မြင့်မြတ်သော ဝိညာဉ်ကျမ်းစာ
Vol. 3 Ch. 40
မှီခိုရာဂိုဏ်းချုပ် မျက်လုံးဖွင့်လိုက်သည့်အချိန်ကား မန်ဟို အတုံးငါးဆယ်မြောက် သွေးကျောက်တုံးကို အသုံးပြုနေသည့် အချိန် ဖြစ်သည်။ သူ့ခေါင်းကား မခံမရပ်နိုင်အောင် ကိုက်နေပြီး သူ့ဘေးပတ်လည်တွင်တော့ ကျမ်းစာတစ်အုပ် မျောလွင့်နေလျက်ရှိလေသည်။ ကျမ်းစာထဲတွင်ပါသော စာလုံးတိုင်းသည် သူ၏ကိုယ်ခန္ဓာကို ထိုးဖောက်ကာ တောက်ပသော ရွှေရောင်အလင်းကို ထုတ်လွှတ်ပေးနေ၏။ ထိုအလင်းတန်းသည် သွေးနီရောင်ကို လုံးလုံးလျားလျား လွှမ်းမိုးနိုင်ပြီး တောက်ပနေသောရွှေရောင် အရှိန်အဝါကိုသာ ကွန့်မြူးနေစေသည်။
ရွှေရောင်အရှိန်အဝါ ဖြာထွက်နေစဉ် မန်ဟို့ထံတွင် အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာသည်။ သူ၏အမြုတေကန်မှာ ရွှေရောင်အဆင်းပြောင်းရင်း တလိပ်လိပ် ထနေ၏။ ရေများ ရွှေရောင်ပြောင်းလာသည်နှင့်တစ်ပြိုင်နက် အလွန်ကျယ်လောင်သော မိုးခြိမ်းသံကြီးတစ်သံက သူ၏ကိုယ်ခန္ဓာတစ်ခုလုံးကို ပြောင်းလဲပေးရင်း ထစ်ချုန်းသွားလေသည်။
အရိုးအက်သံများ မြည်လာသည်။ သူ့အရိုးများ ရှည်လာသလို အသွေးအသားသစ်များ ဖြစ်တည်လာလေသည်။ တခဏလေးအတွင်း သူ့ခန္ဓာကိုယ်မှာ အပြင်ရောအတွင်းပါ ပို၍ အင်အားကြီးမားလာခဲ့လေပြီ။
သူ့ ချီသွေးကြောများကား သလင်းကျောက်ကဲ့သို့ပင် ထွင်းဖောက်မြင်သာနေသည့်အပြင် သူ့ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်နေ၏။ ဆံပင်များလည်း ရှည်လာနေကာ မြင့်မြတ်သော ဝိညာဉ်ကျမ်းစာ၏ အယူအဆများအရ သူသည် နယ်ပယ်အသစ်သို့ ဝင်ရောက်နေပြီဟု ပြောနိုင်၏။
အချိန် ၆ နာရီခန့် ကုန်လွန်ပြီးသည်တွင်တော့ မန်ဟို၏ အတွင်းထဲ၌ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ် လာပြန်သည်။ မန်ဟို မျက်လုံးဖွင့်လိုက်သည်တွင်တော့ သူ့မျက်လုံးများသည် ရွှေရောင်များဖြင့် တောက်ပနေလေပြီ။
အချိန်ကြာလာသည်နှင့်အမျှ ရွှေရောင်အလင်းတန်းက မှေးမှိန်လာခဲ့သည်။ မန်ဟိုကတော့ စိတ်လှုပ်ရှားနေဟန်ပင်။ သူ၏စိတ်ထဲသို့ ကြည့်လိုက်လျှင် စိတ်ဝိညာဉ်အပေါ်၌ မဖျောက်ဖျက်နိုင်အောင် ခတ်နှိပ်ထား ကဗျာစာသားတစ်ပုဒ်အား မြင်ရပေမည်။ ထိုစာသားတစ်ကြောင်းစီကို သူ နားလည်သဘောပေါက်၏။ ဤသည်ကား .... မြင့်မြတ်သော ဝိညာဉ်ကျမ်းစာပင် ဖြစ်သည်။
ယင်းသည် အပြင်လောက၌ သွေးချောင်းစီး၍ သွေးမုန်တိုင်းတို့ တိုက်သွားစေနိုင်သော အရာလည်းဖြစ်သည်။ မည်သည့်ဂိုဏ်းဆို ဤစဦးချီဖွဲ့စည်းခြင်းကျင့်စဉ်ကျမ်းအား ရူးရူးမူးမူး လိုချင်ကြလေသည်။ ထိုကျမ်းကား နောက်ဆုံးတွင်တော့ မန်ဟို၏ ခေါင်းထဲတွင် ရှိနေပြီ ဖြစ်သည်။
၆ နာရီကြာအောင် ပြောင်းလဲမှု ဖြစ်ပြီးသည့်တိုင် မန်ဟို၏ အဆင့်မှာ စဦးချီဖွဲ့စည်းခြင်း အဆင့် (၆) တွင်သာ ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း သူ၏ ကျင့်ကြံမှုနည်းလမ်းအသစ်ကား နန်ရှန်း တိုက်ကြီးတစ်ခုလုံး၏ အကောင်းဆုံး ၃ ခုထဲမှ တစ်ခုအဖြစ် မှတ်ယူနိုင်လေသည်။
ဤကံကောင်းခြင်းကား မဟာမျိုးနွယ်စုများနှင့် ဂိုဏ်းကြီးများမှ တပည့်များပင် ရရှိဖို့ရာ ခက်ခဲလှပေသည်။
ချီဖွဲ့စည်းခြင်းကျင့်စဉ်ကျမ်းကို ကျင့်ကြံ၍ မန်ဟိုသာ ချီအခြေတည်အဆင့်သို့ ရောက်ရှိသွားခဲ့လျှင် သူသည် ပြည့်စုံသော အခြေတစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအားလည်း ကျင့်ကြံဆင့်တူသူများထက် ပို၍ နက်ရှိုင်းသာလွန်သွားလိမ့်မည်။ စွမ်းအားအကြီးဆုံးဖြစ်ချင်မှ ဖြစ်နိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ စွမ်းအားများ ဖြည်းဖြည်းချင်း စုဆောင်းမိလာကာ သူ ချီအခြေတည်အဆင့်ရောက်သည့်အခါတွင် ပိုးအိမ်ထဲမှ ထွက်လာသော လိပ်ပြာကဲ့သို့ ပင် ကမ္ဘာပေါ်တွင် မြင်ရခဲသော အပြစ်အနာအဆာ ကင်းစင်သည့် ချီအခြေကို ပိုင်ဆိုင်နိုင်မည် ဖြစ်လေသည်။
ယခု မန်ဟို ဝမ်တန်ဖေးနှင့် ရင်ဆိုင်ရလျှင် ထိုနေ့တုန်းကလို မရေရာမသေချာသော အနေအထားသို့ ရောက်လိမ့်မည် မဟုတ်တော့ပေ။ သူကား ဤအခိုက်အတန့်တွင် ဓါးပျံ ၁၀ လက်အား စွမ်းရည်မဆုံးရှုံးစေဘဲ ထိန်းချုပ်နိုင်နေလေပြီ။ သူ၏ စွမ်းအားများသည် နှစ်ဆတိုးသွားခဲ့ပြီဖြစ်၏။
မန်ဟိုက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ့နှလုံးသားမှာ ပြင်းပြသော ဆန္ဒများဖြင့် ပြည့်နှက်လျက်ရှိလေသည်။ ခဏအကြာတွင်တော့ သူ အသက်ကို ပြင်းပြင်းရှူလိုက်ကာ ကျောက်ပြားမှ ဆင်းလာပြီး လမ်းလျှောက်ထွက်သွား၏။
လောလောဆယ်တွင် မှီခိုရာဂိုဏ်းချုပ်မှာ မန်ဟို့ထက်ပင်ပို၍ စိတ်လှုပ်ရှားနေသေးသည်။ သူ မျက်လုံးဖွင့်ဖွင့်ချင်း မန်ဟိုကို မြင်လိုက်ရ၏။ ထို့နောက် ချန်ဖန်းနှင့် ရှုချင် တို့ကိုတွေ့မြင်ခဲ့သည်။ သူ့မှာ မန်ဟို သွေးကျောက်တုံး ထပ်ထုတ်လာဖို့ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေစဉ် မန်ဟို ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသည်ကိုသာ မြင်တွေ့ရလိုက်ရသည်။
“သေစမ်း သေစမ်း ။ ငါ အဲဒီမှာ ဉာဏ်အလင်းလွင်ပြင်ကို မထားခဲ့သင့်ဘူး။ မဟုတ်ဘူး မဟုတ်သေးဘူး။ ငါမထားခဲ့ရင် ဒီကောင်လေးကို ဒီနေရာရောက်အောင် ဘယ်လိုလုပ် ဆွဲဆောင်နိုင်မှာလဲ။ ဒါပေမယ့် ….. ဒါပေမယ့် ဘာကြောင့် သူက သွေးကျောက်တုံးအတုံး ၅၀ နဲ့ပဲ ဉာဏ်အလင်းရသွားခဲ့တာလဲ။ တစ်ရာ၊ နှစ်ရာ၊ မဟုတ်ဘူး အနည်းဆုံး သုံးရာဆို ပိုကောင်းလိမ့်မယ်။ အကယ်၍ ငါးရာသာ ရှိရင် ငါဒီနေရာမှာ ထိုင်နေစရာ မလိုတော့ဘူး ” မှီခိုရာဂိုဏ်းချုပ်ကား စိတ်ဓါတ်အကြီးအကျယ် ကျနေလေသည်။ ဤသည်မှာ သူ့အတွက် အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်ပြီး ယခုတော့ သူ့မျက်လုံးရှေ့က ပျောက်ကွယ်သွားသည်ကို ကြည့်နေရလေပြီ။ အားဖြည့်ရန် သွေးကျောက်တုံး မရှိလျှင် သူ့မှာ ဆက်လက်၍သာ အားကုန်ခမ်းနေရလိမ့်မည်။ သို့သော်လည်း တတ်နိုင်တာမရှိကြောင်း သူ သိသည်။
“အဲဒီနှစ်တုန်းက ငါ ငါ့အတွက် ဘာမှမလုပ်ခဲ့မိဘူး၊ ထွက်ပေါက်မရှိတဲ့ ဒီနေရာမှာ ငါ့ကိုယ်ငါ ပိတ်ထားခဲ့တာဆိုတော့ အသံကူးပြောင်းပေးပို့ဖို့ကလည်း အရမ်းခက်တယ်။ ဒီအတိုင်းဆက်သွားရင် ငါအနေနဲ့ ဘာမှမလုပ်နိုင်လောက်အောင် အားနည်းသွားလိမ့်မယ်။ ဘာလုပ်ရမလဲ…. ဘာလုပ်ရမလဲ တစ်ခုခု စဉ်းစားစမ်း…..” သူသည် လျှို့ဝှက်အခန်း၏အပေါ်ရှိ ဂူတွင် မန်ဟို ချန်ဖန်းနှင့် ရှုချင်တို့ဖြင့် တွေ့ဆုံနေသည်ကို စိုးရိမ်ပူပန်စိတ်အပြည့်နှင့် ကြည့်နေ၏။ သူတို့သည် ယဇ်ပလ္လင်ပေါ်တက်၍ ပြန်ရန် ပြင်လိုက်ကြသည်။
အကယ်၍ သူသာ ကျိုးပြည်နယ်မှ ကျင့်ကြံသူအားလုံးကို ဒီနေရာသို့လာအောင် ဆွဲဆောင်နိုင်ခဲ့လျှင် သူတို့ရဲ့ ကျင့်ကြံခြင်းတန်ခိုးစွမ်းအားကိုသုံးပြီး ဒီနေရာကနေ သူလွတ်မြောက်အောင် လုပ်ဆောင်နိုင်ပေလိမ့်မည်။ သူလွတ်မြောက်သည်နှင့် ထိုသူတို့၏ အသက်စွမ်းအားများကို စုပ်ယူခြင်းဖြင့် ဒုတိယအသက်ကို သူရရှိနိုင်သည်။ မှီခိုရာဂိုဏ်းချုပ်ကား အံကြိတ်လိုက်ကာ သူ့တွင်ရှိသမျှအားကိုစုလျက် ညာလက်ဖြင့် မြေကြီးကို ရိုက်ချလိုက်တော့သည်နှင့် မြည်ဟည်းသံ ကြီးက ထွက်ပေါ်လာလေသည်။
ထိုအချိန်တွင်တော့ မန်ဟိုတစ်ယောက် သူ ရက်အနည်းငယ် ပျောက်ဆုံးနေရခြင်း အကြောင်းအရင်းနှင့် သူ၏ခန္ဓာကိုယ် ပြောင်းလဲသွားရခြင်းအတွက် အကြောင်းပြချက်တစ်ခု ဖန်တီးနေချိန်ဖြစ်လေသည်။ ချန်ဖန်းကတော့ ခေါင်းညိတ်ကာ ပြုံးနေလေသည်။ ရှုချင်ကတော့ မန်ဟို မည်သည့် ထိခိုက်မှုမှ မရှိတာကို မြင်သည့်အခါ ဘာမှ မပြောတော့ပေ။ နောက်ဆုံးတွင်တော့ သူတို့သုံး ဦးသည် ထွက်ခွာရန်အသင့် ဖြစ်နေကြပေပြီ။
ရုတ်တရက် ကြုံးဝါးသံတစ်ခု ကိုကြားလိုက်ရပြီး မြေအောင် လိုဏ်ဂူတစ်ခုလုံး တုန်ခါလာလေသည်။ ဧရာမ အက်ကွဲကြောင်းကြီး တစ်ခုသူတို့ရှေ့တွင် ဖြစ်ပေါ်လာကာ ကြီးမားတဲ့ ကျေက်တုံးကြီး တဖြည်းဖြည်းကြွလာသည်ကို မြင်ရသည့်အခါ သူတို့၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားခဲ့တော့သည်။ အမွှေးတိုင် တစ်တိုင် ထွန်းစာခန့် ကြာသည့်အချိန်တွင်တော့ သူတို့ရှေ့တွင် မြင်ရသည်က…
မီတာသုံးဆယ်ခန့်ရှိသည့် ကျောက်တိုင်ပေါ်တွင် တောက်ပနေသည့် ရွှေရောင်စာလုံးများဖြစ်သည်။ ထိုစာလုံးများကား မြင့်မြတ်သော ဝိညာဉ်ကျမ်းတော်၏ စဦးချီဖွဲ့စည်းခြင်းကျင့်စဉ်ကျမ်းပင်ဖြစ်လေသည်။
သူတို့သုံးဦးလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ အထူးသဖြင့်တော့ မန်ဟိုပင် ဖြစ်သည်။ သူ စဦးချီဖွဲ့စည်းခြင်းကျင့်စဉ် ကျမ်းကို ရယူရန် ဒုက္ခများစွာကို ဖြတ်သန်းခဲ့ရပြီးနောက် အခုတော့ ထိုအရာက သူ့ရှေ့တွင် ရှိနေခဲ့သည်မဟုတ်လား။ ခဏတော့ သူ ငေးကြောင်ကြည့်နေမိလေသည်။ ထို့နောက် သေချာ ထပ်မံ စစ်ဆေးပြီး သည်တွင်တော့ ထူးဆန်းသည့် အမူအရာဖြစ်သွားခဲ့သည်။ ထိုကျောက်တိုင်တွင်ရေးထားသော ကျမ်းစာ၏ ပထမစာကြောင်းနှစ်ချက်မှာ တိကျမှန်ကန် သော်လည်း ကျန်အပိုင်းများမှာမူ အလွဲများသာဖြစ်လေသည်။ စာသာများသည် နက်နဲသော သဘောတရားများနှင့် ပြည့်နှက်နေဟန်ထင်ရသော်လည်း အမှန်တရားကို သိနေသော မန်ဟိုကား ထိုစာသားများသည် မှားယွင်းနေကြောင်း အသေအချာပြောနိုင်လေသည်။
သူတခဏ တွေဝေသွားသော်လည်း နောက်ဆုံးတွင်တော့ ဘာမှမပြောြဖစ်ခဲ့ပေ။
ချန်ဖန်း၏ မျက်လုံးများမှာ တောက်ပနေခဲ့လေသည်။ ရှုချင်လုပ်သကဲ့သို့ပင် သူလည်း ကျောက်တိုင်အောက်သို့ လျှောက်သွားလိုက်သည်။ သူတို့ နှစ်ယောက် အတော်ကြာသည်အထိ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ ထို့နောက်မှ တုန်လှုပ်စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ရှုချင်က “ဒီဟာကို ငါတို့နဲ့ယူသွားသင့်တယ်။ ဂိုဏ်းချုပ်က ဘာလုပ်ရမလဲဆိုတာကို ဆုံးဖြတ်လိမ့်မယ်”ဟုပြောလိုက်သည်။
မန်ဟိုက မျက်လုံးကိုမှိတ်လိုက်ကာ သဘောတူလိုက်သကဲ့သို့ ခေါင်းကို ညိတ်လိုက်သည်။
ထိုအချင်းအရာကို မြင်သည်တွင်တော့ မှီခိုရာဂိုဏ်းချုပ် သဘောကျစွာ ရယ်လိုက်တော့သည်။
“ယူသွား မြန်မြန်လေး ယူသွားကြ။ ပြီးရင်တော့ လူများများသိအောင် လုပ်ကြစမ်းပါ ဟားဟား။ ဘယ်လောက်တောင် တော်တဲ့ ငါလဲ။ ငါကျင့်ကြံနေတုန်း ဒီနေရာကို လူတွေရောက်လာမှာကြောက်လို့ ဒီကျောက်တိုင်အတုကို ဖန်တီးခဲ့တာ” အတုလို့ မထင်ရလေအောင် သူ ပြင်ဆင်ချက်များ ပြုလုပ်ခဲ့သည်။ ထိုကျောက်တိုင်ကို ဒီနေရာကနေ အပြင်ကို ယူသွားသည်နှင့် ကောင်းကင်မှာ နိမိတ်လက္ခဏာ တစ်ခုပေါ်လာပြီး ထို နိမိတ်လက္ခဏာကို အရပ်လေးမျက်နှာမှ အကုန်မြင်နိုင်ပေလိမ့်မည်။ “ပြောင်မြောက်တယ် ပြောင်မြောက်တယ်” သူ့အတွေးနှင့်သူ ပျော်နေတဲ့ မှီခိုရာဂိုဏ်းချုပ်ရဲ့ မျက်လုံးများက ရုတ်တကြီး ပြူးကျယ်သွားရတယ်။
“ငါတို့မယူသွားသင့်ဘူး” ဟု ချန်ဖန်းက ပြတ်သားတဲ့ လေသံနဲ့ ပြောလိုက်တယ်။ ဒီကျောက်တိုင်ကို သေချာ လေ့လာပြီးတဲ့ နောက်မှာတော့ သူသန္နိဌာန်ချခဲ့ပြီးသား ဖြစ်သည်။ သူခေါင်းကို ခါလိုက်ရင်း မန်ဟိုနဲ့ ရှုချင်ကို ကြည့်လိုက်ကာ “ဒီကျောက်တိုင်က အရမ်းအရေးကြီးတယ်။ တကယ်လို့ ငါတို့ဒါကို ယူသွားခဲ့ရင် ဂိုဏ်းအတွက် ကံဆိုးမှုတွေပဲ သယ်လာ မိလိမ့်မယ်။ တစ်ခြားသူတွေသာ ဒီကျောက်တိုင်ရဲ့တည်ရှိမှုကို သိရှိသွားကြရင် ဒါက ငါတို့ဂိုဏ်းရဲ့ အဆုံးသတ်ဖြစ်လာ လိမ့်မယ်။ ငါတို့ရဲ့ ကျောက်စိမ်းပြားမှာပဲ ဒီကျောက်တိုက်က စာတွေကို ကူးသွားကြမယ်။ ဒီနည်းနဲ့ ငါတို့တွေက စာကို ယူသွားနိုင်ပြီး ကျောက်တိုင်ကတော့ ဒီမှာပဲ ကျန်ခဲ့လိမ့်မယ်။ ဒါက စိတ်အချရဆုံး နည်းလမ်းပဲ” ချန်ဖန်းရဲ့ မျက်နှာမှာ ရိုးသားမှုနှင့် ဖြောင့်မတ်ခြင်းတို့ ပေါ်လွင်နေလေသည်။ သူပြောတာက သဘာဝကျပြီး ကိုယ်ကျိုးမကြည့်သည့်အပြင် ဂိုဏ်းရဲ့ လုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစား ခဲ့သေးသည်။ ရှုချင်က ခေါင်းတညိတ်ညိတ်နှင့် မန်ဟိုကလည်း သဘောမတူ စရာ မရှိပေ။ သူတို့တွေ ချက်ချင်းပဲ ကျောက်စိမ်းပြားပေါ်မှာ ကူးယူလိုက်ကြပြီး နောက်တွင်တော့ ထွက်ခွာသွားကြတော့ သည်။
မှီခိုရာဂိုဏ်းချုပ်ကတော့ ထိုမြင်ကွင်းကို တုန်လှုပ်စွာကြည့်နေရင်း နောက်ဆုံးတွင်တော့ အော်ဟစ်ပေါက်ကွဲ လိုက်တော့သည်။
“သေစမ်း သေစမ်း။ ငါ လက်ရှိဂိုဏ်းချုပ်ကို အမှုန့်ချေပစ်ချင်နေပြီ။ ဘယ်လိုဖြစ်ပြီး ဒီလိုကောင်လေးမျိုးကို အတွင်းစည်း တပည့်အဖြစ် ခေါ်ထားလေသလဲ။ သူက တကယ့်ကို ရိုးသားဖြောင့်မတ်သူပဲ။ ငါ့လက်ထက်တုန်းက ဂိုဏ်းဝင်တွေက ဉာဏ်နီဉာဏ်နက်အပြည့်နှင့် ဖြစ်သည်။ တကယ့် ဂိုဏ်းသား အစစ်အမှန်ဆိုတာ ကျမ်းစာကို ယူသွားပြီး လျှို့ဝှက်ထားကြ လိမ့်မယ်။ အခုတော့ ကြည့်ပါဦး ဒီကောင်လေးက…. မင်းက ငါ့ကို သေစေချင်နေတာပဲကွာ။ ဘာလို့များ သူတို့ကို တားလိုက်ရတာလဲ။ သေစမ်းပါတော့ကွာ။ ငါ့ရဲ့ ကျင့်ကြံမှု ငါ..ငါ..” မှီခိုရာဂိုဏ်းချုပ် သွေးရူးသွေးတမ်းဖြစ်ကာ သူ့ ခန္ဓာကိုယ်မှာလည်း တုန်ယင်နေသည်။ အံသွားကို တင်းတင်းကြိတ်ကာ အသက်ကို ခဏအောင့်လိုက်ပြီးသည်တွင်တော့ သူက အားယူကာ အော်ဟစ်လိုက်သည်။ သူ့ခေါင်းကို သူပြန်ရိုက်ပြီး သွေးတစ်လုပ်အန်လိုက်သည်။ ထိုသွေးကနေ သွေးရောင်စဉ် ဖြစ်သွားပြီး လျှို့ဝှက်ခန်းတစ်လျှောက် ဖြတ်သန်းသွားတော့သည်။
မန်ဟိုတို့ မှီခိုရာဂိုဏ်းရဲ့ ပင်မဘုရားကျောင်း ခန်းမဆောင်သို့ ခြေချလိုက်သည့်ခဏ၊ ဟယ်လောဟွာနှင့် ဆရာကြီးအိုးရန်တို့ က သူတို့ ၃ယောက်ကို မြင်ပြီး ဘာမှ မပြောလိုက်နိုင်ခင် ခဏလေးအတွင်းမှာ သွေးရောင်စဉ်ကား ထိုးထွက်သွားတော့ သည်။ ထိုအရာကို ဘယ်သူကမှ သတိမပြုမိကြပေ။
ရုတ်တရက် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး တောက်ပတဲ့အလင်းတန်းကလည်း အရပ်လေးမျက်နှာသို့ မီတာပေါင်းများစွာ ဖြာထွက်လျက် ကောင်းကင်တစ်ခုလုံး အနီရောင်အလင်းအဖြင့် ပြောင်းသွားတော့သည်။ အနီရောင် ကောင်းကင်၏ အလယ်တွင်တော့ ရောင်စဉ်ခုနှစ်သွယ်ကား ထူးထူးခြားခြား နိမိတ်လက္ခဏာကိုပြလျက် ပေါ်လာလေတော့သည်။
များစွာသော စာသားများကိုလည်း မြင်နိုင်လေသည်။ စာလုံးအများစုကို သေချာမမြင်နိုင်သောလည်း နှစ်လုံးကတော့ ထင်ထင်ရှားရှားကို မြင်နေရသည်။ သူတို့ဖတ်လိုက်တော့
မြင့်မြတ်သော ဝိညာဉ်ကျမ်းစာ
ထိုအရာသည် ကောင်းကင်နှင့် မြေပြင်အနှံ့ ဖြန့်ကျက်လျက်ရှိသည်။ စာလုံးအများစုမှာ မှိန်ပျပျသာ မြင်ရသော်လည်း မြင့်မြတ်သော ဝိဉာဉ်တော်ကျမ်း ဟူသော စာလုံးနှစ်လုံးမှာမူကား ကျိုးနိုင်ငံ တစ်ခုလုံးတွင် တောက်ပလျက်ရှိသည်။ ကျိုးနိုင်ငံ၏ ဂိုဏ်းကြီး ၃ ခု အတွင်းတွင်တော့ တပည့်သားတို့သည် ထိုထူးဆန်းသော အဖြစ်အပျက်ကို အံ့အားသင့်စွာ ကြည့်နေမိကြသည်။ ထို့နောက်တွင်တော့ ဂိုဏ်းများမှ ဂိုဏ်းချုပ်များသည် သက်တန့်ရောင်စုံများကဲ့သို့ တစ်ယောက်ပြီး တစ်ယာက် ပေါ်လာကြတော့သည်။
“ဒါက
“ဒါက မြင့်မြတ်သော ဝိညာဉ်ကျမ်းစာ”
“မြင့်မြတ်သော ဝိညာဉ်ကျမ်းစာ ပေါ်ထွက်လာခဲ့ပြီ။ ဒီကျမ်းက မှီခိုရာဂိုဏ်းမှာ ရှိနေပုံရတယ်။ ဖြစ်နိုင်တာက… ဒဏ္ဍာရီ လာ စဦးချီဖွဲ့စည်းခြင်းကျင့်စဉ်ကျမ်းက တကယ်ပဲ ရှိနေတာများလား”
ခဏတာ အတွင်း တောင်ပိုင်းဒေသ၏ ဂိုဏ်းကြီးများစွာမှ အဆင့်မြင့်ကျင့်ကြံသူများ ကျင့်ကြံခြင်းမှ နိုးထလာကြ တော့သည်။ မြင့်မြတ်သော ဝိဉာဉ်တော်ကျမ်းနှင့် စဦးချီဖွဲ့စည်းခြင်းကျင့်စဉ်ကျမ်း ပေါ်လာခြင်းက စိတ်လှုပ်ရှားဖွယ် ကိစ္စကြီးဖြစ်သည်။ တွေဝေခြင်းအလျင်းမရှိကြဘဲ တောင်ပိုင်းဒေသမှ ကျိုးပြည်နယ်သို့ တိုက်ရိုက် ခရီးနှင်ကုန်ကြ တော့သည်။ သူတို့သာ အလျှင်အမြန် မလှုပ်ရှားပါက သူတို့၏အခွင့်အလမ်းကို အခြားအစွမ်းထက်သော တောင်ပိုင်းဒေသမှ မျိုးနွယ်စုများ သို့မဟုတ် အခြားဂိုဏ်းများသို့ ပေးလိုက်ရမည်ကို စိုးရိမ်မိကြ၍ ဖြစ်သည်။
တောင်ပိုင်းဒေသ၏ လေထုကား ပြောင်းလဲခဲ့လေပြီ။
ကျိုးပြည်နယ်ရှိ ဂိုဏ်းကြီး ၃ ဂိုဏ်းမှ ကျင့်ကြံသူ အယောက် ၂၀ လောက်က လှုပ်ရှားလိုက်ကြသည်တွင်တော့ လျှပ်ပန်း လျှပ်နွယ်ကဲ့သို့သော အလင်းတန်းများ မှီခိုရာဂိုဏ်းကို ဦးတည်လျက် ရွေ့လျားသွားကြသည်ကိုသာ တွေ့မြင်နိုင်လေသည်။ သူတို့ထဲမှ အင်အားအနည်းဆုံးမှာ ချီအခြေတည်အဆင့်ဖြစ်ပြီး ၆ ယောက်မှာ အမြုတေ ဖြစ်တည်ခြင်း အဆင့် ဖြစ်သည်။ သူတို့သည် မြေကို တုန်လှုပ်စေသော စွမ်းအားဖြင့် ကောင်းကင်ကို ဖြတ်လျက် ရောက်ရှိလာကြသည်။