← Chapters

အသင်တို့အားလုံး ငါ့ကို လောကပါလနတ်မင်းလို့‌ ခေါ်ကြကုန်လော့

Vol. 102 Ch. 1427

အသင်တို့အားလုံး ငါ့ကို လောကပါလနတ်မင်းလို့‌ ခေါ်ကြကုန်လော့

Vol. 102 Ch. 1427

မန်ဟို့စိတ်အစဉ်မှာ ချာချာလည်နေသည်။ ကြေးမီးအိမ်မှ ထုတ်လွှတ်နေသော အခိုးအငွေ့များသည် ပိုမိုသိပ်သည်းလာ၍ ဤအခွင့်အရေးကို လက်လွှတ်လိုက်လျှင် နောင်တစ်ချိန်တွင် နောင်တရနိုင်ကြောင်း သူ သိလာတော့၏။

မန်ဟို့အတွက် ပို၍ပ်တုန်လှုပ်စရာကောင်းသည်မှာ သူ တွန့်ဆုတ်နေသောအခိုက်အတန့်တွင် ကြေးမီးအိမ်မှာ သူ့ကိုယ်ထဲမှ ပျံထွက်၍ အသူရာချောက်ထဲသို့ ၎င်းဘာသာဆင်းတော့မည့်အလား ခံစားလိုက်ရသည်။

သူသည် ထပ်မံတွန့်ဆုတ်မနေတော့ပေ။ ရွှေရောင်ဝတ်ရုံနှင့်လူငယ်ထံမှ သူ့ဆီ ဖြာဆင်းလာသော ရွှေအလင်းရောင်နှင့် ဆဋ္ဌမ၊ အဋ္ဌမပါရာဂွန်တို့ကို ‌အေးစက်စက်တစ်ချက်ကြည့်၍ မြူအတွင်းရှိ ဆာလောင်နေသောမျက်လုံးများကို ကြည့်ပြီးနောက် သူက ရုတ်တရက် အောက်ဆင်းသွားတော့သည်။ အလင်းနှင့်မြူများက သူ ယခုလေးတင် ရှိခဲ့သည့်နေရာကို ဖြတ်ကျော်သွားပြီး တစ်ချိန်တည်းမှာပင် သူသည် ဘီလူးကြီးကို ဝင်တိုက်လိုက်၏။

အုန်းးးးးးးးးးးး။ ခေါင်းသုံးလုံးဘီလူးက စူးစူးဝါးဝါး အော်သည်။ မန်ဟိုမှာ သွေးအန်လျက် တံတားကို အဖက်မလုပ်ဘဲ အသူရာချောက်ထဲ ဆင်းသွားလေပြီ။

မှန်သည်၊ တံတားပေါ်ရှိ ကျင့်ကြံသူများ၏အမြင်တွင်တော့ မန်ဟိုက အောက်ရှိအမှောင်ထုထဲ တမင်တကာ ဆင်းသွားပုံမပေါ်ပေ။ ထိုအစား ရွှေရောင်ဝတ်ရုံနှင့်လူငယ်နှင့် ကျန်ပါရာဂွန်များကြောင့် ကျသွားပုံပေါ်နေသည်။

“ရှကျုံတုံး ၊ ကျင်းယွင်ရှန်း” ဂိုဏ်းချုပ်က ဒေါသတကြီး ဟိန်းဟောက်သည်။ ထိုနှစ်ယောက်ကို တိုက်ခိုက်ဖို့ ပြင်နေသည့်အလား သူ၏ကျင့်ကြံခြင်းအခြေခံက တဝုန်းဝုန်းလှုပ်ရှားလာ၏။

သို့သော် ရှကျုံတုံးနှင့် ကျင်းယွင်ရှင်းက တိုက်ခိုက်ဖို့ စိတ်ဝင်စားပုံမရပေ။ သူတို့သည် ချက်ချင်း နောက်ဆုတ်သွားကြပြီး ဂိုဏ်းချုပ်က သူတို့နှစ်ယောက်နှင့် လျှို့ဝှက်ဆွေးနွေးသည်။ နောက်ဆုံးတွင် ဂိုဏ်းချုပ်၏မျက်နှာမှာ မယုံကြည်နိုင်မှုနှင့် တခြားခံစားချက်များဖြင့် ရိပ်ခနဲ ဖြစ်သွားတော့သည်။

“မဖြစ်နိုင်ဘူး” သူက ခပ်တိုးတိုး ရေရွတ်သည်။

ထို့နောက် ဘာဖြစ်သွားသလဲဆိုသည်ကိုတော့ မန်ဟို အာရုံမရှိပေ။ သူ အသူရာချောက်ထဲ ဆင်းနေစဉ် တံတားအပြင်ရောက်နေခြင်း၏ အကျိုးဆက်များအကြောင်း ဂိုဏ်းချုပ်ပြောခဲ့သည်ကို ပြန်တွေးနေ၏။ ရလဒ်က သေခြင်းဖြစ်ပြီး ယခုတွင် ထိုသို့ဖြစ်ရခြင်း၏အကြောင်းရင်းကို မန်ဟို မြင်နေရလေပြီ။

သူ့ပတ်ပတ်လည်ရှိ မြူများသည် သိပ်သည်းသထက် သိပ်သည်းလာနေပြီး သူ့အနား ကပ်ကပ်လာနေ၏။ ထိုမြူအများအတွင်း၌ ငုပ်လျှိုးနေသော အရှိန်အဝါတစ်ခုက သူ့ကို ရင်တဒိန်းဒိန်းခုန်လာစေသည်။

သို့သော် မြူများအနားရောက်လာသည့်အခါ မန်ဟို့ကိုယ်အတွင်းရှိ ကြေးမီးအိမ်က ရုတ်တရက် မှိန်ပျပျအလင်းရောင်ကို ထုတ်လွှတ်လိုက်၏။ အလင်းရောင်က မန်ဟို့ခန္ဓာကိုယ်အပြင်သို့ ဖြာထွက်ကာ သူ့ကို ဝန်းရံရစ်သိုင်းသွားသည်။ မြူများ ထိုအလင်းရောင်ကို ထိသောအခါ စူးစူးဝါးဝါးအော်ဟစ်သံများအား ကြားရလေသည်။ အသံပိုင်ရှင်များမှာ အလင်းကြောင့် အရည်ပျော်နေသည့်အလား ထင်ရ၏။

မန်ဟိုမှာ စိတ်အေးသွားတော့သည်။ ကြေးမီးအိမ်၏ဆွဲခေါ်ရာနောက်လိုက်ရင်း သူက အောက်ဆက်ဆင်းနေသည်။ သူ့အနောက်တွင် ခေါင်းသုံးလုံးဘီလူးက မီးအိမ်ကို မကြောက်သည့်အလား မရပ်မနား လိုက်လာနေသည်။

အောက်ရောက်လေလေ၊ ကြေးမီးအိမ်၏အခိုးအငွေ့များက ပိုမိုပြင်းထန်လာလေလေပင်။ မကြာခင် မန်ဟိုသည် အောက်၌ မြေပြင်တစ်ခုကို လှမ်းမြင်လိုက်၏။

တိတိကျကျပြောရလျှင် ၎င်းက ပထမဆုံးမြေထုမှ ချွန်ထွက်နေသော မြေအမြှောင်းတစ်မြှောင်း ဖြစ်လေသည်။ ထိုနေရာတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ထီးထီးတည်း ရပ်နေခဲ့ဟန်တူသော ရုပ်တုတစ်ရုပ်အား မြင်ရနိုင်သည်။

ရုပ်တုသည် မီတာထောင်ချီမြင့်မားပြီး ပထမတစ်ချက်ကြည့်လျှင် တောင်တစ်လုံးနှင့် တူ၏။

၎င်းက မိုးပေါ်မော့ကြည့်နေသော ဝတ်ရုံရှည်နှင့်လူငယ်တစ်ယောင်၏အသွင်ကို ဖော်ဆောင်ထားသည်။ သူ့မျက်နှာက တင်းမာခက်ထန်နေပြီး ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်က သူ့ထံမှ ပျံ့လွင့်နေသည်။ သူကား ဒေါသတကြီးဟိန်းဟောက်နေသည့်အလား ထင်ရပြီး သူ့မျက်နှာပေါ်၌ သွေးကြောများပင် ထောင်နေ၏။ အနီးကပ်ကြည့်လိုက်သောအခါ ထိုလူငယ်သည် သူ၏တတိယမျက်လုံးမှတစ်ဆင့် မြင်ခဲ့ရသော နဝမမြေထု၏ပလ္လင်ထက်တွင် ထိုင်နေသော ပုဂ္ဂိုလပ်ဖြစ်ကြောင်း မန်ဟို သ‌ဘောပေါက်သွားသည်။

သို့သော် ဤရုပ်တုသည် စိတ်ပိုင်းဖြတ်ထားပုံပေါ်သော မျက်ဝန်းများနှင့် ခေါင်းမာသောအမူအရာကို ပိုင်ဆိုင်ထား၏။

သူ့ထံမှ အငွေ့မျှင်များ စိမ့်ထွက်လျက်ရှိသည်။ ထိုအငွေ့များက ချောက်ထဲတွင် နေရာယူထားသော ကြောက်မက်ဖွယ်မြူများ၏ အရင်းအမြစ်ဖြစ်လေသည်။

ရုပ်တု၏နဖူးပေါ်တွင်တော့ တစ်ယောက်ယောက် ဓားတစ်လက်နှင့် စိုက်ခဲ့ပုံရသည့် ကွဲရာတစ်ခုကို မြင်ရနိုင်သည်။

ကြေးမီးအိမ်ကို ထိန်းမနိုင်သိမ်းမရအောင် လှုံ့ဆော်နေသော အားက ထိုကွဲရာထဲမှ လာနေခြင်းပင်။

ရုပ်တုဘေးတွင် ‌ကျောက်ထရံတစ်ခု ရှိသော်လည်း အာရုံစိုက်ကြည့်ပါက ရိုးရိုးသာမန် ကျောက်ထရံမဟုတ်ကြောင်း မြင်ရလိမ့်မည်။ ၎င်းက အမှန်တွင် ဧရာမအုတ်ဂူကြီး ဖြစ်၏။

အုတ်ဂူအပေါ်တွင် စာတစ်ကြောင်း ရေးထားသည်.....

“လောကပါလနတ်မင်းကြောင့် ကြွေလွင့်သွားသော ငါ၏ပထမကွယ်ပွား”

စာကြောင်း၏အောက်တွင်မူ ရေးသားခဲ့သူ၏နာမည်ရှိ၏။ နာမည်က မထင်မှတ်ဖွယ်ကောင်းစွာနှင့် .... အာကာပြင်ကျယ်ဂိုဏ်းချုပ် ဖြစ်နေသည်။

မန်ဟိုမှာ ရုပ်တုကြီးကို ကြည့်ရင်း တုန်လှုပ်လာတော့သည်။ ရုပ်တုသည် ကျောက်သားမှ ထုဆစ်ထားသယောင် ထင်ရသော်လည်း အနီးကပ်ကြည့်လိုက်‌သောအခါ အသွေးအသားနှင့် ဖန်တီးထားပုံရလေသည်။

သူ ရုပ်တုကို ထပ်မံမလေ့လာနိုင်ခင် ခေါင်းသုံးလုံးဘီလူး ပေါ်လာသည်။ ၎င်းက မျက်လုံးများနီရဲတောက်နေလျက် မန်ဟို့ကို ခုန်အုပ်သည်။

မန်ဟိုက မျက်မှောင်ကြုတ်၍ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်၏။ ဝဲတစ်ဝဲက သူ့ကို ရစ်သိုင်းလျက် လေဆင်နှာမောင်းအသွင်ပြောင်းသွားသည်။ ထို့နောက် သူ၏နတ်ဘုရားသုတ်သင်လက်သီးက ဘီလူးထံ ပြေးဝင်သွားသည်။

ဘန်းးးး။ မန်ဟို၏အတိုက်အခိုက်စွမ်းရည်အဆင့်အရ ထိုလက်သီးချက်သည် သာမန်အနှစ်သာရ ၉ ခုအဆင့်ပညာရှင်တစ်ယောက်ကို သွေးအန်စေနိုင်၏။ သို့သော် ခေါင်းသုံးလုံးဘီလူးက မီတာရာဂဏန်းမျှသာ ဆုတ်လိုက်ရလေသည်။ ၎င်းက ဟိန်းဟောက်ရင်း နောက်တစ်ကြိမ်ပြေးဝင်လာသည်။

“တော်တော်အရေထူတာပဲ” မန်ဟိုက မျက်မှောင်ကြုတ်လျက် တွေးနေသည်။ အသတ်အဖြတ်စိတ်ဆန္ဒက သူ၏မျက်လုံးများတွင် ပြည့်နှက်လာပြီး သူက လက်သီးနောက်တစ်ချက် ပစ်သွင်းလိုက်သည်။ တစ်ချက်၊ နှစ်ချက်၊ သုံးချက်။ မျက်တစ်မှိတ်အတွင်း သူကား လက်သီးချက်ပေါင်းဒါဇင်ချီ ထုတ်လွှတ်ပြီးသွားလေပြီ။ တအုန်းအုန်းမြည်သံများ ကျယ်လောင်စွာ ပဲ့တင်နေပြီး နောက်ဆုံးတော့ ခေါင်းသုံးလုံးဘီလူးမှာ သွေးတချို့အန်လိုက်ရတော့သည်။ သို့သော် ၎င်းမျက်လုံးများက ပိုမိုရက်စက်ခက်ထန်လာသည်။

“သေချင်နေလား” မန်ဟိုက အင်္ကျီလက်စခါရင်း ကြိမ်းဝါးလိုက်၏။ အံ့မခန်းလိလိစွမ်းအားကို ထုတ်လွှတ်နေသည့် တောင်များ ဘွားခနဲ ပေါ်လာကာ ခေါင်းသုံးလုံးဘီလူးကို ဖိနှိပ်လိုက်သည်။ ဒဏ်ရာဒဏ်ချက်များမှ သွေးများပန်းထွက်နေစဉ် ခေါင်းသုံးလုံးဘီလူးက ခပ်စူးစူးတစ်ချက်အော်လိုက်၏။ အသံလှိုင်းက မန်ဟို့ကို အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်သည်။

မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့မျက်နှာမှာ ဖြူဆုပ်သွားသည်။ သို့ထိတိုင် သူသည် ခြေတစ်လှမ်းလှမ်းလိုက်၏။ ထို့နောက် နောက်တစ်လှမ်း။ တစ်လှမ်းလှမ်းတိုင်း သူ့စွမ်းအားက မြင့်တက်လာသည်။ ထို့နောက် ချောက်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါနေစဉ် သူ့လက်ချောင်းက လျှပ်စီးလို ပိုင်းချလိုက်၏။

ထိုလက်ချောင်းလှုပ်ရှားမှုက ဘီလူး၏ခေါင်းတစ်ခေါင်းကို ဖောင်းခနဲ ပေါက်ကွဲသွားစေသည်။ ဘီလူးမှာ သွေးပျက်စွာ အော်ဟစ်နပြီး ကျန်နှစ်ခေါင်းမှာ ရုန်းကန်နေပုံရသည်။ တခဏကြာသော် ဘီလူး၏မျက်လုံးများက ကြည်လင်ပြတ်သားလာကာ နောက်အခိုက်အတန့်တွင် နီရဲလာပြန်သည်။ ဘီလူးသည် ရုန်းကပ်နေသည်ကို ရပ်၍ မန်ဟို့ကို ကြည့်ပြီးနောက် တိုက်ကွက်နောက်တစ်ကွက် ထုတ်လွှတ်လိုက်၏။

အားလှိုင်းကြီးက မန်ဟို့ကို ဝုန်းခနဲ ဝင်တိုက်သည်။ သူက ခြေလှမ်းအနည်းငယ်‌နောက်ဆုတ်ရင်း ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်သည်။ ထို့နောက် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို စေစားလိုက်သည်။

ဘီလူး၏ခေါင်းနောက်တစ်ခေါင်း ဖောင်းခနဲ ပေါက်ကွဲသွားသည်။ တစ်ခေါင်းသာ ကျန်တော့သော်လည်း ၎င်း၏မျက်လုံးများကား နီရဲမနေတော့ပေ။ ထိုအစား တောက်ပလာပြီး အနီရောင်ကင်းမဲ့သွား၍ ၎င်း၏သူငယ်အိမ်များကို မြင်လာရ၏။

“လောကပါလနတ်မင်း....” ဘီလူးကြီးက ရုတ်တရက် ပြောသည်။ “လောကပါလနတ်မင်း....” ထို့နောက် ၎င်းသည် နာကျင်ခံစားနေရသောအမူအရာဖြင့် ဟိန်းဟောက်၏။ ကျန်ခဲ့သောခေါင်းကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်ရင်း ဘီလူးမှာ ရူးတော့မည့်ပေါ်သည်။

“မင်း ငါ့ကို ထိန်းချုပ်နိုင်မယ်ထင်လား အိပ်မက်မက်မနေနဲ့” ဘီလူးကြီးက အော်သည်။ “ငါက အာကာပြင်ကျယ်ရဲ့ လက်အောက်ငယ်သား တိုက်တန်နတ်ဘုရားပဲ”

ဘီလူးကြီး အော်ဟစ်နေစဉ် ရက်စက်ကြမ်းကြုတ်ပြီး ရူးမိုက်သောအငွေ့အသက်တို့က ရှေးဆန်ဆန်ခံစားချက်ကို ပေးစွမ်းလျက် ဖြာထွက်လာသည်။

တခဏကြာသော် သူ၏ကြည်လင်နေသောမျက်လုံးများက နောက်ကျိလာပြန်၏။ သူက မန်ဟို့ကို ငုံ့ကြည့်လိုက်ပြီး မယုံနိုင်သောအရိပ်အယောင်က သူ့မျက်လုံးထဲတွင် ပထမဆုံးအကြိမ် ‌ပေါ်လာသည်။

“သခင် ... တကယ်ပဲ သခင်လား...” သူက ပြောရင်း တဆတ်ဆတ်တုန်ရီလျက် တိုက်ခိုက်ရန် ပြေးတက်လာပြန်သည်။ “ကျုပ်ကို သတ်လိုက်ပါတော့ သခင်။ ကျုပ်က သခင့်ရဲ့ တိုက်တန်နတ်ဘုရားပါ။ လောကပါလနတ်မင်းရဲ့ ထိန်းချုပ်တာခံမယ့်အစား အသေပဲခံလိုက်မယ်။ ကျုပ်ကို သတ်ပေးပါ ကျေးဇူပြုပြီး”

၎င်းက ဟိန်းဟောက်ရင်း မည်သည့်အကာအကွယ်မှမသုံးဘဲ မန်ဟို့ဆီ တန်းတန်းမတ်မတ် ပြေးဝင်လာသည်။

မန်ဟိုမျာ စိတ်နှလုံးတုန်လှုပ်သွားသည်။ ဘီလူးကြီး ပြေးလာနေစဉ် လေမုန်တိုင်းတစ်လုံးက ၎င်းကို ဝန်းရံလျက် သောင်းကျန်းလာ၏။ ယခုတွင် ၎င်း၏မျက်လုံးများက လုံးလုံးလျားလျား နီရဲနေချေပြီ။

မန်ဟိုက တွန့်ဆုတ်ခြင်းမရှိ။ သူက ဘီလူးကြီး၏နဖူးကို တတိယအကြိမ် ထိလိုက်၏။

ဘုန်းးးးးးးးးးးး ဒဏ်ရာက ဘီလူး၏ခေါင်းကို ထုတ်ချင်းဖောက်သွားသည်။ ဒဏ်ရာပျံနှံ့နေစဉ် ဘီလူးသည် တုန်ရီလာသော်လည်း မျက်လုံးများနီရဲမနေတော့ပေ။ သူ၏မျက်လုံးများက ရှင်းလင်းလာ၏။

သူက နာကျင်ခံစားနေရပြီး အတိတ်ကို လွမ်းဆွတ်နေသောအမူအရာဖြင့် မန်ဟို့ကို ကြည့်သည်။ “မင်းက ငါ့သခင်မဟုတ်ဘူးကိုး....” သူက တိုးညှင်းစွာ ရေရွတ်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်....

“လောကပါလနတ်မင်း လောကပါလနတ်မင်း” သူသည် တဟားဟားအော်ရယ်ရင်း မျက်လုံးပိတ်ကာ ပြိုကွဲသွားတော့၏။

အရာအားလုံး တိတ်ဆိတ်သွားသည်။ မန်ဟိုမှာ မျက်မှောင်ကြုတ်လျက် ကျန်ခဲ့၏။ ဘီလူး၏အပြုအမူများက ထူးဆန်းခဲ့သည့်အပြင် ၎င်း၏မျက်လုံးများထဲရှိ အနီ‌ရောင်အလင်းပျောက်ကွယ်သွားသည်နှင့် ပို၍ပင်ထူးဆန်းလေသည်။

“ဘယ်သူက လောကပါလနတ်မင်းလဲ။ လောကပါလ,က အင်မော်တယ်ကို ကြောက်တယ်တဲ့လား” တစ်ခုခုတော့ မူမမှန်ပေ။ ရုပ်တုနဖူးပေါ်က ကွဲရာကို ကြည့်ပြီးနောက် သူသည် ၎င်းကို ထပ်မံလေ့လာဖို့ အနားကပ်သွား၏။

“ဓားချက်တစ်ချက်ကြောင့်... အသတ်ခံလိုက်တာလား” သူက ခပ်တိုးတိုးရေရွတ်သည်။ ရုပ်တုသည် ဧရာမကြီးဖြစ်၍ ကွဲရာမှာလည်း ကြီးမားလေသည်။ အနည်းဆုံး မီတာသုံးဆယ်ခန့် ရှိဟန်တူ၏။

“အာကာပြင်ကျယ်ဂိုဏ်းချုပ်ကိုယ်တိုင် သူ့ကိုယ်ပွားကို ဒီမှာ မြှုပ်ခဲ့တဲ့အချက် .... တစ္ဆေမြို့ဖြစ်လာတဲ့ မြို့နဲ့ မြေထုတွေ... အာကာပြင်ကျယ်ကျောင်းရဲ့ဂိုဏ်းချုပ် ပြောသွားတဲ့ ဒဏ္ဍာရီတွေ... ပြီးတော့ ဒီခေါင်းသုံးလုံးဘီလူး။ ဒီမှာ ဘာလျှို့ဝျက်ချက်တွေ ရှိနေတာလဲ

“ငါ့ကိုယ်ထဲက ကြေးမီးအိမ်နဲ့ တစ်ခုခုပတ်သက်နေတာတော့ သေချာတယ်” ခန့်မှန်းချက်ပေါင်းများစွာ မန်ဟို့စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ အတန်ကြာတွေးပြီးနောက် သူ၏မျက်လုံးများက တောက်ပလာပြီး သူသည် လှုပ်ရှားလိုက်၏။ ကြေးမီးအိမ်၏ဆွဲငင်ရာအတိုင်း ကွဲရာထဲ သူ ဝင်လိုက်သည်။

ရုပ်တုကြီး၏အထဲတွင် မည်သည့်အသွေးအသားမှမရှိ၊ ကျောက်ဥမင်တစ်ခုသာ ရှိသည်။ စစချင်း ဥမင်က အောက်ဆင်းသွားသော်လည်း မကြာခင် လားရာပြောင်းကာ အပေါ်ဦးတည်လာ၏။ မန်ဟို တရိပ်ရိပ် သွားနေစဉ် ကြေးမီးအိမ်ထဲရှိ အခိုးအငွေ့များမှာ ပို၍ပင်အုံကြွလာသလို စော‌စောက ခေါ်သံလည်း ပိုပိုနီးလာသည်ကို ခံစားလိုက်ရသည်။

နာရီအနည်းငယ်ကြာသော် မန်ဟို ရပ်သွား၏။ အရှေ့တွင် ဥမင်သည် ကျောက်ဂူတစ်ဂူထဲ ဦးတည်နေ၏။ ကျောက်ဂူ၏တစ်ဖက်တစ်ချက်စီတွင် နံရံအတွင်း ထွင်းထားသော အင်္ဂတေပန်းချီများကို မြင်ရနိုင်သည်။ ထိုပန်းချီများက မန်ဟို့အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်လေသည်။

၎င်းတို့သည် လွန်ခဲ့သောအတိတ်ခေတ်များမှ မြင်ကွင်းများကို သရုပ်ဖော်ထား၏။ အမျိုးမျိုးသော သက်ရှိဖြစ်တည်မှုများနှင့် သားရဲများကိုပင် ရေးဆွဲထားသည်။ အကုန်လုံးက အရောင်အဝါများ ကွန့်မြူးတောက်ပလျက် ကောင်းကင်ထက်မှ သက်ဆင်းလာနေသော ပုဂ္ဂိုလ်ကို ဒူးထောက်ရှိခိုးနေကြသည်။

ထိုပုဂ္ဂိုလ်သည် သက်ရှိအားလုံးကို ငုံ့ကြည့်နေ၏... သူ၏မြှောက်ထားသော ညာလက်က မရေမတွက်နိုင်သော ဂြိုဟ်လနက္ခတ်တာရာများကို မြင်ရနိုင်သည့် ကြယ်တာရာကောင်းကင်တစ်ခုကို ကိုင်ထားသည်...

ပန်းချီများကို ကြည့်ရင်း မန်ဟို၏စိတ်နှလုံးနှင့် အရာရာတိုင်းမှာ ပန်းချီများထဲ နစ်မြောသွားတော့သည်။ သူကား ထိုပန်းချီများဖော်ကျူးထားသည့် ကမ္ဘာထဲ ရောက်သွားသည့်အလား ထင်ရလေသည်။

သူသည် ဒူးထောက်ရှိခိုးနေသောပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်လာသကဲ့သို့ သူ ပတ်ပတ်လည်ရှိ ကမ္ဘာကြီး မည်မျှရှေးဆန်ကြောင်း ခံစားလိုက်ရပြီး မိုးနှင့်မြေ၏အဆုံးမဲ့သောသဘာဝကို တွေ့ရှိလိုက်ရ၏။ သူ့နားထဲတွင် သက်ရှိအားလုံးကို ငုံ့ကြည့်နေ‌သော ထိုပုဂ္ဂိုလ်၏အသံ ပဲ့တင်ထပ်နေသည်။

“အသင်သက်ရှိအားလုံးတို့ ငါ့ကို... လောကပါလနတ်မင်းလို့ ခေါ်ကြကုန်လော့

“ငါ၏တည်ရှိမှုကြောင့်သာ မဟာစကြဝဠာ၊ ကြယ်တာရာကောင်းကင်၊ ဂြိုဟ်နေလတွေနဲ့ သင်တို့သက်ရှိအားလုံး တည်ရှိလာခြင်းဖြစ်ပေတယ်....”

All Chapters