အသတ်အဖြတ်စိတ်ဆန္ဒများ၏ ထိုးနှက်မှု
Vol. 102 Ch. 1426
ဂိုဏ်းချုပ်၏ စိတ်ရင်းအမှန်ကို မန်ဟို ခံစားရသည်။ ဂိုဏ်းချုပ်၏စကားသံ ပဲ့တင်ထပ်နေစဉ် တာအိုကို တိုင်တည်၍ ကတိတည်ပါမည်ဟု ကျန်ဆိုနေကြောင်း ပေါ်လွင်စေသည့် တာအိုသစ္စာလှိုင်းဂယက်များအား မြင်ရနိုင်သည်။
ဆဋ္ဌမပါရာဂွန်နှင့် အဋ္ဌမပါရာဂွန်မှလွဲ၍ ကျန်ပါရာဂွန်များသည် သူနှင့် အငြိုးမရှိပေ။ မိတ်ဆွေလည်း မဟုတ်ကြသော်လည်း လက်ယှက်ကာ အရိုအသေပေးကြသေး၏။
မန်ဟိုက တံတားကို အတန်ကြာလေ့လာပြီးနောက် ခေါင်းညိတ်သည်။ ဤအခိုက်အတန့်တွင် သင်္ချိုင်းဗိမာန်အပေါ် သူ၏စိတ်ဝင်စားမှုမှာ ဂိုဏ်းချုပ်ထက် မလျော့တော့ပေ။
“ကျေးဇူးအများကြီးတင်ပါတယ်” ဂိုဏ်းချုပ်က တုံ့ပြန်သည်။ သူသည် အသက်ပြင်းပြင်းရှူလျက် လက်ဝှေ့ယမ်းလိုက်ရာ သူ၏လက်အောက်ခံအနှစ်သာရ ၈ ခုပါရာဂွန်တစ်ယောက်က ရှေ့တက်သွား၏။ အဖွဲ့ကို လက်ယှက်အရိုအသေပေးပြီးနောက် သူက တံတားစပ်သို့ လျှောက်ပြီးနောက် မန်ဟို့ကို လှမ်းကြည့်သည်။
မန်ဟိုက တတိယမျက်လုံးဖြင့် စစ်ဆေးပြီးသည့်အခါ အားနည်းသောအငွေ့အသက်များရှိသည့် တံတားပေါ်က နေရာတစ်နေရာကို လက်ညှိုးထိုးလိုက်သည်။ “ကိုးမီတာအမှတ်မှာ ရှောင်သွားလို့မရတဲ့ အရည်သွေးနိမ့်မန္တန်ဝင်္ကပါတစ်ခု ရှိတယ်”
သေသေချာချာကြည့်ရှုပြီးနောက်တွင် အလားတူနေရာများ ပေါ်လာ၏။ သို့သော် မန်ဟို့ကိုပင် ထိတ်လန့်သွားစေလောက်အောင် အလွန်အားကောင်းသော အငွေ့အသက်များနှင့် နေရာတချို့လည်း ရှိသည်။
တံတားသည် သက်မဲ့အရာဝတ္ထုမဟုတ်ပေ။ ၎င်းက အသက်ရှိသလို၊ တံတားကို ဖြတ်လာလေလေ တားမြစ်မန္တန်ဝင်္ကပါများ၏အငွေ့အသက်များက ပိုမိုသိပ်သည်းလာလေလေဖြစ်၏။
တားမြစ်မန္တန်အားလုံး၏ ဇစ်မြစ်ကတော့ ... တံတားကို ဖွဲ့စည်းထားသော အသွေးအသားများမှ ထိုးထွက်နေသည့် လက်များပင်ဖြစ်သည်။ ၎င်းတို့က မုဒြာလက်ကွက်များ အဆက်မပြတ် ဖော်၍ မှော်ချိတ်ပိတ်သင်္ကေတများကို ထုတ်လွှတ်နေသည်။
အနှစ်သာရ ၈ ခု ကျင့်ကြံသူက မန်ဟို လက်ညှိုးထိုးပြခဲ့သော ကိုးမီတာအမှတ်အပေါ် ဆင်းသက်လိုက်သည်။ ဖန်ခွက်ကွဲသွားသကဲ့သို့ ခပ်သဲ့သဲ့အသံတစ်သံ ထွက်လာပြီး ကျင့်ကြံသူမှာ တုန်ရီသွား၏။ သို့သော် တအောင့်ကြာသော် က္ကန္ဒြေပြန်ဆည်လိုက်နိုင်လေသည်။
တစ်ချိန်တည်းမှာပင် အနှစ်သာရ ၈ ခု ကျင့်ကြံသူ၏ ခြေထောက်ကျသွားမှုက မြူအတွင်းရှိ အနီရောင်မျက်လုံးများအား သူ့ထံ ပြေးဝင်လာစေသည်ကို မန်ဟို အာရုံရလိုက်သည်။ သို့သော် ၎င်းတို့မှာ အနားကပ်မလာနိုင်ခင် ခံပြင်းစွာ ဟိန်းဟောက်ရင်း လွင့်ထွက်သွားကြ၏။
“ရှေ့ ၂၇ မီတာအမှတ်” မန်ဟိုက ပြောသည်။ အနှစ်သာရ ၈ ခု ကျင့်ကြံသူက မန်ဟို ညွှန်ပြသော ဒုတိယနေရာသို့ ချက်ချင်း ရွေ့လျားသွားသည်။ တစ်ချိန်တည်းမှာပင် မန်ဟိုလည်း နောက်မှလိုက်သွားရာ တံတားပေါ် ခြေချလိုက်သော ဒုတိယမြောက်လူဖြစ်လာ၏။ ဤနည်းဖြင့်သာ အခြေအနေကို သဲသဲကွဲကွဲ သူ မြင်ရနိုင်မည်။
တံတားပေါ် သူ ခြေချလိုက်လျှင်ချင်း သူ၏တတိယမျက်လုံးမှတစ်ဆင့် မရေမတွက်နိုင်သောလက်များက ဖြည်းညင်းစွာ ရပ်သွားပြီးနောက် မုဒြာလက်ကွက်များအား ပို၍ပင်လျင်မြန်စွာ ဖော်နေကြသည်ကို သူ သတိထားမိလိုက်၏။
ထိုအချက်မှလွဲ၍ တခြားပြောင်းလဲမှုမရှိပေ။ မန်ဟိုက ဘေးဘီဝဲယာကို ကြည့်ပြီးနောက် စကားပြောသည်။
“ရှေ့ ၂၁ မီတာအမှတ်။ ပြီးရင် ၃၃ မီတာအမှတ်။ ၁၂ မီတာ အမှတ်။ ၂၄ မီတာအမှတ်။ မီတာ ၉၀ အမှတ်။ ၅၁ မီတာအမှတ် ...”
သူ့အနောက်မှ အနှစ်သာရ ၈ ခု ပါရာဂွန်နောက်တစ်ယောက်လိုက်လာသည်။ ထို့နောက် နောက်တစ်ယောက်။ နောက်ဆုံးတော့ ပထမဆုံးအနှစ်သာရ ၈ ခုပါရာဂွန် မန်ဟို နောက်ဆုံးပြောခဲ့သည့်အမှတ်ကို ရောက်သောအခါ တံတားပေါ် လူတော်များများ ရောက်နေချေပြီ။
မန်ဟိုအပြင် အနှစ်သာရ ၉ ခု ပါရာဂွန်နောက်နှစ်ယောက်ပင် ပါလာသည်။
သိသိသာသာပင် ဤလူများသည် မန်ဟို့ကို သိပ်မယုံကြ၍ အနှစ်သာရ ၈ ခုနှင့် အနှစ်သာရ ၉ ခုပါရာဂွန်များကို ကြားညှပ်ထားကြ၏။ ထိုသို့လုပ်ခြင်းက မန်ဟို့အတွက် မကောင်းကြံလိုစိတ်တစ်စုံတရာ ရှိလျှင်တောင်မှ တစ်ယောက်ယောက် မရိပ်မိခင် တစ်ကြိမ်နှစ်ကြိမ်သာ မကောင်းကြံနိုင်လိမ့်မည်။
လက်အောက်ငယ်သားများနှင့် ပတ်သက်ပြီးကတော့ တန်ခိုးရှင်အဆင့်တက်နိုင်မည့် မျှော်လင့်ချက်နှင့် ယှဉ်လျှင် သူတို့အတွက် စွန့်စားရတန်လေသည်။
အနှစ်သာရ ၇ ခုပါရာဂွန်များအတွက် တန်ခိုးရှင်အဆင့်မှာ သူတို့၏လက်ရှိအဆင့်နှင့် လွန်စွာအလှမ်းဝေးသေး၏။ သို့သော် အနှစ်သာရ ၈ ခုပါရာဂွန်များအတွက်မူ အဓိပ္ပါယ်များစွာရှိသည်။ သူတို့အနေဖြင့် အမှန်တကယ် အဆင့်မတက်နိုင်သေးသော်လည်း လမ်းစဉ်ကို ဉာဏ်အလင်းရလိုက်ပါက ခုန်ပျံကျော်လွှားတိုးတက်သွားနိုင်သည်။ အနှစ်သာရ ၉ ခုအဆင့်ပင် ရောက်သွားနိုင်၏။
အချိန်များကုန်လွန်သွားသည်။ မန်ဟို၏တတိယမျက်လုံးမှာ တဖြည်းဖြည်း နီရဲလာနေပြီး စိတ်စွမ်းအားလည်း လျော့နည်းလာနေပြီဖြစ်သည်။ တံတားပေါ်ရှိ တားမြစ်မန္တန်များမှာ အဆက်မပြတ် ပြောင်းလဲနေသည့်အတွက် မန်ဟိုမှာလည်း ဆက်တိုက်စစ်ဆေးနေရလေသည်။ ပထမတော့ ခရီးက မြန်သော်လည်း နောက်ဆုံးတော့ နှေးသထက် နှေးလာ၏။ ဤအခိုက်အတန့်တွင် ပထမဆုံးကျင့်ကြံသူမှာ တံတား၏သုံးဆယ်ရာခိုင်နှုန်းခန့်ကို ဖြတ်ကျော်လာခဲ့ပြီးလေပြီ။
တံတား၏ပတ်ပတ်လည်ရှိ မြူများက ရံဖန်ရံခါ ကျင့်ကြံသူများထံ ပြေးဝင်လာတတ်သော်လည်း အနားမကပ်နိုင်ခင် ပြန်ကန်ထွက်သွားကြသည်။ မြူအတွင်းမှ ဟိန်းဟောက်သံများက ပိုမိုကျယ်လောင်လာသလို မန်ဟို့တတိယမျက်လုံးလည်း ပို၍နီရဲလာသည်။ သူ့အရှေ့ရှိ အနှစ်သာရ ၈ ခုပါရာဂွန်မှာလည်း မျက်နှာဖြူဖပ်ဖြူလျော်နှင့် ဆက်သွားနေရ၏။ ရုတ်တရက် သူ့မှာ လမ်းချော်သွားသဖြင့် သွေးတစ်ပွက်အန်ကာ ခြောက်သွေ့လာတော့သည်။ သူ့ပတ်ပတ်လည်ရှိ မြူများက ဝမ်းသာအားရ ရယ်ပြီး သူ့ထံ ပြေးဝင်လာကြသည်။ မျက်စိတစ်မှိတ်အတွင်း သူကား ဝါးမြိုခံရပေတော့မည်။
ထိုအခိုက်အတန့်တွင် မန်ဟိုက ညာလက်ဖြင့် လှမ်းဖမ်းဟန်လုပ်ကာ အနှစ်သာရ ၈ ခုပါရာဂွန်ကို လမ်းပေါ် ပြန်ရောက်လာစေသည်။ လက်အောက်ခံ ပါရာဂွန်နောက်တစ်ယောက်က အံတင်းတင်းကြိတ်၍ ရှေ့ဆုံးနေရာကို ယူဖို့ ပျံသန်းလာ၏။
မန်ဟို ယခုလေးတင် ကယ်တင်ခဲ့သော အနှစ်သာရ ၈ ခုပါရာဂွန်က ကျေးဇူးတင်နေသောမျက်လုံးများဖြင့် မန်ဟို့ကို လှမ်းကြည့်သည်။ မန်ဟိုက ခေါင်းညိတ်ပြပြီးနောက် စစ်ဆေးကြည့်ရှုလိုက်သည်။ ထို့နောက် သူတို့အုပ်စုသည် တံတားကို ဆက်လက်ဖြတ်လာကြ၏။
သုံးဆယ်ရာခိုင်နှုန်း၊ လေးဆယ်ရာခိုင်နှုန်း၊ ငါးဆယ်ရာခိုင်နှုန်း၊ ခြောက်ဆယ်ရာခိုင်နှုန်း... ရက်အနည်းငယ်ကြာသော် သူတို့ကား တံတား၏ခုနစ်ဆယ်ရာခိုင်နှုန်းကို ဖြတ်ကျော်ခဲ့ပြီးလေပြီ။ အာကာပြင်ကျယ်ကျောင်းတော်မှာ ဤအမှတ်ကို တစ်ခါမှ မကျော်နိုင်ခဲ့ဖူးပေ။
ဤအချိန်တွင် အနှစ်သာရ ၈ ခုပါရာဂွန်တစ်ယောက်ပြီးတစ်ယောက် ရှေ့ဆုံးနေရာကို ယူခဲ့ပြီးပြီဖြစ်ရာ ဂိုဏ်းချုပ်နှင့် အစွမ်းထက်ဆုံးပညာရှင်များဖြင့် အစားထိုးနေရသော အခြေအနေသို့ ရောက်ရှိလာတော့သည်။
ထိုကိုယ်ပွားများက အနှစ်သာရ ၈ ခုပါရာဂွန်များထက်ပင် အစွမ်းထက်ရာ ရှေ့ဆုံးတွင် ကြာကြာတောင့်ခံနိုင်လေသည်။ မကြာမီ သူတို့သည် ရှစ်ဆယ်ရာခိုင်နှုန်းအမှတ်ကို ဖြတ်ကျော်၍ ကိုးဆယ်ရာခိုင်နှုန်းအမှတ်ထံ ရောက်သွားခဲ့ကြ၏။
ပထမမြေထုမှာ မဝေးတော့ပေ။ ၎င်းကား သူတို့အရှေ့တွင် ခမ်းနားကြီးကျယ်စွာ မျက်စိတစ်ဆုံးပြန့်ကားနေလေသည်။
ဂိုဏ်းချုပ်၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေမှုကို မြင်ရနိုင်ပြီး အခြားသူများလည်း အလားတူပင်။ သူတို့မှာ တံတားတစ်စင်းလုံးကို ဖြတ်ကာ ပထမမြေထုအပေါ်၌ရှိသော အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ သင်္ချိုင်းထဲ ဝင်လိုစိတ်တို့ တဖွားဖွားဖြစ်ပေါ်နေကြ၏။
အချိန်တွေကြာလာသည်။ မြူအတွင်းရှိ ဟိန်းဟောက်သံများက ပိုမိုဆူညံလာပြီး ကျင့်ကြံသူများထံ မကြာခဏ ရွေ့လျားလာတတ်သည်။ သို့သော် မန်ဟို လမ်းကို ဦးဆောင်နေပြီး အစွမ်းထက်ဆုံးမန္တန်ဝင်္ကပါများကိုလည်း ကျော်ဖြတ်ကာ အားအနည်းဆုံးဝင်္ကပါများကို ရွေးနင်းသွားသဖြင့် မြူအတွက် သူတို့ကို ထိရန် အခွင့်အရေးမရပေ။
၉၀ ရာခိုင်နှုန်း ဖြတ်လာပြီးနောက် ရှေ့ဆုံးရှိလူမှာ တံတား၏အဆုံးထံမှ မီတာသုံးသောင်းပင် မဝေးတော့ပေ။ သေမျိုးတစ်ယောက်အတွက် ထိုအကွာအဝေးက ဝေးလံသော်လည်း ဤကဲ့သို့ကျင့်ကြံသူများအတွက်မူ တားမြစ်မန္တန်များသာ ရှုပ်မနေလျှင် ခြေတစ်လှမ်းတည်းနှင့် ဖြတ်ကျော်နိုင်၏။
“ရောက်တော့မယ်”
“ပထမမြေထုရဲ့ သင်္ချိုင်းက ရှေ့နားလေးမှာပဲ”
“ငါတို့ ဒီနေ့ကို စောင့်နေခဲ့တာ နှစ်ပေါင်းများစွာ ရှိပြီ။ နောက်ဆုံးတော့ ငါတို့အရှေ့တည့်တည့်ရောက်လာခဲ့ပြီကွ” လူတိုင်း လွန်စွာစိတ်လှုပ်ရှားနေကြသည်။ မန်ဟို့အတွက်မူ သူ့တတိယမျက်လုံးမှာ အလွန်စူးအောင့်နေလေသည်။ ၎င်းကို ဤမျှအချိန်ကြာမြင့်စွာ အသုံးပြုခြင်းက သူ၏ကျင့်ကြံခြင်းအခြေခံကို ဆိုးဆိုးရွားရွား ထိခိုက်စေရုံသာမက သူ့မှာ လမ်းတစ်လျှောက် နားပင်မနားခဲ့ရပေ။
ယခုတွင် မီတာသုံးသောင်းခန့်သာ လိုတော့သည့်အတွက် မန်ဟိုက တတိယမျက်လုံးကို အနားပေးဖို့ ခဏပိတ်လိုက်၏။ ထိုအချိန်မှာပဲ အန္တရာယ်၏အထိအတွေ့က သူ့ကို ကြက်သီးထလာစေသည်။ ထိုအန္တရာယ်၏အရင်းအမြစ်မှာ အောက်ရှိ အသူရာချောက်နက်ထဲမှ အရိပ်တစ်ခုပင်။
၎င်းကား မျက်လုံးသုံးလုံးဘီလူးမှတစ်ပါး အခြားမဟုတ်။
ခရီးစဉ်တစ်လျှောက် မန်ဟိုသည် ဘီလူး၏အရိပ်အယောင်ကို မမြင်ခဲ့ရပေ။ ၎င်းကို လိုက်ရှာခဲ့သော်လည်း ပျောက်ချင်းမလှပျောက်နေခဲ့၏။ ယခုတော့ ထိုဘီလူး ပြန်ပေါ်လာလေပြီ။
မည်သူမှ ဘီလူးကို မမြင်ရသော်လည်း အေးစိမ့်လာသည်ကိုတော့ ခံစားလိုက်ကြရ၏။ မန်ဟို့တတိယမျက်လုံးက ဖျတ်ခနဲ ပွင့်လာပြီး ပင်ပန်းနွမ်းနယ်မှုအား မမြင်ရတော့ပေ။
မန်ဟိုသည် လွန်စွာသတိရှိပြီး အကင်းပါးသူဖြစ်သည်နှင့်အညီ ခေါင်းသုံးလုံးဘီလူးက လှုပ်ရှားနိုင်မည့်အချိန်ကောင်းကို ချောင်းနေခြင်းသာဖြစ်ကြောင်း သုံးသပ်နိုင်ခဲ့၏။ ခရီးအတောအတွင်း မန်ဟိုအနားယူခဲ့သောအချိန်များမှာ ဟန်ဆောင်မှုသာ ဖြစ်ခဲ့သည်။ တစ်ချိန်လုံး သူက အပြင်းထန်ဆုံးတိုက်ပွဲအတွက် အဆင့်သင့်ဖြစ်နေအောင် သတိကပ်ထားခဲ့လေသည်။
ခေါင်းသုံးလုံးဘီလူးက ဟိန်းဟောက်လိုက်ရာ အေးစိမ့်စိမ့်လေမှာ ပို၍ပင်အားကောင်းလာပြီး မန်ဟိုကို တံတားအပြင် တွန်းထုတ်လိုက်သော လေမုန်တိုင်းတစ်လုံးဖြစ်သွားသည်။
မန်ဟိုသည် ဟင်းလင်းပြင်ထဲ ရောက်သွားပြီးနောက် အေးစက်စက်နှာမှုတ်ရင်း ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်ကာ ခေါင်းသုံးလုံးဘီလူးထံ လက်ချောင်းအား ဝှေ့ယမ်းလိုက်သည်။ အားတစ်ရပ်က ဘီလူးကို ခပ်ပြင်းပြင်းဝင်တိုက်၍ အသူရာချောက်ထဲ ပြန်ကျသွားစေသည်။
မန်ဟိုက ၎င်းနောက် လိုက်မသွားဘဲ တံတားပေါ် ပြန်ဆင်းလိုက်သည်။ သို့သော် ထိုအချိန်မှာပဲ လုံးဝမထင်မှတ်ထားသည့်အရာ ဖြစ်ပျက်သွား၏။
ဆဋ္ဌမနှင့် အဋ္ဌမပါရာဂွန်က နှစ်ယောက်ပေါင်း၍ နတ်ဘုရားစွမ်းရည်တစ်ခုကို မန်ဟို့ထံ ပစ်လွှတ်လိုက်သည်။
ဤရုတ်တရက်အဖြစ်အပျက်က ဂိုဏ်းချုပ်ကို မျက်နှာပျက်သွားစေသည်။ သူ ကြားဝင်တားရန် ပြင်လိုက်စဉ် သူ့ဘေး၌ အရိပ်တစ်ခုပေါ်လာပြီး သူ့လမ်းကို ပိတ်လိုက်၏။ ၎င်းက မန်ဟို တံခါးပိတ်ကျင့်နေခဲ့တုန်းက ရောက်လာခဲ့သော သဲမုန်တိုင်းနှင့်လူမှတစ်ပါး အခြားမဟုတ်ပေ။
“ရှကျုံတုံး မင်း ဘာလုပ်နေတာလဲ” ဂိုဏ်းချုပ်၏မျက်နှာထား တင်းမာခက်ထန်သွားသလို၊ ကျန်ပါရာဂွန်များ၏မျက်နှာလည်း ရိပ်ခနဲ ဖြစ်ကုန်သည်။ မန်ဟိုသည် လမ်းတစ်လျှောက်လုံး သူတို့ကို အကူအညီများစွာ ပေးခဲ့၏။ အထူးသဖြင့် အနှစ်သာရ ၈ ခု ပါရာဂွန်များအတွက်ပင်။ မန်ဟိုက သူတို့အသက်ကို ကယ်ပေးခဲ့၍ လက်ရှိအဖြစ်အပျက်က သူတို့ကို ဒေါသထွက်သွားစေသည်။ သို့သော် စဉ်းစားနေရန် အချိန်မရှိပေ။
သူတို့လှုပ်ရှားတော့မည့်အချိန်မှာပဲ ဆဋ္ဌမနှင့် အဋ္ဌမပါရာဂွန်၏အနောက်တွင် အရိပ်တစ်ခု ပေါ်လာသည်။ ၎င်းက ရွှေရောင်အလင်းကို ဖြန့်ကျက်နေသော ရွှေရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက် ဖြစ်၏။
သူက အာကာပြင်ကျယ်ဂြိုဟ်၏ အနှစ်သာရ ၉ ခု အထွတ်အထိပ်အဆင့် ပညာရှင်လေးယောက်အနက်မှ တစ်ယောက်ဖြစ်လေသည်။
လူငယ်သည် မန်ဟို့ကို သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် ကြည့်ပြီး ညာလက်ကို ဆန့်တန်းလိုက်၏။ ရွှေရောင်အလင်းက သူ့ကို ဝန်းရံလျက် မမြင်ရသောစွမ်းအားတစ်ရပ်ကို ဖြန့်ကျက်လိုက်သဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားသည်။ စွမ်းအားသည် အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်စွမ်းအား ဖြစ်၍ ဆဋ္ဌမနှင့် အဋ္ဌမပါရာဂွန်တို့၏ နတ်ဘုရားစွမ်းရည်နှင့် ပေါင်းစည်းသွားသည့်အခါ ၎င်းလမ်းရှိ မည်သည့်အရာကိုမဆို ချေမှုန်းနိုင်သော အားလှိုင်းတစ်လှိုင်းအား ဖန်တီးပေးလိုက်၏။
မန်ဟို့မျက်လုံးများ မီးဝင်းဝင်းတောက်လာသည့်အချိန်မှာပဲ ခေါင်းသုံးလုံးဘီလူး၏ဟိန်းသံအား ကြားလိုက်ရပြန်သည်။ ၎င်းက မန်ဟို့ကို လှမ်းဆွဲဖို့ အပေါ်တက်လာနေသည်။
ပါရာဂွန်သုံးဦး၏ ပူးပေါင်းတိုက်ကွက်က အပေါ်မှ ကျဆင်းလာနေသည်။ အောက်တွင်တော့ ခေါင်းသုံးလုံးဘီလူးတစ်ကောင် ရှိနေ၏။ ပတ်ပတ်လည်တွင်လည်း သူ့ဆီ ပြေးဝင်လာနေသောမြူများကို တတိယမျက်လုံး၏ကျေးဇူးကြောင့် သူ မြင်နေရသည်။ မြူထဲရှိ ဖြစ်တည်မှုများက မန်ဟို့ကို အငြိုးကြီးကြီးမုန်းနေလေသည်။ သူသာမရှိလျှင် ကျင့်ကြံသူများကို စိတ်တိုင်းကျ စားနိုင်ခဲ့မည်။ သို့သော် ယခုတော့ တစ်ယောက်မှ မစားခဲ့ရပေ။ ၎င်းတို့က ဟိန်းဟောက်ရင်း မန်ဟို့ထံ တဟုန်ထိုး လာနေကြ၏။
မန်ဟို့မျက်နှာ သုန်မှုန်သွားသည်။ သူ ပြင်ဆင်ထားခဲ့သော်လည်း သူ့ကို ဦးတည်သော လှည့်ကွက်က ထောင့်စေ့လွန်းလေသည်။ သို့ထိတိုင် သူသည် ထိတ်ပျာနေခြင်းမရှိ။ အမှန်မှာ ဆဋ္ဌမပါရာဂွန် သူ့ကို ရန်စခဲ့ကတည်းက ထိုလူ့နောက်တွင် အစွမ်းထက်သောပါရာဂွန်တစ်ဦးဦးရှိလိမ့်မည်ဟု သူ ခန့်မှန်းခဲ့ပြီးသားပင်။
မန်ဟိုသည် မျက်လုံးများအေးစက်စွာ တောက်ပနေလျက် လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ကာ မိစ္ဆာချုပ်နှောင်မှော်အစွမ်းကို ထုတ်လွှတ်လိုက်၏။ ယင်းက ရန်သူများ၏တိုက်ကွက်ကို တွန်းလှန်နိုင်မည်ဟု သူ ယုံကြည်ချက်ရှိသည်။ သူ၏ရန်သူများကို တိုက်ရိုက်မတိုက်ခိုက်နိုင်သော်လည်း အနည်းဆုံးတော့ ဂိုဏ်းချုပ်နှင့် အခြားသူများ၏အကူအညီရနိုင်မည့် တံတားပေါ် ပြန်ဆင်းနိုင်မည်။
သို့သော် ဤအခိုက်အတန့်တွင် ကြေးမီးအိမ်မှ အလွန်သိပ်သည်းသောအခိုးအငွေ့များ ထွက်လာသည်။ တစ်ချိန်တည်းမှာပင် မန်ဟိုသည် အသူရာချောက်ထဲမှ သူ့ကို အောက်ချင်းလာစေချင်နေသည့်ခေါ်သံကို ကြားလိုက်ရ၏။
“လောကပါလ,က အင်မော်တယ်ကို ကြောက်တယ်.... လာခဲ့... လာခဲ့... လာခဲ့.....”