အတွင်းစည်းဂိုဏ်း၏ အကျိုးခံစားခွင့်များ
Vol. 3 Ch. 36
လဝက်တာအချိန်ကား ကုန်ဆုံးသွားချေပြီ။ဤအတောအတွင်းမန်ဟိုသည် သူ၏အချိန်အများစုကို ဂိုဏ်း၏ဂန္ဓာရီခန်းမဆောင်တွင် တပျဉ်ခွေထိုင်လျက် ရှေးဟောင်းကျမ်းများကိုဖတ်ရှုလေ့လာရင်း ကုန်ဆုံးခဲ့သည်။ ထို့ကြောင့်သူသည် တောင်ပိုင်းဒေသများနှင့် ကျိုးပြည်နယ်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့သည်။
သူသည် နန်ရှန်းတိုက်ကြီး၏လက်ရေးမူ မြေပုံကို ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့ဘက်ရှိ မဟာတန်ပြည်၊ မြောက်ပိုင်းသဲကန္တာရနှင့်သူ၏မျိုးနွယ်များ၊ လူရိုင်းတို့၏ အနောက်ပိုင်းသဲကန္တာရသူလက်ရှိနေထိုင်ရာ တောင်ပိုင်းဒေသတို့ကို မြေပုံ၌ပြထားသည်။
တစ်ကမ္ဘာလုံးကိုမြေပုံပေါ်တွင် စေ့စေ့စပ်စပ်ဖော်ပြထားပြီ ၎င်းပုံရိပ်များကို သူ၏ခေါင်းထံတွင် အသေမှတ်ထားလိုက်သည်။ တောင်ပိုင်းဒေသသည် နန်ရှန်းတိုက်ကြီး၏ အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်ပြီး ကျိုးပြည်နယ်ဆိုသည်မှာ ၎င်းတို့နှင့် နှိုင်းစာလျင် အစက်အပြောက်တစ်ခုသာသာမျှသာ။
တောင်ပိုင်းဒေသနယ်မြေများသည် အလွန်ကြီးမားပြီး ကျိုးပြည်ထောင်ပေါင်းများစွာကို ပေါင်းစပ်ထားသကဲ့သို့ ဖြစ်နေသည်။ သူသည် ရတနာခန်းမဆောင်၏ အပြင်ဘက်ရှိ ကောင်းကင်ပြာကြီးကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများကစွဲမက်ဖွယ် ကောင်းလှသည်။
“အရှေ့ဘက်နယ်မြေက မဟာတန်ပြည်ကို ခရီးသွားဖို့က သာမန်ကိစ္စရပ်တော့မဟုတ်ဘူး။ နဂါးငွေ့ပင်လယ်ကို အရင်ဖြတ်ကူးရဦးမယ်.....”ခဏအကြာတွင် မန်ဟိုသည် မြေပုံကို ပြန်ကြည့်လိုက်သည်။ နန်ရှန်းတိုက်ကြီး၏ အဓိကဒေသကြီး(၄)ခုကို ကြည့်လိုက်ခြင်းဖြစ်သည်။ မြောက်ပိုင်းသဲကန္တာရနှင့် အရှေ့ဖက်နယ်မြေများသည် တိုက်ငယ်တစ်ခုအသွင် ဖြစ်ပေါ်နေပြီး အနောက်ဖက်လူရိုင်းဒေသနှင့် တောင်ဖက်နယ်မြေများက နောက်ထပ်တိုက်ငယ်တစ်ခုအသွင် ဖြစ်နေသည်။ ၎င်းတို့နှစ်ခုကို အလွန်ကြီးမားသောပင်လယ်ကြီး ပိုင်းခြားထားသည်။
အသူရိန်နေမင်းသည် အနောက်ဖက်တောင်ပေါ်တွင် မေးတင်နေပြီဖြစ်ပြီး နေဝင်မျိုးဖျအချိန် သို့ ရောက်ရှိလာခဲ့သည်။မန်ဟိုသည် သူ၏မျက်လုံးများကို ပွတ်သပ်လိုက်ပြီး မြေပုံကို သူ့နေရာသူပြန်ထားလိုက်ကာ ဂန္ဓာရီခန်းမဆောင်မှ ထွက်လာခဲ့သည်။ သူသည်အရှေ့ဖက်ရှိ အဝေးတစ်နေရာကို အချိန်အတော်ြကာမျှ ကြည့်နေလိုက်သည်။ ထို့နောက် အတွင်းစည်းဂိုဏ်းရှိ သူ၏ကျင့်ကြံခြင်းဂူသု့ ခေါင်းကိုပြန်လှည့်လိုက်သည်။
ကျင့်ကြံခြင်းဂူအတွင်းပိုင်းမျက်နှာကျက်ထဲတွင် စီခြယ်ထားသော ပုလဲများမှ ထုတ်လွှတ်ပေးသော အလင်းဖျော့များသည် အစိမ်းရောင်နံရံပေါ်သို့ ဖြာကျနေသည်။ ကျောက်အခန်း(၅)ခန်းရှိပြီး ဗလုံစီနေသော ဝိညာဉ်စမ်းချောင်းကလေးလည်း ရှိသည်။စိတ်ဝိညာဉ်စွမ်းအင်များသည် ဂူထဲတွင်သိပ်သည်းစွာ ပျံ့နှံ့လျက်ရှိသည်။
ယင်းသည် အတွင်းစည်းဂိုဏ်းသားများသာရနိုင်သော အခွင့်အရေးဖြစ်သည်။ မန်ဟိုသည် ဂူထဲသို့ဝင်ရောက်လိုက်ပြီး အဖြူရောင်ကျောက်စိမ်းပြားတစ်ခုပေါ် တပျဉ်ခွေထိုင်ချလိုက်သည်။ ထိုအရာသည် ဝိညာဉ်ကျောက်တုံးဖြင့် ပြုလုပ်ထားခြင်းမဟုတ်သော်လည်း ကျင့်ကြံရာတွင် စိတ်အာရုံများကို ရှင်းလင်းစေရန် အထူး အထောက်အကူပြုသည်။ ထိုအရာသည် ရှားပါးသော အနုမာနရတနာ ဖြစ်သည်။
ယင်းသည်လည်း အတွင်းစည်းဂိုဏ်းသားများသာ ရရှိနိုင်သော အခွင့်အရေးထဲက တစ်ခုဖြစ်သည်။
“အတွင်းစည်းဂိုဏ်းသားတွေကိုပဲ မှီခိုရာဂိုဏ်းရဲ့ တပည့်အစစ်အမှန်အဖြစ် သတ်မှတ်ထားတာပဲ” မန်ဟိုက တွေးလိုက်ပြီး ဘေးပတ်လည်ကို ကြည့်လိုက်သည်။ အစိမ်းရောင်အလင်းများ ကျနေသော ကျောက်နံရံပေါ်တွင် အမျိုးမျိုးသောငှက်ရုပ်များ ၊ သားရဲတိရစ္ဆာန်များကို ထွင်းထုထားပြီး ၎င်းတို့တစ်ခုချင်းစီတွင် လေးနက်သော အဓိပ္ပာယ်များရှိပုံရသည်။ ၎င်းတို့အား ကြည့်ပြီးလျှင် စင်ကြယ်သော ခံစားမှု တစ်မျိုးမျိုးကျန်ရစ်ခဲ့သည်။
“ဒါမှာက အပြင်စခန်းဂိုဏ်းမှာရတဲ့ အခွင့်အရေးတွေနဲ့ မိုးနဲ့မြေလောက်ကို ကွာခြားတာပဲ။ အတွင်းစည်းတပည့်တွေရဲ့ ထူးခြားတဲ့အရည်အသွေးတွေကို တိုးတက်လာစေချင်ပုံရတယ်။ သေမျိုးတို့ရဲ့ကမ္ဘာမှာ အဆင့်အတန်းအလွှာအလိုက် ခွဲခြားထားသလိုပဲ။ ရုန်းရင်းကန်ရင်းနဲ့ပဲ အပြင်စည်းဂိုဏ်းကို ကျော်လွန်သွားနိုင်တယ်။ ဒါဆိုရင် တောက်ပလာဖို့ ဆန္ဒပြုနိုင်တယ်။ ပိုမိုအစွမ်းထက်လာရမယ်”
မကြာခင်မှာပင် ဆည်းဆာချိန်ကျရောက်လာခဲ့ပြီ။ ထို့နောက်တွင် မန်ဟိုသည် အပြင်ဘက်မှ ရိုသေသမှုနှင့်ခေါ်လိုက်သော အသံတစ်သံကိုကြားလိုက်ရသည်။
“အစ်ကိုကြီးမန်၊တောင်ခြေက လီဖူကွေ့တွေ့ခွင့်တောင်းနေပါတယ်” အမှုထမ်းကောင်လေးတစ်ယောက် ၏အသံပင်။ မန်ဟိုအတွင်းစည်းဂိုဏ်းသို့ ဝင်ရောက်ပြီးသည့်နောက်တွင် သူ၏ဝေယျာဝစ္စများကို ကောင်လေးက ဂရုစိုက် ကူညီပေးသည်။
ဒါသည်ပင်လျင် အပြင်စည်းဂိုဏ်း၏ နောက်ထက်အကျိုးခံစားခွင့်တစ်ခု ဖြစ်သည်။ အစပိုင်းမှာတော့ မန်ဟိုအနေနှင့် အခက်အခဲကြုံရသည်။ လူတစ်ယောက်ကစောင့်နေတယ်ဆိုတာမျိုး ဒီမတိုင်ခင်က သူတစ်ခါမျှမကြုံခဲ့ဘူးလေ။ အစ်ကိုချန်၏ အမှုထမ်းက သူ့ကိုကူညီနေတာမြင်ရသောအခါတွင် လက်ခံရန် ပိုလွယ်ကူသွားပါပြီ။ စွမ်းအားကြီးလာချင်သောသူ၏ ဆန္ဒများက ပိုမိုအားကောင်းလာခဲ့ပြီမဟုတ်ပါလား။
စွမ်းအားကြီးမားသူသာလျင် သူတစ်ပါးကိုဩဇာလွမ်းမိုးနိုင်ပြီး အခြားသူတစ်ဦး၏ ချုပ်ထိန်းမှုမှ ကာကွယ်နိုင်မည်ဖြစ်သည်။ ကျင့်ကြံသူလောက၏နိယာမများနှင့် မှီခိုရာဂိုဏ်း၏စည်းမျဉ်း ဥပဒေများက တူညီမှုရှိသည်။ ထိုအရာသည် အကျိုးကြောင်းဆီလျော်မှုမရှိ၊ မမျှတသော်လည်း အမှန်တည်ရှိနေသည့် ဘဝလမ်းစဉ်ပင်ဖြစ်သည်။
တည်ရှိမှုကအမှန်တရားပင်ဖြစ်သည်။ ကမ္ဘာကြီးသည် အခြေခံအားဖြင့်ကိုက အကျိုးသင့်အကြောင်းသင့် မဟုတ်ပေ။ စစ်မှန်သောတရားမျှတမှုဆိုတာလဲ မရှိပေ။
“သူ့ကို အထဲပို့ဆောင်လိုက်”မန်ဟိုကအေးဆေးစွာပြောလိုက်သည်။ အမှုထမ်းငယ်လေးသည် လေးစားရိုသေမှုအပြည့်နှင့် ပြန်လည်ထွက်ခွာသွားသည်။
သိပ်မကြာခင်မှာပင် ဖက်တီးသည်သွားများကိုတိုက်စားရင်း ခြေလှမ်းကျဲကျဲဖြင့် ဝင်ရောက်လာလေသည်။ ဤသည်မှာ သူ၏ပထမအကြိမ် လာလည်ခြင်းမဟုတ်တော့။ တတိယအကြိမ်မြောက် လာရောက်လည်ပတ်ခြင်း ဖြစ်သည်။ ဤနေရာသည် သူ၏ခွင့်ပြုချက်မပါပဲနှင့် အပြင်စည်းဂိုဏ်းသားများလာရောက်လည်နိုင်သော နေရာမဟုတ်ပေ။
အမှုထမ်းကောင်လေးသည် ဖက်တီးကိုလေးစားမှုအပြည့်နှင့် နေရာချပေးလိုက်သည်။ ဖက်တီးသည် ဟိုဟိုဒီဒီ လျောက်ကြည့်လိုက်ရင်း မန်ဟိုထိုင်နေသော အဖြူကျောက်စိမ်းရောင်ပြားနှင့် အခြားသောအံ့အားသင့်စရာ ပစ္စည်းများကို လက်ဖြင့်ပွတ်သပ်ကြည့်နေသည်။
“မင်းကလဲ ဒီနေရာကို အခုမရောက်ဖူးတာကြနေတာပဲ”မန်ဟိုက ရယ်ရင်းသူ့ကိုကြည့်လိုက်သည်။
“မန်ဟို ဒီနေရာကတော့တကယ့်ကိုမိုက်တာပဲဟေ့။ ငါလာတိုင်းလာတိုင်း ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘူး။ အတွင်းစည်းတပည့်တွေရဲ့ ကျင့်ကြံခြင်းဂူ၊ ဒဏ္ဍာရီလာနေရာတစ်ခု! မင်းသိလား........နောက်ဆုံးတစ်ခေါက် ငါဒီကိုလာတုန်းက အပြင်စည်းဂိုဏ်းသားတွေ တစ်အုပ်တစ်မကြီးစုလာပြီး ငါ့ကိုမေးခွန်းတွေဝိုင်းမေးကြတာ ဆိုတာပြောမနေနဲ့။ အခု ငါကဆရာကြီးဖြစ်နေပြီ။” သူ၏ခန္ဓာကိုယ်များလှုပ်ရှားသွားသည်။ သူ၏အတွေးတွေကိုရပ်တန့်ပစ်ဖို့ အချိန်ခဏမျှယူလိုက်ပြီး မန်ဟို၏အရှေ့တွင်ထိုင်ချလိုက်သည်။
“မင်းကြိုက်တယ်ဆိုရင် ငါဝမ်တန်ဖေးရဲ့ကျင့်ကြံခြင်းဂူကို မင်းအတွက်တောင်းပေးမယ်လေ”
“ဒါ.......ဒါဖြစ်နိုင်လို့လား” ဖက်တီးကပြောလိုက်သည်။ သူစိတ်လှုပ်ရှားစွာကြည့်မိသည်။သို့သော် တစ်ချိန်တည်းမှာပင် သူရှက်ရွံ့နေခဲ့သည်။
“ကျောက်ဟိုင်”မန်ဟိုကအေးဆေးစွာပြောလိုက်သည်။ သူညာဘက်လက်ကိုဝှေ့ယမ်းလိုက်လျင် တံခါးပေါက် ပွင့်သွားလေသည်။ အမှုထမ်းကောင်လေးသည် ကမန်းကတန်း ပြေးဝင်လာပြီး မန်ဟိုကို ဂါဝရပြုလိုက်သည်။
သူ့ကိုကြည့်ရသည်မှာ အသက်ဆယ့်လေးငါးနှစ်အရွယ်ဖြစ်ပြီး ဖက်တီး၏အသက်နှင့် မတိမ်းမယိမ်းလောက်ရှိမည်။ သူသည် မကြာသေးမီကမှ တောင်ပေါ်သို့ရောက်လာခဲ့ခြင်း ဖြစ်ပြီး နူးညံ့သိမ်မွေ့သော လက္ခဏာသွင်ပြင်ရှိသည်။ သူ၏မိသားစုမှာ ကြွယ်ဝချမ်းသာသည်ဟုဆိုသည်။
“ငါ့ရဲ့ဝိညာဉ်ကျောက်ပြားကိုယူသွားပြီး ဂူထိန်းသိမ်းရေးအဆောင်ကိုသွားလိုက် ပြီးရင် ဝမ်တန်ဖေးရဲ့ကျောက်စိမ်းပြားကို သိမ်းယူလာခဲ့” သူသည်လက်ကို ဝှေ့ယမ်းလိုက်လျင် ကျောက်စိမ်းပြားက အမှုထမ်းလေး၏ လက်ပေါ်ကို ပျံဝဲ၍ကျသွားသည်။
အမှုထမ်းကောင်လေးသည်လည်း အမိန့်ကိုလက်ခံပြီး ထွက်ခွာသွားခဲ့လေသည်။
“မန်ဟို ဘယ်တော့လောက် တောင်ပေါ်ကဆင်းလာဦးမှာလဲ” ဖက်တီးကစိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။ “မင်းလာပြီးစစ်ဆေးဦးမယ်လို့ အပြင်စည်းဂိုဏ်းသားတွေကို ငါကတိပေးထားတယ်။ မင်းလာမှ ကောင်းလိမ့်မယ်။ ငါကသူတို့ကို ကတိခံထားတာဆိုတော့”
“ဆရာကြီးအိုးရန်ပြောတာတော့ နောက်တစ်ကြိမ်ဆေးဝါးပေးတဲ့ရက်ကြရင် ငါဦးဆောင်ပြီး လုပ်ရမယ်တဲ့လေ” သူကပြုံးရင်း ပြောလိုက်သည်။ “အဲဒါ သဘက်ခါထင်တယ်။” သူတို့နှစ်ယောက်ကား မှီခိုရာဂိုဏ်းကိုလွန်ခဲ့တဲ့ သုံးနှစ်ကအတူတူဝင်ခဲ့ကြသူတွေဖြစ်သည်။ သူတို့နှစ်ဦးကြားက သူငယ်ချင်းသံယောဇဉ်တွေက နက်ရှိုင်းနေပြီဖြစ်သည်။
“သဘက်ခါဆိုရင်ကောင်းတယ်။ အမယ်လေး.......ဟုတ်သားပဲ။ ငါတို့ရဲ့စီးပွားရေးက လွန်ခဲ့တဲ့ လဝက်လောက်ကထက် ပိုကောင်းလာတယ်။ ငါမင်းအတွက် ၈၀ရာခိုင်နှုန်းဖယ်ထားပြီးသား...........ရော့” သူသည်သိုလှောင်အိတ်ကို မန်ဟိုထံသို့ ကမ်းပေးလိုက်ပြီး သူ့ကိုယ်တိုင်ပင်သဘောကျနေသည်။ သူလည်းပဲ မှီခိုရာဂိုဏ်း၏ ဆိုလိုရင်းကို နားလည်သွားပုံရပါသည်။ မန်ဟို၏အားကိုးကြောင့်.......... အပြင်စည်းဂိုဏ်းက လူတွေကသူ့ကို စကားလုံးတစ်လုံးတောင် မှားရဲကြတော့မည်မဟုတ်ပေ။
ထိုထက် ပိုကောင်းသည့်အချက်မှာ အပြင်စည်းဂိုဏ်းမှ မိန်းမချောလေးများသည် သူ့ကို လေထဲမြှောက်သွားသည်အထိ မြှောက်ပင့်ပြောဆိုကြသည်။ တစ်ခဏလေးအတွင်းမှာပင် ဖက်တီးက မရွယ်ဘဲစော်ကဲမင်းဖြစ် နေတော့သည်။
“ရှန့်ကွမ်းရှိုးကကော မင်းကိုပြဿနာရှာသေးလား” မန်ဟိုကရုတ်တရက်ပြောလိုက်သည်။ သူ၏မျက်လုံးများက အရောင်တောက်ပနေသည်။
“ဘယ်သူကမှတော့ ပြဿနာမရှာတော့ဘူး”ဖက်တီးကပြန်ဖြေလိုက်၏။ သူ၏အသံကလေးနက် တည်ငြိမ်နေသည်။ “ငါ့ကို နောက်ယောင်ခံလိုက်ဖို့သူ့တပည့်တစ်ယောက်ကိုတော့ ခိုင်းထားတာပဲ။ သူပြောတာတော့ ရှန့်ကွမ်းရှိုးကနေ့တိုင်း တံခါးပိတ်ပဲကျင့်နေသတဲ့။ အပြင်ကိုထွက်မလာတော့ဘူးလေ”
“ဒါပေမဲ့ ဂရုတော့စိုက်ကွာ” သူကထပ်မံသတိပေးလိုက်သည်။ “တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် ငါမင်းကိုပေးထားတဲ့ပစ္စည်းကိုသာ ချိုးပစ်လိုက်”။
မကြာခင်မှာပင် အမှုထမ်းကောင်လေး ကျောက်ဟိုင်သည် ဝမ်တန်ဖေး၏ ကျင့်ကြံခြင်းဂူကျောက်စိမ်းပြား နှင့်အတူ ပြန်လည်ရောက်ရှိလာသည်။ မန်ဟိုက ဖက်တီးကိုပေးလိုက်သည်။ သူတို့နှစ်ဦးသည် ရယ်မောသံများနှင့်အတူ တစ်ညလုံးစကားစမြည် ပြောဆိုကြသည်။ ဖက်တီးကိုကြည့်ရသည်မှာ ပြန်ချင်ပုံမရသေး။ စင်စစ်အားဖြင့် သူ၏စိတ်လှုပ်ရှားမှုက ပို၍ကြီးလာခဲ့ပုံပါပဲ။
မန်ဟိုသည် ထိုအရာများကို မြင်တွေ့လိုက်ရသောအခါ အံ့ဩသွားတော့သည်။ သို့သော်လည်း ဒီနေ့ဘာနေ့လဲဆိုတာ သူသတိပြန်ရသွားပြီ။ မန်ဟိုတစ်ချက်ရယ်လိုက်သည်။
“ဒီနေ့က အတွင်းစည်းဂိုဏ်းမှာ ဆေးသစ်သီးဖြန့်ဝေတဲ့နေ့လေ” ဟုမန်ဟိုပြောလိုက်သည်။
ဖက်တီးသည် သူ၏နှုတ်ခမ်းများသပ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူ၏စိတ်ထဲတွင် အပြင်စည်းဂိုဏ်းနှင့် အတွင်းစည်းဂိုဏ်းတို့၏ ကွာခြားချက်များကို မနာလိုအားကျဖြစ်နေသည်။ လစဉ် လတိုင်း ဆေးသစ်သီးကို ပေးဝေလေ့ရှိသည်။ အထူးဝိညာဉ်သစ်သီးတစ်မျိုးထဲကို ဆေးလုံးသွတ်သွင်းထားခြင်းမျိုးဖြစ်သည်။ သစ်သီးမှာ ဆေးလုံး၏အရသာနှင့်တူသည်။ သို့သော် သာမန်ဆေးလုံးများထက် ပိုမိုအစွမ်းထိရောက်သည်။
အတွင်းစည်းဂိုဏ်းသားများသည် တစ်လလျှင်တစ်ကြိမ် ဆေးသစ်သီးကိုရရှိကြသည်။
အမွှေးတိုင်တစ်တိုင်စာအချိန် ကုန်ဆုံးသွားပြီးနောက်တွင် အမှုထမ်းကောင်လေး ကျောက်ဟိုင် ဝင်ရောက် လာသည်။စင်စစ်အားဖြင့် သူသည်ဖက်တီးကို အထင်အမြင်သေး စက်ဆုပ်သည်။ သို့သော်လည်း သူ၏မျက်နှာတွင် အရိပ်အယောင်ပင် မဖော်ပြ။ သူ၏လက်ထဲတွင် ဆေးသစ်သီးကို အစိမ်းရောင်ဖက်ရွက်နှင့်ပတ်၍ သယ်ဆောင် လာသည်။
ထိုအရာမှအလွန်မွှေးကြိုင်နူးညံ့သည့်ရနံ့က ထွက်ပေါ်လာသောကြောင့် ကျောက်ဟိုင် သည် တံတွေးမျိုချလိုက်လေသည်။ သူသည် အသီးများချထားခဲ့ပြီး ပြန်ထွက်သွားလေတော့သည်။
ဖက်ရွက်ကြီးများကို ဖယ်ရှားလိုက်သောအခါတွင် ဆေးဝါးရနံ့များက လေထဲသို့ပျံ့နှံ့သွားသည်။ ဖက်ရွက်၏အထဲတွင် သေးငယ်ပြီး တစ်ဝက်လောက်ကြည်လင်နေတဲ့ အနီဖျော့ဖျော့ရောင် သစ်သီးနှစ်လုံးကို တွေ့မြင်ရသည်။ ၎င်းတို့မှာ အလွန်နူးညံ့မည့်ပုံပေါ်ပြီး ထိလိုက်သည်နှင့် ကြေပျက်သွားတော့မလိုပင်။ ၎င်းတို့တစ်လုံးချင်းစီ၏ အတွင်းပိုင်းကို ခွဲကြည့်လိုက်လျှင် ဆေးလုံးများသာ မြင်ရမည်ဖြစ်သည်။
ဖက်တီး၏မျက်လုံးများပြူးကျယ်သွားသည်။ သူသည် ဆေးသစ်သီးကိုတစ်ခါမျှ မစားခဲ့ဘူးပေ။ သို့သော် အပြင်စည်းဂိုဏ်းတွင် ပြောနေဆိုနေကြတာတော့ သူကြားဖူးသည်။ စုံစမ်းမှုများအနည်းငယ်ပြုလုပ်ပြီး ဆေးလုံးပေးဝေမည့်ရက်ကို တွက်ချက်ပြီး မန်ဟိုထံသို့ အပြေးလာခဲ့ခြင်းဖြစ်သည်။ သူသည် သစ်သီးတစ်လုံးကို ကောက််််ယူပြီး ပါးစပ်ထဲကိုထည့်လိုက်သည်။ သူကိုက်လိုက်သည်။ ထို့နောက်မျိုချလိုက်သည်။ အလွန်ကောင်း မွန်သော အရသာတစ်ခုက သူ၏ပါးစပ်ထဲတွင်ပြည့်သွား၏။ ပူပြင်းသောခံစားချက်တစ်ခုသည် သူ၏ဦးခေါင်းမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ အကြောပိုင်းတစ်ထောင်ကို ပျံ့နှံ့ဝင်ရောက်သွားလေသည်။
“အံ့ဩစရာပဲ ၊အံ့ဩစရာကောင်းလိုက်တာ ။ ငါက ဆေးသစ်သီးကိုစားဖူးတဲ့ ပထမဆုံး အပြင်စည်းဂိုဏ်းသား ဖြစ်လာမယ်ထင်တယ်၊ ဒီစကားတွေကို ပြောပြလိုက်လို့ကတော့ ကောင်မလေးတွေတော့ လဲသေကျလောက်အောင် ငါ့ကိုအားကျကုန်မှာပဲ။ လူတိုင်းက ဆရာဖက်တီးလေးရဲ့ ကံကြမ္မာကို မနာလိုအားကျသွားစေရမယ်။” သူသည်ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် သူ၏ပါးစပ်ကိုပိတ်လိုက်ပြီး မွှေးရနံ့များကို ထွက်မသွားအောင် လုပ်လိုက်သည်။ သူသည် လက်ဟန်ခြေဟန်ဖြင့် မန်ဟိုကိုပြောလိုက်ပြီး တစ်ချိုးထဲပြေးလေတော့သည်။
“ငါသက်သေပြရမယ်” သူတွေးလိုက်မိသည်။ “ငါမိန်းကလေးဂိုဏ်းသားတစ်ချို့ကို ရှာပြီး ဒီရနံ့ကို ရှုခိုင်းရမယ်” သူထိုအကြောင်းတွေးမိလေလေ ၊သူပို၍စိတ်လှုပ်ရှားလာလေလေဖြစ်သည်။ သူသည်တောင်အောက်ကို မြန်နိုင်သမျှပြန်နိုင်အောင် ပြေးလေတော့သည်။
ဖက်တီး၏ ပါးနပ်လိမ္မာသောအကြံကြောင့် မန်ဟိုရယ်လိုက်မိသည်။ သူသည် ကျန်ရှိနေသော ဆေးသစ်သီးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။သူအရသာခံကြည့်လိုက်သည်။ ဆေးဖက်ဝင်အရသာများသည် သူ့ပါးစပ်တစ်ခုလုံးပြည့်လျှမ်းသွားလေတော့သည်။
“ဒါလည်းပဲ အတွင်းစည်းဂိုဏ်းတပည့်တွေမှာပဲ ရနိုင်တဲ့အရာတစ်ခုလေ........” သူသည် ဆေးသစ်သီးများကို စားလိုက်ပြီး သူသက်ပြင်းတစ်ချက်ချလိုက်သည်။ ဤဘဝမျိုးသည် အပြင်စည်းဂိုဏ်းသားတွေခံစားနိုင်သော အရာမျိုးမဟုတ်ပေ။ သူသာ အလိုရှိခဲ့ပါမူ လက်ဖျစ်တစ်ချက် တီးလိုက်သည်နှင့်ပင် ဂိုဏ်း၏လှပသော မိန်းကလေးများသည် သူ့ထံအပြေးလာကြလိမ့်မည်။
မကြာမီပင် နှစ်ရက်တာအချိန် ကုန်ဆုံးသွားခဲ့ပြီး ဆေးလုံးများပေးဝေမည့်ရက်သို့ ရောက်ရှိလာခဲ့ချေပြီ။ မန်ဟိုသည် သူ၏ကျင့်ကြံခြင်းဂူထဲမှ ထွက်လာခဲ့ပြီး သူ၏နောက်တွင် အမှုထမ်းကောင်လေး ကျောက်ဟိုင် က လိုက်ပါလာသည်။ သူ၏လက်ထဲတွင် ခရမ်းရောင်သိုလှောင်အိတ်တစ်ခုကိုကိုင်ဆောင်ထားသည်။ ထိုအိတ်ထဲတွင် ဖြန့်ဝေမည့် ဝိညာဉ်ကျောက်တုံးနှင့် ဆေးလုံးများ အပြည့်ရှိနေသည်။
မန်ဟိုတောင်အောက်သို့ ဆင်းလာချန်တွင် တောင်လေညှင်းများသည် နံနက်ခင်းအာရုဏ်ဦးကို ကြိုဆိုလိုက်ကြသည်။ သူသွားရာလမ်းတစ်လျှောက်ရှိ အပြင်စည်းဂိုဏ်းသားများသည် သူ့အားမြင်လျင် အံ့အားသင့်သွားကြပြီး အရိုအသေပေးလိုက်ကြသည်။
“ဂါဝရပြုပါတယ် အစ်ကိုကြီးမန်”
“အစ်ကိုကြီးမန်ကခံ့ညားလိုက်တာ ၊ ဒီမမြင်ရတဲ့ရက်တွေအတွင်းမှာ ဂိုဏ်းတူညီမလေးတွေက လွမ်းနေကြတာ”
“နှုတ်ဆက်ပါတယ် အစ်ကိုကြီးမန် ၊အစ်ကိုကြီးရဲ့အရည်အချင်းတွေကတော့ အံ့မခန်းပါပဲ။ အစ်ကိုကြီး ချီဓာတ်အတွင်းအားကလည်း အလွန်အံ့ဩစရာကောင်းတာပဲ။ အစ်ကိုကတော့ ဒီဂိုဏ်းရဲ့ဒေါက်တိုင်ကြီးပဲ”
မျက်နှာချိုသွေးမြှောက်ပင့်မှုများကြားတွင် မန်ဟိုသည် လေ့ကျင့်ကွင်းသို့ ရောက်အောင် လျှောက်လာခဲ့၏။ သူရောက်သွားချိန်တွင် ဂိုဏ်းသားအတော်များများ ရောက်ရှိပြီး ပြည့်နေလေပြီ။၎င်းတို့သည် သူ့အားမြင်လိုက်ရသောအခါတွင် အားလုံးက သူ့အားအရိုသေပေးလိုက်ပြီး မြှောက်ပင့်ချီးကျူးပြောဆိုသံများက လေထဲသို့ပျံ့နှံ့လာလေသည်။
သူကခေါင်းညိတ်ပြုံးပြလိုက်ပြီး ကျုံးကိုင်နှင့် အတူစင်မြင့်ပေါ်သို့ တက်လိုက်သည်။ ဤနေရာကိုရောက်ရှိ လာခြင်းဟာ သူ့အတွက် ပထမဆုံးအကြိမ်မဟုတ်ပေမဲ့ ဆေးလုံးဖြန့်ဝေခြင်းကတော့ ပထမဆုံးအကြိမ်ပါ။
သူလူအုပ်ကြီးကိုတစ်ချက် ကြည့်လိုက်သည်။ လူတစ်ယောက်ချင်းစီတိုင်း၏ မျက်နှာတွင် ရိုသေလေးစား ကြည်ညိုမှုများနှင့်ပြည့်နေသည်။ မန်ဟိုသည် တဖြေးဖြေးနှင့် အာရုံပျံ့လွင့်လာပြီး သူ၏ ဆေးလုံးဖြန့်ဝေသည့် ပထမဆုံးနေ့ အတွေ့အကြုံနှင့် ဝမ်တန်ဖေးသူ့ကို အရှက်ခွဲခဲ့သည့် နေ့ရက်များကို ပြန်ပြောင်းသတိရမိသည်။ များစွာသော မှတ်ဉာဏ်များသည် သူ၏စိတ်အစဉ်တွင် ရုပ်ရှင်ပိတ်ကားပြသကဲ့သို့ ပေါ်လာတော့သည်။
နောက်ဆုံးတွင် သူသည်သက်ပြင်းရှည်ကြီးချလိုက်ပြီး ပြောလိုက်သည်။ “ခေါင်းလောင်းတွေကို တီးလိုက်”
***