင်တဲ့အရာတွေကို ယူသွားဖို့အတွက် မင်းမှာ အရည်အချင်းမရှိဘူးဆိုတာ မင်းသိသွားစေရမယ်”။

သူမျက်လုံးများက အေးစက်နေ၏။ သူ၏ ညာလက်တစ်ဖက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြန်သည်။ ထိုအခါ ကျားဖြူကြီးနှင့်ရေနဂါးကြီးသည် ဟိန်းဟောက်သံကြီးကိုပြုလျက် မန်ဟိုထံသို့ ခုန်အုပ်လိုက်ပြန်၏။

“တစ်ခုပဲရှိသတဲ့လား၊ တစ်လောကလုံးမှာ တစ်ခုပဲရှိတယ်လို့ပြောတာလား” မန်ဟိုကရယ်လိုက်သည်။ သူ၏မျက်လုံးများက ခနဲ့တဲ့တဲ့။သူ၏ အေးစက်စက်လှောင်ပြောင်မှုကို ဖုံးကွယ်ထားရန် ကြိုးစားမနေတော့။ “ဒီဓားက မင်းပြောသလို အမှန်တကယ်တစ်ခုထဲရှိတာ ဟုတ် မဟုတ် မင်းသေချာကြည့်လာတာကော ဟုတ်ရဲ့လား” သူသည် ဘယ်ဘက်လက်နှင့် သိုလှောင်အိတ်ကိုပုတ်လိုက်သည်။ ထို့နောက်တွင် အမည်းရောင် ရောင်စဉ်တန်းတစ်ခုထွက်ပါ်လာပြီး မန်ဟိုကို စက်ဝိုင်းပုံစံရစ်ပတ်လိုက်သည်။ တဝီဝီမြည်သံများ ထွက်ပေါ်လာပြီး ဓားနှင့်သအလားတူသည့် အရာတစ်ခုဖြစ်သည်။ ထိုအရာမှာ သူပုံတူပွားခဲ့သော နောက်သစ်သားဓားတစ်ချောင်းဖြစ်သည်။

ထိုအရာမှာ ယခုပေါ်ထွက်လာခဲ့ပြီ။ သစ်သားဓားနှစ်ချောင်းသည် သူ၏ ဘေးပတ်လည်တွင် လှည့်ပတ်လျက်ရှိနေသည်။ ၎င်းနှစ်ခုမှာ ပုံစံရှုထောင့်အားဖြင့် အတူတူပင်ဖြစ်ပြီး၊ ဓား၏ အရောင်အဝါများက အလွန်ကြီးမားသောစွမ်းအားများနှင့်အတူ တောက်ပလို့နေ၏။

ဒုတိယမြောက်ဓားကို မြင်လိုက်ရသောအချိန်တွင် ဝမ်တန်ဖေးသည် မျက်စိအပြူးသားဖြစ်သွားကာ ခန္ဓာကိုယ်တစ်ခုလုံးတုန်လှုပ်သွားလေသည်။ ကိုယ့်မျက်စိကိုယ်ပင် မယုံကြည်နိုင်လောက်ဖြစ်သွား၏။ သူ၏စိတ်များ ဖရိုဖရဲဖြစ်သွားပြီး တောင်ကြီးတစ်ခုလုံးနှင့် ဖိညစ်ထားသကဲ့သို့ ခံစားလိုက်ရလေသည်။ ရုတ်တရက် ကျားဖြူနှင့် ရေနဂါးကြီးတို့သည်လည်း သူ၏ ထိန်းချုပ်မှုကင်းလွတ်သွားလေသည်။

“ဒါ..... ဒါ” သူ၏ ခေါင်းများ အိုးထိန်းစက်ကဲ့သို့ ချာချာလည်သွားတော့သည်။ ဤကဲ့သို့ မျှော်လင့်မထားသောဖြစ်ရပ်များကြောင့် သူ လုံးဝသတိလက်လွတ်ဖြစ်သွားလေသည်။ ဘာကိုတွေးလို့တွေးရမှန်းမသိအောင်ပင် သူ၏စိတ်ကိုထိန်းချုပ်နိုင်စွမ်းမရှိတော့။

“ဒါရော မင်းဓားပဲလား” မန်ဟို၏မျက်လုံးများ ‘လက်ခနဲ’ဖြစ်သွားသည်။ သူသည် ရှေ့သို့လှမ်းသွားလိုက်ပြီး သူ၏ ချီဓာတ်အတွင်းအားကို ထုတ်လွှတ်လိုက်လေသည်။ “နောက်ထပ် အတုမရှိတဲ့ဓားဆိုတာ ဒါလား” ပြောရင်းဆိုရင် ရှေ့သို့ နောက်ထပ် လှမ်းသွားလိုက်၏။

ဝမ်တန်ဖေးဘာမျှမဖြေနိုင်။ မန်ဟို စိတ်ဝိညာဉ်၏ဖိအားကိုခံစားလိုက်ရသည်။ သူသည် နောက်ဖက်သို့ ခြေလမ်းနှစ်လှမ်း အလိုလိုဆုတ်သွားမိ၏။

“မင်းပြောတဲ့ တစ်လောကလုံးမှာ တစ်ခုပဲရှိတယ်ဆိုတဲ့ဓားက ဒီဟာလား ဖြေလေကွာ” မန်ဟို၏မျက်လုံးများက တောက်ပနေ၏။ သူ ရှေ့ကို ဆက်လျောက်သွားလိုက်သည်။ သူပိုင်ဆိုင်သော အင်အားများက သူ့ကိုထောက်ပံ့ကူညီ ပေးနေသည့်အလားပင်။

ဝမ်တန်ဖေး၏ မျက်နှာဖြူဆုတ်သွားပြီး နောက်ဖက်သို့ ဆက်၍ဆက်၍ ဆုတ်သွားလေသည်။

“ဒီမယ် ဝမ်တန်ဖေး၊ ဒီဓားနှစ်ချောင်းက မန်ဟိုရဲ့ဓား၊ ငါ့ရဲ့ ကောင်းကင်နဲ့မြေကြီးဓား” မျက်လုံးများက မီးဟုန်းဟုန်းတောက်လာပြီး လေထဲသို့ တဟုန်ထိုးခုန်တက်လိုက်ကာ ဂါထာမန္တယားဆိုင်ရာမုဒြာများကို ပြုလုပ်လိုက်လေသည်။ ထို့နောက် တလက်လက်တောက်ပနေသော သစ်သားဓားများကို ကျားဖြူကြီးနှင့် ရေနဂါးကြီးဆီသို့ပစ်လွှတ်လိုက်လေတော့သည်။

“ဝုန်း” ပေါက်ကွဲသံကြီးမြည်ဟိန်းသံကြီးနှင့်အတူ ကျားဖြူကြီးသည် အပိုင်းပိုင်းအစစ ပြိုပျက်သွားပြီး၊ ရေနဂါးကြီးသည်လည်း တစ်စစီ လွင့်ပျက်သွားရတော့သည်။ ဤလောကမြေမဟီရှိ မည်သည့်အရာကိုမဆို ဖျက်စီးသည့်စွမ်းအားများနှင့် ပြည့်နှက်နေသည့်နှယ်။ ထို့နောက် သစ်သားဓားများသည်လည်း ဝမ်တန်ဖေးထံသို့ဦးတည်၍ ဝင်ရောက်လာတော့သည်။

၎င်းတို့ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ဝမ်တန်ဖေးသည် ရုတ်တရက် သူ၏ခေါင်းကို မြှောက်လိုက်ပြီး မြေကြီးပေါ်သို့ ညာဘက်လက်ကိုစိုက်ချလိုက်လေသည်။ ထိုအခါ အလွန်ကြီးမားသော ဧရာမအမွှေတိုင်ကြီး ပေါ်ပေါက်လာလေသည်။ ထိုအမွှေးတိုင်ကြီးသည် လောင်ကျွမ်းနေပြီး နွယ်နှာမောင်းကဲ့သို့ မီးခိုးညွန့်များသည် အပေါ်သို့ တွန့်လိပ်ရစ်လိမ်၍ တက်လာပြီး မန်ဟိုဘက်သို့ ဦးတည်ပစ်လွှတ်လိုက်လေသည်။ ထိုအငွေ့များ ရွေ့လျားလာသောအခါတွင် ၎င်းတို့သည် ပုံရိပ်နှစ်ခုအဖြစ်ပြောင်းလဲသွားပြီး သစ်သားဓားနှစ်ချောင်းကို ထိမှန်သွားသောအခါတွင် မိုးချုန်းသံကြီး မြည်ဟည်းသွားလေသည်။

အမွှေးတိုင်တုတ်ကြီးသည်လည်း ရိုက်ချိုးပေါက်ခွဲခံလိုက်ရပြီး သစ်သားဓားများသည်လည်း မန်ဟိုထံသို့ ပြန်လည်ဆုတ်ခွာလာလေသည်။ မန်ဟိုသည် ပါးစပ်ထဲ၌ပြည့်လာသော သွေးတစ်ပွက်ကို ထွေးထုတ်ပစ်လိုက်သည်။ ဝမ်တန်ဖေးက မီးခိုးညွန့်များအတိုင်း ရှေ့သို့ရွေ့လျားလိုက်သည်။ သူသည်စင်မြင့်ပေါ်တွင် လမ်းလျောက်နေခြင်းမျိုးမဟုတ်ဘဲ မီးခိုးညွန့်များပေါ်တွင် လေထဲ၌ပျံဝဲနေခြင်းဖြစ်သည်။ သူသည် မန်ဟိုနှင့်ဓားနှစ်လက်ကို ထူးထူးဆန်းဆန်း အမူအရာများနှင့် ကြည့်လိုက်သည်။ ထိုအချိန်၌ သူဆုံးရှုံးခဲ့ရသည့်အရာတွေနှင့်ပက်သက်၍ သူကိုယ်သူ စတင်၍သံသယဝင်လာသည်။

ရှေးဟောင်းကျမ်းများတွင် သူ၏လေ့လာတွေ့ရှိမှုများအရ သစ်သားဓားသည် မိုးအောက်မြေပြင်၌ အတုမရှိပေ။ နှစ်ခုမရှိနိုင်။ မည်သို့ပင်ဖြစ်စေ ဓားမှာသူမြင်ဖူးခဲ့သည့်အတိုင်း တစ်ထေရာတည်းပင်။ ဓားမှာနှစ်ခုရှိနေခဲ့ခြင်းလား။

မန်ဟိုသည် ဝမ်တန်ဖေးကိုတစ်ချက်ကြည့်လိုက်ပြီး လေထဲ၌ဝဲပျံလိုက်သည်။ ထို့နောက် သိုလှောင်အိတ်ကို ပုတ်လိုက်သောအခါတွင် ရိုးရိုးဓားပျံနှစ်ချောင်းပေါ်ထွက်လာလေသည်။ သူသည် ၎င်းတို့အပေါ်သို့လျောက်သွားလိုက်ပြီး ဓားပျံများ၏အကူအညီဖြင့်လေထဲ၌ပျံသန်းလိုက်သည်။ ထိုအကြောင်းကြောင့် ကြည့်ရှုနေကြသော ကျင့်ကြံသူများအကြား ဂယက်ရိုက်ကုန်ကြ၏။

“ချီဓာတ်အခြေတည်အဆင့်ကိုရောက်နေတဲ့ ကျင့်ကြံသူမှသာပျံသန်းနိုင်တာလေ၊ အခုကြည့်စမ်း၊ သူပျံနေတယ်”

“အစ်ကိုဝမ်တောင်မှပဲ မှော်ပစ္စည်းတစ်ချို့ရှိနေလို့သာပျံနိုင်တာ၊ ဒါတောင်ယာယီလောက်ပဲရတာ၊ ဒါပေမဲ့မန်ဟို… သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအင် အကူအညီတောင်မပါပဲနဲ့ ဓားပျံကိုသုံးပြီးပျံနေတာ”

ဝမ်တန်ဖေး၏မျက်လုံးထဲတွင် သတ်လိုဖြတ်လိုသော အရိပ်ယောင်များ ဖြတ်သန်းပြေးလွှားနေပြီး မန်ဟိုကိုစိုက်ကြည့်နေလျက်ရှိသည်။ သူသည် သစ်သားဓားများကို စိတ်ထဲထည့်မနေတော့။ သူရှာဖွေခဲ့ရသည့် ရတနာဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဂရုစိုက်မနေတော့။ ဘာပဲဖြစ်ပါစေ သူအရယူတော့မည်ဖြစ်သည်။

ဝမ်တန်ဖေးသည် သိုလှောင်အိတ်ကိုပုတ်လိုက်သည်ဆိုလျှင်ပဲ အဝါရာင်ရှည်မျောမျော အင်းစက္ကူတစ်ချပ် သူ၏ရှေ့တွင်ပေါ်ထွက်လာသည်။ သူ၏မျက်နှာပြင်ပေါ်၌ ထူးခြားဆန်းကြယ်၍ ဂမ္ဘီရဆန်သော ပုံသဏ္ဌာန်အမျိုးမျိုးရေးဆွဲထားပြီး အားကောင်းလွန်းလှသော စိတ်ဝိညာဉ်စွမ်းအင်ဖိအားများ ပေါ်ထွက်နေသည်။ ယင်းသည် ရွှေရောင်အလင်းတန်းများတောက်ပနေသည်။ အဆိုပါ အင်းကွက်သည် ဟန်ကျုံးအသုံးပြုခဲ့သည့် အဆောင်အင်းကွက်နှင့်ကွာခြားသည်။

“မင်း ငါကို ဒီရတနာတွေပေးမယ်ဆိုရင် ငရဲရောက်တဲ့အခါ ဂုဏ်ဆာလို့ရတာပေါ့” ဝမ်တန်ဖေးက မန်ဟိုကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ သူသည် အတာ်ကလေးစိတ်သောကရောက်မိသည်။ အဆိုပါအင်းစက္ကူသည် သူ၏သိုလှောင်အိတ်ထဲတွင်ကျန်သော နောက်ဆုံးမှော်ပစ္စည်းဖြစ်သည်။ သူပိုင်ဆိုင်သမျှအရာအားလုံးကို သစ်သားဓားရှာဖွေရာတွင် အကုန်အသုံးပြုခဲ့ပြီမဟုတ်ပါလား။

သူသည် အဆောင်အင်းကွက်ကို မလိုအပ်လျှင်အသုံးပြုလိမ့်မည်မဟုတ်ပေ။ သာမန်အားဖြင့် ၎င်းသည် သုံးကြိမ်ခန့်အသုံးပြုနိုင်ပေသည်။ သို့သော် သူ၏ ကျင့်ကြံမှုူအဆင့်အတန်းအရ တစ်ကြိမ်တည်းသာအသုံးပြုနိုင်လိမ့်မည်ဖြစ်သည်။ သို့တိုင် အစွမ်းထက်နေဆဲဖြစ်ပါသည်။ စဦးချီဖွဲ့စည်းခြင်း အဆင့်(၈)ရောက်နေသော ကျင့်ကြံသူကိုပင် သတ်ဖြတ်ပစ်ဖို့လုံလောက်သည်။

မန်ဟိုကို အေးစက်စွာဖြင့် စိန်းစိန်းကြည့်လိုက်သည်။ ဝမ်တန်ဖေးသည် ညာဘက်လက်ကို ‘မ’ လိုက်ပြီး သူ၏ရှေ့၌ဝှေ့ယမ်းလိုက်လေသည်။ တစ်ချိန်တည်းမှာ သူ၏စိတ်ဝိညာဉ်စွမ်းအင်တစ်ချို့ကို ထုတ်လိုက်ပြီး အဆောင်အင်းကွက် ထံသို့လွှဲပြောင်းလိုက်လေသည်။

အဆောင်အင်းကွက်သည် အတိုင်းမသိသော တောက်ပမှုမျိုးဖြင့် တောက်ပလာလေသည်။

လေထဲ၌ပျံနေသော မန်ဟိုသည် ငုံ့ကြည့်မိလိုက်သည်။ ရုတ်တရက် သူ၏ကိုယ်တွင်းမှ ထိုးကျင့်သော ဝေဒနာတစ်ခုကိုခံစားလိုက်ရလေသည်။

ထိုအခိုက်တွင် ဝမ်တန်ဖေး၏မျက်နှာ ‘ကွက်ခနဲ’ပျက်သွားလေသည်။ စိတ်ဝိညာဉ်စွမ်းအင် အလုံအလောက်ရှိမနေခြင်းဖြစ်ကြောင်း သူသဘောပေါက်လိုက်မိသည်။ အမှန်မှာ သူခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ဒဏ်ရာရနေသောလက်ချောင်းမှ အလျဉ်မပြတ် ယိုစီးထွက်နေခြင်းဖြစ်ကြောင်း သူသတိထားမိလိုက်သည်။

သူသည် ပထမသစ်သားဓားကိုမြင်တွေ့စဉ်အချိန်က ဒေါသူပုန်ထခဲ့သည်။ ထို့နောက် ဒုတိယဓားကြောင့် တုန်လှုပ်စိတ်ရှုပ်ထွေးခဲ့ရပြန်သည်။ ထိုအကြောင်းများကြောင့်ပင် ယခုချိန်ထိ သူသတိမထားမိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အဆောင်အင်းကွက်ကို အပြည့်အဝအသက်သွင်းနိုင်ရန် စွမ်းအားအလုံအလောက်မရှိတော့ပေ။ သူ့ကိုယ်သူ အားပြန်ဖြည့်ပေးမည့် မှော်ဆေးဝါးများ သုံးစွဲရန်အတွက်လည်း အချိန်မရှိပေ။

သို့သော် စဦးချီဖွဲ့စည်းခြင်းအဆင့်(၆)ရှိသော လူတစ်ယောက်ကို သတ်ပစ်ရန်အတွက်တော့ ကောင်းကောင်းလုံလောက်နေသေးသည်။ “မင်းကိုသတ်တာက သစ်လုံးတစ်လုံးကို ခုတ်ပစ်တာထက်တောင်လွယ်နေသေးတယ်” ပြောပြာဆိုဆိုနှင့် သူသည် အဆောင်အင်းကွက်ကို ပစ်ပေါက်လိုက်လေသည်။ ထိုအရာသည် ရုတ်တရက် ရွှေရောင်နေလုံးကြီးပုံစံပေါ်လာပြီး မန်ဟိုထံသို့ ဦးတည်ပစ်လွှတ်လိုက်တော့သည်။

သေခြင်းနှင့် ရှင်ခြင်းလမ်းဆုံအကြားတွင် ရောက်နေသော မန်ဟို၏မျက်လုံးထဲတွင် ထူးဆန်းသောအလင်းရောင်များ ပေါ်ပေါက်လာလေသည်။ သူသည်လေထဲ၌ပျံနေစဉ်မှာပင် မိုးနဂါးပျံကြီး၏အမြုတေကို စားခဲ့သည့်နေ့က မက်ခဲ့သည်အိမ်မက်ကို ‘ဖျတ်ခနဲ’သတိရမိသည်။

သူသည်ရေကန်ထဲ၌ ငုံ့ကြည့်လိုက်စဉ်တွင် ရှေးမိုးနဂါးပျံကြီး၏ပုံရိပ် ထင်ဟပ်နေသည်ကို တွေ့လိုက်ရသည်မဟုတ်ပါလား။ ယခုချိန်တွင် ထိုအရာကို သူနောက်တစ်ကြိမ်ပြန်မြင်ရလေပြီ။

“ကောင်းကင်၏ဥသျှောင်…” မန်ဟိုသည် သူ၏ခန္ဓာတစ်ခုလုံး ကံကောင်းမှုများ ပြည့်နှက်သွားဘိသကဲ့သို့ခံစားလိုက်ရသည်။ သူမျက်လုံးများကိုမှိတ်ပစ်လိုက်သည်။ ရွှေရောင်နေလုံးကြီးနှင့် အဆောင်အင်းစာရွက်သည်လည်း ရောက်ရှိလာပြီဖြစ်

သည်။ သူ၏အမြုတေရေအိုင်အတွင်း၌ ငြိမ်သက်လျက်ရှိနေသော မိစ္ဆာအမြုတေသည်လည်း စတင်၍ သွက်သွက်ခါလှုပ်ရှားလာလေပြီ။ အလွန်ပမာဏကြီးမားသော စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ပေါက်ကွဲထွက်လာပြီး သူခန္ဓာကိုယ်တစ်ခုလုံးကိုပျံ့နှံ့သွားလေသည်၊ ထို့နောက် သူ၏ရှေ့သို့လက်များကို ဆန့်ထုတ်လိုက်လေသည်။

သူ၏ဘေးတွင် ပြုတ်ကျလျက်ရှိနေသော အမျိုးမျိုးသောဓားများအားလုံးသည် စတင်၍တုန်ခါလာလေတော့သည်။ ထို့နောက်တွင် ၎င်းတို့အားလုံးလေထဲသို့မြောက်သွားပြီး မန်ဟိုထံသို့အရှိန်အဟုန်ဖြင့် ပျံဝဲလာကြသည်။ တစ်ချိန်တည်းမှာပင် သူ၏သိုလှောင်အိတ်ထဲ၌ ကျန်ရှိနေသော ဓားပျံများ ပျံဝဲ၍ထွက်လာကြသည်။ သူတောက်လျောက် ပိုင်ဆိုင်ခဲ့သမျှသော မှော်ပစ္စည်းများဖြစ်သည်။ ၎င်းတို့သည် အတူတကွပေါင်းစည်းသွားသောအခါတွင် အလွန်တရာစူးရှတောက်ပသော အလင်းရောင်များတောက်ပလာလေသည်။ ထိုကဲ့သို့ ဖြစ်လာခြင်းမှာ မန်ဟို၏စိတ်ဝိညာဉ်စွမ်းအင်များကြောင့်မဟုတ်ဘဲ မိစ္ဆာအမြုတေ၏ အစွမ်းကြောင့်ဖြစ်သည်။

မိစ္ဆာအမြုတေသည် အချို့သောအကြောင်းအရာများ၏လှုံဆော်မှုကြောင့် နှိုးကြွလာတတ်ပြီး ၎င်းပေါက်ကွဲထွက်လာလျှင် သူ၏ အပလောကစွမ်းအင်အချို့ကို အသုံးပြုပြီး အနီးနားရှိ ဓားပျံပေါင်းတစ်ရာ နှင့် မှော်ပစ္စည်းများကိုထိန်းချုပ်နိုင်ပေသည်။ မျက်တောင်တခတ်အတွင်းမှာပင် ဓားပျံများသည် ရှေးဟောင်းမိုးနဂါးကြီး၏သဏ္ဌာန်အဖြစ် ပေါင်းစည်းသွားလေသည်။

ဖြစ်ပေါ်လာနေသောပုံရိပ်မှာ အနည်းငယ်မရှင်းလင်းမပီသသောကြောင့် ကြည့်ရှုနေကြသော သူများသည်လည်း ယတိပြတ်ပြောနိုင်ရန်ခဲယဉ်းနေကြသည်။ ဝမ်တန်ဖေးပင်လျှင် သတိမထားနိုင်ခဲ့။ ယခုအချိန်တွင် သူ၏သွေးသားနှင့်အမွေအနှစ်တို့၏ ဆက်သွယ်မှုကားပြတ်တောက်နေခဲ့ပြီ။ မန်ဟိုကလွဲ၍ အဘယ်သူသိနိုင်ပါအံ့နည်း။

သစ်သားဓားပျံနှစ်ချောင်းသည် မိုးနဂါးကြီး၏ အစွယ်အဖြစ်ရှိနေသည်။ ကောင်းကင်နှင့်မြေကြီး များ၏စွမ်းအင်များနှင့်ပြည့်နှက်နေသည့်အလား ဟိန်းသံကြီးတစ်ချက်ပြုကာ အဆောင်အင်းကွက်ဆီသို့

ဦးတည်သွားလေတော့သည်။ ၎င်းတို့ထိပ်တိုက်တွေ့မိသောအခါတွင် ပေါက်ကွဲမှုကြီးနှင့်အတူ မိုးချုန်းသံကြီးတုန်ဟည်းထွက်လာပြီး မှီခိုရာဂိုဏ်းကြီးတစ်ခုလုံး သွက်သွက်ခါအောင် လှုပ်ယမ်းသွားလေတော့သည်။ ဝန်းရံကြည့်ရှုနေကြသော အပြင်စည်းဂိုဏ်းသားများသည်လည်း အနောက်သို့အပြေးအလွှားဆုတ်လိုက်ရသည်။ နားစည်များကွဲလုမတတ်ပင် ဖြစ်ကုန်ကြ၏။ တစ်ချို့အဆင့်အနိမ့်ပိုင်းဂိုဏ်းသားများဆိုလျှင် သတိလစ်လုနည်းပါးပင်ဖြစ်ကုန်ကြ၏။

အဆောင်အင်းကွက်နှင့် မိုးနဂါးပျံကြီးတို့သည် စဦးချီဖွဲ့စည်းခြင်းအဆင့်(၆)ထက် ကျော်လွန်နေသည်မှာ အသေအချာပင်ဖြစ်သည်။ ၎င်းတို့၏ တစ်ခုကိုတစ်ခုဖျက်စီးနိုင်သောစွမ်းအားမှာ

စဦးချီဖွဲ့စည်းခြင်းအဆင့်(၇)ရှိသော ပုဂ္ဂိုလ်တစ်ယောက်ကိုပင် ခါယမ်းပစ်နိုင်သည်။ စဦးချီဖွဲ့စည်းခြင်း အဆင့်(၈)ရှိသောသူသာလျှင် ထိုစွမ်းအားကိုကြံကြံခိုင်နိုင်လိမ့်မည်။

ပေါက်ကွဲမှုမှ ပဲ့တင်ထပ်တုန်ဟည်းသံကြီး ပေါ်ထွက်လာပြီးသည့်နောက်တွင် ရွှေရောင်နေမင်းကြီးသည်လည်း အရောင်လွင့်မှိန်သွားပြီး မိုးနဂါးပျံကြီးစသည်လည်း တစ်ပိုင်းတစ်စစီပြိုကွဲသွားလသည်။ ဓားတစ်ချောင်း၊ ဓားဆယ်ချောင်း၊ ဓားအလက်တစ်ရာ….. တစ်လွှာပြီးတစ်လွှာချင်း ကွာကျလာပြီး တစ်ခြားမှော်ပစ္စည်းများသည်လည်း တဖြေးဖြေးချင်း ပြိုကွဲကျလာလေသည်။ ၎င်းတို့သည်လွင့်ကျလာရင်းမှ ပြာများအဖြစ်သို့ ပြောင်းလဲသွားပြီး လေနှင့်အတူလွင့်ပါးကုန်ကြသည်။

အဆောင်အင်းကွက်သည်လည်း တဖြေးဖြေးအရောင်မှိန်ကျလာပြီး မိုးနဂါးပျံကြီးကို ဖွဲ့စည်းတည်ဆောက်ထားသော မှော်ပစ္စည်းများသည်လည်း ပျောက်ကွယ်လာလေတော့သည်။

သို့သော် သစ်သားဓားများမပါဝင်ချေ။ ၎င်းအစား သစ်သားဓားပျံနှစ်လက်သည် ဖြူဆုတ်နေသော ဝမ်တန်ဖေး၏ မျက်နှာဆီသို့ဦးတည်ဝင်ရောက်လာလေသည်။

ဝမ်တန်ဖေးသည်လည်း သူ၏ရင်ဘတ်ဆီသို့ ဝင်ရာက်လာသောဓားများကို ရပ်ကြည့်နေမိသည်။

သူ၏နှလုံးဆီသို့ ထိုးဆင်းလာခြင်းဖြစ်သည်။ ထိုစဉ် အရှေ့ဘက်တောင်ကြီးမှ ဆင်းသက်လာသော အလင်းရောင်တစ်ခုနှင့်အတူ ပင့်သက်ရှုသံတစ်ခုကိုကြားလိုက်ရလေသည်။

“ကောင်းပြီ၊ ဘာမလုပ်စရာမကျန်တော့ဘူး” ပေါ်ထွက်လာသော သက်ပြင်းချသံနှင့်အတူ ညင်သာနူးညံ့သောအင်အားတစ်ခုက ဝမ်တန်ဖေး၏ဘေးမှ ဓားနှစ်လက်ကိုထားဆီးလိုက်လေသည်။

ဝမ်တန်ဖေးကိုကို ချီမြှောက်လိုက်ပြီး စင်မြင့်ပေါ်မှဆွဲထုတ်လိုက်သည်။ သူသည်သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်။ သူ၏မျက်လုံးများကဘာမျှနားမလည်သည့်အလား ရှုပ်ထွေးနေသည်။ သူဒါကိုမယုံကြည်နိုင်….. သူရှုံးသတဲ့လား။

ဟယ်လောဟွာသည် စင်မြင့်ပေါ်တွင်ပေါ်ထွက်လာခဲ့သည်။ ဆရာကြီးအိုးရန်သည် မဆိုင်းမတွပင် သူ၏လက်များကိုယှက်၍ ဂါရဝပြုလိုက်လေသည်။ “နှုတ်ခွန်းဆက်ပါတယ်၊ ဂိုဏ်းအကြီးအကဲ”

ဝန်းရံကြည့်ရှုနေကြသော အပြင်ဂိုဏ်းသားများအကြား ကျွက်ကျွက်ဆူသွားလေသည်။ တစ်ဦးချင်းစီသည် ဂိုဏ်းအကြီးအကဲအား ရိုသေလေးစားစွာ ဂါရဝပြုနှုတ်ဆက်လိုက်ကြ၏။

မန်ဟို၏မျက်နှာများ သွေးဆုတ်ဖြူလျော့သွားသည်။ သူ၏စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ခမ်းခြာက်လုနီးပါးဖြစ်နေလေပြီ။ မိုးနဂါးပျံကြီး၏ အမြုတေကိုသာ အသုံးမပြုခဲ့ဘူးဆိုပါက သူဆက်လက်၍ရှိနေနိုင်တော့မည်မဟုတ်။ သူ၏သိုလှောင်အိတ်သည်လည်း မှော်ပစ္စည်း တစ်ခုတစ်လေတောင်မရှိတော့ဘဲ ဗလာနတ္ထိဖြစ်နေလေပြီ။ ဤတိုက်ပွဲက သူတွေးထင်ထားသကဲ့သို့ပင် ခါးသီးလှ၏။

သူသည်ဝမ်တန်ဖေးကို ဆက်လက်၍ အသက်ရှင်လျက်မထားချင်သော်လည်း ဂိုဏ်းအကြီးအကဲ ကိုယ်တိုင်က ဒီနေရာရှိနေသည်ဖြစ်သောကြောင့် သူတွင်ရွေးချယ်စရာမရှိတော့ပေ။ ဝမ်တန်ဖေးကို ယနေ့အတွက်တော့ သူသတ်နိုင်လိမ့်မည်မဟုတ်တော့။

ဘာစကားမျှမပြောဘဲ သူစင်မြင့်ပေါ်ကဆင်းလိုက်သော်လည်း သူ၏ခေါင်းမာတတ်သော ပင်ကိုယ်စရိုက်က ဆက်လက်နေရန် သူ၏ခန္ဓာကိုယ်ကိုတွန်းအားပေးနေသည်။ သူခြေလမ်းအနည်းငယ်လျောက်လိုက်ပြီး မြေပြင်ပေါ်၌ကျနေသော ဝမ်တန်ဖေး၏ အဆောင်အင်းကွက်ကို ကောက်ယူလိုက်ကာ သူ့၏ဝတ်ရုံထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက်တွင် သူသည်ခေါင်းကိုမော့ပြီး ဟယ်လောဟွာကိုကြည့်လိုက်လေသည်။

“ဒီပွဲမှာ မန်ဟိုနိုင်တယ်” ဟယ်လောဟွာကို မန်ဟိုကိုကြည့်ကာ အနည်းငယ်ပြုံးပြလိုက်သည်။ “ဒီနေ့ကနေစပြီးတော့ ရှေ့လျောက်သူဟာ မှီခိုရာဂိုဏ်းတော်ကြီးရဲ့တတိယမြောက် အတွင်းစည်းတပည့်ပဲ” သူ၏အသံက တိတ်ဆိတ်နေသော လေ့ကျင့်ကွင်းကြီးတစ်ခုလုံးကို ပျံ့နှံ့သွားလေသည်။ ကြည့်ရှုနေသူများ၏စိတ်ထဲတွင် ချာလည်လည်နေကြတုန်းပင်။ တိုက်ပွဲ၏ပုံရိပ်များက သူတို့၏ခေါင်းထဲတွင် အနှေးပြကွက်များကဲ့သို့ ပြန်ပေါ်လာသည်။

ဝမ်တန်ဖေးသည် ဟယ်လောဟွာ၏စကားများကို ကြားလိုက်ရသောအခါတွင် သူရှုပ်ထွေးသွားဟန်တူသည်။ သူခါးသီးစွာရယ်မောလိုက်သည်။ သူ၏ပတ်လည်ရှိ လူအုပ်ကြီးကိုကြည့်လိုက်သည်။

၎င်းတို့အားလုံးသူရှိနေသည်ကိုပင်မေ့သွားကြပုံပေါ်သည်၊ သူ၏နှလုံးသားများက နောင်တတရားများနှင့်ပြည့်နှက်နေလေပြီ။ သူသည်နောက်တစ်ကြိမ် ထပ်မံရယ်မောလိုက်ပြီး သွေးတစ်ပွက်ထပ်အန်လိုက်သည်။ ထို့နောက် သတိလစ်ပြီး လဲကျသွားလေသည်။

သူလဲကျသွားသောအခါတွင် မန်ဟိုသည် သူ၏လျှာကိုခပ်တင်းတင်း ကိုက်ထားလိုက်သည်။

သူသည် ဟယ်လောဟွာကို လက်နှစ်ဖက်ကိုယှက်၍ အရိုအသေပေးလိုက်သည်။ ထို့နောက် တပျဉ်ခွေထိုင်ချလိုက်ကာ စတင်၍တရားထိုင်လိုက်လေသည်။

ဆရာကြီးအိုးရန်သည် သူအားလှမ်း၍ကြည့်လိုက်သည်။ သူ၏မျက်လုံးများကား သောမနဿပီတိတို့ဖြင့် ပြည့်နေ၏။ သူသည် သိုလှောင်အိတ်ကိုပုတ်လိုက်ပြီး ဆေးလုံးအချို့ကို ထုတ်ယူလိုက်ကာ မန်ဟိုထံသို့ပစ်လွှတ်လိုက်လေသည်။ မန်ဟိုသည် ဆေးလုံးကိုဖမ်းယူလိုက်ပြီး

ပါးစပ်ထဲသို့ထည့်လိုက်သည်။

သူသည် အလွန်ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ သူ၏ မျက်လုံးများမှုန်ဝါးဝါးဖြစ်လာနေ သော်လည်း ဆက်လက်၍ ဝင်သက်ထွက်သက်ကိုရှုမှတ်နေရင်း ပြန်လည်ကောင်းမွန်လာရန် ကြိုးစားနေခဲ့လေသည်။

***

All Chapters