တစ်ဦးတည်းသော အမွေဆက်ခံသူ
Vol. 4 Ch. 43
မှီခိုဂိုဏ်းချုပ်မှာ မှီခိုရာဂိုဏ်း၏ ဂူသင်္ချိုင်းတွင် ထိုင်နေသည်။ သူ့ဆံပင်များက စုတ်ဖွာနေပြီး မျက်လုံးများမှာလည်း နီရဲလျက်ရှိလေသည်။ သူ့ကြည့်ရသည်မှာ ရူးတော့မည့်အလားပင်။
သူ အနှစ်နှစ်လလ ပြင်ဆင်ခဲ့ရသော အစီအစဉ်များ ပျက်စီးတော့မည်မဟုတ်ပါလော။ အချိန်တိုလေးအတွင်း အားလုံး ထွက်သွားကာ နောက်တစ်ခါ ပြန်လာကြမည် မဟုတ်တော့ပေ။ သူ ဝမ်းပန်းတနည်း စောင့်ကြည့်နေစဉ်မှာပင် ကျင်းဟန်ဂိုဏ်းကျင့်ကြံသူက သူ၏ နောက်ဆုံးသော တစ်ယောက်တည်းကျန်တော့သည့် အတွင်းစည်းတပည့်လေးဘက် မြားဦးလှည့်လာခဲ့လေပြီ။ သူ၏ဒေါသကား ငယ်ထိပ်သို့ပင် ဆောင့်တက်လာပြီး ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံဖြင့် သူ၏အသံကြီးကို ထစ်ချုန်းထွက်သွားစေလိုက်တော့သည်။
အသံကြီးက ကောင်းကင်နှင့် မြေကြီးကို တသိမ့်သိမ့် တုန်လှုပ်သွားစေကာ လေပြင်းမုန်တိုင်းများ တဝေါဝေါ တိုက်ခတ်လာသည်။ မှီခိုရာဂိုဏ်းကို ဝန်းရံလျက်ရှိသော တောင်တန်းများရှိ အပင်များမှာ အမြစ်မှပင် ကျွတ်ထွက်ကုန်ကြလေသည်။ မိုးကြိုးလျှပ်စီးများ တဝင်းဝင်းလက်လျက် စိမ်းပုပ်ရောင်ပင် သမ်းလာသော လေမုန်တိုင်းကြီးကြောင့် တချို့သစ်ပင်များဆိုလျှင် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားကြ၏။ ကျောက်ပြည်မှာ အဆင့်မြင့် ကျင့်ကြံသူများမှာ လေထဲတွင်ရပ်လျက် ထိုမြင်ကွင်းကို အံ့ဩတုန်လှုပ်စွာဖြင့် ကြည့်နေမိကြ၏။
ယီးကျန့်ဂိုဏ်းမှ ကျိုးယဲ့ယွင်ပင် တွေဝေသွားဟန်တူသည်။ သူက သတိလစ်နေသော ချန်ဖန်းကို သယ်၍ နောက်ဆုတ်လိုက်၏။ ဓါးကြီးက တဝီဝီ မြည်လာပြီး ဓါးအရှိန်အဝါများက သူ့ကို လွှမ်းခြုံသွားတော့သည်။
ချင်းလော်ဂိုဏ်းမှ လှပသောအမျိုးသမီးမှာလည်း အံ့အားသင့်လျက်ရှိသည်။ သူမက ဖုန်းရွှေသံလိုက်အိမ်မြှောင်ကို ပုတ်လိုက်၏ ။ ၎င်းမှာ ရုတ်တရက် မူလအရွယ်အစား နှစ်ဆရောက်သည့်တိုင်အောင် ကြီးထွားလာတော့သည်။
ကျင်းဟန်ဂိုဏ်းမှ ကျောက်ရှန့်လင်ကတော့ အသက်ခပ်ပြင်းပြင်း ရှူလိုက်ပြီး မုဒြာလက်ကွက်များဖော်၍ နောက်ဆုတ်လိုက်သည်။ သူ့အနောက်မှ ရွှေရောင်ဓါးကြီး ပျံထွက်လာပြီး သူ့တစ်ကိုယ်လုံးမှာ နတ်စစ်သူကြီးတစ်ယောက်အလား ရွှေရောင်တောက်လာတော့သည်။
သူတို့သုံးဦးက ကြောက်စရာကောင်းသော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ မှီခိုရာဂိုဏ်း ကို လှည့်ပတ်ကြည့်ရှုလိုက်ကြ၏။
မန်ဟိုသည် သူ့အရှေ့က ပြောင်းလဲနေသော အဖြစ်အပျက်၊ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်သော အသံကြီးနှင့် ပြိုင်ဘက်ကင်းသော ထိုခွန်အားတို့ကို ကြည့်ရင်း အရှေ့ဘက်တောင်တန်းတွင် ရပ်နေဆဲပင်။ မန်ဟိုမှာ မျက်လုံးများ ပြူးကျယ်နေလျက် အသက်ရှူဖို့ပင် ခက်ခဲနေကြောင်း သတိထားမိသွားသည်။
လေပြင်းတို့က သူ၏နောက်သို့ တွန်းထုတ်လိုက်သဖြင့် သူ၏အဝတ်အစားများ တလွင့်လွင့် ဖြစ်သွားတော့သည်။ လေအားနှင့်အတူ ပါမသွားစေရန် သူ့မှာ ကျောက်တုံးကြီးကို ဆုပ်ကိုင်ဖက်တွယ်ထားရလေသည်။ ရုတ်တရက် မှီခိုရာဂိုဏ်းကို စရောက်စက ဖတ်ခဲ့ရသော လက်စွဲစာအုပ်၏ ပထမစာမျက်နှာ တွင် ရေးထားသည့် ဂိုဏ်းချုပ်၏ စကားများကို သတိရလိုက်သဖြင့် သူ့ မျက်လုံးများ တောက်ပလာလေသည်။
ဟယ်လောဟွာနှင့် ဆရာကြီးအိုးရန်တို့လည်း အံ့အားသင့်နေကြဟန် ရှိသည်။ အဖြစ်အပျက်များက ထိတ်လန့် တုန်လှုပ်ဖွယ်ကောင်းလောက်အောင် ရုတ်တရက်ဆန်ပြီး သူတို့၏ကျင့်ကြံခြင်းအခြေ မုန်တိုင်းထန်မှု၏ လွှမ်းမိုးမှု အောက်တွင်ကျဆင်းသွားသကဲ့သို့ ထင်ရသည်။
"ငါဂိုဏ်းချုပ် အခုထိ အသက်ရှင်နေသေးတယ်။" ဂူအတွင်းပိုင်းမှ နေ၍ ဂိုဏ်းတော်ချုပ်က အော်ပြောလိုက်သည်။ "မန် မျိုးနွယ်ကောင်လေးကို ဘယ်သူမှ မထိရဘူး။" သူက ငါ့ရဲ့တစ်ဦးတည်းသော အတွင်းစည်းတပည့်လေးပဲ။ သူသာ သေသွားရင် ငါ့မှာ မျှော်လင့်ချက် မရှိတော့ဘူး။ သူ အံ့ကြိတ်လိုက်ကာ သူ့ခေါင်းကို ထပ်ရိုက်လိုက်ပြန်သည်။ ထိုအခါ သူ သွေးတစ်လုပ် အန်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ အကြိမ်များစွာ ရိုက်ခဲ့ပြီး သွေးများလည်း အဆက်မပြတ် အန်နေသည်။ သူ့ခန္ဓာကိုယ်ကား စတင် လည် လာလေသည်။
သူ့မျက်လုံးထဲတွင် အမုန်းတရားများနှင့် ပြည့်နေသည်။ သူ့ကိုယ်သူခုနစ်ကြိမ် သို့မဟုတ် ရှစ်ကြိမ်တိုင် ထိုးပြီး နောက်တွင် တော့ သွေးအမြောက်အမြား အန်ပြီးပြီဖြစ်သည်။ ထိုသွေးများ ခဲသွားပြီးသည်တွင်တော့ ပြင်းထန်သော အသံကြီး ဖြစ်ပေါ် စေကာ ကျောက်နံရံကို ရိုက်ခတ်သွားခဲ့သည်။ ထို့နောက်တွင်တော့ ကျောက်နံရံကို ရိုက်ခတ်သွားပြီး နံရံကို ထိုးဖောက်နိုင် တော့မည့် အချိန်တွင် တစ်ဝက်လောက်က ပျောက်ကွယ်သွားခဲ့သည်။
ထိုသို့ပြုလုပ်ပြီးချိန်တွင်တော့ ဂိုဏ်းချုပ်၏ ခေါင်းက ဘေးကို စောင်းသွားကာ သတိလစ်သွားခဲ့သည်။ သူ၏ သန့်စင်ထားသော သွေးတွင်သာ သူ့အသိစိတ် ကျန်နေသည့်နှယ် သူ သေသွားပြီဟုပင် ထင်ရလေသည်။
သန့်စင်သောသွေးသည် လျှို့ဝှက်အခန်းထဲနှင့် ဂူသင်္ချိုင်းကိုဖြတ်ကာ ထွက်ပေါ်လာခဲ့သည်။ အပြင်ဘက်တွင် ရပ်ကြည့်နေသူများ မြင်လိုက်ရသည်က မှီခိုရာဂိုဏ်းတစ်ခုလုံး အနီရောင်မြူများဖြင့် ဖုံးလွှမ်းသွားသည်ကို ဖြစ်သည်။ မြူခိုးများ က တဖြည်းဖြည်း ကျယ်ပြန့်လာသလို လျှပ်စီးသံများကလည်း ထွက်ပေါ်လာနေသည်။ ချက်ချင်းဆိုသလိုပင် မြူများသည် ပတ်ဝန်းကျင်ရှိ တောင်တန်းဒေသများသို့ပင် မရေတွက်နိုင်သော ကီလိုမီတာအထိ ဖုံးလွှမ်းသွားတော့သည်။ အပြင်ဘက်မှ ကြည့်လျှင် မြူခိုးနီများဖြင့် ဖုံးလွှမ်းနေသာ ဧရိယာကြီးကိုသာ မြင်ရမည် ဖြစ်လေသည်။
မြူခိုးများ တလိပ်လိပ်တက်လာပြီးနောက်တွင် မိုးထိညံသော အသံကြီးလည်း ထွက်လာခဲ့သည်။ ကျင့်ကြံသူအားလုံးမှာ ကြက်သေသေနေကြပြီး သူတို့၏ မျက်နှာတွင် အလွန်အံ့အားသင့်နေသည့် အမူအရာကို တွေ့မြင်နိုင်လေသည်။ ကျိုးယဲ့ယွင်နှင့် တစ်ခြားသူများမှာလည်း ထူးမခြားနားပင် ဖြစ်သည်။
အနီရောင်မြူအတွင်းတွင် မှီခိုရာဂိုဏ်းသားများမှာ သတိလစ်မေ့မြောနေသော်လည်း ထိခိုက်ဒဏ်ရာ မရှိကြပေ။ အခြား တစ်ဖက်တွင်ဂိုဏ်းခေါင်းဆောင် ဟယ်လောဟွာနှင့် ဆရာကြီးအိုးရန်တို့မှာ မြူခိုးအပြင်ဘက်သို့ ထုတ်ပစ်ခြင်း ခံခဲ့ရသည်။ သူတို့မျက်နှာများက ဖြူဖျော့နေလျက် ထိုအခြေအနေကို မိန်းမောတွေဝေစွာသာ ကြည့်နေခဲ့ရသည်။
မြူခိုးများ အဆက်မပြတ်လှုပ်ခတ်သွားခဲ့ပြီး ကမ္ဘာပေါ်တွင် ထိုဆူညံနေသော အသံကြီး အရှိန်အဟုန်မြင့်တက်လာခြင်း မှလွဲ၍ ဘာမှမရှိဟု ထင်ရသောအချိန် အထိမိုးကြိုးမုန်တိုင်းကြီး ဆက်လက်လှုပ်ရှားခဲ့သည်။ မြေကြီးကား မြူသမုဒ္ဒရာနှင့် တူနေပြီး ကောင်းကင်ကြီးက အရောင်မဲ့နေလေသည်။ ထို့နောက် မြူခိုးများ စတင်လှုပ်ရှားလာပြီး ဧရာမ မျက်နှာကြီး အသွင်သို့ ပြောင်းလဲလာခဲ့လေသည်။
ထိုမျက်နှာကြီး၏ အရွယ်အစားကြောင့် လူအားလုံးကြောက်ရွံ့ခြင်းကို ခံစားလိုက်ရသည်။
ထိုမျက်နှာကား အေးဆေးတည်ငြိမ်ပြီး အင်အားကြီးမားကာ လွှမ်းမိုးနိုင်သော လူအိုကြီး၏ မျက်နှာဖြစ်သည်။ သူ့မျက်လုံး များက ပိတ်ထားဆဲဖြစ်သည်။ ဒါပေမဲ့ ဟယ်လော်ဟွာနှင့် ဆရာကြီးအိုးရန်တို့က ထိုမျက်နှာကို မြင်လိုက်တယ်ဆိုရင်ပဲ သူတို့ခေါင်းများ ချာချာလည်သွားကြသည်။ ဒီမျက်နှာကား သူတို့၏ ဂိုဏ်းချုပ်မှလွဲ၍ အခြားမရှိပါပြီလေ။
“ဂိုဏ်းချုပ်.…” ဆရာကြီးအိုးရန်က မျက်လုံးများပြူးကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။
"သူ ... သူ တကယ်မသေဘူးပဲ" ကျိုးပြည်နယ်မှ အဆင့်မြင့်ကျင့်ကြံသူများက စိုးရိမ်တကြီးအော်ဟစ်လိုက်ကြသည်။ သူတို့မျက်နှာတွင် သွေးများယိုစီးနေပေပြီ။ စိတ်နှလုံး တုန်လှုပ်စွာဖြင့်တစ်ယောက်ပြီး တစ်ယောက် ထွက်ပြေးကုန် ကြတော့သည်။
ရုတ်တရက် ဂိုဏ်းချုပ်၏ မျက်လုံးများ ပွင့်လာလဲ့သည်။ သူမျက်လုံးဖွင့်ရုံသာ ဖွင့်လိုက်သော်လည်း ထိုအရာလေး ကပင် ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်နေလျက် မြေကြီးကို အက်ကွဲစေနိုင်သည့်အလား ထင်မှတ်ရလေသည်။
သူ ကောင်းကင်ကို ငေးကြည့်လိုက်သည်က သွေးရောင်စဉ် ထုတ်လွှတ်လိုက်သည့်နှယ်ရှိသည်။ သူ့အကြည့် ဖြတ်သွား သည်နှင့် အစိမ်းရင့်ရောင် မုန်တိုင်းကြီးက အနီရောင်မြူခိုးထဲသို့ ဝင်လာသည်က ဂိုဏ်းတော်ချုပ်၏ ရှည်လျားသော ဆံနွယ်အဖြစ်သို့ ပြောင်းလဲနေသကဲ့သို့ ရှိချေသည်။
ထိုအဖြစ်အပျက်ကို ကြည့်နေသည့် ကျိုးယဲ့ယွင်၏ မျက်နှာမှာ ဖြူဖျော့နေပြီး သွေးတစ်လုပ်အန်လိုက်ရသည်။ သူနောက်သို့ ဆုတ်ခွာနေစဉ် သူ၏ ကြီးမားသော ဓါးသည် ရုတ်တရက်ကွဲသွားပြီး ဓါးသွားငုတ်တိုလေးသာ ကျန်တော့သည်။ သူ့နှလုံးခုန်သွားပြီး သူ့မျက်လုံးများတွင်လည်း အံ့ဩတုန်လှုပ်မှုများနှင့် ပြည့်နှက်နေလေသည်။ သူ့ ကျင့်ကြံဆင့်မှာ အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်တွင် ရှိသော်လည်း ထိုသူ၏ အကြည့်တစ်ချက်တွင်ပင် သူ့ကျင့်ကြံမှုများ ကုန်ခန်းသွားသည့်နှယ် ခံစားနေရသည်။ သူ အလျင်အမြန်ပဲ ဆုတ်ခွါလိုက်ကာ အပြာရောင် အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်လိုက်ကာ အသက်ဝင်စေလိုက်သည်။ ထိုအရာသည် သူ့ခန္ဓာကိုယ်ကိုရော သတိလစ်နေသော ချန်ဖန်ကိုပါ ဖုံးအုပ်သွားပြီး အကွာဝေးတစ်ခုသို့ ရေက်သွားစေသည်။ သူ့နှလုံးသားထဲတွင် အားကောင်းသော အသံတစ်သံက ပဲ့တင်သံ ထပ်လျက် ပြောနေသည်က သူ့ပြိုင်ဘက်မှာ အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်မဟုတ်ဘဲ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ဖြစ်သည် ဟူ၍ပင်။
ချင်းလော်ဂိုဏ်းမှ လှပသောအမျိုးသမီးလည်း အဖြစ်အပျက်အားလုံးကို မြင်တွေ့လိုက်သည်။ ထို့နောက် သူမ၏ သံလိုက်အိမ်မြှောင်မှ အသံတွေထွက်လာပြီး ကွဲအက်လာကာ အစိပ်စိပ်အမွှာမွှာ ကွဲထွက်သွားတော့သည်။ သူမသည် အကြောက်တရားဆိုသည်ကို သိခဲ့တဲ့သူ မဟုတ်ပေ။ အခုတော့ ပြင်းထန်တဲ့စွမ်းအားကြောင့် သူမ သွေးတစ်လုတ် အန်လိုက်ရသည်။ သတိမေ့နေသော ရှုချင်ကို ခေါ်ကာ သူမ ဆုတ်ခွါလိုက်သည်။ သူမခေါင်းထဲရှိ တစ်ခုတည်းသော အတွေးမှာတော့ ပြေးဖို့ပင်ဖြစ်သည်။
လူသန်ကြီး ကျောက်ရှန့်လင်အတွက်မူ သူ၏ခန္ဓာကိုယ်ကို တောင်ကြီးတစ်လုံးက ဆောင့်တိုက်လိုက်သလို ခံစားနေရသည်။ သွေးအန်လိုက်ရရင်း သူနောက်သို့ ဆုတ်ခွါလိုက်မိသည်။ သူ၏ ရွှေရောင်ဓါးကလည်း အပိုင်းပိုင်း ပြတ်ထွက်ကုန်သည်။ သူ့မှာ ဖြူဖျော့နေသော မျက်နှာဖြင့်ပင် လေဟာနယ်အက်ကွဲကြောင်းပုံရိပ်ဆီသို့ တစ်ရှိန်ထိုး ပြေးထွက်သွားတော့ သည်။
ကျိုးပြည်မှ အဆင့်မြင့်ကျင့်ကြံသူများအားလုံးလည်း ကြီးမားတဲ့ စွမ်းအားကြောင့် သွေးအန်ကုန်ကြသည်။ ချီအခြေတည် အဆင့် ကျင့်ကြံသူများက သူတို့၏ စိတ်ဝိညာဉ်ထိခိုက်သွားသည်ကို ခံစားလိုက်ရပြီး ထိုသည်က သူတို့၏ သက်တမ်းကိုပင် သက်ရောက်မှုရှိကြောင်း သိလိုက်ရသည်တွင်တော့ သူတို့ကို မျက်နှာများမှာ ပျက်ယွင်း ကုန်ကြတော့ သည်။
အရှေ့တောင်ထိပ်တွင် မြူခိုးနီများကား မန်ဟို၏ ခါးပတ်လည်တွင် ဝေ့ဝဲလျက်ရှိနေသည်။ မန်ဟို၏ မျက်နှာမှာ ဖြူဖျော့နေကာ အခုထိတိုင် ကျောက်တုံးကြီးကို ဆုပ်ကိုင်ထားဆဲပင် ဖြစ်သည်။ ဘေးက ကြည့်ရှုသူတွေ အမြင်တွင်တော့ မန်ဟိုကား ဂိုဏ်းချုပ်၏ နှဖူးအလယ်တည့်တည့်တွင် ရှိနေသည်ဟု ထင်မြင်ရလေသည်။
"မင်းက ငါ့ရဲ့မှီခိုရာဂိုဏ်းကို အတင်းအကျပ်ဖျက်သိမ်းစေခဲ့တယ်။ ပြီးတော့ တစ်ဦးတည်းသော အမွေဆက်ခံသူကိုပါ သတ်ဖို့ကြိုးစားခဲ့သေးတယ်။ မင်းတော်တော် သတ္တိကောင်းနေတာပဲ" သူ့ရဲ့ ကြောက်မက်တုန်လှုပ်ဖွယ်ကောင်းသော အသံကား အရပ်လေးမျက်နှာမှ ထွက်ပေါ်လာပြီးနောက်တွင်တော့ ကျိုးယဲ့ယွင်၊ လှပသောအမျိုးသမီးနှင့် လူသန်ကြီးတို့ သုံးယောက်ထံသို့ အနီရောင်ရောင်စဉ်သုံးခု တည့်တည့်မတ်မတ် ပြေးဝင်သွားတော့သည်။
"ကျုပ် ကျိုးယဲ့ယွင်က ယီးကျန့်ဂိုဏ်းရဲ့ တာအိုစောင့်ရှောက်သူပဲ။ ကျုပ်ကို သတ်ရင် ယီးကျန့်ဂိုဏ်းက ခွင့်လွှတ်မှာ မဟုတ်ဘူး"
"ဂိုဏ်းချုပ် စိတ်လျော့ပါ။ ဒီဂျူနီယာက ချင်းလော်ဂိုဏ်းကပါ။ ဒီဂျူနီယာရဲ့အဘိုးက ဂိုဏ်းချုပ်ရဲ့ မိတ်ဆွေ ပင်းစန်းတောက်ပါ။
" ဒီဂျူနီယာ အမှားလုပ်မိပါတယ်။ ဂိုဏ်းချုပ် ခွင့်လွှတ်ပေးပါ"
အနီရောင်အလင်းတန်း သူတို့သုံးယောက်ထံ ချိန်ရွယ်ထားသည့်အခါ တွင်မှ ထိုစကားများ ထွက်ပေါ်လာသဖြင့် ဂိုဏ်းချုပ်က အေးစက်စက်ဖြင့် နှာမှုတ်သံပြုလိုက်သည်။
"သုံးယောက်လုံး ထွက်သွားကြစမ်း" ထိုသို့ပြောလိုက်ပြီးနောက် အနီရောင်ရောင်စဉ်သုံးတန်းသည် ပျောက်ကွယ်သွား၏။ " ပြန်သွားပြီး မင်းတို့ဂိုဏ်းက အကြီးအကဲတွေကို ငါတို့ လွန်ခဲ့တဲ့နှစ်တွေတုန်းက လုပ်ခဲ့ဖူးတဲ့ သွေးစာချုပ်ကို မေ့သွားပြီ လားလို့ ပြန်မေးလိုက်ကြစမ်း။ ကျိုးပြည်နယ်က ငါ့ပိုက်နက်ပဲ။ ဒီနေရာကို ခြေတစ်လှမ်းချရဲရင် ချရဲတဲ့ကောင်ကို သတ်လိုက် ရင်တောင်မှ ငါ့ကို ဘယ်သူမှ အပြစ်တင်လို့မရဘူး။ မင်းတို့စောစောက ခေါ်ချင်တဲ့ တပည့်သုံးယောက်ကိုတော့ ခေါ်သွားလို့ရတယ်။ ငါ သူတို့ကို မလိုအပ်ဘူး။" စကားဆုံးသွားသည်နှင့် ထိုသုံးယောက်မှာ ဖြူဖျော့နေသော မျက်နှာများ ဖြင့်ပင် ပျောက်ကွယ်သွားကြတော့သည်။
ဤအဖြစ်အပျက်ကို မြင်လိုက်သော ကျိုးပြည်နယ်က ကျင့်ကြံသူများမှာ တုန်လှုပ်လျက် နေရာမှာပင် ကျောက်ရုပ်သဖွယ် ရပ်နေကြသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်များပင်လျှင် ထိုကဲ့သို့ ရုပ်ပျက်ဆင်းပျက် ဆုတ်ခွာသွားကြရသည်။ သူတို့ထဲမှ ကျင့်ကြံဆင့်အမြင့်ဆုံးမှာတော့ ချီအခြေတည်အဆင့်သာလျှင် ရှိသည်။
နှစ်ထောင်ချီက ဒဏ္ဍာရီဘိုးဘေးကြီးသည် အခုတော့ သူတို့မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့လေပြီ။
အာဏာအပြည့်အဝရှိသောအသံကြီး ထွက်ပေါ်လာပြီးနောက် မန်ဟိုကို အလယ်မှာထားကာ မြူခိုးများက စတင်၍ လည်ပတ်နေသည်။ ဤသို့ဖြင့် မန်ဟိုအရှေ့တွင် မြူခိုးများဖြင့် ဖွဲ့စည်းထားသော လှံရှည်တစ်ချောင်း ပေါ်ထွက်လာလေ သည်။
ထိုလှံသည် အနီရောင်မဟုတ်သော်လည်း ရွှေရောင် ငွေရောင်နှင့် အဖြူရောင်များဖြင့် လှပစွာပုံဖော်ထားသော လှံတံတစ်ချောင်းဖြစ်လေသည်။ ကြည့်ရုံနှင့်ပင် သာမန်လက်နက်မဟုတ်သည်ကို သိမြင်နိုင်လေသည်။
"မှီခိုရာဂိုဏ်းကို ဖျက်သိမ်းလိုက်ပြီဆိုတော့ ဒါက ရှိစေတော့။ ဒါပေမဲ့ ဒီကောင်လေးက ငါ့ရဲ့တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်တယ်။ သူ့ကို ထိရဲခဲ့ရင်တော့....." မန်ဟိုကို တစ်ချက်ကြည့်လိုက်ရင်း" ဒီလိုဖြစ်လာခဲ့ရင် မန်ဟိုက ဒီလှံကို သုံးပြီး အဲ့ဒီလူကို သတ်ပစ်လိမ့်မယ်။ မင်းတို့အားလုံး ထွက်သွားကြစမ်း" သူ့အသံကား ကျိုးပြည်နယ်တစ်ခုလုံး ပဲ့တင်ထပ်လျက်ရှိသည်။ ကျိုးပြည်မှ အဆင့်မြင့်ကျင့်ကြံသူများ ချက်ခြင်းပင် အဝေးသို့ ပြေးထွက်သွားကြတော့သည်။ သူတို့သတိမထားမိသည်ကတောာ့ ဂိုဏ်းချုပ်၏ အသံ ဖြည်းဖြည်းချင်းအားပျော့လာနေခြင်းကို ဖြစ်သည်။ သေချာသတိထားပြီး နားထောင်ကြည့်လျှင် အားနည်းနေသည့် အသံကို ကြားလိုက်ရမည် ဖြစ်လေသည်။
သတိမေ့မြောနေသော အပြင်စည်းတပည့်အားလုံးသည်လည်း ရုတ်တရက်ကြီး လေပေါ်မခံလိုက်ရကာ အရပ်လေး မျက်နှာသို့ လွင့်သွားခဲ့သည်။ ထို့နောက် သွေးနီရောင် လေပြင်းက မှီခိုရာဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ အပြင်မှကြည့်နေသော ဘယ်သူမှ ထိုအရာကို မြင်နိုင်လိမ့်မည် မဟုတ်သော်လည်း မန်ဟိုကတော့ သေချာ မြင်နိုင်လေသည်။
ဟယ်လော်ဟွာနှင့် ဆရာကြီးအိုးရန်တို့က ထိုမြင်ကွင်းကို အံ့ဩတုန်လှုပ်စွာ ကြည့်နေခဲ့ကြသည်။ နောက်ဆုံးတွင်တော့ ရှက်ရွံ့မှုကား ဟယ်လောဟွာမျက်နှာတွင် ထင်ဟပ်လာသည်။ ခေါင်းကို ငုံလိုက်ကာ လက်နှစ်ဖက်ကို သေချာယှက်လျက် သွေးနီရောင် အကာအကွယ်ဘက် လှည့်ကာ သေချာ အရိုအသေပြုလိုက်သည်။ ထို့နောက် သက်ပြင်းရှည်ကြီးကိုချကာ အဝေးသို့ ထွက်ခွာ ပျောက်ကွယ်သွားတော့သည်။
ဆရာကြီးအိုးရန်ကား နှုတ်ဆိတ်နေသည်။ အပြင်စည်းတပည့်များကို တောင်တန်းများဆီသို့ ပို့ဆောင်ပြီးနောက် သူသည် မှီခိုရာဂိုဏ်း ကို အဝေးမှ ကြည့်နေမိ၏။ ထို့နောက် သက်ပြင်းချလိုက်ကာ သူလည်း ထွက်ခွာသွားတော့သည်။
ဂိုဏ်းချုပ်က ဂိုဏ်းဖျက်သိမ်းမှုကို အသိအမှတ်ပြုလိုက်ပြီးနောက်တွင်တော့ မှီခိုရာဂိုဏ်းတည်ရှိမှုမှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ဟယ်လော်ဟွာနှင့် ဆရာကြီးအိုးရန်တို့ သေချာသိကြသည်။
မန်ဟိုက သွေးနီရောင် ရောင်စဉ်ထဲတွင် စိတ်လှုပ်ရှားစွာဖြင့် ရပ်နေလေသည်။ ရွှေရောင်၊ ငွေရောင် နှင့် အဖြူရောင် သုံးရောင်စပ်ပြီးတောက်ပ နေသော လှံကို သူ သေချာကြည့်နေ၏။ ရုတ်တရက်ပင် ထိုလှံသည် အရှေ့သို့ ထွက်သွားကာ အနီရောင် ဝတ်ရုံခြုံထားသော အဘိုးအိုတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ထိုသူကား ဂိုဏ်းချုပ်ပင်။
မန်ဟိုက လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပြုလိုက်ရင်း ပြောသည်။ "ဂိုဏ်းသားမန်ဟို ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်" ကြိုတင်စဉ်းစားထားခြင်းမရှိဘဲ မန်ဟိုက စတင်၍ပြော၏။ "ဂိုဏ်းချုပ်က ကျိုးပြည်က လူတွေရဲ့နှလုံးသားကို ကြောက်ရွံ့ထိတ်လန့်စေပြီး ဘိုးဘေး၏နာမည်က တောင်ပိုင်းဒေသမှာတောင် လူသိများ ထင်ရှားတယ်။ ကျွန်တော် ဒီဂိုဏ်းဝင်ကတည်းက ဘိုးဘေးကို လေးစားခဲ့ရတာပါ။ နေ့တိုင်း ဘိုးဘေးရေးခဲ့တဲ့ လက်စွဲ စာအုပ်က စာတွေကို ဖတ်ပြီး နှလုံးသားထဲမှာ မှတ်ထားခဲ့ပါတယ်"
"ကောင်းတယ် ကောင်းတယ်။ ကောင်လေး မင်းသေချာ မလေ့လာခဲ့ရသေးဘူး မဟုတ်လား။ မင်းသိအောင် ပြောပြရရင် ငါမင်းအရွယ်တုန်းက ဒီလို မြှောက်ပင့်ချီးမွမ်းစကားကို သဘာဝကျကျ ပြောနိုင်နေပြီ။ ငါ့ရှေ့မှာ ဟန်လုပ်နေတာတွေ ရပ်လိုက်တော့" ဂိုဏ်းချုပ်က မန်ဟိုကို ကြည့်ပြီးပြောလိုက်သည်။ သို့သော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် ဘဝင်ခိုက်လျက်ရှိ၏။
မန်ဟိုက ရှက်ကိုးရှက်ကန်းဖြင့် ပြုံးပြလိုက်သည်။
"ငါ့ကို မြှောက်ပင့်တာက အသုံးမဝင်ပေမယ့်လည်း...ငါဒါကို ဗွေမယူပါဘူး။ နားထောင် ငါသူတို့ကို ခြောက်လှန့်ပစ်ဖို့ အတွက် ငါ့အသိစိတ်ကိုသုံးခဲ့ရတယ်။ ဒီကောင်တွေကို ခြောက်လှန့်နိုင်ဖို့က လွယ်တဲ့ ကိစ္စမဟုတ်ဘူး။ ငါ့မှာ အချိန်အများ ကြီး မကျန်ဘူး။" သူပြောသလိုပင် သူ့ပုံက တဖြည်းဖြည်းနှင့် ဝေဝါးလာနေသည်။ " ငါ တစ်နှစ်လောက် အနားယူဖို့ လိုအပ်တယ်။ အချိန်ကျလာတဲ့အခါ မင်းက ချီအခြေတည်အဆင့်နဲ့အထက် အဆင့်မြင့်ကျင့်ကြံသူတွေကို ငါ့ရဲ့ ကျင့်ကြံခြင်းနေရာကို ရောက်လာအောင် နည်းမျိုးစုံသုံးပြီး ဆွဲဆောင်ရမယ်။ မင်းသာ ဒါကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရင် မင်းကို စိတ်ကူးကြည့်လို့တောင် မရတဲ့ ဆုလာဘ်ကို ငါပေးနိုင်တယ်" သူ့လက်ကို မြှောက်လိုက်ကာ မန်ဟိုထံသို့ ချိန်ရွယ်လိုက် သည်။
ကျင့်ကြံခြင်းနေရာကို ဘယ်လိုဖွင့်ရမလဲဆိုသည့် နည်းလမ်းမှာ ချက်ချင်းပင် မန်ဟိုရဲ့ စိတ်ထဲတွင် ပေါ်လာခဲ့သည်။
"ကောင်လေး မင်းက ငါတို့မှီခိုရာဂိုဏ်းရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်တယ်။ မင်းအသတ်မခံရစေနဲ့။ မင်းသာ အသတ်ခံရရင် မင်းနဲ့အတူမြှုပ်နှံဖို့ ကြင်ယာတစ်ယောက်ငါ ရှာပေးရလိမ့်မယ်။ ဒါက...စိတ်ရှုပ်စရာကောင်း....." သူ့အသံက ပဲ့တင်ထပ်နေသော်လည်း သူ့ပုံရိပ်ကတော့ ကွယ်ပေပျောက်သွားပြီဖြစ်သည်။ အရိပ်လေးတောင်မှပင် မကျန်ရစ်ခဲ့ပေ။
ဖြစ်ပျက်ခဲ့သမျှကို လိုက်မီဖို့ရာ မန်ဟို အကြာကြီးကြောင်ပြီး ရပ်နေမိသည်။ နောက်ဆုံးတော့ ဂိုဏ်းချုပ် ဆိုလိုချင်သည်ကို သူ သဘောပေါက်သွားခဲ့သည်။
"ဒါကြောင့် သူ ဟိုသုံးယောက်ကို မသတ်ခဲ့တာကိုး…. ဒါပေမဲ့ သူ ငါ့ကိုပေးခဲ့တဲ့ လှံက ဘာဖြစ်သွားပြီလဲ"