အုတ်အော်သောင်းနင်းဖြစ်နေသော ကျိုးပြည်
Vol. 3 Ch. 41
မှီခိုရာဂိုဏ်း ၏ အထက်ကောင်းကင်၌ ထိုနိမိတ်နိမိတ်လက္ခဏာ ပေါ်လာသည့်အခါတွင် အပြင်စည်းတပည့်အားလုံးတို့သည် အံ့ဩတုန်လှုပ်ခြင်းများနှင့် ထိုအရာကို အကြောင်သား ငေးကြည့်နေမိကြသည်။ သူတို့မြင်နေရသည့် အရာကို သူတို့ ဘယ်လိုနားလည်ရမှန်းပင် မသိကြချေ။ သူတို့၏ မျက်လုံးများကို ကြည့်လျှင်လည်း မသိခြင်းဗလာကိုသာ တွေ့မြင်ရ မည်ဖြစ်လေသည်။
ကောင်းကင်အနှံ့ ဖြန့်ကျက်နေသော ရွှေရောင်စာလုံးများကို ကြည့်ရင်း သူတို့ နှလုံးသားလေးမှာ တုန်လှုပ်နေလေသည်။ ဓါးဖြင့်သွားများကို ခြစ်နေသည့် ဖက်တီးမှာလည်း ထိုမြင်ကွင်းကို မြင်ရသည့်အခါ သီးသွားမိသဖြင့် သူ့လျှာသူ ဓါးဖြင့် ထိုးမိတော့မလိုပင် ဖြစ်သွားရသည်။
တံခါးပိတ်ကာ ကျင့်ကြံနေသော ရှန့်ကွမ်းရှိုးသည်လည်း ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်သည်။ ဘာတွေ ဖြစ်နေတယ် ဆိုတာကို သူမြင်ရသည့်အခါတွင်တော့ သူ့ခန္ဓာကိုယ်က တုန်ခါနေပြီး သူမြင်ရသည်ကို မယုံနိုင် ဖြစ်နေသည်။ မယုံနိုင်လောက်အောင် ထိတ်လန့်ဖွယ်ကောင်းသော အရာတစ်ခုခုကို ရုတ်တရက် စဉ်းစားမိ သကဲ့သို့ သူ၏ မျက်နှာသည် ပြောင်းလဲသွား၏။ သူအလျင်အမြန် မတ်တပ်ရပ်လိုက်သည်နှင့် သူလွန်ခဲ့သော နှစ်ပေါင်းများစွာက ပြင်ဆင်ထားသည့် နေရာရွှေ့ပြောင်းရေးအစီအရင် ပေါ်လာခဲ့သည်။
အလျင်အမြန်ပဲသူ နေရာရွှေ့ပြောင်းရေး အစီအရင်ထဲဝင်လိုက်ပြီး ပျောက်ကွယ်သွားတော့သည်။
အရှေ့တောင်တန်းပေါ်၏ ပင်မဘုရားကျောင်းခန်းမထဲမှာ မန်ဟိုနှင့် တစ်ခြားသူများ ထွက်ပေါ်လာသည့်အခါ ဟယ်လောဟွာ၏ မျက်နှာကား ကောင်းမနေပေ။ ကောင်းကင်ကို ငေးကြည့်နေရင်း သူ၏မျက်နှာသည် ဖြူဖျော့ဖျော့ ဖြစ်လာကာ ခြေလှမ်းအနည်းငယ်ပင် နောက်ဆုတ်သွားရသည်။
ဆရာကြီးအိုးရန်လည်း ခန်းမထဲမှ ပြေးထွက်ကာ ကောင်းကင်ကိုကြည့်လိုက်သည်တွင်တော့ သူ့မျက်နှာလည်း ညှိုးငယ် သွားရတော့သည်။
ဆရကြီးအိုးရန်က အနောက်ကိုလှည့်လိုက်ကာ မန်ဟိုတို့သုံးယောက်ကိုကြည့်၍ “မင်းတို့တွေ ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံခြင်း နေရာထဲမှာ တစ်ခုခုများ ထိမိကြသေးလား” ထိုသို့မေးလိုက်သော ဆရာကြီး၏ အသံနှင့် အမူအရာမှာ အလွန်ပင် လေးနက်နေခဲ့သည်။
“ကျွန်တော်တို့ ထွက်လာခါနီးမှာ ကျောက်တစ်တိုင်ပေါ်လာတယ်။” ချန်ဖန်းက ဖြေလိုက်ကာ “ကျွန်တော်တို့ ဒီကျောက်တိုင်ကို အပြင်ကိုယူလာခဲ့ရင် ဂိုဏ်းကို အန္တရာယ်ကျရောက်စေမှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ယူလာမယ့် အစား ကူးခဲ့ကြတယ်။” ထိုသို့ပြောရင်း သူ၏ ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။ မန်ဟိုနှင့် ရှုချင်ကလည်း သူတို့၏ကျောက်စိမ်းပြားကို ထုတ်ကာ ဆရာကြီး အိုးရန်ကို ပေးလိုက်သည်။
“ဒါက…” ဆရာကြီး အိုးရန်၏ မျက်လုံးများက မယုံနိုင်ခြင်းများဖြင့် တောက်ပနေသည်။
“ ဒါကို လေ့လာဖို့မလိုအပ်ဘူး။ အဲ့ဒါက အတုကြီးပဲ” ဟယ်လောဟွာက သက်ပြင်းရှည်ကြီးကို ချလိုက်ရင်း ပြောလိုက်သည်။ “ကျောက်တိုင်ကြီးရော ကောင်းကင်မှာပြနေတဲ့ နိမိတ်လက္ခဏာရော နှစ်ခုလုံးကလည်း အတုတွေပါပဲ” ထိုသို့ ပြောလိုက်ရင်း မြေပြင်ကိုကြည့်လျက် သူခေါင်းကို ယမ်းလိုက်မိသည်။
“မကြာခင်မှာပဲ ကျိုးပြည်က တစ်ခြားဂိုဏ်းတွေလည်း ဒီနေရာကို ရောက်လာကြတော့မယ်။ မှီခိုရာဂိုဏ်းက ဒီဘေးအန္တရာယ်ကို ရှောင်ရှားနိုင်မှာ မဟုတ်ဘူး။ သူတို့က ဂိုဏ်းချုပ်အတွက် လာကြတာပဲ” သူ့ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည့်အခါတွင် မှီခိုရာဂိုဏ်းတစ်ခုလုံး ကြားရလောက်သည့် အသံ ထွက်လာကာ အလင်းဖျော့လေးက အရာအားလုံးကို ဖုံးလွှမ်းသွားတော့သည်။
“မင်းတို့သုံးယောက်က အတွင်းစည်းတပည့်တွေ ဖြစ်တယ်။ ပင်မဘုရားကျောင်းခန်းမ ထဲမှာ သွားစောင့်နေကြပါ။” ထိုသို့ ပြောလိုက်ပြီးချိန်မှာပင် အခု ၂၀ လောက်ရှိသည့် အလင်းတန်းများ အရပ်လေးမျက်နှာမှ ပေါ်လာလေသည်။ ထိုအလင်းတန်းများနှင့် အတူပင် ကျယ်လောင်သော လေတိုးသံများမှာလည်း တစ်ပြိုင်တည်း ထွက်ပေါ်လာလေသည်။
ထိုအလင်းများ မှီခိုရာဂိုဏ်း၏ အကာကွယ်နားသို့ ချဉ်းကပ်လာသည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီးတုန်လှုပ်ကာ တောင်ထိပ်လေးခု သည်လည်း ပြိုလဲသကဲ့သို့ တုန်လှုပ်သွားသည်။ ပတ်ဝန်းကျင်ရှိ သားရဲအပေါင်းတို့သည်လည်း ကြောက်လန့်တုန်လှုပ်ကြကာ အသက်အသံပင် မထွက်ရဲကြတော့ပေ။
ကောင်းကင်ရှိ လူ ၂၀ ဝန်းကျင်ခန့်ထဲတွင်တော့ ၆ ယောက်ကား အလယ်တွင် ရှိနေလျက် ထိုအုပ်စု၏ အဓိက လူများ ဖြစ်ပုံရလေသည်။ ထို ၆ ယောက်တွင် ၄ ယောက်မှာ ယောက်များဖြစ်ကြပြီး ၂ ယောက်မှာတော့ အမျိုးသမီးဖြစ်ပြီး သူတို့အားလုံးက သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။ သူတို့၏ အဝတ်များမှာ ခမ်းနားလှပြီး သူတို့ကိုယ်မှ ထွက်နေသော စွမ်းအားများမှာလည်း သန့်စင်ကာ ကြောက်မက်ဖွယ်ကောင်းလှသည်။
ထို ၆ ယောက်နောက်တွင် ကျင့်ကြံသူ နှစ်ယောက် သုံးယောက် ရှိပြီး ထိုသူတို့ နောက်တွင်တော့ နောက်လိုက် ဖြစ်ဟန်တူသော ကျင့်ကြံသူများ ထပ်ရှိကြသည်။ သူတို့အားလုံး၏ စွမ်းအားမှာ ဆရာကြီး အိုးရန်နှင့် တန်းတူ ပင်ဖြစ်သည်။ ဒီ အယောက် ၂၀ လောက်ရှိတဲ့ ကျင့်ကြံသူတွေက ကျိူးပြည်မှာ အစွမ်းအထက်ဆုံး သူများပင်ဖြစ်ပြီး အခုတော့ မှီခိုရာဂိုဏ်းကို ရောက်ရှိလာကြပြီး သူတို့ရပ်နေသည့်အတွက် ကောင်းကင်ပင် မည်းမှောင်သွားသယောင်ရှိ လေသည်။
“မှီခိုရာဂိုဏ်း” မိုးချုန်းသံကဲ့သို့ စကားသံကြီးထွက်လာသည်တွင် အပြင်စည်းရှိ အဆောက်အဦများသည် အချိန်မရွေး ပြိုလဲတော့မယောင်ဖြစ်နေကာ အပြင်စည်းတပည့်များမှာလည်း သွေးများ အန်ကုန်ကြကာ သူတို့မျက်နှာတွင်လည်း ကြောက်ရွံ့မှုက အထင်းသားပေါ်လွင်နေလေသည်။
ဟယ်လောဟွာက ဟွန့်ဟု အသံပြုလိုက်ရင်း “ဖုန်းဟန်ဂိုဏ်းက တကယ်ပဲ အင်အားကြီးတာပဲ” ဟု ပြောလိုက်သည်။ သူ့အသံသည်လည်း မိုးကြိုးပစ်လိုက်သကဲ့သို့ ထွက်လာကာ စောစောက ပြောလိုက်သော စကားသံကို ဖုံးလွှမ်းသွားခဲ့သည်။ သူ့ညာဘက်လက်ကို မြှောက်လိုက်သည့်အခါ လေသံတစ်ချက်ထွက်သွားလျက် မမြင်နိုင်သော စွမ်းအားတစ်ခုက စောစောက စကားပြောခဲ့သူထံသို့ ဦးတည်သွားခဲ့သည်။ ထို့နောက် အမည်းရောင်လေပွေကြီးအဖြစ် ပြောင်းလဲသွားကာ ထိုသူကို ဝန်းရံလိုက်သည်။ ထိုသူ၏ မျက်နှာမှာလည်း ပြောင်းလဲသွားကာ တုံ့ဆိုင်းခြင်းမရှိဘဲ နောက်ဆုတ်လိုက်တော့သည်။
“တော်လောက်ပြီ” ဟု ဟယ်လောဟွာကို ငုံကြည့်နေသော အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူက ပြောလိုက်သည်။ သူ့အသံက ညင်သာသည်ဟု ထင်ရသောလည်း ဖိနှိပ်သော စွမ်းအားများဖြင့် ပြည့်နှက်နေလေသည်။ ထိုသူသည် ပုလွေပုံ ပန်းထိုးထားသော ခရမ်းရောင်အင်္ကျီရှည်ကိုဝတ်ဆင်ထားသည်။ မျက်မှောင်ကို ကျုံ့လိုက်ကာ လက်ကို မြှောက်လိုက် သည်တွင်တော့ စောစောက အမည်းရောင် စက်ဝန်းကား ပြယ်လွင့်သွားလေသည်။ “တာအိုရောင်းရင်း ဟယ်, ခင်ဗျားတို့ ဂိုဏ်း ကောင်းကင်းမှာ ပေါ်နေတဲ့ နိမိတ်လက္ခဏာကို ငါတို့ကိုပေးလိုက်ရင် ကောင်းမယ်”
အပြင်စည်းတပည့်များက သေခြင်းတရား၏ အရိပ်သည် သူတို့အပေါ်ကျရောက်နေပြီဟု ခံစားမိကြသောကြောင့် အပြင်စည်းတစ်ခုလုံးတွင် တိတ်ဆိတ်ခြင်းက ကြီးစိုးနေသည်။ ပင်မဘုရားကျောင်းခန်းမ ထဲတွင်တော့ မန်ဟို၊ ချန်ဖန်း နှင့် ရှုချင်တို့ တိတ်ဆိတ်စွာထိုင်နေကြသည်။ အပြင်ဘက်ရှိ ကျင့်ကြံသူများသည် သူတို့အားလုံးကို လက်လေးတစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့် သတ်နိုင်သည်ကို သူတို့ ၃ ယောက်လုံး သိကြ၏။
ထိုသူများကို ကြည့်ရင်း မန်ဟို၏ နှလုံးသားလေးသည် မိုးချုန်းနေသကဲ့သို့ပင် တုန်လှုပ်နေသည်။ သူ့ဘဝတွင် ထိုသို့ စွမ်းအားကြီးသူများကို မြင်ဖူးခြင်းမှာ ပထမဆုံးပင် ဖြစ်သည်။ သူ့အတွေးများက ရုတ်တရက်ပင် ပိုမိုအင်အား ကြီးမားလိုသော ဆန္ဒပြင်းပြစွာဖြင့် ပြည့်နှက်သွားသည်။
အရှေ့ဘက်တောင်တန်းထိပ်ပေါ်တွင် ရပ်ရင်းက ဟယ်လောဟွာသည် ထိုလူစုကို ကြည့်နေခဲ့၏။ အချိန်အတန်ကြာ သည်တွင်တော့ သူ သက်ပြင်းကိုသာ ချလိုက်လေသည်။
“မင်းတို့ ငါ့ကိုဘာလွှဲပြောင်းပေးစေချင်တာလဲ။ အဲဒီ နိမိတ်လက္ခဏာ ဘယ်က လာသလဲဆိုတာ ငါတကယ်မသိဘူး။”
“ အသာတကြည်သာ ပေးလိုက်စမ်းပါ” ဟု ခရမ်းရောင်ဝတ်ရုံနှင့်လူက ပြောလာသည်။ မှီခိုရာဂိုဏ်းရဲ့ အကာအကွယ်ကို ဖွင့်ပေးပြီး ငါတို့ကို လွတ်လပ်စွာရှာဖွေခွင့်ပေး။ ဒါက ငါတို့ ဆိုလိုတဲ့ လွှဲပြောင်းပေးခြင်းပဲ။ အကယ်၍ ငြင်းဆန်ခဲ့မယ်ဆိုရင်တော့ ငါတို့က မင်းတို့ရဲ့ အကာအကွယ်ကို ဖျက်ဆီးပြီး ဂိုဏ်းတစ်ခုလုံးကိုပါ အမြစ်ပြတ်ရှင်းလင်း ရလိမ့်မယ်။”
“ဂိုဏ်းကို အမြစ်ပြတ်ရှင်းလင်းမယ် ဟုတ်လား” ဟယ်လောဟွာ ရုတ်တရက် ရယ်ချလိုက်တော့သည်။ သူ့ရယ်သံသည် ပို၍ ပို၍ ကျယ်လာကာ ဂိုဏ်းတစ်ခုလုံးကို လွှမ်းမိုးသွား၏။ သူ ရယ်နေရင်းက ဆရာကြီးအိုးရန်ကို ကြည့်လိုက်ရာ သူ့ဘေးတွင် တိုက်ခိုက်ရန်အသင့်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အတွင်းစည်းတပည့် ၃ ယောက်သည်လည်း ခက်ထန်သော မျက်နှာများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ အပြင်စည်းတပည့်များကို ကြည့်လိုက်ပြန်သည်။ သွေးများဖြင့် ပေကျံနေကြသော သူ့တပည့်များသည် ကူကယ်ရာမဲ့နေသည်ကို တွေ့လိုက်ရ၏။
“သူ ဘယ်လိုများ ပြန်တိုက်နိုင်မှာလဲ ဒီအပြင်စည်းတပည့်များရဲ့ အသက်ကို ဘယ်လိုကာကွယ်နိုင်မှာလဲ ဒီဘေးကနေ သူဘယ်လိုများ ရှောင်ရှားနိုင်ပါ့မလဲ”
“မှီခိုရာဂိုဏ်းရဲ့ ဂိုဏ်းချုပ်အနေနဲ့ ငါ့ဂိုဏ်းသားတွေကို အပြင်လူတွေက အနိုင်ကျင့် အရှက်ခွဲတာကို ငါ ခွင့်မပြုနိုင်ဘူး။ ဒါပေမဲ့ လူတိုင်းကို ကာကွယ်ဖို့လည်း ငါ မတတ်နိုင်ပြန်ဘူး” သူ့ရယ်မောသံများက ဝမ်းနည်းပူဆွေးသံပေါက်နေသော်လည်း သူ့တွင် မျှော်လင့်ချက် သေးသေးလေးတော့ ရှိနေပြန်သည်။
“မင်းတို့တွေ ငါ့ဂိုဏ်းကို မဖျက်ဆီးပစ်ရင်တောင်မှ ငါဒီတာဝန်ကို ထမ်းဆောင်နိုင်တော့မယ် မထင်ဘူး။ ဒါကြောင့် ဒီနေ့မှာ မှီခိုရာဂိုဏ်းကို ဖျက်သိမ်းတယ်” ထိုသို့ပြောလိုက်ရင်း သူ့ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ကာ လေပေါ်ကို ပျံတက်လိုက်တော့သည်။ ဆရာကြီးအိုးရန်က အံ့ဩနေပေမယ့် ဟယ်လောဟွာ နောက်လိုက်သွားသည်။ သူတို့က လေပေါ်ကနေ မှီခိုရာဂိုဏ်းကို ကြည့်လိုက်ကြ၏။ အနှစ်ခြောက်ဆယ်တိုင် သူတို့၏ အိမ်ဖြစ်ခဲ့သောနေရာလေး အခုတော့… သူတို့၏ မျက်လုံးများတွင် ပူဆွေးသောကများဖြင့် ပြည့်နေကြလေသည်။
“ဂိုဏ်းသားများ အားလုံး အမိန့်နာခံပါ။ ဒီနေ့ကစပြီး မှီခိုရာဂိုဏ်းဆိုတာ မရှိတော့ဘူး။ မင်းတို့ကလည်း မှီခိုရာ ဂိုဏ်းသား မဟုတ်ကြတော့ဘူး။ ဒီကမ္ဘာမှာ မှီခိုရာဂိုဏ်းဆိုတာ မရှိတော့ဘူး” ပြောနေရင်းက သူ့မျက်လုံးကား နီရဲနေပေသည်။ ကျိုးပြည်မှ ကျင့်ကြံသူ ၂၀ ကတော့ ဟယ်လောဟွာ၏ စကားကို နားထောင်ရင်း အေးစက်စွာ ရယ်မောခဲ့ကြသည်။
“ကျေနပ်ကြလား” ဟယ်လောဟွာက မေးလိုက်ရင်း ဒီမှာပေါ်နေတဲ့ နိမိတ်လက္ခဏာ က ငါနဲ့ရော ဒီကလေးတွေနဲ့ရော ဘာမှ မသက်ဆိုင်ဘူး။ ဒါပေမဲ့ မင်းတို့ ဒီကလေးတွေကို တစ်ခုခု ထိခိုက်နာကျဉ်အောင်လုပ်ရင်တော့ ငါ ဂိုဏ်းရဲ့ အကာအကွယ်ကို အသက်သွင်းလိုက်မယ်။ အားလုံးတူတူ သေလိုက်ကြတာပေါ့” နာကြည်းမှုနှင့်ပြည့်နေသည့် ပြတ်သားသည့်အသံကြောင့် ကျင့်ကြံသူများ၏ နှလုံးသားများ အနည်းငယ် တုန်လှုပ်ကုန်ကြ၏။
အဆင့်မြင့်ကျင့်ကြံသူ ၆ ယောက်အနက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။ “ရှင်က ဒီလိုဆုံးဖြတ်ချက်ကို ချလိုက်မှတော့ ကျွန်မတို့အနေနဲ့ ရှင့်ကို ခက်ခဲစေမှာ မဟုတ်ပါဘူး။ မှီခိုရာဂိုဏ်းကို ဖျက်သိမ်းလိုက်ပြီးပြီ။ ရှင်ကသာ ဒီကိစ္စထဲ ဝင်မပါတော့ရင် ရှင့်တပည့်တစ်ယောက်တစ်လေကိုမှ ပြဿနာမဖြစ်စေရပါဘူး။ ရှင် စိတ်ချလက်ချနေနိုင်ပါတယ်” သူမရဲ့ အကြည့်က လျှပ်စီးနှင့်တူသည်။ သူမ မှီခိုရာဂိုဏ်းကို ကြည့်လိုက်သည်။ ထိုနိမိတ်လက္ခဏာသည် ဒီနေရာမှ ထွက်ပေါ်လာ သည်မှာ မှန်သော်လည်း ထိုအရာကို မည်သူမျှ မထိန်းချုပ်ထားကြောင်း ပြောနိုင်၏။
မန်ဟို ကောင်းကင်ကို မျှော်ကြည့်နေရင်း ဟယ်လောဟွာ၏ စကားများကို ကြားရသောအခါ တောတွင်း၏ ဥပဒေကို သတိရသွား၏။ ဂိုဏ်းချုပ်မှာ စွမ်းအားကြီးမားနေသော်လည်း ဂိုဏ်းကို ဖျက်သိမ်းရန် ဖိအားပေးခံနေရဆဲဖြစ်သည်။
ချန်ဖန်းသည် ဘာမှမပြောသော်လည်း အနည်းငယ်ယိုင်ကာ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ ရှုချင်ကမူ သူမ၏ ခေါင်းကိုသာ ငုံ့ထားလိုက်သည်။
“ထျန်းလောင်က တာအိုရောင်းရင်းရဲ့ စကားကိုကြားရတော့ ကျုပ်စိတ်အေးရပါပြီ” ထို့နောက် ဟယ်လောဟွာက လက်ကို ယမ်းလိုက်ရာ အကာအကွယ်မှာ ပျောက်ကွယ်သွားတော့သည်။ ထိုအခါတွင်တော့ ဆရာကြီးအိုးရန်နှင့်အတူ သူ ထွက်သွား တော့သည်။
ကောင်းကင်ထက်မှ လူအချို့သည် လောဟွာတို့ ထွက်သွားသည်ကို မလိုသည့် မျက်လုံးများနှင့် ကြည့်နေကြသည်။ သူတို့ ထွက်သွားသည်ကို မလိုလားသည်မှာ ထင်ရှားလေသည်။ သူတို့သည် လောဟွာကို ဖမ်းဆီးကာ ဂိုဏ်းကို ရှာဖွေသည့်အခါ အသုံးချချင်နေကြသည်။
ပင်မဘုရားကျောင်းခန်းမ အတွင်းတွင်တော့ ချန်ဖန်း၏ မျက်နှာမှာ ဖြူဖျော့နေပေပြီ။ သူ အနောက်သို့ ခြေလှမ်း တဖြည်းဖြည်း ဆုတ်သွားရင်း ဂိုဏ်းတော်ချူပ်၏ ရုပ်တုနားရောက်သည်တွင်တော့ ရုပ်တုကို မှီနေလိုက်သည်။
ထိုအချိန်၌ ကောင်းကင်တွင် လျှပ်စီးလျှပ်နွယ်များက ထပ်မံ၍ ချဉ်းကပ်လာနေပြန်သည်။ ကျိုးပြည်က အဆင့်မြင့် ကျင့်ကြံသူများကို ပင်တုန်လှုပ်စေနိုင်သော အေးစက်သော ရယ်မောသံကြီးလည်း ထွက်လာလေသည်။
ထိုအသံကပင် “ဘယ်သူ့ကိုမှ ထွက်သွားဖို့ ခွင့်မပြုဘူး” ဟု ပြောလိုက်သည်။ ထိုအသံနှင့်အတူ ကြီးမားကျယ်ပြန့်သော အကာကွယ်တစ်ခု ပေါ်လာကာ မှီခိုရာဂိုဏ်းတစ်ခုလုံးသာမက မခန့်မှန်းနိုင်သော အကွာဝေးထိကို လွှမ်းခြုံသွားသည်။ ထွက်သွားချင်စိတ် ရှိလျှင်လည်း မည်သူမျှထွက်သွားနိုင်တော့မည် မဟုတ်ပေ။
လောဟွာ၏ မျက်နှာပြောင်းလဲသွားကာ ကောင်းကင်သို့ မျှော်ကြည့်လိုက်သည်။ အချင်း ၃၀၀ မီတာခန့်ရှိသော ကြီးမားသည့် ဖုန်းရွှေသံလိုက်အိမ်မြှောင်ကို တွေ့လိုက်ရသည်။ ထိုအရာအထက်မှာတော့ ခမ်းနားလွန်းသော အစိမ်းရင့်ရောင် အင်္ကျီကို ဝတ်ထားသည့် ခပ်လှလှမိန်းမတစ်ယောက်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ ဆံနွယ်များကို ဖီးနစ်ဆံထိုးဖြင့် ထုံးနှောင်ထားသည်။ သူမ၏ ပတ်ပတ်လည်တွင်တော့ ချောမောလှပလွန်းသော မိန်းမပျိုလေးများ ဝန်းရံနေကြသည်။ သူတို့ပုံစံများကတော့ အေးစက်လွန်းပြီး မောက်မာထောင်လွှားမှုအပြည့်နှင့် ဖြစ်သည်။
“မှန်တယ်၊ ဘယ်သူမှ ထွက်ခွာခွင့်မပြုဘူး” ရုတ်တရက် လေဟာနယ် ပြိုကွဲသကဲ့သို့ဖြစ်ကာ ချပ်ဝတ်တန်ဆာ ဝတ်ထားတဲ့ ရယ်မောနေတဲ့ အမျိုးသားတစ်ယောက်က ရုတ်တရက် ပေါ်လာခဲ့သည်။ သူ့ပခုံးပေါ်တွင် တော့ ကြီးမားသောရွှေဓားကို လွှဲတင်ထားသည်။ သူ့နောက်တွင်လည်း အရပ်ရှည်ရှည် လူကောင်ကြီးကြီးနဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နေသော နောက်လိုက်များစွာ ရှိနေ၏။
“ကျင်းဟန်ဂိုဏ်းက တာအိုကာကွယ်သူ ကျောက်ရှန့်လင်” ဖုန်းရွှေသံလိုက်အိမ်မြှောင်ထက်တွင် ရပ်နေသော လှပသည့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးက အေးစက်နေသော လေသံဖြင့် ပြောလိုက်သည်။ “ရှင့်မှာ တကယ်ပဲ အနံ့ခံကောင်းတဲ့ နှာခေါင်းရှိနေတာပဲ” သူမက ထပ်ပြောလိုက်သည်။
ကျောက်ရှန့်လင် တစ်ချက်ရယ်လိုက်ရင်း က “မင်းတို့ ချင်းလော်ဂိုဏ်းက အမျိုးသမီးတွေတောင် လာနိုင်သေးရင် ငါတို့ ယောက်ျားတွေက ဘာလို့ မလာနိုင်ရမှာလဲ” ဟုပြောလိုက်သည်။
ထိုအချိန်မှာပဲ ဧရာမအကာအကွယ်အပြင်ဘက်မှ သက်ပြင်းချသံ ထွက်ပေါ်လာခဲ့သည်။ အေးစက်သော အလင်းတန်း တစ်ခုက ကောင်းကင်ကနေကျလာပြီး အကာအကွယ်ကို ထိုးဖောက်သွားသည်။ ပျက်စီးသွားသည့် အကာအကွယ်လွှာနားတွင် အရှည် ၃၀၀ မီတာ ခန့်ရှိသော ဓါးပျံတစ်ချောင်းကို တွေ့လိုက်ရသည်။
အရောင်တောက်ပနေသော ဓါးပျံတစ်ချောင်းပျံ၏ ပတ်ဝန်းကျင်သည် အေးခဲလာနေကာ နှင်းများပင် ကျလာနေသည်။ ထိုဓါးထက်တွင်တော့ သက်လတ်ပိုင်းလူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရ၏။
ထိုသူသည် ပညာရှင်တစ်ယောက်ပုံစံ ဝတ်ဆင်ထားပြီး လက်ကိုအနောက်သို့ ပစ်ထားသည်။ ဓါးပေါ်တွင်ရပ်နေသူမှာ သူ တစ်ယောက်တည်းသာ ရှိသော်လည်း သူတစ်ယောက်တည်းကပင် ကောင်းကင်နှင့်မြေပြင်တွင် ပြိုင်ဖက်မရှိသည့်အလား အရှိန်အဝါကို ထုတ်လွှတ်လျက်ရှိလေသည်။
“ယီးကျန့်ဂိုဏ်း” လောဟွာက ပြောလိုက်ရင်း သူ့မျက်နှာက ပြောင်းလဲသွားပြန်သည်။ ထိုသူ မည်သူလဲ သူ သိလေသည်။ တောင်ဘက်ဒေသတစ်ခုလုံးတွင် နံပါတ်တစ်ဂိုဏ်းဖြစ်သော ယီးကျန့်ဂိုဏ်း။ သူတို့ဂိုဏ်း၏ ဆောင်ပုဒ်ကား ကောင်းကင်ကို ကိုင်လှုပ်ရန် ဓါးတစ်ချောင်းသာ လိုအပ်သည်ဟူ၍ ဖြစ်သည်။