← Chapters

မြောက်ပင်လယ်က တာအိုတရားကိုဖော်ကျူးခြင်း

Vol. 4 Ch. 44

မြောက်ပင်လယ်က တာအိုတရားကိုဖော်ကျူးခြင်း

Vol. 4 Ch. 44

မှီခိုရာဂိုဏ်းတစ်ဂိုဏ်းလုံးတွင်တော့ မန်ဟိုတစ်ယောက်သာကျန်တော့သည်။ အရှေ့ဘက်တောင်ထိပ် ပေါ်တွင်ရပ်နေရင်း အနီရောင်အလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း သူခေါင်းငုံ့ လိုက်မိသည်။ စည်ကားနေခဲ့သောအပြင်စည်းဂိုဏ်းနေရာသည်လည်း အခုတော့ ဗလာကျင်းလျက်။

အစ်မရှုလည်းမရှိတော့သလို အစ်ကိုချန်ကလည်း တောင်ပိုင်းဒေသကို ပါသွားပြီ။ ယုတ်စွအဆုံး ဖက်တီးပင် မရှိတော့ပေ။ သူတို့ကို ဘယ်အချိန်မှ ပြန်တွေ့နိုင်မလဲကိုလဲ သူမသိ။ လပေါင်းအနည်းငယ်ကြာရင်လား ဒါမှမဟုတ် နှစ်ပေါင်းများစွာလား။

သူ့ရဲ့ အတွင်းစည်းတပည့်ဆိုတဲ့ အဆင့်အတန်းရော၊ မှီခိုရာဂိုဏ်းမှာ သုံးနှစ်တာ ဖြတ်သန်းခဲ့မှုတွေကရော အခုတော့ အမှတ်တရတွေသာ ဖြစ်သွားခဲ့လေပြီ။ ဆောင်းလေအေးအေးက သူ့မျက်နှာကို ရိုက်ခတ်သွားကာ သူ့ဆံနွယ်များကို လွင့်ပျံနေစေသည်။

သူကတော့ ကျောက်တုံးကြီးပေါ်တွင် တိတ်ဆိတ်စွာပင် ထိုင်နေမိသည်။ အချိန်အတော် ကြာသွားသည်တွင်တော့ ကြယ်တာရာများပင် ဟိုမှသည်မှ လင်းလက်လာချေပြီ။ မန်ဟို သက်ပြင်းချလိုက်ကာ ခေါင်းကို မော့လိုက်သည်။

"အားလုံးသွားကြပြီ.... ငါကတော့ ကျိုးပြည်နယ်မှာပဲ ရှိနေသေးတယ်" ရုတ်တရက် မန်ဟို အိမ်ကို လွမ်းလာမိသည်။ ယွင်ကျဲ့စီရင်စုမှာရှိတဲ့ ဘိုးဘွားပိုင်အိမ်လေး မရှိတော့သော်လည်း သူ့ကုတင်လေးနှင့် စုတ်ချာချာ အိုးခွက်ပန်းကန်များကို လွမ်းလာသည်။ တာ့ချင်းတောင်ကို သူလွမ်းသည်။ သူ့ဆွေမျိုးများ၊ အမြဲတမ်းပြုံးနေသော သူ့အမေနှင့် သူ့အမေကို ကြောက်ရသော သူ့အဖေကို လွမ်းသည်။

ယခုတော့ အကုန်လုံး မှုန်ဝါးဝါးအတိတ်များ ဖြစ်ကုန်လေပြီ။ မန်ဟိုသည် ခေါင်းကိုခါယမ်းလိုက်ပြီး အရုဏ်တက်ချိန်ရောက်လာသည်နှင့် ထလိုက်သည်။ မှီခိုရာဂိုဏ်းတွင် ထပ်မံရှာဖွေရန်မလိုအပ်တော့။ တန်ဖိုးရှိသော အရာအားလုံးကို ကျိုးပြည်မှ အဆင့်မြင့်ကျင့်ကြံသူများက ယူသွားကြလေပြီ။ အခုတော့ ဂိုဏ်းတစ်ခုလုံးမှာ ဘာမှကို မကျန်တော့ပေ။

မန်ဟိုသူ၏ အဝတ်တွင် ပေနေသော ဖုန်များကို ခါလိုက်ပြီး အတွင်းစည်းတပည့် ဝတ်စုံကိုချွတ်လိုက်ကာ အရင် သူဝတ်နေကျ စာပေသမားဝတ်စုံကိုသာ ပြောင်းလဲဝတ်ဆင်လိုက်သည်။ ဒီဝတ်စုံက အရင်က သူနှင့် ကြီးနေခဲ့သော်လည်း အခုတော့ အနည်းငယ်သေးနေသည်ဟု ထင်ရသည်။ နေထွက်လာသည်ကို ကြည့်ရင်း သူ သက်ပြင်းချလိုက်မိပြန်သည်။ သူ့ခန္ဓာကိုယ် အတွင်းထဲတွင်တော့ ရွှေရောင်အမြုရေကန်က ပူဖောင်းများ ထလာကာ မိစ္ဆာအမြုတေကလည်း ဝိညာဉ်စွမ်းအားများ ထုတ်လွှတ်လျက် သူ့ခန္ဓာကိုယ်ကို အားဖြည့် ပြန်လည်ဖြည့်တင်းပေးနေသည်။

"ငါ စဦးချီဖွဲ့စည်းခြင်းအဆင့် (၇) ကိုရောက်ဖို့ သိပ်မလိုတော့ဘူးပဲ။ ဒါပေမဲ့ ငါ ဒီအဆင့်ကို ချိုးဖျက်နိုင်ဖို့ကလည်း တစ်ခုခုက တားဆီးနေသလို ဖြစ်နေတယ်။" မန်ဟို ရှေ့သို့လျှောက်လိုက်ကာ သူ့အိတ်ကို ပုတ်လိုက်သည်တွင် ဓါးပျံနှစ်ချောင်း ထွက်လာပြီး သူ့ခြေထောက်အောက်သို့ ရောက်ရှိလာသည်။ သူ မှီခိုရာဂိုဏ်းကနေ ထွက်ခွာပြီး‌ တောင်အောက် သို့ ဆင်းခဲ့လိုက်သည်။

ဓါးပျံကို ထိုသို့အသုံးပြုခြင်းဖြင့် သူ ပျံသန်းသွားလာနိုင်လေသည်။ သို့သော်လည်း ယင်းက အစ်မရှု သူမ၏လေတံခွန်ကို အသုံးပြုသည်နှင့် ဆင်တူပြီး ကြာကြာပျံသန်းရန် မဖြစ်နိုင်ပေ။

တောတောင်တစ်လျှောက် အရှိန်အဟုန်ဖြင့်သွားနေသော်လည်း အခုတော့ မန်ဟို ပျံသန်းခြင်းကို ပို၍ အဆင်ပြေပြေ လုပ်ဆောင်နေနိုင်ပြီဖြစ်လေသည်။ နောက်ဆုံးတွင်တော့ သူ သုံးနှစ်လုံးလုံး ဘယ်မှမသွားဘဲ နေခဲ့သော မှီခိုရာဂိုဏ်း၏ နယ်နမိတ်အတွင်းမှ ထွက်လာနိုင်လေပြီ။ မန်ဟို၏ ပုံရိပ်ကားအဆုံးအစမရှိသော တောတောင်များကို ဖြတ်ကာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

နှစ်ရက်ခန့်ပျံသန်းပြီးသည်တွင်တော့ မန်ဟို တောင်တန်းဒေသမှထွက်ပေါ်လာခဲ့သည်။

ကျင့်ကြံသူတွေ အတွက်တော့ ကျိုးပြည်က ကြီးမားလှသည်မဟုတ်ပေ။ သို့သော် သာမန်လူများအတွက်မူကား အလွန် ကျယ်ပြန့်သော ဒေသကြီးဖြစ်လေသည်။ သူစာပေကိုလေ့လာခဲ့စဉ်က ပထဝီအကြောင်းကို ဖတ်ခဲ့ရသဖြင့် သူကိုယ်တိုင် တော့ ခရီးသွားလာခဲ့ဖူးခြင်း မရှိသော်လည်း ဒီနေရာနဲ့ တော့မစိမ်းလှပေ။

"အခု ငါက ကျိုးပြည်ရဲ့ မြောက်ဘက်ကို ရောက်နေတာပဲ။ ယွင်ကျဲ့စီရင်စုကို ရောက်ဖို့ သိပ်မလိုလောက်တော့ဘူး" ခပ်ဝေးဝေးကို လှမ်းကြည့်လျှင် မှန်တဲ့တူသော မြေပြန့်တစ်ခုကို မြင်နိုင်လေသည်။ ထိုအရာကား မြောက်ပင်လယ် ဖြစ်ပေလိမ့်မည်။

"စဉ်းစားကြည့်လိုက်ရင် စဦးချီဖွဲ့စည်းခြင်းအဆင့် (၇)နဲ့ လေတံခွန်ကို သုံးပြီး ပျံသန်းမယ်ဆိုရင် စိတ်ဝိညာဉ်စွမ်းအား အများကြီး ကုန်တာဆိုတော့ အစ်မရှု သိပ်ဝေးတွေးပျံနိုင်မှာ မဟုတ်ဘူး" သူ့မျက်လုံးများက ဆွေးမြေ့မှုများနှင့် ပြည့်နေလေသည်။ သူ ယွင်ကျဲ့စီရင်စုမှ ၃ နှစ်ကွာဝေးခဲ့ပြီးနောက် ထိုနေရာသို့ ပြန်သွားလိုသော ဆန္ဒက ပိုမိုပြင်းထန် လာခဲ့သည်။ မြောက်ပင်လယ်ကို ဖြတ်ကျော်သွားပြီးလျှင်တောင်မှ သူနေ့ဝက်လောက်တော့ လမ်းလျှောက်သွားရဦးမည် ဖြစ်သည်။

အသက်ခပ်ပြင်းပြင်းရှူလိုက်ပြီးနောက် သူဆက်သွားခဲ့ရင်း နောက်ဆုံးတော့ မြောက်ပင်လယ်ကမ်းစပ်သို့ ရောက်ရှိ လာခဲ့သည်။ တည်ငြိမ်နေသောကန်ရေပြင်ကို သူ ကြည့်လိုက်တော့ သူ့ကိုယ်သူပြန်မြင်ရသည်။ သူကား ဆယ်ကျော်သက် ကလေး မဟုတ်တော့ပေ။ တည်ငြိမ်ပြီး ပြတ်သားဟန်ရသည့် ပုံရိပ်ကား အတိတ်က မရင့်ကျက်သေးသော လူငယ်လေး မန်ဟိုနှင့် လားလားမှ မဆိုင်တော့ပေ။

ထိုစဉ်မှာပဲ နွေးထွေးသော ရယ်မောသံ ထွက်ပေါ်လာကာ တိတ်ဆိတ်ခြင်းကို ဖြိုဖျက်ရင်း မန်ဟို၏ အတွေးများကိုပါ ရပ်တန့်သွားစေခဲ့သည်။

"သခင်လေးက မြောက်ပင်လယ်ကို ဖြတ်ချင်လို့လားဗျာ" မိုးကာဝတ်ထားလျက် အဖိုးအိုတစ်ဦး လှော်ခတ်နေသော လှေငယ်လေး တစ်စီးက မန်ဟိုထံ ရွေ့လျားလာခဲ့သည်။ အဘိုးအို၏ မျက်နှာကား လောကဓံ၏ အခက်အခဲများကို အတော်ရင်ဆိုင်ခဲ့ရဟန် ပေါ်သော်လည်း ပြုံးပြုံးလေးဖြင့် စကားဆိုလာခဲ့လေသည်။

“ကျွန်တော် အဘိုးကို အနှောင့်အယှက်မပေးလိုပါဘူး ခင်ဗျာ" မန်ဟိုက အံ့အားသင့်စွာကြည့်လျက် ပြောလိုက်သည်။ သူ "သခင်လေး"ဟု အခေါ်မခံ ရတော့သည်မှာ သုံးနှစ်ခန့်ရှိခဲ့ပြီပဲလေ။

" ဒါက ကိစ္စမရှိပါဘူး" ဟု အဘိုးအိုကပြောလိုက်ပြီး " အဘိုး နှစ်ပေါင်းများစွာ ဒီမှာကူးတို့ အလုပ်နဲ့ လူတွေကို ဟိုဘက်ကမ်း ဒီဘက်ကမ်း ပို့ပေးနေခဲ့တာပါ။ သခင်လေးတို့လို လူငယ်စာပေပညာရှင်တွေကို အဘိုးတကယ်ပဲလေးစားတယ်" အဘိုးအိုက လှေကို မန်ဟိုနားကပ်ပေးလိုက်သည်တွင်တော့ မန်ဟိုက ကျေးဇူးတင်စကားပြောရင်း လှေပေါ်သို့ လွယ်လွယ် ကူကူပဲ တက်သွားလိုက်သည်။

လှေထဲတွင်တော့ ၇ နှစ် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရှိပြီး သူမ ဆံပင်ကို ကျစ်ဆံမြီးကျစ်ကာ နှစ်ဖက်ချထားသည်။ သူမက မီးဖိုငယ်တစ်ခု၏ရှေ့တွင်ထိုင်ပြီး ရေနွေးအိုးဆူလာစေရန် မီးအရှိန်ရအောင်လုပ်နေသည်။

ရေနွေးအိုးထဲမှာတော့ အရက်တစ်အိုးရှိနေလေသည်။

အဘိုးအိုက လှေကိုလှည့်လိုက်ရင်း “ဒါက အဘိုးရဲ့မြေးမလေးလေ” ဟုပြောပြ နေသည်။ "သူမက မိန်းကလေးဖြစ်နေတာ ကံမကောင်းတာပဲ။ တကယ်လို့ သူမသာ ယောက်ျားလေးဖြစ်ခဲ့ရင် စာပေပညာရှင် တစ်ယောက် ဖြစ်လာအောင် ပျိုးထောင်မှာ" အဘိုးအိုက အပြုံးဖြင့်“ သခင်လေး သခင်လေးက ဘယ်ကလာတာလဲ” လှေက ရေကန်အလယ်သို့ ဦးတည်နေပေပြီ။ လေတိုက်ခတ်လာသည်တွင်တော့ အဘိုးအိုက မီးဖိုဘေးမှာထိုင်လိုက်သည်။

ကလေးငယ်လေးက သူမ၏ အပြစ်ကင်းစင်ပြီး လှပသောမျက်လုံးများ ဝိုင်းစက်သွားအောင် ပြူးပြီး မန်ဟိုကို ကြည့်နေသည်။

"ကျွန်တော်က ယွင်ကျဲ့စီရင်စုက လူငယ်စာပေပညာရှင်ပါ" မန်ဟိုကလည်း ပြုံးလိုက်ရင်းပြောလိုက်သည်။ "တာ့ချင်း တောင်အောက်ကပေါ့" အခုလို သာမန်ဘဝလေးက မန်ဟိုကို လွန်ခဲ့တ့ ၃ နှစ်က သူ့ဘဝကို ပြန်မြင်ယောင် စေသည်။

"ယွင်ကျဲ့စီရင်စု အဲ့ဒီနေရာက တကယ့်ကို နေရာကောင်းပဲ။ ကြီးမြတ်တဲ့လူတွေရဲ့ ဂုဏ်သရေတွေနဲ့ပြည့်နေတဲ့ ဒေသပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အတိတ်နိမိတ်ကောင်းတစ်ခုတောင် ပေါ်ထွက်ခဲ့သေးတယ်လေ။ အဲ့ဒါက ရုံးတော်က အမတ်မင်းတွေကို တောင် သတိထားမိစေခဲ့တာ။ " အဘိုးအိုက အရက်အိုးကို ယူလိုက်ရင်း " ရာသီဥတုက အေးလာပြီ ခန္ဓာကိုယ် က မခံနိုင်တော့ဘူး။ သောက်ပါဦး" အရက်အိုးကို မန်ဟိုဘက်တွန်းပို့ လိုက်၍ " သောက်နိုင်လား" ဟုမေးလိုက်သည်။

အဘိုးအိုပြောသော အတိတ်နိမိတ်ကောင်းကို သူသိသည်။ အဲ့ဒီအရာကလွန်ခဲ့တဲ့ ၁၀ နှစ်၊ သူ့မိဘတွေပျောက်မသွားခင် တစ်ရက်က ပေါ်လာခဲ့တာဖြစ်သည်။ သူ ထိုအကြောင်းကိုတွေးမိသည်နှင့် ဝမ်းနည်းသွားရသည်။ အရက်အိုးကို ကြည့်ရင်း သူ အတန်ငယ်တွေဝေနေမိသည်။ အရက်ကို သူတစ်ခါမှ မသောက်ခဲ့ဖူးပေ။ ယွင်ကျဲ့စီရင်စုမှာနေတုန်းက သူက ဆင်းရဲပြီး မှီခိုရာဂိုဏ်းရောက်ပြန်တော့လည်း ဂိုဏ်းမှာ အရက်မရှိပေ။ သူ ခွက်ကို မြှောက်လိုက်ပြီး အဘိုးအို အရက်ဖြည့်ပေးသည်ကို ခံယူရင်း သောက်လိုက်သည်။

ပြင်းရှရှ နွေးတေးတေး အရသာက သူ့နှလုံးသားမှ တစ်ဆင့် သူ့တစ်ကိုယ်လုံးကို ပြန့်နှံ့သွားသည်။

" အဘိုး အဘိုးပြောတာတွေက ပုံမှန်စကားပြောပုံနဲ့ မတူနေဘူးနော်။ အဘိုး ဒီမှာ ကူးတို့ကူးနေတာ ကြာပြီလား" မန်ဟိုက မေးရင်း အစိမ်းရောင်ရေလှိုင်းများကို ငေးနေသည်။ ထို့နောက် အရက်တစ်ခွက် ထပ်မံ၍ သောက်လိုက်ပြန်သည်။ အရက်ဝင်သွားသည့်အခါ မှီခိုရာဂိုဏ်း၊ အစ်မရှု၊ အစ်ကိုချန်နှင့် ဖက်တီးတို့အကြောင်းကို သူစဉ်းစားနေမိပြန်သည်။

"နှစ်ပေါင်း ၂၀ ရှိပြီ" အဘိုးက ရယ်လိုက်ရင်းပြန်ဖြေလိုက်သည်။" အဘိုးဘဝမှာ ဒီမြောက်ပင်လယ်ကိုဖြတ်ပြီး လူများစွာကို ကူးတို့ပို့ပေးခဲ့ဖူးတယ်။အများကြီးလည်း မြင်ဖူးပြီး လူတွေနဲ့ ဘယ်လို စကားပြောရမလဲ ဆိုတာတွေလည်း သင်ယူခဲ့ရတာ ပေါ့။ ကျေးဇူးပြုပြီး အဘိုးကို မရယ်ပါနဲ့။ ဒီရေကန် နှစ်ပေါင်းဘယ်လောက်ရှိနေပြီလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒီရေကန်က လည်း လူတွေအများကြီးကို မြင်ဖူးတာပဲ။ သူကလည်း လူတွေကိုမှတ်မိသလို လူတွေကလည်း သူ့ကို မှတ်မိတာပဲလေ" အဘိုးအိုက အရက်ခွက်ကို မြှောက်ကာ သောက်လိုက်သည်။

မန်ဟို အဘိုးအိုကို ခဏငေးကြည့်နေမိသည်။ ဤသည်မှာ တစ်စုံတစ်ဦးက ထိုကဲ့သို့သော ပုံစံမျိုးဖြင့် ပြောဆိုခြင်းကို သူ ကြားခဲ့ဖူးသော ပထမဆုံးအကြိမ် ဖြစ်သည်။ သူ ရေကန်ကိုပြန်ကြည့်လိုက်ရင်း တစ်ယောက်တည်း ရေရွတ်နေကာ အတွေး များထဲ နစ်မြှုပ်သွားတော့သည်။

“ဒါက သေချာပေါက် ရေကန်ကြီးပဲကို” မန်ဟိုက ရုတ်တရက်ကြီး ထပြောလိုက်သည်။ “ဘာလို့လူတွေက ပင်လယ်လို့ခေါ် ကြတာလဲ”

အဘိုးအိုက ခဏစဉ်းစားပြီးပြုံးလိုက်တယ်။ “ရေကန်တွေက ခန်းခြောက်နိုင်တယ်၊ တိတ်ဆိတ်သွားနိုင်တယ်။ ဒီလိုသာ ဖြစ်ခဲ့ရင် ဘယ်သက်ရှိမှ ကျန်ရှိတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ပင်လယ်ကတော့ ရေရှည်တည်တံ့နိုင်ပြီးမရေမတွက်နိုင်တဲ့ မြစ်များနဲ့ရေကန်တွေ ပါဝင်နေတာ။ ဖြစ်နိုင်တာက လူတွေက ဒီကန်ကြီးကို မပျောက်သွားစေချင်လို့ ပင်လယ်လို့ ပေးခဲ့ကြတာ ထင်တယ်။  အရာအားလုံးက သတ်မှတ်ပြီးသားပဲလေ မင်းက ကန်လို့ယုံရင်တော့ ဒါက ကန်ပေါ့။ မင်းက ပင်လယ်လို့ယုံရင်လည်း ဒါက ပင်လယ်ပဲပေါ့။”

အဘိုးအို၏စကားကို ကြားလိုက်ရတဲ့အခါ မန်ဟို့စိတ်က ရုတ်တရက်တုန်လှုပ်သွားတော့သည်။ အရက်ခွက်ကို ကိုင်ထားတဲ့ လက်လည်း တုန်သွားပြီး သူ ရေကန်ကို ကြည့်လိုက်ရင်း အချိန်ကို မေ့သွားပုံရသည်။

အချိန်အတန်ကြာတော့ လှေငယ်လေးက ကမ်းခြေကိုရောက်ရှိသွားတော့၏။ မန်ဟိုက မှီခိုရာဂိုဏ်းသား တစ်ယောက်ဆီမှ ရခဲ့သော ငွေသားအချို့ကို ကူးတို့ခအဖြစ် အဘိုးအိုကိုပေးလိုက်သည်။ ထို့နောက် သူက အဘိုးအိုကို ခါးညွတ်လိုက်ကာ အလေးအနက် နှုတ်ဆက်လိုက်ပြီး လှေငယ်လေး ထွက်ခွာသွားတာကို ကြည့်နေလိုက်သည်။ သူ့မျက်လုံးကတော့ ထူးဆန်းသော အလင်းများဖြင့် တောက်ပလို့နေသည်။

သူသည် ထွက်သွားရမယ့်အစား ကမ်းခြေမှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး အဝေးမှာ ပျောက်ကွယ်သွားသော လှေလေးနှင့် ရေပြင်ကြီးကို ကြည့်နေမိ၏။ အဘိုးအို၏ ရယ်သံကို သူ ကြားနေရသည်။

" မင်းက ကန်လို့ယုံရင်တော့ ဒါက ကန်ပေါ့။ မင်းက ပင်လယ်လို့ယုံရင်လည်း ဒါက ပင်လယ်ပဲပေါ့။" အဘိုးအိုရဲ့ စကားသံက အဝေးမှ ပဲ့တင်ထပ်နေသည်မှာ သူ တရွေ့ရွေ့ပျောက်ကွယ်သွားသည်နှင့် မတူဘဲ ရေကန်နှင့်ပေါင်းစပ်သွားသည်ဟုပင် ထင်ရသည်။

မန်ဟိုကား သုံးရက်လုံး အိပ်မွေ့ချခံရသူကဲ့သို့ မိန်းမောကာ ထိုနေရာမှာသာ ထိုင်နေခဲ့သည်။

ထိုအချိန်အတောအတွင်း သူကား လုံးဝမလှုပ်ရှားခဲ့ဘဲ ကန်ရေပြင်ကိုသာ ငေးကြည့်နေခဲ့၏။ သူ့နားထဲမှာတော့ အဘိုးအို၏ စကားသံက ပဲ့တင်ထပ်လျက်။

“ရေကန်တွေက ခန်းခြောက်နိုင်တယ်၊ တိတ်ဆိတ်သွားနိုင်တယ်။ ဒီလိုသာ ဖြစ်ခဲ့လျှင် ဘယ်သက်ရှိမှ ကျန်ရှိတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ပင်လယ်ကတော့ ရေရှည်တည်တံ့နိုင်ပြီးမရေမတွက်နိုင်တဲ့ မြစ်များနဲ့ရေကန်တွေ ပါဝင်နေတာ။" သူ့အတွင်းစိတ်ထဲရှိ ရွှေရောင်အမြုတေရေကန်မှာ အကန့်အသတ်မဲ့လာပုံပေါက်သည်။ ဒါပေမဲ့ သူ့မျက်လုံးထဲတွင်တော့ ထိုအရာကား ရေကန်အဖြစ်သာရှိနေသေးသည်။

"ငါက ရေကန်လို့ ယုံကြည်ရင် ဒါဟာ ရေကန်တစ်ခုဖြစ်တယ်၊ ငါကပင်လယ်ဖြစ်မယ်လို့ ယုံကြည်တယ်ဆိုရင်..... အခုမှစပြီးတော့ ပင်လယ်ဖြစ်သင့်တယ်။ " မိုးချုန်းသံကဲ့သို့ အသံကြီးကြားလိုက်ရပြီးနောက် သူ့အမြုတေရေကန်မှာ ပြင်းထန်စွာလှုပ်ရှားပြီး ပွက်ပွက်ထနေသည်။ မည်သည့်ဆေးဝါးအကူအညီမှ မပါဘဲ သူ့အမြုတေရေကန်မှာ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။

မန်ဟိုကတော့ ဤအရာကိုသတိမပြုမိသေးပေ။ သူသည် မျက်စိကို တင်းကျပ်စွာ ပိတ်ထားပြီး သူ့စိတ်မှာတော့ ရှင်းမပြနိုင်သောအဆင့်ကို ရောက်နေလေသည်။ လူအိုကြီး၏ စကားသံက သူ့စိတ်ထဲတွင် စွဲထင်နေသည်။ သူ့ပတ်လည်ရှိ ကောင်းကင်နှင့်မြေကြီးက စိတ်ဝိညာဉ်စွမ်းအားများက စုဝေးလာကာ သူ့ကိုယ်ထဲဝင်သွားသည်ကိုလည်း သူ သတိမထားမိပေ။ မြောက်ပင်လယ်တွင် လှိုင်းလေထန်သွားပြီး ထိုအရာကပင် စိတ်ဝိညာဉ်စွမ်းအား အမြားအပြားထွက်ပေါ်စေခဲ့ပြီး မန်ဟိုကို လွှမ်းခြုံထားခဲ့သည်။

မြောက်ပင်လယ်က တာအိုတရားကို ဖော်ကျူးခဲ့လေပြီ။

အကယ်၍ ဤအခိုက်အတန့်၌ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ယောက်သာ လက်ရှိ ဖြစ်ပျက်နေသောအရာကို မြင်တွေ့ခဲ့လျှင် အလွန်တုန်လှုပ်သွားလိမ့်မည်မှာ သေချာသည်။ ဤသို့ တာအိုတရားအသိအမြင်ပွင့်လင်းခြင်းသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရောက်မှသာ ဖြစ်ပေါ်နိုင်ခြင်းဖြစ်လေသည်။ ထပ်လောင်း၍ ဆိုရလျှင် ထိုသို့ရရှိနိုင်ဖို့ရာ အခွင့်အလမ်းနှင့် ကံကြမ္မာကောင်း ရှိဖို့လိုအပ်လေသည်။  မန်ဟိုကတော့ ဤအဆင့်ကို ရောက်သွားခဲ့လေပြီ။

သူအောင်မြင်နိုင်သည့် အကြောင်းအရင်း၏ အဓိကက သူ့၌ရှိထားသည့် မိစ္ဆာအမြုတေကြောင့်လည်း ဖြစ်သည်။ ထို အမြုတေမှာ အမြီးကိုပင် မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲနိုင်စွမ်းသော ရှေးခေတ်သားရဲ ဖြစ်သည့် မိုးနဂါး၏ အမြုတေ ဖြစ်သည်။ တကယ်တော့ မန်ဟို မိုးနဂါးကြီးကို အိပ်မက် မက်ခဲ့တဲ့အချိန်ကတည်းက သူသည် တာအိုအသိအမြင်ပွင့်လင်းခြင်းအဆင့်သို့ ရောက်ရှိခဲ့ပြီးသားပင်။

သုံးရက်ကြာပြီးသည်တွင်တော့ မန်ဟို သူ့မျက်စိကို ဖွင့်လိုက်သည်။ သူ့  မျက်လုံးများက ရွှေရောင်အလင်းရောင်တောက်ပနေသည်။ သူ့စိတ်အတွင်းရှိ အမြုတေရေကန်သည် ထိတ်လန့်ဖွယ်ကောင်းအောင် နှစ်ဆတိုးလာခဲ့သည်။ သူ သေချာဆန်းစစ် ကြည့်သောအခါ ထိုအရာကား ရေကန်မဟုတ်ဘဲ အမြုတေပင်လယ်ဖြစ်ကြောင်း မန်ဟို သဘောပေါက် သွားခဲ့သည်။

ပင်လယ်က အော်သံပြုပြီးနောက် လှိုင်းတံပိုးများ ရိုက်ခတ်သွားသည်။ မိစ္ဆာအမြုတေက အရင်တုန်းကကဲ့သို့ပင် အတွင်း ဘက် အနက်ရှိုင်းဆုံးနေရာတွင် တည်ငြိမ်စွာတည်ရှိနေပြီး ဝိညာဉ်စွမ်းအင်ကိုထုတ်လွှတ်နေကာ မန်ဟို၏ ခန္ဓာကိုယ်  တစ်ခုလုံးကို ကောင်းစွာ ထောက်ပံ့ဖြည့်တင်း ပေးလေသည်။ မြင့်မြတ်သော ဝိညာဉ်ကျမ်းစာမှ သင်ယူခဲ့ရသော နည်းစနစ်ဖြင့် စွမ်းအားကို လှည့်ပတ်ကြည့်လိုက်သည်တွင်တော့  သူ့ ကိုယ်ခန္ဓာကား ရွှေရောင်အလင်းဖြင့် တောက်ပလာပြီး သူ့အတွင်း၌ ရုတ်တရက် တစ်ခုခုထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။ ရွှေရောင်အလင်းကား သူ့ပတ်ပတ်လည် ကိုးမီတာခန့်ကို လွှမ်းခြုံသွားလေသည်။

ဆူညံသံတွေ ထွက်ပေါ်နေစဉ်မှာပဲ မန်ဟို၏ကျင့်ကြံခြင်းအဆင့်က စဦးချီဖွဲ့စည်းခြင်းအဆင့် ၆ တွင် ရပ်တန့်နေခဲ့ရာမှ စဦးချီဖွဲ့စည်းခြင်းအဆင့် (၇) သို့ ရုတ်တရက် တဟုန်ထိုး တိုးတက်သွားပြီး ရောက်ရှိသွားတော့သည်။

စဦးချီဖွဲ့စည်းခြင်းအဆင့် (၇) သို့ အခုမှသာ စတင်ရောက်ရှိသော်လည်း သူ့စွမ်းအားကား အဆင့်(၇)၏ ထိပ်ဆုံးသို့ရောက်ရှိသွားသည်နှင့် တူလေသည်။  အဘယ်ကြောင့်ဆိုသော်သူ၏ ချီသွေးကြောစုဆောင်းရာနေရာကား ရေကန်မဟုတ်ဘဲ ပင်လယ်တစ်ခု ဖြစ်နေသောကြောင့် ပင်ဖြစ်သည်။

အစောပိုင်းက မြောက်ပင်လယ်၌ နှစ်ပေါင်းများစွာက စုဝေးတည်ရှိနေခဲ့သော ဝိညာဉ်စွမ်းအင်သည် မန်ဟို၏ ကျင့်ကြံအဆင့်တက်အောင် ကူညီနိုင်သကဲ့သို့ ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။

မန်ဟိုကို ရစ်ပတ်ထားသော မြောက်ပင်လယ်၏ ဝိညာည်စွမ်းအင်များက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။  မန်ဟိုထံမှ ထွက်ပေါ်နေသည့် ရွှေရောင်တောက်ပမှုသည်လည်း တဖြည်းဖြည်းမှေးမှိန်လာပြီး ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။ နောက်ဆုံး၌ မျက်လုံးထဲရှိ ရွှေရောင်အလင်းတန်းများပါ ပျောက်ကွယ်သွားသော်လည်း မျက်လုံးများကတော့ လင်းလက်တောက်ပနေဆဲဖြစ်သည်။

သူက တဖြည်းဖြည်း မတ်တတ်ရပ်ပြီး မြောက်ပင်လယ်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ယှက်လျက် ပင်လယ်ကို လေးလေးစားစား အရိုအသေပေးလိုက်၏။ သူ့စိတ်ထဲတွင်တော့ မှီခိုရာဂိုဏ်းမှာတုန်းက ဖတ်ခဲ့ရသော နန်ရှန်းတိုက်ကြီး၏ မိစ္ဆာသတ္တဝါအမျိုးမျိုး၏ ဖော်ပြချက်များနှင့်ပြည့်နှက်နေသည်။ မိစ္ဆာများက နေရာအနှံ့ ရှိနေနိုင်သည်။ တောင်ပုံစံမိစ္ဆာများ၊ မြစ်ပုံစံမိစ္ဆာများ၊ အပင်ပုံစံမိစ္ဆာများ စသဖြင့် ပုံစံအမျိုးမျိုးရှိနေနိုင်၏။

“ဒီနေ့ မြောက်ပင်လယ်က တာအိုတရားကို ဖော်ကျူးပြခဲ့တယ်။ ကျွန်တော့်ရဲ့ ကျင့်ကြံဆင့် မြင့်လာတဲ့ တစ်နေ့ကျရင် သင့်ကို ပင်လယ်ဖြစ်အောင် လုပ်ပေးပါ့မယ်" သူက မြောက်ပင်လယ်ကို လှမ်းကြည့်လိုက်သည်။ ဤကန်က ပင်လယ်ဖြစ်လာလိုစိတ် ရှိမရှိတော့ သူလည်း သေချာပေ။ သူ ဖတ်ခဲ့ရသော မိစ္ဆာဖော်ပြချက်များကဲ့သို့ အသက်ရှိနေသော မိစ္ဆာဖြစ်နေမည်လားလည်း သူ မသိပေ။

မည်သို့ပင်ဖြစ်စေ ဤရေကန်က သူ့ကို ကျင့်ကြံရာတွင် ကူညီပေးခဲ့၍ သူ့အမြုတေရေကန်ကို ပင်လယ် အဖြစ်သို့ ပြောင်းလဲရာတွင်လည်း အရေးပါခဲ့သည်။ ဤကျေးဇူးကို သေချာပေါက် ပြန်ပေးဆပ်ရလိမ့်မည်။ ထိုနည်းလမ်းကလည်း ဤရေကန်ကို ပင်လယ်အဖြစ် ပြောင်းလဲပေးနိုင်သည့် နည်းတစ်နည်းပဲ ရှိလေသည်။

အချိန်အနည်းငယ်ကြာပြီးသည်တွင်တော့ မန်ဟိုကား တာ့ချင်းတောင် ရှိရာသို့ လှည့်ထွက်သွားခဲ့တော့သည်။

***

All Chapters