မှီခိုရာဂိုဏ်းချုပ်
Vol. 3 Ch. 39
မန်ဟို မျက်နှာ ‘ကွက်ခနဲ’ပျက်သွားသည်။ ရုတ်တရက် သူသည် လှိမ့်လာသော မြူခိုးများနှင့် (၁၃)မီတာအကွာခန့်တွင် စူးဝါးဝါးအော်ဟစ်ရင်း ပြေးလာသော လူတစ်ယောက်ကို မြင်လိုက်ရလေသည်။ ထိုသူသည် စုတ်ဖွာနေသောဝတ်ရုံကြီးကို ဝတ်ဆင်ထားပြီး မန်ဟိုထံသို့ ဦးတည်ဝင်ရောက်လာနေသည်။
ထိုသူ့ထံမှ ခက်ထန်ကြမ်းကြုတ်သော အပူလှိုင်းများထုတ်လွှတ်နေပြီး ရက်စက်သောလူသတ်ငွေ့ အရောင်အဝါများပြောင်းလဲသွားလေသည်။ ၎င်းပေါ်ထွက်လာသည်ကို မြင်သောအခါတွင် မန်ဟိုသည်နောက်သို့ မြန်နိုင်သမျှမြန်အောင် ဆုတ်ခွာလိုက်သည်။ ဖြစ်ရပ်များ၏ အလှည့်အပြောင်းကား မြန်ဆန်လွန်းလှသည်။ ထိုပုံရိပ် ကြီးသည် မျက်စိတစ်ဖျတ် အတွင်းမျာပင် ကိုးမီတာအကွာခန့်သို့ ရောက်ရှိလာလေသည်။ ရုတ်တရက် သူ၏လက်ထဲမှ ဗော်ပယ်ကျောက်စိမ်းပြားကို မြင်လိုက်ရချိန်တွင် သူ၏မျက်လုံးများတွင် အလွန်ကြောက်ရွံ့သော အရိပ်အယောင်များ ပေါ်ထွက်လာသည်။
မန်ဟို၏နှလုံးသွေးများ ပွက်သွားသည်။ သူ၏ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်ကို ဗော်ပယ်ကျောက်စိမ်း ပြားဆီသို့ ပို့လွှတ်လိုက်သည်ဆိုလျှင်ပဲ တမုဟုတ်ချင်းပင် သွေးနီရောင်များ တောက်ပလာလေသည်။ အလင်းရောင်ထွန်းလင်းထားသကဲ့သို့ ဖြစ်သွားသောအခါတွင် မန်ဟိုသည် တစ်စစီစုတ်ပြတ်နေသော အဝတ်အစားများနှင့် လူတစ်ယောက်ကို ရှင်းလင်းစွာ မြင်လိုက်ရတော့သည်။ ထိုသူသည် သက်လတ်ပိုင်းခန့်ရှိပြီး သူ၏ခန္ဓာကိုယ်သည် ပိန်လှီနေသည်။ သူ့အားကြည့်ရသည်မှာ မကောင်းဆိုးဝါးတစ်ကောင်နှင့်ပင် တူနေ၏။
ထိုသူသည် သွေးလန့်ဖွယ်ကောင်းသော စူးစူးဝါးဝါးအသံကြီးနှင့်အော်ပြီး နောက်သို့ထွက်သွားသည်။ အလွန်မြန်သောလှုပ်ရှားမှုနှင့်အတူ မြူခိုးထဲသို့ ဝင်ရောက်ပျောက်ကွယ် သွားလေတော့သည်။
မန်ဟိုနဖူးမှ ချွေးစေးများထွက်လာပြီး အသက်ပြင်းပြင်း ရှုသွင်းလိုက်ရသည်။ ထိုသက်လတ်ပိုင်းလူထံမှ သူရရှိသောခံစားမှုသည် ဆရာဘိုးဘိုးအိုးရန်ထံမှရရှိသော ခန့်ညားထည်ဝါမှုများအတိုင်းပင်။
“ သူ့ရဲ့ကျင့်ကြံမှုက ချီအခြေတည်အဆင့်လားမသိဘူး”
မန်ဟို တုံ့ဆိုင်းမိသွားသည်။
သူသည် သွေးနီရောင်အလင်းတန်းများ၏ ဦးတည်ရာအတိုင်း နောက်ကလိုက်သွားနေသည်။ ဂရုတစိုက်သွားနေရခြင်းဖြစ်သည်။ နာရီဝက်ခန့်ကြာပြီးချိန်တွင် သူ၏တုန်လှုပ်မှုများ ရပ်သွားရတော့သည်။ မြောက်များစွာသော ပုံရိပ်များ ပေါ်ထွက်လာကြသည်။ ၎င်းတို့ တစ်ယောက်ချင်းစီတိုင်း၏ ချီဓာတ်အတွင်းအားများသည် ဆရာဘိုးဘိုးအိုရန်၏ အဆင့်နှင့်တူညီသလောက်နီးပါးရှိသည်။ ၎င်းထဲမှတစ်ချို့ဆိုလျှင် ဂိုဏ်းအကြီးအကဲ ဟယ်လောဟွာလောက်ပင် အစွမ်းထက်နေကြသည်။
“ဒါ.... စက္ကောမယန္တယားရုပ်တွေများလား” ပိုမိုနီးကပ်စွာ စစ်ဆေးကြည့်ရှုမိသည့်အခါတွင် ထိုပုံရိပ်များသည် အသက်ရှိပုံမရပေ။ ၎င်းတို့သည် သူ၏ပတ်ပတ်လည်တွင် စက်ဝိုင်းပုံစံ ဝဲပျံနေကြသည်။ သို့သော် မည်သူမျှတော့ သူ့အနားကိုမချဉ်းကပ်ရဲကြပေ။ သူ၏ဗော်ပယ်ကျောက်စိမ်းပြားကို ကြောက်ရွံ့ကြပုံရသည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်လောက်ကုန်ဆုံးသွားချိန်တွင် ထိုပုံရိပ်များသည် တဖြေးဖြေး ပျောက် ကွယ်ကုန်ကြသည်။ မန်ဟိုသည်လည်းဆက်လက်သွားနေမိသည်။ သူ၏မျက်လုံးများတွင် ဘာမျှမတွေ့သေး။ မန်ဟိုစိတ်တွေ လှုပ်ရှားလွန်းနေသည်။
“ဒါ...ဒါ...”
သူညည်းတွားလိုက်မိသည်။ သူ၏အရှေ့တွင် ခန့်မှန်းခြေအားဖြင့် မီတာသုံးရာ လောက်အမြင့်ရှိသော တောင်တစ်လုံးကိုတွေ့မြင်ရသည်။ သာမန်တောင်တစ်လုံးသာဆိုလျှင် ဤသို့ပြုလုပ်မိမည် မဟုတ်။ ထိုတောင်မှာ ဝိညာဉ်ကျောက်တုံးများနှင့် ပြုလုပ်ထားသောတောင်ဖြစ်သည်။
မရေမတွက်နိုင်အောင်များပြားသော ဝိညာဉ်ကျောက်တုံးများကို အတူတကွစု ပုံထားသောကြောင့် ဝိညာဉ်ကျောက်တုံးတောင်ကြီး ဖြစ်ပေါ်နေခြင်းပင်ဖြစ်သည်။
မန်ဟိုသည် သူ့ဘဝတစ်လျှောက်လုံးတွင် ဤမျှလောက်များပြားသော ဝိညာဉ်ကျောက်တုံးများကို တစ်ခါမျှမမြင်ခဲ့ဘူးပေ။ သူ၏ခေါင်းများ ချာလည်လည်သွားသည်။ သူ၏ကိုယ်စောင့်နတ်က ထိုအရာများကို ယူဖို့နှိုးဆော်နေသည်။ သို့သော် ခြေလမ်းအနည်းငယ်မျှ လှမ်းလိုက်ပြီးသောအခါတွင် သူရိပ်မိလိုက်သည်။ ဝိညာဉ်ကျောက်တုံးတောင်သည် မီးခိုးရောင်ရှိပြီး မြူခိုးများက ၎င်းကိုဖုံးအုပ်ထားသည်။ ထိုအရာသည် ကန့်သတ်ခြင်း အစီအရင်ဖြင့် မည်သူမျှထိ၍မရအောင် ကာကွယ်ထားဟန်တူသည်။
သူသည် အရှုံးပေးဖို့ ဆန္ဒမရှိဘဲ အချိန်အတန်ကြာအောင် ကြိုးစားကြည့်သည်။ သူသည် ဝိညာဉ်ကျောက်တုံးတောင်နှင့် မီတာခြောက်ဆယ်အကွာလောက် ရောက်သောအခါတွင် ရုတ်တရက် အလွန်ကြီးမားသော အန္တရာယ်တစ်ခု ကျရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။ တောင်ကြီးကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ သူသည် ရောက်နေသောနေရာတွင် ရပ်ပစ်လိုက်ရသည်။
အကယ်၍ အလွန်နီးကပ်သွားမည်ဆိုလျှင် သူ၏ခန္ဓာကိုယ်ရော၊ ဝိညာဉ်ပါ ပြာပုံဘဝရောက်သွားမည် ဖြစ်ကြောင်း သူသိသည်။
အချိန်များစွာ ကြာမြင့်ပြီးနောက်တွင် သူသည်ခေါင်းကိုလှည့်ကာ သူချီတုံချတုံဖြစ်နေသော ဝိညာဉ်ကျောက်တုံးတောင်ကို စွန့်ခွာလာခဲ့တော့သည်။
သူသည် သွေးနီရောင်အလင်းတန်းလေးနောက်သို့ လိုက်ပါရင်း အချိန်တွေကုန်ဆုံးခဲ့ရသည်။ အမွှေးတိုင် တစ်တိုင်ထွန်းစာ ကုန်ပြီးချိန်လောက်တွင် ဝိုးတိုးဝါးတားဖြစ်နေသော အဆောက်အဦးပုံရိပ်တစ်ခုသည် သူ့အရှေ့ရှိ မြူခိုးများကြားတွင် ပေါ်ထွက်လာလေသည်။ ထိုအဆောက်အဦးတွင် ခြံဝင်းတစ်ခုရှိပြီး ခြောက်သွေ့နေသော သစ်ပင်ပေါင်းပင်များနှင့် ပြည့်နှက်နေသည်။ ခြံဝင်း၏အလယ်ဗဟိုတွင် လူတစ်ကိုယ်စာ၏တစ်ဝက်ခန့်ရှိသော ကျောက်တုံးတစ်တုံးရှိနေသည်။ ၎င်းကိုမြင်ရသောမြင်ကွင်းသည် အဖြူအမည်းမဟုတ်တော့ဘဲ မြူခိုးများလည်း အနီးနားတွင်ရှိမနေတော့ချေ။
ဗော်ပယ်ကျောက်စိမ်းပြားသည် ကျောက်တုံးကြီးဆီသို့ ဦးတည်လွင့်မျောသွားပြီး ထိုနေရာ အရောက်တွင် ရပ်တန့်သွားသည်။ သွေးနီရောင်အလင်းများသည်လည်း မှေးမှိန်သွားချေပြီ။
မန်ဟိုသည် လျှောက်သွားလိုက်ပြီး ကျောက်တုံးအနီးတစ်ဝိုက်ကို စစ်ဆေးကြည့်ရှုလိုက်သည်။ ထိုနေရာသည် ဉာဏ်အလင်းပွင့်ထွန်းဖို့ နေရာပင်ဖြစ်သည်။ သူသည် ကျောက်တုံးပေါ်တွင် တပျဉ်ခွေထိုင်ချလိုက် ပြီး သူ့ရှေ့တွင် မျောလွင့်နေသော ဗော်ပယ်ကျောက်စိမ်းပြားကိုကြည့်လိုက်သည်။ သူ၏မျက်လုံးများက တောက်ပလို့သွားသည်။
“ဒီနှစ်တွေတစ်လျှောက်လုံးမှာ လူတွေအများကြီး ဒီကိုရောက်လာကြတာပဲ။ ဒါပေမဲ့ ဘယ်သူမှ ဉာဏ်အလင်းမပွင့်ခဲ့ကြဘူး။ ဗော်ပယ်ကျောက်စိမ်းပြားရဲ့ သွေးနီရောင်အလင်းတွေ မှေးမှိန်သွားတဲ့အချိန်ဟာ ဉာဏ်အလင်းတွေရရှိအောင် အားထုတ်ရမဲ့အချိန်ပဲ”
မန်ဟို မျက်မှောင်ကြုတ်လိုက်မိသည်။ ချီဖွဲ့စည်းမှုကျင့်စဉ်၏လျှို့ဝှက်ချက်ကို ရယူချင်သည့် ပြင်းထန်သောဆန္ဒက သူ၏နှလုံးသားတွင် ပွက်ပွက်ဆူနေသည်။ မူလတုန်းက ဝမ်တန်ဖေး ဤအခွင့်အရေးကိုရရှိမှာဖြစ်သည်။ မန်ဟိုသည် သူ၏ပါရမီအရည်အချင်းများသည် သာမန်မျှသာဖြစ်သည်ကို သူသိပါသည်။ သို့သော် သူ့တွင် သူများထက်ပို၍ အောင်မြင်နိုင်သည့် အခွင့်အရေး အနည်းငယ်ပိုသာနေခြင်းဖြစ်သည်။
သူသည် ဗော်ပယ်ကျောက်စိမ်းပြားကို အရောင်မှိန်သွားအောင်မပြုလုပ်ဘဲ ထိုအရာကို စိုက်ကြည့်လိုက်မိသည်။ အမျိုးအမည်မသိသော အလင်းရောင်များ သူ၏မျက်လုံးထဲတွင် တောက်ပသွားသည်။ အချိန်အနည်းငယ်ကြာပြီးနောက်တွင် သူသည်အံကိုတင်းတင်းကြိတ်ကြိတ်ထားရင်း အရာဝတ္တုတစ်ခု ကို ခေါင်းမာစွာ လှမ်းယူလိုက်တော့သည်။
“ဒီအချိန်မှာ ဘာဖြစ်ဖြစ် ငါဂရုမစိုက်တော့ဘူး။ ငါဟာ
မြင့်မြတ်သောဝိညာဉ်ကျမ်းစာက ဉာဏ်အလင်းကို ရယူနိုင်ရမယ်။”
သူ၏အသံတွင် ဆုံးဖြတ်ချက်များဖြင့်ပြည့်နေသည်။ အိတ်ကိုပုတ်ပြီး ကြေးနီမှန်ကို ထုတ်ယူလိုက် သည်။ ထို့နောက် ဝိညာဉ်ကျောက်တုံးလက်တစ်ဆုပ်ကို နှုတ်ယူလိုက်ပြီး ပုံတူပွားရန် ပြင်ဆင်လိုက်သည်။
မန်ဟို အတွင်းစည်းဂိုဏ်းတပည့်ဖြစ်လာသည်မှာ တစ်လခန့်ပင်ရှိချေပြီ။ အတွင်းစည်းဂိုဏ်းများသည် အပြင်စည်းဂိုဏ်းသားများထက် ဝိညာဉ်ကျောက်တုံးများ သိသိသာသာပိုရ၏။ ထို့အပြင် သူ၏ဆိုင်မှရသော အကျိုးအမြတ် နှင့် အပြင်စည်းဂိုဏ်းသားများ မျက်နှာချိုသွေးပြီး လက်ဆောင်ပေးထားတာတွေကို ပေါင်းလိုက်လျှင် သူ၏သိုလှောင် အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံးပေါင်းများစွာရှိနေသည်မှာ အသေအချာပင်။
သို့သော်ဂိုဏ်းမှာ ပေးဝေသော ဝိညာဉ်ကျောက်တုံးများသည် ဗော်ပယ်ကျောက်စိမ်းပြားကို ပုံတူပွားနိုင်စွမ်း မရှိသောအခါတွင် သူအလွန်အံ့ဩသွားသည်။ ကြေးနီမှန်၏ အစွမ်းသတ္တိပျောက်ဆုံးသွားခြင်းတော့ မဟုတ်နိုင်ပေ။ ဝိညာဉ်ကျောက်တုံးမ လုံလောက်ခြင်းဖြစ်သည်။ အရည်အသွေးအလယ်အလက်ရှိ ဝိညာဉ်ကျောက်တုံးပင် အသုံးမဝင်ချေ။
သူသည် ဗော်ပယ်ကျောက်စိမ်းပြားကို အချိန်အကြာကြီးစိုက်ကြည့်မိလိုက်ပြီးနောက် သူ့တွင်ကျန်နေ သော အလွန်ထူးခြားသည့် ဝိညာဉ်ကျောက်တုံးကြီးခုနှစ်တုံး ၊ ရှစ်တုံးခန့်ကို ထုတ်ယူလိုက်သည်။ သူသည် ခေတ္တ ခဏမျှတွေဝေသွားပြီ အံကြိတ်လိုက်မိသည်။ မျက်လုံးများက ရဲထွက်လာသည်။ သူသည် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ကြေးမုံပေါ်သို့စပြီးတင်လိုက်ပြီး နောက်ထပ်ကျောက်တုံးတစ်တုံးထပ် မထည့်ခင်မှာပင် ကြေးနီမှန်သည် အလွန်စူးရှတောက်ပသော အလင်းရောင်များ တောက်ပလာသည်။ ချက်ချင်းဆိုသလိုပင် ဗော်ပယ်ကျောက်စိမ်း ပြား (၁၅)ခု ပေါ်ထွက်လာလေသည်။ မန်ဟိုသည် စိုက်ကြည့်ပြီး မှင်တက်သွားမိသည်။ အစက ကြေးမုံအလုပ်လုပ်ရန် ဝိညာဉ်ကျောက်တုံးများစွာ လိုအပ်လိမ့်မည်ဟု သူတွေးမိခဲ့သည် မဟုတ်လား ။ ထို့နောက် သူသည် သွေးကျောက်တုံး(၁၅)ခုနှင့်ပင် ရပ်ထားလိုက်သည်။
သွေးကျောက်တုံးများသည် ဂိုဏ်းချုပ်ကြီး၏ သွေးအဆီအနှစ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ မန်ဟိုသည် ပေါ်ထွက်လာသော ကျောက်စိမ်းပြား(၁၅)ခုကိုကြည့်ပြီး ကြောင်အမ်းအမ်း ဖြစ်သွားသည်။
“ဒီဝိညာဉ်ကျောက်တုံးက ဘာ......ဘာအမျိုးအစားလဲဟ” သူကြက်သေသေသွားပြီး ထိုကျောက်တုံးနှစ်ထောင်ကို တစ်ကြိမ်တည်းနှင့် ဖြုန်းတီးလိုက်မိပုံကို ပြန်တွေးမိသွားသည်။ သူ့ရင်တွေ တစစ်စစ်ကိုက်ခဲ သွားပါတော့သည်။
ထိုကြီးမားသော ဝိညာဉ်ကျောက်တုံးများသည် သာမန်ထက်လွန်ကဲသော သဘာဝလွန်ပစ္စည်းဖြစ်သည်မှာ အသေအချာပင်။
ယခုအချိန်တွင် မန်ဟိုအတွက် အရေးအကြီးဆုံးအရာမှာ မြင့်မြတ်သောဝိညာဉ်ကျမ်းစာပင် ဖြစ်သည်။ သူသည် အံကိုတင်းတင်းကြိတ်ထားရင်း ဝိညာဉ်ကျောက်တုံးနှစ်ထောင်ကိစ္စကို ဘေးဖယ်ထားလိုက်သည်။ သူသည် သွေးကျောက်တုံးကို အရောင်မှိန်အောင်ပြုလုပ်လိုက်၏။ ထိုကဲ့သို့ပြုလုပ်လိုက်သည် ဆိုလျှင်ပဲ မန်ဟို၏ ပတ်လည်တစ်ခုလုံး သွေးနီရောင်အလင်းများ လွှမ်းခြုံသွားပြီး မပီပြင်သော အသံတစ်ခုကိုကြားလိုက်ရသည်။ သူသည် အိမ်မက်မက်သကဲ့သို့ ဘဝင်စိတ်ကျပြီးမိန်းမောသွားလေသည်။ အချိန်မည်မျှကုန်သွားသည်ကိုပင် သတိမထားလိုက်မိချေ။
တစ်ချိန်တည်းမှာပင် ရှုချင်နှင့် ချန်ဖန်းတို့သည် သူတို့၏ဉာဏ်အလင်းပွင့်ရာ ပရဝဏ်အတွင်းသို့ ရောက်ရှိ နေကြပြီဖြစ်ပြီး ၎င်းတို့၏ ဘေးပတ်လည်တွင် သွေးနီရောင်အလင်းများ တောက်ပနေသည်။ သူတို့၏ ငုပ်လျှိုးနေ သော ပါရမီစွမ်းရည်များသည် သာမန်ထက်ကျော်လွန်နေသောကြောင့် သူတို့၏ဉာဏ်အလင်းရရှိနိုင်မှု အခွင့်အရေး မှာ တော်တော်လေး သာလွန်ကောင်းမွန်နေသည်။ အရာအားလုံးက ငုပ်လျှိုးနေသော ပါရမီအရည်အချင်းပေါ်တွင် မူတည်နေသည် မဟုတ်ပါလား။ ကံကောင်းမှုအလားတူပင်ဖြစ်သည်။
ဆုံးဖြတ်၍ပင်မရနိုင်စကောင်းသော အချိန်များကုန်ဆုံးသွားပြန်၏။ မန်ဟို၏ဘေးပတ်လည်ရှိ သွေးနီ ရောင်များသည်လည်း မှေးမှိန်လာခဲ့သည်။ သူသည်စတင်၍ အသိစိတ်ပြန်လည် လာခဲ့ချေပြီ။ သူအတော်ကလေး ဆုံးရှုံးနေပုံရသည်။ အချိန်တစ်ခုကုန်ဆုံးသွားပြီးသည့် နောက်မှာတော့ သူလုံးဝနီးပါး သတိပြန်လည်လာခဲ့ချေပြီ။ သို့သော် သူ၏စိတ်ထဲတွင်ကား ဗလာနတ္တိ။ မြင့်မြတ်သောဝိညာဉ်ကျမ်းမှ အချက်အလက်စိုးစဉ်းမျှပင် မတွေ့လိုက် ရပါ။
‘သူ’ ထိုကာလ တစ်လျှောက်လုံး မျှော်လင့်ခဲ့မိသည်။ သက်ပြင်းချလိုက်မိ၏။ သူသည် နောက်ထပ် သွေးကျောက်တုံးကို ယူလိုက်ပြီး ဉာဏ်အလင်းကို ဆက်လက်ရှာဖွေပြန်သည်။ အချိန်တွေကုန်ဆုံးလို့သွားပြန်ပါပြီ။ သွေးကျောက်တုံး တစ်ဆယ့်လေးခု အသုံးပြုပြီးဖြစ်သည်။ သို့တိုင် သူမအောင်မြင်သေး။ သူ့စိတ်တွေ ဆူပွက်လာ ပြီး ဆက်လုပ်ဖို့တောင် မသေချာသလိုဖြစ်လာသည်။ သူသည် သွားများကိုကြိတ်ကာ နောက်ထပ် ဝိညာဉ်ကျောက်တုံးကြီးတစ်ခုကို ထုတ်ယူလိုက်ပြီး ဗော်ပယ်ကျောက်စိမ်းပြားများကို ပုံတူထပ်ပွားလိုက်သည်။ နောက်တစ်ကြိမ်ထက်ပြီး အသက်သွင်းလိုက်လျှင် သွေးနီရောင်အလင်းများသည် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွား လေတော့သည်။ ဉာဏ်အလင်းကို စတင်၍ရှာဖွေလိုက်ပြန်သည်။
ထိုအခိုက်တွင် ရှုချင်နှင့်ချန်ဖန်းတို့၏ ပတ်ဝန်းကျင်ရှိသွေးနီရောင်များသည်လည်း မှေးမှိန်လာခဲ့ပြီ ဖြစ်သည်။ သို့သော် သူတို့သည် မထသေးဘဲ ဆက်လက်၍တရားထိုင်နေ၏။ ဉာဏ်အလင်းမည်သည့်အချိန်၌ ပေါ်ပေါက်လာမည်ကို သူတို့သေချာမသိကြပေ။
ထိုအချိန်၌ မန်ဟိုသည် အရူးမီးဝိုင်းဖြစ်နေလေပြီ။ သွေးနီကျောက်တုံးများကို ဆက်တိုက်ဆက်တိုက် အသက်သွင်းပြီး ဉာဏ်အလင်းရရှိရန် ထပ်ခါထပ်ခါကြိုးစားနေမိသည်။ ထိုမြင်ကွင်းအားမြင်ရသည့် မည်သူမဆို မနာလိုမှုဖြင့် ရူးသွပ်သွားစေနိုင်လောက်သည်။
သွေးကျောက်တုံး(၂၇)တုံးခန့် အသုံးပြုပြီးသွားချိန်တွင် မန်ဟိုသည် မိန်းမောနေသော အိမ်မက်ကမ္ဘာထဲ၌ သူ၏နားကိုကပ်၍ တီးတိုးပြောလိုက်သောအသံတစ်ခုကို ကြားလိုက်ရသည်။ သူသည်စကားလုံးနှစ်လုံးကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
“မြင့်မြတ်သော .... ဝိညာဉ်....”
မန်ဟိုသည် သူ၏မျက်လုံးများကို ဖွင့်လိုက်သောအခါတွင် သူ၏စိတ်ထဲ၌ ဆုံးဖြတ်ချက်ချလိုက်သည်။ တုံ့ဆိုင်းမနေတော့ဘဲ ဗော်ပယ်ကျောက်တုံးနှစ်တုံးကို မြှောက်ကာ ဉာဏ်အလင်းဆက်ရှာတော့သည်။
ထိုအချိန်၌ ရှုချင်နှင့်ချန်ဖန်းတို့သည် ယဇ်ပလ္လင်နေရာကို ပြန်ရောက်ရှိနေပြီး မန်ဟိုကို စောင့်ဆိုင်းနေကြ၏။ သူတို့သည် မန်ဟိုကို မမြင်ရသောအခါတွင် တုန်လှုပ်သွားကြသည်။ သို့သော် မန်ဟိုသည် မည်သည့် လမ်းကြောင်းသို့ ဦးတည်၍ထွက်သွားသည်ကို မသိသောကြောင့် သူ့အား ရှာဖွေရန်မှာ မလွယ်ကူပေ။ ထို့ကြောင့် သူတို့သည် ယဇ်ပလ္လင်ရှေ့တွင်ထိုင်နေရင်း မန်ဟိုပြန်အလာကို စောင့်ဆိုင်းရန်ဆုံးဖြတ်ခဲ့ကြသည်။
သုံးရက်မြောက်သောနေ့တွင်တော့ သူတို့စိတ်မရှည်တော့ဘဲ အနည်းငယ်စိုးရိမ် ပူပန်လာကြသည်။ သူ ဉာဏ်အလင်းမရဘဲ အန္တရာယ်တစ်ခုခု ကျရောက်နေခြင်း ဖြစ်မည်ဟု သူတို့တွေးမိလိုက်ကြခြင်း ဖြစ်သည်။
"ညီလေးမန်တော့ တစ်ခုခုဖြစ်နေပြီလားမသိဘူး"ချန်ဖန်းက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
ရှုချင်သည် ဘာတုံ့ပြန်မှုမှမရှိသော်လည်း ပူပန်နေပုံရသည်။
သူတို့ဆွေးနွေးပြီးသွားသည့်အချိန်မှာတော့ မန်ဟိုကို ရှာဖွေရန်ဆုံးဖြတ်လိုက်ကြသည်။ ကံမကောင်းစွာပင် စက္ကောမယန္တယားများ မကြာခဏပေါ်ထွက်လာမှုကြောင့် ဖြေးဖြေးခြင်းသာ ရှာဖွေနိုင်ကြသည်။
ထိုအချိန်တွင် မန်ဟိုသည်ထိုင်လျက်ရှိနေသည်။ သူ၏ဆံပင်များက ဖရိုဖရဲ ဖိုသီဖတ်သီ ဖြစ်နေပြီး မျက်လုံးများသည် သွေးကဲ့သို့ နီရဲနေကြသည်။ သူက အဓိပ္ပာယ်မရှိသော စကားလုံးများကို ညည်းတွားနေမိသည်။ သူသည် ၄၃ တုံးမြောက်ကို သုံးလိုက်ပြန်၏။ သွေးနီရောင်များက သူ့ကိုတစ်ဖန် လွှမ်းခြုံသွားပြန်သည်။ သူသည် ဉာဏ်အလင်းရှာဖွေရန်အတွက် အားလုံးသုံးစွဲပစ်လိုက်သည်။
အကယ်၍ သွေးကျောက်တုံးနည်းလာလျှင် ထပ်မံပုံတူပွားပြန်သည်။
ယခုအချိန်တွင် သူ၏နားတွင် အသံများကို ရှင်းလင်းစွာကြားနေရပြီ ဖြစ်သည်။ သို့သော် ထိုအရာကို သူမမှတ်မိနိုင်သေး။ ‘သူ’နောက်ထပ် ဆက်လက်၍ ကြိုးစားပြန်သည်။
ထိုအချိန်တွင် ချန်ဖန်းရော ရှုချင်သာမက သွေးရူးသွေးတန်းဖြစ်နေသော မန်ဟိုပင် သတိမထားမိလိုက်သော တစ်စုံတစ်ခုဖြစ်ပွားနေပါသည်။ သွေးကျောက်တုံးများသည် တောက်ပမှုမှေးမှိန် သွားသည့်အခါတွင် ၎င်းတို့သည် သွေးနီရောင်အလင်းရောင်များအဖြစ် ပြောင်းလဲသွားကြသည်။ ထိုအလင်းရောင်များသည် မြေကြီးထဲသို့ဝင်သွားပြီး လှိုဏ်ဂူအောက်ရှိ လျှို့ဝှက်ခန်းထဲသို့ ဝင်ရောက်သွားကြသည်။
ထိုအထဲတွင် သွေ့ခြောက်ညှိုးနွမ်းနေသော ခန္ဓာကိုယ်တစ်ခုသည် တင်ပျဉ်ခွေသဏ္ဍာန်ထိုင်နေပြီး အသက်မဲ့နေပုံရသည်။ အခန်းတစ်ခုလုံးသည် သေခြင်းတရားအငွေ့အသက်များ ပြည့်နှက်နေသည်။
သွေးနီရောင်အလင်းများသည် အခန်းထဲသို့ဝင်ရောက်သွားတိုင်း ယင်းတို့ကို ခန္ဓာကိုယ်ကစုပ်ယူလိုက်ပြီး အနည်းငယ်ပြောင်းလဲသွားလေသည်။ တတိယမြောက်အလင်းတန်းဝင်ရောက်လာချိန်တွင်တော့ အသက်နည်းနည်း ဝင်သွားပုံရသည်။
သို့သော် အသက်ဓာတ်အလင်းရောင်သည် မှေးမှိန်သွားပြီး ခန္ဓာကိုယ်သည်လည်း ထိုနေရာ၌ ထိုင်နေရုံမှ လွဲ၍ အခြားဘာမျှမလုပ်နိုင်သေးပေ။
ထိုလူကြီးသည် မှီခိုရာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။ ဗော်ပယ်ကျောက်စိမ်းပြားသည် သူ၏သွေးအဆီအနှစ်မှ ပြုလုပ်ထားခြင်းဖြစ်ပြီး ၎င်းအထဲတွင် သူ၏အရောင်အဝါများ ပါဝင်သည်။ ကျောက်စိမ်းပြားများကို အသက်သွင်းအသုံးပြုလိုက်သောအခါတွင် ထိုအသက်ဓာတ်များ သူ့ထံသို့ပြန်လည်ဝင်ရောက်လာပြီး အသက်ဆက်ပေးခြင်းဖြစ်သည်။ ၎င်းတို့မရှိလျှင် သူသည် လုံးဝနီးပါးသေဆုံးသကဲ့သို့ ဖြစ်နေလိမ့်မည်။
ကနဦးအစက သူဘဝ၏နောက်ဆုံးရည်မှန်းချက်မီးစလေး ပြီးဆုံးအောင်မြင်သွားသည့် အချိန်အထိ သေခြင်းတရားကို ဤကဲ့သို့ရွေ့ဆိုင်းရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် သူ သေဆုံးတော့မည့် အခြေအနေဖြစ်လာခဲ့သည်။ သူ့မျှော်လင့်ချက်တွေ ပျက်သုဉ်းပြီး စိတ်ပျက်လက်ပျက် အခြေအနေဖြစ်ခဲ့ပြီ။ သူသည် အချိန်အများစု၌ အိပ်မောကျနေလေ့ရှိပြီး ရံဖန်ရံခါသာ နိုးထလာခဲ့သည်။ ထို့နောက် ပြန်လည် အိပ်ပျော်သွားတတ်သည်။ သူ၏စွမ်းအင်များကို မလိုလားအပ်သော အပိုကိစ္စများအတွက် ဖြုန်းတီးရန်မရှိတော့ပေ။
ဗော်ပယ်ကျောက်စိမ်းပြားနှင့် ပတ်သက်၍ သူသည်လွန်ခဲ့သောနှစ်ပေါင်းများစွာထဲက ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ကြောင့်သာမဟုတ်လျှင် လွန်ခဲ့သော နှစ်ရာပေါင်းများစွာကတည်းက သူသေဆုံးသွားခဲ့ပြီး လောက်ပြီ။
“ဒါဟာ ဗော်ပယ်ကျောက်စိမ်းပြားရဲ့ နောက်ဆုံး(၃)ပိုင်းပဲ” သူ အသိစိတ်ဝင်၍ သတိပြန်လည်လာခဲ့ပြီ ဖြစ်သည်။ ‘သူ’ သက်ပြင်းချလိုက်ပြီး ပြန်အိပ်လိုက်သည်။ နောက်တစ်ကြိမ်ပြန်လည်နိုးထလာဖို့ ဘယ်သောအခါမျှ မဖြစ်နိုင်တော့ကြောင်း သူသိပြီးဖြစ်သည်။
သို့သော် စတုတ္ထမြောက်သွေးနီအလင်းရောင်သည် ရုတ်တရက်လျှို့ဝှက်ခန်းထဲသို့ ဝင်ရောက်လာပြီး သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားလေသည်။ သူ နောက်တစ်ကြိမ် ပြန်နိုးထလာပြီး အံ့ဩတုန်လှုပ်သွားသည်။ ပဥ္စမမြောက်သွေးနီရောင်အလင်းတန်း
“ဗော်ပယ်ပြားတွေက ကုန်သွားပြီးမဟုတ်ဘူးလား၊ ငါ..ငါ အမှတ်များ မှားနေသလား” သူ စကားပြောနေသည့်အချိန်မှာပင် ပဉ္စမမြောက်အလင်းတန်းက ဝင်ရောက်လာပြန်သည်။
သူ ကြက်သေသေသွားသည်။ ၆တန်းမြောက် ၊၇တန်းမြောက် ၊ ၈တန်းမြောက် သွေးနီရောင်အလင်းများ ပေါ်ထွက်လာလေသည်။ တတိယမြောက်ရက်တွင် မရေမတွက်နိုင်သော သွေးနီရောင်အလင်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားလေတော့သည်။ မှီခိုရာဂိုဏ်းချုပ်၏နှလုံးသားများ အုံကြွလာပြီး စိတ်လှုပ်ရှားလာတော့သည်။ သူ၏မျက်နှာက မျှော်လင့်ချက်များ ပြည့်နှက်နေပြီး ရုတ်တရက် သူ၏မျက်လုံးများ ပွင့်လာလေသည်။
“ဒီ... ဒီဟာတွေက ငါ့သွေးကျောက်တုံးတွေ မဟုတ်တာ သိသာတယ်။ ဒါပေမဲ့ ငါ့သွေးအစစ်တွေပဲ။ ဘာ..ဘာတွေ ဖြစ်နေတာတုန်း”
***