← Chapters

သူ့ကို ဘယ်သူထိရဲသလဲ

Vol. 3 Ch. 42

သူ့ကို ဘယ်သူထိရဲသလဲ

Vol. 3 Ch. 42

“အို... ဘယ်သူများလဲလို့ တာအိုရောင်းရင်း ကျိုးယဲ့ယွင်ပါလား” ချောမောတဲ့ သက်လတ်ပိုင်းအမျိုးသမီးက ပြောလိုက်ရင်း လက်နှစ်ဖက်ကို လှက်ကာ နှုတ်ဆက်လိုက်သည်။ လူသန်ကြီး ကျောက်ရှန့်လင်ပင် အသံတိတ်နှုတ်ခွန်းဆက်လိုက်ပြီး သူ့မျက်နှာတွင် ဖုံးကွယ်ထားသော ကြောက်ရွံ့မှုကို မြင်နိုင်လေသည်။

ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို ကြည့်ရင်း မန်ဟို ရုတ်တရက် သူ့ကိုယ်သူ ဂုဏ်ယူမိသွားသည်။ ဤသည်မှာ သူ ဂိုဏ်းများစွာမှ အစွမ်းထက်သော လူများစွာကို တွေ့ဖူးသော ပထမဆုံးအကြိမ် ဖြစ်သည်။ ချန်ဖန်း သူ့ကို ပြောပြခဲ့သည့် တောင်ပိုင်းဒေသမှ ကြီးမြတ်သော ဂိုဏ်းသုံးခု၏ အသွင်အပြင်ကို သူ အထူးပင် လေးစားသွားရသည်။

“တောင်ပိုင်းဒေသ” မန်ဟို အသက်ပြင်းပြင်းရှူလိုက်မိသည်။ သူ့ဘေးတွင် ရပ်နေသော ရှုချင်ကတော့ တည်ငြိမ်နေသည်။ သူမ ဘာတွေးတောနေသည်ကို ပြောနိုင်ဖို့ရာ အလွန်ခက်ခဲလေသည်။

ပင်မဘုရားကျောင်းခန်းမ အနောက်ဘက်တွင်တော့ ဖြူဖျော့နေသော ချန်ဖန်းသည် စိတ်မကောင်းစွာဖြင့်ပင် သူ့ညာဘက်လက်ကို မြှောက်ကာ ရုပ်တုရှိ လျှို့ဝှက်ခလုတ်ကို နှိပ်လိုက်တော့သည်။

ဂိုဏ်းချုပ်၏ တရားကျင့်ကြံရာနေရာဝင်ပေါက်မှာ ဘာအသံမှပင် မကြားလိုက်ရဘဲ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ထိုအရာကို ဂိုဏ်း၏ အတွင်း၊ အပြင်မှာရှိကြသော မည်သူမျှ သတိမထားမိကြပေ။ ကျိုးယဲ့ယွင်နှင့် တောင်ပိုင်းဒေသမှ လူများပင် သတိမထားမိလိုက်ကြပေ။

“ဂိုဏ်းချုပ် ဒီတပည့်က ဂိုဏ်းချုပ်ကို လုံခြုံမှုရှိအောင် ကာကွယ်ပေးပါ့မယ်” ချန်ဖန်းက တရားမျှတမှု အပြည့်ရှိသည့် လေသံဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျင့်ကြံမှုကို တခြားသူတွေ အနှောင့်အယှက်မပေးနိုင်စေရဘူး” သူသည် ဂိုဏ်းအပေါ် သစ္စာရှိပြီး သူ့အသက်အန္တရာယ် ဖြစ်နိုင်သည့်တိုင် ဂိုဏ်းကို ကာကွယ်ရန် ဆန္ဒရှိ၏။ သူ၏အကြံအစည် အောင်မြင်သွားသောအခါ သူကား နည်းနည်းလေးပင် နောင်တမရဘဲ သက်ပြင်းချလိုက်သည်။

ဤအတောအတွင်းတွင်တော့ ဂိုဏ်းချုပ်ကြီးသည် မြေအောက်ရှိလျှို့ဝှက်အခန်းထဲတွင် သူ့လုပ်ရပ် အောင်မြင်သွားသည်ကို ကြည့်ရင်း စိတ်လှုပ်ရှားမှုနှင့်ပြည့်နှက်နေ၏။

“မကြာခင် သူတို့ ငါ့ရဲ့ ကျင့်ကြံခြင်းနေရာဝင်ပေါက်ကို တွေ့လိမ့်မယ်။ အဲ့ဒီအခါ သူတို့က ဒီအခန်းကို အတင်း ချိုးဖျက်ပြီး ဝင်လာကြလိမ့်မယ်။ ဒါဆိုရင် နောက်ဆုံးတော့ ဒီနေရာကနေ ငါလွတ်မြောက်ပြီ”

သူတစ်ကိုယ်တည်း စိတ်လှုပ်ရှားစွာ ပြောနေစဉ်မှာပဲ သူ့မျက်နှာသည် ရုတ်တရက်ပြောင်းလဲသွားတော့၏။

“ဒါ…ဒါ… သေစမ်း။ ဒီကောင် ဒီကောင်…. ဘာတွေလုပ်နေတာလဲ။” ချန်ဖန်း အလွန်သတိကြီးစွာဖြင့် စတင်လှုပ်ရှား နေသည်ကို သူမြင်တွေ့ခဲ့သည်။ ထို့နောက်တွင်တော့ သူ့၏ကျင့်ကြံခြင်းနေရာဝင်ပေါက်သည်လည်း သဲလွန်စမရှိဘဲ တိတ်တဆိတ် ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေရင်း သူမယုံကြည်နိုင် ဖြစ်နေပေ၏။

သူ့မှာ ဤလုံခြုံရေးအစီအရင်ကို အကယ်၍ အလွန်စွမ်းအားကြီးသော ရန်သူရောက်လာခဲ့လျှင် အသက်ကယ်အဖြစ်သုံးဖို့ရာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စီရင်ခဲ့ခြင်းဖြစ်သည်။ ထိုလျှို့ဝှက်ချက်ကို ဂိုဏ်းချုပ်အချင်းချင်း လက်ဆင့်ကမ်း ခဲ့ကြပြီး ရည်ရွယ်ချက်ကတော့ ဤနေရာကို အပြင်လူတွေ မဝင်လာအောင် ကာကွယ်နိုင်ရန်ပင်။

ဤအစီအရင်ကို အသက်သွင်းလိုက်သည်နှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းကျင့်ကြံသူမှတပါး အခြားသူများ ဝင်ပေါက်ကို ရှာနိုင်တော့မည် မဟုတ်ပေ။ ဤအစီအရင်ကို ပြုလုပ်ခဲ့စဉ်က သူ့ကိုယ်သူပင် အတော်ဂုဏ်ယူခဲ့မိသေးသည်။

သို့သော် ယခုလိုနေ့မျိုး ရောက်လာလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်မိခဲ့ချေ။ သူပင် သူ့အစီအရင်ကို‌သူ မေ့စပြုနေခဲ့သော်လည်း ဤတစ်ယောက်ကတော့ မမေ့ခဲ့ချေ။

“သေစမ်းကွာ၊ အကျင့်ကောင်းတဲ့ ဘယ်ကောင်ကိုမှ ဂိုဏ်းထဲမထည့်နဲ့လို့ မှာခဲ့သင့်တာ။ လူဖြောင့်လေး မင်း .. မင်း .... မင်းကတော့ကွာ” သူ့မှာ ကျောက်ရုပ်ကြီလို ငေးနေရင်း အော်ဟစ်ငိုကြွေးနေမိသည်။ သို့သော်လည်း မျက်ရည်က တစ်စက်မှပင် ကျမလာ။

သူ ဖန်တီးထားသော ကျောက်တိုင်။ အသေချာချထားသော အစီအစဉ်များ၊ စွန့်လွှတ်ခဲ့သော သွေးများ .... ထိုအရာအားလုံးကား လူတစ်ယောက်ကြောင့် ပျက်စီးခဲ့ရလေပြီ။ သည်လူဖြောင့်လေး၏ ရည်ရွယ်ချက်ကား အမှန်တွင် ကောင်းမွန်သည်။ သူ၏သတ္တိနှင့် သစ္စာရှိမှုကို တွေးလိုက်သည့်အခါတွင်တော့ ဂိုဏ်းချုပ်မှာ တုန်လှုပ်မိသွားသည်။

သူ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့အချိန်မှာပင် ယီးကျန့်ဂိုဏ်း၏ကျိူးယဲ့ယွင် ရောက်လာခဲ့ခြင်းဖြစ်သည်။ သူက ချင်းလော်ဂိုဏ်းမှ အမျိုးသမီးနှင့် ကျင်းဟန်ဂိုဏ်းမှ လူသန်ကြီးတို့နည်းတူ မှီခိုရာဂိုဏ်းကို ကြည့်လိုက်သည်။ ထို့နောက် အစွမ်းထက်သော အာရုံများဖြင့် မှီခိုရာဂိုဏ်းတစ်ခုလုံးကို မွှေနှောက်ရှာတော့သည်။

ကျိုးပြည်မှ ကျင့်ကြံသူများမှာတော့ ကြောက်လန့်စွာဖြင့် စောင့်ကြည့်နေကြ၏။ နောက်ဆုံးတွင် သူတို့လည်း လက်လှမ်းမှီသလောက် ရှာဖွေကြည့်လိုက်ကြသည်။

အချိန်အတော်ကြာရှာပြီးသည့်အခါ ယီးကျန့်ဂိုဏ်းမှ ကျိုးယဲ့ယွင်က မျက်မှောင်ကြုတ်လိုက်သည်။ မြင့်မြတ်သော ဝိညာဉ်ကျမ်းစာက မှီခိုရာဂိုဏ်း၏ ဂိုဏ်းသားများ လက်ထဲတွင် မဟုတ်ဘဲ ဤတောင်တန်းတွေထဲ ရှိမှန်း သူသိသည်။ သို့သော်လည်း မည်သည့်နေရာတွင်မှ ရှာမတွေ့သေးပေ။

သူသာ မဟုတ်ပေ။ လှပသောအမျိုးသမီးသည်လည်းကောင်း ကျောက်ရှန့်လင်သည် လည်းကောင်း မျက်မှောင်ကြုတ်လိုက်ကြသည်။ နောက်ဆုံးတွင်တော့ သူတို့သည် မြေပြင်ပေါ်သို့ ဆင်းကာ လူကိုယ်တိုင်ရှာဖွေကြတော့သည်။

ကျိုးပြည်သားပညာရှင်များလည်း အလားတူပြုလုပ်ခဲ့ကြပြီး မကြာမီတွင်တော့ မှီခိုရာဂိုဏ်းတွင် လူများနှင့် ပြည့်သွားတော့သည်။ သူတို့က မန်ဟိုနှင့် အခြားသူများကို ပင်မဘုရားကျောင်းခန်းမထဲမှ နှင်ထုတ်၍ ထိုနေရာမပျက်စီးမချင်း ရှာဖွေနေကြလေသည်။

ကောင်းကင်တွင် ထူးဆန်းသောနိမိတ်လက္ခဏာများ တဖြည်းဖြည်း မှေးမှိန်လာသော်လည်း မည်သူမျှ သဲလွန်စတစ်စပင် ရှာမတွေ့သေးပေ။

သူတို့သည် ရှာဖွေရန်အတွက် မြေအောက်ထဲအထိ ဆင်းခဲ့ကြသော်လည်း၊ လက်ချည်းသက်သက်ဖြင့်သာ ပြန်တက်လာခဲ့ကြ၏။

နိမိတ်သည် သလင်းကျောက်ရောင်ပြောင်းရင်း ဖြည်းဖြည်းချင်း ပြိုကွဲကာ ပျောက်ကွယ်သွားခဲ့လေပြီ။ ထိုနိမိတ်လက္ခဏာ ပျောက်ကွယ်သွားသကဲ့သို့ပင် မြင့်မြတ်သော ဝိညာဉ် ကျမ်းစာ၏ အရှိန်အဝါသည်လည်း ပျောက်ကွယ်သွားတော့သည်။

မှီခိုရာဂိုဏ်းက တဖြည်းဖြည်း ပြန်လည်ငြိမ်သက်လာသည်။ ဘယ်သူမှ အဖိုးတန်ရတနာကို မတွေ့ခဲ့ကြပေ။ တောင်နက်ကြီးရှိ နဂါးလိုဏ်ဂူကိုပင် သူတို့ရှာဖွေခဲ့ကြသည်။ နဂါး၏ ရုပ်ကြွင်းမှာမူကား ဝမ်တန်ဖေးက ဖယ်ရှားခဲ့ပြီးဖြစ်သည်။

နေဝင်ဆည်းဆာချိန်ရောက်သည်တွင်တော့ သူတို့၏ ရှာဖွေရေးကား အဆုံးသတ်ခဲ့လေသည်။ တောင်ပိုင်းဒေသ၏ ကြီးမြတ်သောဂိုဏ်များမှ ဂိုဏ်းဝင်သုံးယောက်မှာတော့ အတော်လေး ရှက်နေကြပုံပေါ်သည်။ သူတို့မှာ ဤနေရာသို့ နေရာရွှေ့ပြောင်းလာဖို့လေးအတွက် ဝိညာဉ်ကျောက်တုံး အမြောက်အမြား သုံးခဲ့ရသည်မဟုတ်လော။ ထိုမျှဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ဖြုန်းတီးခဲ့သည်တိုင် ယခုတော့ ဘာမှ မရဘဲ လက်ချည်းသက်သက်သာ။ သူတို့မှာ အရှုံးဖြင့်သာ ကျန်ခဲ့လေပြီ။

“ဒီကလေးက မဆိုးဘူးပဲ” ကျိုးယဲ့ယွင်က ဧရာမဓားကြီးပေါ်တွင် ရပ်နေရင်း ပြောနေသည်။ သူ့မျက်လုံးများသည် မြေပြင်များကို ဖြတ်ကာ ချန်ဖန်းအပေါ် ကျရောက်လာ၏။ “မင်း ယီးကျန့်ဂိုဏ်းသားဖြစ်လာချင်တယ်ဆိုရင် ငါနဲ့တောင်ပိုင်းဒေသကို လိုက်ခဲ” ဝိညာဉ်ကျမ်းစာကို ရှာဖွေနေသည့်အတောအတွင်း သူသည် ချန်ဖန်း၏မွေးရာပါပါရမီကို သတိထားမိခဲ့ပြီး ၎င်းက သူ၏စံနှုန်းထားနှင့် ကိုက်ညီခဲ့၏။ ယီးကျန့်ဂိုဏ်း၏ ကျင့်စဉ်များနှင့် တစ်ထပ်တည်းကျသည့် ချန်ဖန်း၏ ဖြောင့်မတ်ရိုးသားသောအငွေ့အသက်ကိုလည်း အထူးသဖြင့် သတိပြုမိခဲ့ခြင်းဖြစ်သည်။

သူ စကားပြောနေစဉ် လက်ချောင်းလေးကို မလိုက်သည်ဆိုလျှင်ပဲ ချန်ဖန်းတစ်ယောက် လေပေါ်ပျံဝဲသွားသည်။ မန်ဟိုနှင့် တစ်ခြားသော တပည့်များသည် ချန်ဖန်း လေပေါ်ပျံလျက် ကျိုးယဲ့ယွင်ဆီသို့ ရွေ့သွားသည်ကို မြင်လိုက်ကြရ၏။

ကျိုးပြည်နယ်မှ ကျင့်ကြံသူများက ထိုလူငယ်လေး ကံကောင်းလွန်းလှသည်ဟု တွေးရင်း မနာလိုစွာ ကြည့်နေကြသည်။ ဟယ်လောဟွာနှင့် ဆရာကြီးအိုးရန်တို့လည်း ရောထွေးနေသော ခံစားချက်များဖြင့် ထိုအဖြစ်အပျက်ကို တိတ်ဆိတ်စွာ ကြည့်ရှုနေသည်။ မှီခိုရာဂိုဏ်းမှာ သေးငယ်လွန်းသည်ကို သူတို့ သိကြသည်။ အကယ်၍ အတွင်းစည်းမှ တပည့်တစ်ဦးသာ ပိုမိုကောင်းမွန်သော လမ်းကြောင်းပေါ် လျှောက်လှမ်းရန် အခွင့်အရေးရလျှင် သူတို့ ပျော်လေသည်။

“တပည့် ချန်ဖန်း…” ချန်ဖန်းက စကားစသည်။ သူ့မျက်နှာသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နေသလို တွေဝေမှုလည်း ရှိနေလေသည်။ သူ မှီခိုရာဂိုဏ်းချုပ် ဟယ်လောဟွာနှင့် ဆရာကြီးအိုးရန်ကို ကြည့်လိုက်သည့်အခါ သူတို့က ခွင့်ပြုသည့်ဟန်ဖြင့် ခေါင်းညိတ်ပြသည်ကို တွေ့လိုက်ရသည်။ မန်ဟိုနှင့် ရှုချင်ကိုလည်း သူ ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ သူသည် ခိုင်မာသော ဆုံးဖြတ်ချက်ကို ချလိုက်ဟန်ဖြင့် ကျိုးယဲ့ယွင်ကို ကြည့်ရင်း ပြောလိုက်၏။ ” စိတ်ကောင်းစေတနာနဲ့ ကမ်းလှမ်းတဲ့အတွက် ကျွန်တော် အကြီးအကဲကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က မှီခိုရာဂိုဏ်းရဲ့ ဂိုဏ်းသားပါ။ ဒီဘ၀မှာ တခြားဂိုဏ်းကို ထပ်ဝင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး” အကယ်၍ သူ သဘောတူလိုက်လျှင် သူ့အနာဂတ်၌ ပို၍ ကောင်းမွန်သောအခွင့်အလမ်းများအား ရှိလိမ့်မည်ကို သူ သိသည်။ သို့သော် ယောက်ျားတစ်ယောက်အနေဖြင့် မလုပ်နိုင်သည့် အရာများလည်း ရှိသေးသည်။ သူ့အတွက်တော့ ဤဘဝတွင် ဂိုဏ်းတစ်ဂိုဏ်းသာ ရှိလိမ့်မည်။

သူ၏စကားများက ကျိုးပြည်မှ အဆင့်မြင့်ကျင့်ကြံသူများကို အတော်လေး စိတ်နှလုံးတုန်ယင်သွားစေသည်။ ဤကဲ့သို့သောတပည့်များသည် မည်သည့်ဂိုဏ်းအတွက်မဆို ရတနာဖြစ်၏။ သို့သော်လည်း အများစု၏ မျက်နှာပေါ်တွင် သနားသည့်ပုံကို ပြနေကြသည်။ ယီးကျန့်ဂိုဏ်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခြင်းသည် သေခြင်းကို ဖိတ်ခေါ်နေခြင်းသာ ဖြစ်ပေသည်။

ဟယ်လောဟွာမှာ ဘာမှမပြောဘဲ ချန်ဖန်းကို ကြည့်ရင်း ပို၍ပင် စိတ်ရှုပ်ထွေးနေလေသည်။ သည်ကလေး ဘာလို့ ဒီလောက် ခေါင်းမာနေမှန်း သူ မသိပေ။ လိုမှ မလိုအပ်ဘဲ မဟုတ်လား။

ကျိုးယဲ့ယွင်၏ မျက်လုံးများတောက်ပသွားသည်။ သူက ချန်ဖန်းကို အတော်ကြာကြာကြည့်နေရင်း ခြောက်ကပ်ကပ် ပြောလေသည်။ “ယီးကျန့်ဂိုဏ်းဆိုတာ တောင်ပိုင်းဒေသမှာ ဘာကို ရည်ညွှန်းနေသလဲဆိုတာ သိရဲ့လား”

ချန်ဖန်းက တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ ရှေးဟောင်း မှတ်တမ်းများကို လေ့လာခဲ့တုန်းက တောင်ပိုင်းဒေသတွင် နံပါတ်တစ်ဂိုဏ်းဖြစ်သော ယီးကျန့်ဂိုဏ်း အကြောင်းကို သူ သိခဲ့သည်။

“ဒါဆို ဂိုဏ်းမှာ ငါက ဘယ်လို အဆင့်အတန်းလဲဆိုတာ မင်းသိလိမ့်မယ်" ကျိုးယဲ့ယွင်၏ မျက်လုံးများက သတ်ဖြတ်လိုခြင်း အငွေ့အသက်များနှင့် တောက်ပနေသည်။ သူ့၏အားကောင်းလှသော အရှိန်အဝါကြောင့် ကောင်းကင် ကြီးပင် မည်းမှောင်သွားသယောင် ထင်ရလေသည်။

ချန်ဖန်းက ညှင်သာသောအသံဖြင့် ပြောသည်။ “ကျွန်တော် ယီးကျန့်ဂိုဏ်းကို သိသလို အကြီးအကဲကျိုးကိုလည်း သိပါတယ်။ အကြီးအကဲက လက်ရှိမျိုးဆက်ရဲ့ တာအိုစောင့်ရှောက်သူပါ။ အကြီးအကဲရဲ့ ကျင့်ကြံခြင်းအခြေခံက နက်ရှိုင်းပြီး တောင်ပိုင်းဒေသမှာ နာမည်ကျော်ကြားလွန်းတဲ့သူ တစ်ယောက်ပါ"

“ဒါဆို မင်းသေချာသိတာပဲ။ ဒါဆို ဒီအခွင့်အရေးကို လက်လွှတ်လိုက်တာက မင်း ဘာတွေကို စွန့်လွှတ်လိုက်တယ်ဆိုတာ မင်းသိမှာပါ" ထိုသို့ပြောနေသည့်သူ့အသံသည် အေးစက်နေကာ လေထုပင် ရေခဲသွားသယောင်ထင်ရသည်။

"ယီးကျန့်ဂိုဏ်းက နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိပြီး ဂိုဏ်းရဲ့ကျင့်ကြံခြင်းခန်းမတွေ၊ အဆင့်မြင့် ကျင့်ကြံသူတွေ၊ ဂိုဏ်းသားတွေရဲ့ တိုးတက်မှုနဲ့ အခွင့်အရေးတွေကို ဒီဂျူနီယာ ကောင်းကောင်းကို နားလည် သဘောပေါက်ပါတယ်" ချန်ဖန်းက ဦီးညွှတ်လိုစိတ်မရှိသည့်အလား သူ့ဦးခေါင်းကို မော့ထားလိုက်သည်။ သူ့မျက်လုံးများက တောက်ပနေပြီး နောင်တတို့ ကင်းမဲ့နေသည်။

ကျိုးယဲ့ယွင်က ချန်ဖန်းကို ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ ရုတ်တရက်ပင် ကျယ်လောင်စွာ ထရယ်တော့သည်။

“အစကတော့ မင်းကို သာမန်အပြင်စည်းတပည့်အဖြစ် လက်ခံဖို့ပဲတွေးခဲ့တာ။ ဒါပေမဲ့ ဒီလို စိတ်ထားက တကယ် ပြောင်မြောက်တယ် ... ပြောင်မြောက်တယ်။ မင်းက ငါ့ရဲ့တပည့်ဖြစ်လာရမယ်"

ကျိုးယဲ့ယွင်က မျက်နှာကား လေးစားမှုများနှင့် ပြုံးနေလေသည်။ သူသည် ဝတ်ရုံလက်စကို ယမ်းလိုက်ကာ ချန်ဖန်းကို သူ့ဓါးကြီးပေါ်သို့ ဆွဲတင်လိုက်ရင်း ထွက်ခွာရန် အသင့် ဖြစ်နေပေပြီ။

ယီးကျန့်ဂိုဏ်း၏ လုပ်ရပ်ကိုမြင်လျှင် ချောမောသောသက်လတ်ပိုင်းအမျိုးသမီးလည်း အရည်အချင်းပြည့်မှီသော တပည့်ကို ခေါ်သွားခြင်းက ဤခရီးစဉ်တွင် ဆုံးရှုံးမှုမဖြစ်စေမည့် နည်းလမ်းကောင်းဖြစ်ကြောင်း တွေးမိသွားသည်။

"ဒီမိန်းကလေး မဆိုးဘူး။ ချင်းလော်ဂိုဏ်းက သူ့ကို လိုချင်တယ်"

သူမသည် အစကတည်းက ရှုချင်ကို သတိထားမိခဲ့၏။ သူမ၏အလှအပနှင့် အေးစက်စက်အပြုအမူကို သူမ သဘောကျသည်။ သူမသည် ရှုချင်ကို စကားပြောဖို့ပင် အခွင့်အရေးမပေးဘဲ လက်ကို မြှောက်လိုက်ကာ ရှုချင်ကို ဖုန်းရွှေ သံလိုက်အိမ်မြှောင်ပေါ်သို့ ဆွဲတင်လိုက်တော့သည်။ ရှုချင်ကိုလည်း အခြားသူများက မနာလိုစွာပင် ကြည့်နေကြသည်။

ဖက်တီးက သူ့သွားများကို တိုက်စားရင်း ရပ်နေသည်။ သူ့အတွက်တော့ ဂိုဏ်းဖျက်သိမ်းခံရခြင်းသည် သူ၏ လွတ်လပ်ခြင်းပင် ဖြစ်သည်။ သူ ပျောက်သွားခဲ့သည်မှာ နှစ်အနည်းငယ်လောက်ပဲ ရှိသေးသည်။ ဆိုလိုသည်ကား သူ ယွင်ကျဲစီရင်စုသို့ ပြန်သွားလျှင် သူ့အဖေ စီစဉ်ပေးထားသော အိမ်တွင် သတို့သမီးလေးနှင့်အတူ ချစ်ကြည်နူးတစ်တီးတူးနိုင်မည်။ မကြာမီ သူ့ဘဝသည် လူချမ်းသာကဲ့သို့ ဇိမ်နှင့်နှပ်နေနိုင်တော့မည်။

“ဆိုးတာက ငါ မန်ဟိုကို တွေ့လို့မရတော့မှာပဲ။ ကဲပါလေ ငါတို့က ညီအစ်ကိုတွေပဲဆိုတော့ ဘဏ္ဍာထိန်းကျိုးအပေါ် မန်ဟိုတင်နေတဲ့ အကြွေးတွေကို ငါ ကူဆပ်ပေးရမယ်။ ပြီးရင် ပတ်ဝန်းကျင်ရွာက ကြွယ်ဝမှုတွေကို တဖြည်းဖြည်းနဲ့ သိမ်းပိုက်ရမယ်။ နောက်ဆုံးကျ ငါ လီဖူကွေ့က ကမ္ဘာမှာ အချမ်းသာဆုံးသူ ဖြစ်ရမယ်” သူ့မှာ သူ့အနာဂါတ်ကိုတွေးရင်း သူဟာသူ ကျေနပ်နေလေသည်။

ထိုအချိန်တွင် လူသန်ကြီး ကျောက်ရှန့်လင်က မျက်မှောင်ကြုတ်လျက်ရှိသည်။ သူ အနည်းငယ် လက်နှေးသွားခဲ့၏။ ဤဂိုဏ်းသေးသေးလေးမှ အတွင်းစည်းတပည့်နှစ်ယောက် ခေါ်သွားခံရပြီးနောက် သူက မန်ဟို့ကို ကြည့်လိုက်သည်။ မန်ဟို့ကိုယ်ပေါ်တွင် မှိန်ဖျော့ဖျော့မိစ္ဆာအငွေ့အသက်များကို မြင်လိုက်ရသဖြင့် သူ့မှာ အတန်ငယ် အံ့အားသင့်သွားလေသည်။ သူက ညည်းတွားရင်း ဟိုဟိုသည်သည် ကြည့်လိုက်ရာ အပြင်စည်းဂိုဏ်းသားများအကြားတွင် ရပ်နေသော ဖက်တီးကို လှမ်းမြင်လိုက်၏။ ဖက်တီး သူ့သွားကို ဓားပျံဖြင့် တိုက်စားနေသည်ကို သူ့မှာ တအံ့တဩ ကြည့်နေမိသည်။ သူ့မျက်လုံးများ တောက်ပလာပြီး သူ့မှာ မန်ဟိုနှင့် သူ၏မိစ္ဆာအငွေ့အသက်အကြောင်း သတိပင်မရတော့ပေ။

"ဒီဖက်တီးက ဘယ်လိုကျင့်စဉ်မျိူးကို လေ့ကျင့်နေတာပါလိမ့်။ ဝိညာဉ်သွားကိုတောင် ပျိုးထောင်နိုင်နေပါလား။ ငါတို့ဂိုဏ်းမှာ ဝိညာဉ်သွားပျိုးထောင်နည်းကျင့်စဉ် ပျောက်ကွယ်သွားခဲ့တာ နှစ်ပေါင်းရှစ်ရာလောက်ရှိပြီ။ ဝိညာဉ်သွားနဲ့ဆို ကျင့်ကြံတာမှာ အရေးပါတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ပါးစပ်နဲ့ ကိုက်ဝါးပစ်နိုင်ပြီ။ ဒီခရီးက အချည်းနှီးမဖြစ်ပါလား။ ဒီကလေးကို ခေါ်သွားရင် ငါတို့ဂိုဏ်းမှာ ရတနာဖြစ်လာလိမ့်မယ်” ကျောက်ရှန့်လင်က မျက်လုံးများဝင်းလက်တောက်ပလာရင်း ညာလက်ကို မြှောက်၍ စိတ််ကူးယဉ်နေသော ဖက်တီးကို ကောက်မလိုက်သည်။ "ကောင်လေး အခုကစပြီး မင်းက တောင်ပိုင်းဒေသ ကျင်းဟန်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်ဖြစ်သွားပြီ” သူက မျက်လုံးပြူးနေသော ဖက်တီးကို မီးခိုးရောင်အိတထဲ ပစ်ထည့်လိုက်၏။ တိုးညှင်းပျောက်ကွယ်သွားသည့် ဖက်တီး၏ စူးစူးဝါးဝါးအော်သံအား အထဲမှ ခပ်သဲ့သဲ့ ကြားရနိုင်လေသည်။

ကျောက်ရှန့်လင်နှင့် အဖွဲ့က ထွက်ခွာရန် အသင့်ဖြစ်နေပေပြီ။

ထို့အတူပဲ ကျိုးယဲ့ယွင်နှင့် ချင်းလော်ဂိုဏ်းမှ လှပသောအမျိုးသမီးမှာလည်း ထွက်ခွာရန် ပြင်နေကြသည်။

သို့သော် ရုတ်တရက်ပင် ကျောက်ရှန့်လင်က တစ်စုံတစ်ခုကို သတိရသွားသည့်အလား ပြန်လှည့်လိုက်သည်။ သူ့အကြည့်များက မန်ဟိုအပေါ်တွင် ကျရောက်နေသည်။

သူ ရပ်လိုက်သည်နှင့် ကျိုးယဲ့ယွင်နှင့် လှပသောအမျိုးသမီးတို့မှာလည်း ရပ်လိုက်ကြသည်။

မန်ဟိုမှာ တုန်ရီစပြုလာသည်။ ထိုလူသန်ကြီးအကြည့်များက သူ့တစ်ကိုယ်လုံးကို ထွင်းဖောက်မြင်နေသည်ဟု သူခံစားနေရသည်။ သူ့၏ အမြုတေရေကန်ကိုရော၊ မိစ္ဆာအမြုတေကိုရော မြင်နေသယောင်ပင်။

“ဒါက....” လူသန်ကြီး၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီးနောက် တောက်ပလာသည်။ စောစောက ဤအားနည်းပုံပေါ်သော ကောင်လေးကို သူ ဂရုမစိုက်ခဲ့ပေ။ သို့သော် မန်ဟိုနှင့်ပတ်သက်သည့် တစ်စုံတစ်ခုက သူ့အာရုံကို ဖမ်းစားသွားသည်။ သူက လှည့်၍ မန်ဟိုဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

"ဒီကောင်လေးကိုလည်း ခေါ်သွားမယ်” သူက အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ မန်ဟို့မျက်နှာမှာ အေးစက်သွားပြီဂ သ့တစ်ကိုယ်လုံး တစစီပြုတ်ထွက်တော့မည့်အလား ခံစားလိုက်ရသည်။ သူ့ အမြုတေရေကန်မှာ ပွက်နေပြီး မိစ္ဆာအမြုတေမှာလည်း မမြင်နိုင်သော စွမ်းအားတစ်ခု၏ ထုတ်ယူခြင်း ခံနေရသလို ခံစားနေရသည်။

နာကျဉ်မှုက သူ့ကို စိုးမိုးနေ၍ သူမှာ ဇောချွေးများပြန်လာသည်။ ထပ်မံ၍ တစ်ကိုယ်လုံး နင်းခြေခံနေရသကဲ့သို့ ခံစားလာရသဖြင့် သူ့မှာ လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သူ တတ်နိုင်သည့်အရာ မရှိပေ။

ထိုအခိုက်အတန့်မှာပင် မှီခိုရာဂိုဏ်းအတွင်းမှ အသံကြီးတစ်သံ ဟိန်းထွက်လာသည်။ ထိုအသံသည် ကောင်းကင်နှင့် မြေကြီးကိုပင် လှုပ်သွားစေလောက်အောင် စွမ်းအားကြီးလေသည်။ မန်ဟိုထံသို့ သွားနေရာမှပင် လူသန်ကြီး၊ ကျိုးယဲ့ယွင်နှင့် လှပသောအမျိုးသမီးတို့အားလုံး ရုတ်တရက် တုန်လှုပ်သွားကြသည်။ သူတို့က အံ့အားသင့်နေသော မျက်လုံးများဖြင့် ခေါင်းလှည့်ကြည့်လိုက်ကြလေ၏။

"မှီခိုရာဂိုဏ်းမှာ ဆက်ဆံသူတစ်ယောက်ပဲ ရှိတော့တယ်။ ဘယ်သူ သူ့ကို ထိရဲသလဲ"

***

All Chapters